News @ M-Media

Blog

  • ကုလ စစ်ရှောင်စခန်းများတွင် လူ ၄၀၀ နီးပါး သတ်ဖြတ်ခဲ့သည့် အစ္စရေး

    ကုလ စစ်ရှောင်စခန်းများတွင် လူ ၄၀၀ နီးပါး သတ်ဖြတ်ခဲ့သည့် အစ္စရေး

    ဇန်န၀ါရီ ၃၀၊ ၂၀၂၄

    M-Media 


    -အောက်တိုဘာ ၇ ရက်နေ့ကစတင်ကာ ဂါဇာမှာ တစ်ကျော့ပြန် ပြုလုပ်ခဲ့တဲ့ လူသတ်ပွဲအတွင်း အစ္စရေးဟာ ကုလအဆောက်အဦးတွေကို အနည်းဆုံး အကြိမ် ၂၆၀ လောက် တိုက်ခိုက်ခဲ့တယ်လို့ ပါလက်စတိုင်း အကူအညီပေးရေးအဖွဲ့ UNRWA က ထုတ်ပြန်ပါတယ်။ 

    စာသင်ကျောင်းတွေ၊ စစ်ရှောင်စခန်းတွေ၊ ရိက္ခာသိုလှောင်ရုံတွေ စတဲ့ ကုလသမဂ္ဂက ကြီးကြပ်တဲ့ အဆောက်အဦးတွေ တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ 

    ဒီတိုက်ခိုက်မှုတွေအတွင်း အသတ်ခံရသူ ပါလက်စတိုင်းအရေအတွက်ဟာ အနည်းဆုံး ၃၆၀ ရှိတယ်လို့ UNRWA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    အစ္စရေးဟာ ၃ လအတွင်း ကုလ၀န်ထမ်း ၁၅၂ ဦးကိုလည်း သတ်ဖြတ်ခဲ့ပါတယ်။ 

    ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်ကို တုန့်ပြန်တယ်လို့ အစ္စရေးက ခေါင်းစဥ်တပ်ပြီး ဂါဇာက ပါလက်စတိုင်း လူ့အဖွဲ့အစည်းကို တိုက်ခိုက်သတ်ဖြတ်နေရာမှာ ၃ လကျော်အတွင်း အသတ်ခံရသူ အရေအတွက်ဟာ ၂၆၇၅၁ ဦး ရှိလာပြီဖြစ်ပါတယ်။ 

    လူ ၇ သောင်းနီးပါး ဒဏ်ရာရထားပြီး၊ အဆောက်အဦးအပျက်စီးတွေကြားမှာ ပိတ်မိနေသူ အရေအတွက်ဟာ တစ်သောင်းနီးပါး ရှိလာပါပြီ။ 

    ဂါဇာကမ်းမြှောင်တစ်ခုလုံးက အဆောက်အဦးအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကိုလည်း အစ္စရေးက တိုက်ခိုက်ဖျက်ဆီးထားပါတယ်။ 

    Ref: Aljazeera 

    (ဓာတ်ပုံ – UNRWA ၏ ထုတ်ပြန်မှု)

  • ဂျော်ဒန်မှာ အနူလက်သီး မိသွားတဲ့ အမေရိကန်

    ဂျော်ဒန်မှာ အနူလက်သီး မိသွားတဲ့ အမေရိကန်

    ဇန်န၀ါရီ ၂၉၊ ၂၀၂၄

    M-Media


    -Tower 22 လို့ အမည်တွင်တဲ့ ဂျော်ဒန်က အမေရိကန် စစ်အခြေစိုက်စခန်းဟာ တနင်္ဂနွေနေ့မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံလိုက်ရပါတယ်။ 

    တိုက်ခိုက်မှုကြောင့် စစ်သား ၃ ဦး သေဆုံးခဲ့ပြီး ၃၄ ဦး ဒဏ်ရာရတယ်လို့ အမေရိကန်က ထုတ်ပြန်ပါတယ်။ 

    ဂါဇာမှာ အစ္စရေးက လူသတ်ပွဲစတဲ့ အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း အရှေ့အလယ်ပိုင်းမှာ အမေရိကန်တွေ ပထမဆုံး အထိနာတဲ့ တိုက်ခိုက်မှုလည်းဖြစ်ပါတယ်။ 

    အီရတ်မှာအခြေစိုက်ပြီး အီရန်ကျောထောက်နောက်ခံပြုထားတဲ့ လက်နက်ကိုင်အဖွဲ့ Islamic Resistance က တိုက်ခိုက်မှုကို သူတို့လုပ်တာလို့ ထုတ်ပြန်ပါတယ်။ 

    လူပေါင်း ၂၆၀၀၀ ကျော် အသတ်ခံထားရတဲ့ အစ္စရေးရဲ့ ဂါဇာလူသတ်ပွဲမှာ အမေရိကန်က ပံ့ပိုးပေးနေတာကို လက်တုန့်ပြန်တာလို့လည်း ဆိုပါတယ်။ 

    အမေရိကန်က သမ္မတ ဂျိုးဘိုင်ဒန်က တိုက်ခိုက်သူတွေကို ပြင်းပြင်းထန်ထန် တုန့်ပြန်သွားမယ်လို့ ကတိပြု ပြောဆိုပါတယ်။ 

    Tower 22 

    ————-

    Tower 22 ဟာ အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းက ထောက်ပို့စခန်းတစ်ခုပါ။ 

    ဂျော်ဒန်နိုင်ငံ အရှေ့မြောက်ပိုင်း ဆီးရီးယား၊ အီရတ်တို့နဲ့ ကပ်နေတဲ့ ဒေသမှာ တည်ရှိပါတယ်။ အမေရိကန် ကြည်းတပ်နဲ့ လေတပ်က စစ်သား အနည်းဆုံး ၃၅၀ လောက်ရှိပြီး လက်နက်တွေလည်း တော်တော်များများရှိပါတယ်။ 

    ဒီလိုစခန်းမျိုးမှာ လေကြောင်းရန်ကာကွယ်ရေးစနစ် ချမထားဘူးလား၊ ဒါမှမဟုတ် အလုပ်မလုပ်တာလား စတဲ့ မေးခွန်းတွေက တိုက်ခိုက်ခံရမှုအပြီးမှာ မြင့်တက်လာပါတယ်။ 

    ဆီးရီးယားနိုင်ငံ အလ်-တနက်ဖ်မြို့က ကန်စစ်သား ၂၅၀၀ လောက် လက်ရှိ ရှိနေတဲ့ စစ်စခန်းအတွက် Tower 22 က အဓိက ထောက်ပို့ဌာန ဖြစ်ပါတယ်။ 

    အရှေ့အလယ်ပိုင်းမှာ ဂျော်ဒန်ဟာ အမေရိကန်နဲ့ နီးကပ်တဲ့ စစ်ရေးဆက်ဆံမှုရှိပြီး၊ အမေရိကန်ကပေးတဲ့ စစ်ရေးအထောက်အပံ့ အများဆုံးရတဲ့ နိုင်ငံအနည်းငယ်ထဲမှာလည်း ဂျော်ဒန် ပါ၀င်ပါတယ်။ 

    နောက်ကျောမလုံ

    ——————-

    အောက်တိုဘာ ၇ ရက်နေ့က ဂါဇာမှာစတင်တဲ့ အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲနောက်ပိုင်း အရှေ့အလယ်ပိုင်းက အမေရိကန်စစ်စခန်းတွေဟာ ပိုမို တိုက်ခိုက်ခံလာရပါတယ်။ 

    အီရတ်နဲ့ ဆီးရီးယားက အမေရိကန်စစ်စခန်းတွေဟာ ၃ လအတွင်း တိုက်ခိုက်မှုပေါင်း ၁၇၀ ကျော်ကို ကြုံခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုတွေကို အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင် အဖွဲ့အစည်းတွေက လုပ်ဆောင်တာပါ။ 

    Tower 22 ကို တိုက်ခိုက်ခဲ့တဲ့ Islamic Resistance က အစ္စရေးရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို တုန့်ပြန်တဲ့ အနေနဲ့ အမေရိကန် စစ်စခန်းတွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

    Ref: Aljazeera 

  • ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်သည့် အစ္စရေး သူလျှို ၄ ဦးကို အီရန် ကွပ်မျက်

    ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်သည့် အစ္စရေး သူလျှို ၄ ဦးကို အီရန် ကွပ်မျက်

    ဇန်န၀ါရီ ၂၉၊ ၂၀၂၄

    M-Media 


    -အီရန်ထဲ၀င်ရောက်ပြီး ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်တဲ့ အစ္စရေး သူလျှို ၄ ယောက်ကို ကွပ်မျက်လိုက်တယ်လို့ အီရန်က ထုတ်ပြန်ပါတယ်။  

    နောက်ဆုံးအယူခံကို တရားရုံးချုပ်က ပယ်ချပြီးတဲ့နောက် တနင်္လာနေ့ မနက်မှာ ကွပ်မျက်လိုက်တာပါ။ 

    သူလျှို ၄ ဦးဟာ အစ္စရေးထောက်လှမ်းရေး မိုဆာ့ဒ်အဖွဲ့က လူတွေဖြစ်ပြီး အီရန်နိုင်ငံမြောက်ပိုင်း ကာ့ဒ်ဒေသကနေ တရားမ၀င် ၀င်ရောက်လာတာလို့ အီရန်နဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

    နိုင်ငံအလယ်ပိုင်း အစ္စဖာဟန်မြို့မှာရှိတဲ့ လက်နက်ထုပ်လုပ်ရေးစက်ရုံကို ၂၀၂၂ ခုနှစ် နွေရာသီမှာ ဗုံးခွဲတိုက်ခိုက်ဖို့ စီစဥ်ထားပေမယ့် အီရန်ထောက်လှမ်းရေးတွေက ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

    ပြီးခဲ့တဲ့ ဒီဇင်ဘာနှောင်းပိုင်းကလည်း မိုဆာ့ဒ်အဖွဲ့နဲ့ အဆက်အသွယ်ရှိတဲ့ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ကို အီရန်က ကွပ်မျက်ခဲ့ပါတယ်။

    Ref: Aljazeera

  • အစ္စရေးက လူမျိုးတုန်းသတ်ဖြတ်နေမှုကို တားဆီးရေး ICJ က ဆုံးဖြတ်ချက်ချ

    အစ္စရေးက လူမျိုးတုန်းသတ်ဖြတ်နေမှုကို တားဆီးရေး ICJ က ဆုံးဖြတ်ချက်ချ

    ဇန်န၀ါရီ ၂၇၊ ၂၀၂၄

    M-Media 


    -ဂါဇာကမ်းမြှောင်မှာ ပါလက်စတိုင်းပြည်သူတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုတွေ မဖြစ်စေရေး အစ္စရေးက လိုက်နာဆောင်ရွက်ရမယ့် အရေးပေါ်ကာလ အချက် ၆ ချက်ကို နိုင်ငံတကာ ခုံသမာဓိရုံး ICJ က သောကြာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ 

    အစ္စရေးဟာ ပါလက်စတိုင်းတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်နေတယ်လို့ ယူဆတဲ့အတွက် ဒါကို ကြား၀င်တားဆီးပေးဖို့ တောင်အာဖရိကရဲ့ တိုင်ကြားတင်ပြမှုကို ကြားနာပြီး ICJ က ဆုံးဖြတ်ချက်တွေ ထုတ်ပြန်လိုက်တာပါ။ 

    ၁၉၄၈ ခုနှစ် လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေး နိုင်ငံကာ သဘောတူညီချက် အပိုဒ် ၂ မှာ ဖော်ပြထားတဲ့ ကျူးလွန်မှုတွေကို တားဖို့ လိုအပ်တာတွေအားလုံး အစ္စရေးက လုပ်ဆောင်ရမယ်လို့ ICJ က ပြောပါတယ်။

    လူမျိုးစုတစ်ခုက လူတွေကို သတ်ဖြတ်တာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်ဆီးအောင်လုပ်တာ၊ လူမျိုးစုတစ်ခု ပျောက်ဆုံးသွားစေဖို့အတွက် အသက်ရှင်ရပ်တည်ရေး လိုအပ်တဲ့ အခြေအနေတွေကို ဖျက်ဆီးပစ်တာ၊ လူမျိုးတစ်ခုရဲ့ မွေးဖွားနှုန်းကို တားဆီးတာတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှု လက္ခဏာတွေဖြစ်တယ်လို့ အပိုဒ် ၂ မှာ ဖော်ပြထားပါတယ်။ 

    ဒီလို ကျူးလွန်မှုတွေကို အစ္စရေးစစ်တပ်က မလုပ်ဆောင်ဖို့၊ ဂါဇာကမ်းမြှောင်က ပါလက်စတိုင်းပြည်သူတွေအပေါ် လူမျိုးတုန်းအောင် လုပ်ဆောင်ဖို့ လှုံဆော်မှုတွေကို တားဆီးရေး၊ လှုံ့ဆော်သူတွေကို အရေးယူရေး၊ ဂါဇာပြည်သူတွေ လိုအပ်တဲ့ အခြေခံ၀န်ဆောင်မှု၊ အကူအညီ ပေးပို့တာတွေကို တားဆီးခြင်းမပြုရေး၊ ဂါဇာမှာဖြစ်ပွားတဲ့ စစ်ရာဇ၀တ်မှု သက်သေခံအထောက်အထားတွေကို မဖျက်ဆီးဖို့နဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ ၀င်ခွင့်ပြုရေး စတဲ့ အချက်တွေလည်း ICJ ရဲ့ ဆုံးဖြတ်ချက်ထဲမှာ ပါ၀င်ပါတယ်။ 

    ဂါဇာမှာ ချက်ခြင်းအပစ်ရပ်ဖို့ ကိစ္စကိုတော့ ICJ ရဲ့ ဆုံးဖြတ်ချက်မှာ ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။ 

    ဒီအချက် ၆ ချက်ကို လိုက်နာဆောင်ရွက်ထားတဲ့ အစီရင်ခံစာတစ်စောင်ကို အစ္စရေးက တစ်လအတွင်း ICJ ထံ ပြန်လည်တင်ပြရမှာဖြစ်ပါတယ်။ 

    နာဇီရန်ကြောင့် ဥရောပကနေ တရားမ၀င် ၀င်ရောက်လာတဲ့ ဂျူးတွေ လက်နက်ကိုင်ကာ ပါလက်စတိုင်းတွေကို သတ်ဖြတ်မောင်းထုတ်ပြီး ၁၉၄၈ ခုနှစ်မှာ ပေါ်ပေါက်လာခဲ့တဲ့ အစ္စရေးနိုင်ငံဟာ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ဥပဒေတွေကို လေးစားလိုက်နာခြင်းမရှိပါဘူး။ 

    ICJ ရဲ့ အခုဆုံးဖြတ်ကို အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟုက ချက်ခြင်းပယ်ချခဲ့ပြီး ဂါဇာမှာ တိုက်ခိုက်သတ်ဖြတ်မှုတွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။ 

    Ref: Aljazeera 

  • အစ္စရေး၏ လူမျိုးတုန်းသတ်ဖြတ်မှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်ကို ICJ က သောကြာနေ့တွင် ချမှတ်မည်

    အစ္စရေး၏ လူမျိုးတုန်းသတ်ဖြတ်မှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်ကို ICJ က သောကြာနေ့တွင် ချမှတ်မည်

    ဇန်န၀ါရီ ၂၄၊ ၂၀၂၄
    M-Media 

    (ဓာတ်ပုံ – ၁၉၄၆ ခုနှစ်က ပါလက်စတိုင်းနိုင်ငံတွင် ဂျူးလက်နက်ကိုင်အဖွဲ့တစ်ခု၏ အကြမ်းဖက်ဗုံးခွဲမှုကြောင့် ပျက်ဆီးတိမ်းမှောက်ခဲ့သည့် အရပ်ဖက်ရထားတစ်စီး)

    -ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးက လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်နေတယ်ဆိုတဲ့ တောင်အာဖရိကရဲ့ တိုင်ကြားချက်နဲ့ ပတ်သက်ပြီး နိုင်ငံတကာ ခုံသမာဓိရုံး ICJ က သောကြာနေ့မှာ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ဖို့ ရှိနေပါတယ်။ 

    ဂါဇာကမ်းမြှောင်က အစ္စရေးရဲ့ လုပ်ရပ်တွေဟာ ဂျီနီဗာကွန်ဗန်းရှင်းနဲ့ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ကာ လူမျိုးတုန်းသတ်ဖြတ်မှုအထိ ဖြစ်လာနေတယ်လို့ တောင်အာဖရိကက ယူဆတဲ့အတွက် ICJ ကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။ 

    ပြီးခဲ့တဲ့တစ်ပတ်က နှစ်ဖက်လျှောက်လဲမှုတွေကို တရားသူကြီးတွေက ကြားနာပြီး အခုတစ်ပတ် သောကြာနေ့မှာ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ဖို့ ရှိနေတာပါ။ 

    တောင်အာဖရိကရဲ့ တင်ပြချက်တွေဟာ ခိုင်လုံတယ်လို့ ယူဆရင် ဂါဇာက အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ICJ က ဆုံးဖြတ်လာနိုင်ပါတယ်။ 

    သောကြာနေ့ရုံးချိန်းကို တောင်အာဖရိက နိုင်ငံခြားရေး၀န်ကြီး နာလီဒီ ပန်ဒါ တက်ရောက်မှာဖြစ်ပါတယ်။ 

    အရှေ့ဥရောပက ဂျူးတွေ တရားမ၀င် ၀င်လာပြီး လက်နက်ကိုင်အဖွဲ့ ဖွဲ့စည်းက ပါလက်စတိုင်းတွေကို သတ်ဖြတ်မောင်းထုတ်ပြီးနောက် ၁၉၄၈ ခုနှစ်မှာ ပေါ်ပေါက်လာတဲ့ အစ္စရေးနိုင်ငံဟာ နိုင်ငံတကာ ဥပဒေတွေ၊ ဆုံးဖြတ်ချက်တွေကို လေးစားလိုက်နာလေ့ မရှိပါဘူး။ 

    Ref: Aljazeera