News @ M-Media

Blog

  • အရှေ့အလယ်ပိုင်းတင်းမာမှု မြင့်တက်လာချိန်တွင် အီရန်နှင့် တူရကီ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံ

    အရှေ့အလယ်ပိုင်းတင်းမာမှု မြင့်တက်လာချိန်တွင် အီရန်နှင့် တူရကီ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံ

    ဇန်န၀ါရီ ၂၄၊ ၂၀၂၄

    M-Media 


    -အရှေ့အလယ်ပိုင်းမှာ မတည်မငြိမ်မှုတွေ ထပ်ပြီး တိုးမလာအောင် ဆောင်ရွက်ဖို့ သဘောတူညီချက်ရခဲ့တယ်လို့ အီရန်နဲ့ တူရကီခေါင်းဆောင်တွေက ထုတ်ပြန်ပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့ကစပြီး ဂါဇာမှာ အစ္စရေးက တစ်ကျော့ပြန်လူသတ်ပွဲ ပြုလုပ်လာတဲ့ နောက်ဆက်တွဲအဖြစ် အရှေ့အလယ်ပိုင်းမှာ မတည်ငြိမ်မှုတွေ မြင့်တက်လာတာပါ။ 

    ပါလက်စတိုင်းနိုင်ငံတည်ရှိရေး မူလသဘောတူညီချက်ကို အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟုက ပြောင်ပြောင်တင်းတင်းငြင်းပယ်ကာ တိုက်ခိုက်သတ်ဖြတ်မှုတွေ တိုးမြှင့် လုပ်ဆောင်လာပြီးနောက် အရှေ့အလယ်ပိုင်းမှာ မတည်ငြိမ်မှုတွေ ထပ်မံမြင့်တက်လာမှာကို ကမ္ဘာ့ခေါင်းဆောင်တွေက စိုးရိမ်လာကြတာ ဖြစ်ပါတယ်။ 

    အရှေ့အလယ်ပိုင်းက လက်နက်အင်အားကြီးနိုင်ငံ နှစ်ခုဖြစ်တဲ့ အီရန်နဲ့ တူရကီသမ္မတတို့ဟာ မနေ့က တွေ့ဆုံခဲ့ပြီး ဒေသတွင်းအရေး ဆွေးနွေးခဲ့ကြပါတယ်။ 

    အစ္စရေးရဲ့ လူမဆန်တဲ့ သတ်ဖြတ်မှုတွေ အဆုံးသတ်ရေး၊ ဒေသတွင်း ရေရှည်တည်တံ့မယ့် ငြိမ်းချမ်း၊ တရားမျှတမှု ရရှိရေး အရေးကြီးပုံတွေကို အီရန်သမ္မတ အီဘရာဟင် ရိုင်စီနဲ့ ဆွေးနွေးခဲ့တယ်လို့ တူရကီသမ္မတ အာဒိုဂန်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

    “ဒေသတွင်း တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို ပိုမို ထိခိုက်လာစေမယ့် ခြေလှမ်းမျိုးတွေ မလှမ်းမိအောင် လုပ်ဆောင်ဖို့ အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့ သဘောတူခဲ့ကြပါတယ်” 

    နယ်စပ်ဖြတ်ကျော် ခြိမ်းခြောက်မှုတွေကို တုန့်ပြန်ရေး ပူးပေါင်းဆောင်ရွက်ဖို့လည်း ခေါင်းဆောင် နှစ်ဦးက သဘောတူခဲ့ကြပါတယ်။ 

    အီရန်နဲ့ တူရကီတို့ဟာ ပါလက်စတိုင်းနယ်မြေတွေကို အစ္စရေးက ခိုးယူ သိမ်းပိုက်မှုနဲ့ ပါလက်စတိုင်းပြည်သူတွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • ကုလစစ်ရှောင်စခန်းကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ အစ္စရေး

    ကုလစစ်ရှောင်စခန်းကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ အစ္စရေး

    ဇန်န၀ါရီ ၂၄၊ ၂၀၂၄

    M-Media


    -ဂါဇာမှာ သတ်ဖြတ်မှုတွေ ဆက်လက်လုပ်ဆောင်နေတဲ့ အစ္စရေးမနေ့ဟာ မနေ့က ခန်ယူနစ်မြို့မှာရှိတဲ့ ကုလ စစ်ရှောင်စခန်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။ 

    “ခန်ယူနစ်မြို့က လူ ၈၀၀ လောက်ရှိနေတဲ့ အဆောက်အဦးကို တင့်ကားနှစ်စီးနဲ့ ပစ်တာပါ။ လက်ရှိ ၉ ယောက်သေသွားပြီး ၇၅ ဦး ဒဏ်ရာရတယ်လို့ သတင်းရပါတယ်”လို့ ကုလရဲ့ ပါလက်စတိုင်း အကူအညီပေးရေးအဖွဲ့ UNRWA တာ၀န်ရှိသူ သောမတ်စ်၀ှိုက်က ဆိုရှယ်မီဒီယာကနေတစ်ဆင့် ထုတ်ပြန်ပါတယ်။ 

    အစ္စရေးဟာ အဲဒီအဆောက်အဦးကို မီးရှို့တာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။ တိုက်ခိုက်မှုဟာ အစုလိုက်အပြုံလိုက် ထိခိုက်နိုင်တဲ့ အနေအထားမျိုး ရှိတာကြောင့် သေဆုံး ဒဏ်ရာရမှုအရေအတွက် မြင့်တက်လာနိုင်တယ်လို့လည်း ၀ှိုက်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    UNRWA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အဒ်နန် အဘူ ဟက်စ်နာက တိုက်ခိုက်မှုမလုပ်ခင် အစ္စရေးဖက်က သတိပေးချက်ထုတ်ပြန်တာ၊ ရွှေ့ပြောင်းခိုင်းတာမျိုး မရှိဘူးလို့ ဆိုပါတယ်။ 

    အဆောက်အဦးပတ်ပတ်လည်မှာ အစ္စရေးတင့်ကားတွေ ရှိနေတာကြောင့် ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း ကုလ၀န်ထမ်းတွေဟာ အဆောက်အဦးထဲကို သွားလို့မရဘဲ၊ အခြအနေဟာ အလွန်အန္တရာယ်ရှိနေတယ်လို့လည်း ဟက်စ်နာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    ဟားမက်စ်ကိုလက်တုန့်ပြန်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ အစ္စရေးဟာ အောက်တိုဘာ ၇ ရက်နေ့ကစတင်ပြီး ဂါဇာမှာ လူသတ်ပွဲ လုပ်လာတာပါ။

    ၃ လကျော်အတွင်း ပါလက်စတိုင်းပြည်သူ ၂၅၀၀၀ ကျော် အသတ်ခံထားရပြီး၊ ဂါဇာကမ်းမြှောင်တစ်ခုလုံးက အဆောက်အဦးတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော် ဖျက်ဆီးခံထားရပါတယ်။ 

    ဒဏ်ရာရသူ သောင်းချီနဲ့ အဆောက်အဦးအပျက်တွေအောက်မှာ ပိတ်မိပျောက်ဆုံးနေသူ ၉ ထောင်နီးပါး ရှိနေပါတယ်။ 

    Ref: Aljazeera 

  • လပေါ်က ဂြိုဟ်ဆင်းယာဥ်ငယ်ကို  ပြန်အသက်သွင်းဖို့ ကြိုးစားမယ့် ဂျပန်

    လပေါ်က ဂြိုဟ်ဆင်းယာဥ်ငယ်ကို ပြန်အသက်သွင်းဖို့ ကြိုးစားမယ့် ဂျပန်

    ဇန်န၀ါရီ ၂၂၊ ၂၀၂၄

    M-Media 


    -လပေါ်ကိုဆင်းပြီး စက်သတ်ထားရတဲ့ လသွားယာဥ်ငယ်ဟာ နောက်ပိုင်းမှာ ပြန်လည်အသက်၀င်လာနိုင်မယ်လို့ ယုံကြည်ကြောင်း ဂျပန်အာကာသစူးစမ်းရေး အေဂျင်စီ JAXA က ထုတ်ပြန်ပါတယ်။ 

    ဂျပန်ရဲ့ လစူးစမ်းရေးဂြိုဟ်တုက လသွားယာဥ်ငယ် Moon Sniper ဟာ စနေနေ့မှာ လမျက်နှာပြင်ပေါ်ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တာပါ။ 

    အဲဒါကြောင့် ဂျပန်ဟာ ကမ္ဘာမှာ လပေါ်ကို စူးစမ်းရေးယာဥ် ဆင်းသက်နိုင်တဲ့ ပဥ္စမမြောက်နိုင်ငံအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။ 

    ဒါပေမယ့် ဘတ္ထရီကိုအားသွင်းတဲ့ ဆိုလာဆဲလ်တွေ ပြဿနာကြောင့် ဆင်းသက်ပြီး မိနစ် ၂၀ လောက်မှာပဲ စက်ကို သတ်ထားလိုက်ရပါတယ်။ 

    JAXA က လသွားယာဥ်ငယ်ရဲ့ ဆိုလာဆဲလ်တွေဟာ လက်ရှိမှာ နေရောင်မရတဲ့ အနောက်ဖက်ကို မျက်နှာမူနေတဲ့အတွက် ဘတ္ထရီကို အားမသွင်းနိုင်ဘဲ အား ၁၂ ရာခိုင်နှုန်းနဲ့ စက်ပိတ်ခဲ့ထားရတယ်လို့ ထုတ်ပြန်ပါတယ်။ 

    နောက်ပိုင်း နေရောင်ရတဲ့အခါမှာ စက်ပြန်နှိုးကာ အသုံးပြုနိင်ဖို့ မျှော်လင့်ထားပြီး၊ ဒီအတွက် ပြင်ဆင်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    ဂျပန်အာကာစူးစမ်းရေး အေဂျင်စီဟာ Moon Sniper လပေါ်ကို ဆင်းသက်စဥ်က အချက်အလက်တွေကို ရရှိထားပြီး လေ့လာဆန်းစစ်မှုတွေ ပြုလုပ်နေပါတယ်။ 

    ဂျပန်ရဲ့ ဒီစီမံကိန်းဟာ လရဲ့ အတွင်းပိုင်းအလွှာကို လေ့လာစူးစမ်းဖို့ ဖြစ်ပါတယ်။ 

    Ref: Reuters

  • လူ ၁၀၀ မှာ တစ်ယောက်နှုန်း အသတ်ခံနေရတဲ့ ဂါဇာ

    လူ ၁၀၀ မှာ တစ်ယောက်နှုန်း အသတ်ခံနေရတဲ့ ဂါဇာ

    ဇန်န၀ါရီ ၂၂၊ ၂၀၂၄

    M-Media 


    -ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မှာ အနည်းဆုံး လူ ၁၉၀ လောက် အစ္စရေးရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။ 

    ဆေးရုံတွေ၊ စာသင်ကျောင်းတွေနဲ့ လူ ၃ သောင်းလောက် ခိုလှုံနေတဲ့ ဒုက္ခသည်စခန်း ၅ ခုကို မနေ့ကတစ်နေ့လုံး အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း ဂါဇာမှာ အစ္စရေးရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရသူ အရေအတွက်ဟာ ၂၅၂၉၅ ဦး ရှိလာပြီဖြစ်ပါတယ်။ 

    ဒဏ်ရာရသူအရေအတွက်က ၆၃၀၀၀ ကျော်ရှိပြီး၊ လူ ၈ ထောင်လောက် အဆောက်အဦးအပျက်အဆီးတွေကြားထဲမှာ ပိတ်မိ ပျောက်ဆုံးနေပါတယ်။ 

    ဂါဇာကမ်းမြှောင်မှာ ပါလက်စတိုင်းဦးရေ ၂ ဒဿမ ၂ သန်းရှိနေပြီး လူ ၁၀၀ မှာ တစ်ယောက်နှုန်း အသတ်ခံနေရတာ ဖြစ်ပါတယ်။ 

    Ref: Aljazeera

  • အိန္ဒိယနိုင်ငံ အယွဒ္ဓယမြို့တွင် ဟိန္ဒူဘုရားကျောင်းသစ်ကြီး ဖွင့်လှစ်

    အိန္ဒိယနိုင်ငံ အယွဒ္ဓယမြို့တွင် ဟိန္ဒူဘုရားကျောင်းသစ်ကြီး ဖွင့်လှစ်

    ဇန်န၀ါရီ ၂၂၊ ၂၀၂၄

    M-Media 


    -အိန္ဒိယနိုင်ငံမြောက်ပိုင်း အယွဒ္ဓယမြို့က ဘာဘရီဗလီနေရာမှာ တည်ဆောက်ထားတဲ့ ဟိန္ဒူဘုရားကျောင်းတစ်ခုကို ၀န်ကြီးချုပ် နာရန်ဒရာမိုဒီက ဒီကနေ့မှာ ဖွင့်လှစ်ပေးလိုက်ပါတယ်။ 

    ရာမနတ်ဘုရားကို ရည်စူးကာ တည်ထားကိုးကွယ်တဲ့ ဘုရားကျောင်းဖြစ်ပါတယ်။ 

    ဘုရားကျောင်း ဆောက်လုပ်တဲ့နေရာဟာ မဂိုဘုရင် ဘာဘာက ၁၆ ရာစုမှာ တည်ဆောက်ထားတဲ့ ဘာဘရီဗလီ၀တ်ကျောင်းတော် နေရာဖြစ်ပါတယ်။ 

    ၁၉၄၉ ခုနှစ်မှာ ဟိန္ဒူအဖွဲ့တစ်ခုက ရာမနတ်ဘုရား ဆင်းတုတွေကို ဘာဘရီဗလီ၀တ်ကျောင်းတော်ထဲ ၀င်ထားပြီး ဒီနေရာဟာ ရာမနတ်ဘုရား ဖွားမြင်ရာနေရာဖြစ်တယ်လို့ စတင်စွပ်စွဲခဲ့ပါတယ်။ 

    အဲဒီပြဿနာကြောင့် အာဏာပိုင်တွေက ဘာဘရီဗလီမှာ မွတ်စလင်တွေ ၀တ်ပြုခွင့်ကို စတင်ပိတ်ပင်ခဲ့ပါတယ်။ 

    ၁၉၉၀ ခုနှစ်မှာ လက်ရှိအာဏာရ BJP ပါတီက ဗလီနေရာမှာ ရာမဘုရားကျောင်းဆောက်ဖို့ စတင်လှုံ့ဆော်ခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ ဟိန္ဒူလူအုပ်က ဘာဘရီဗလီကို ၀င်ရောက်တိုက်ခိုက် ဖျက်ဆီးခဲ့ပါတယ်။

    နောက်ဆက်တွဲအဖြစ် နိုင်ငံတစ်၀ှမ်း ဟိန္ဒူ-မွတ်စလင် အဓိကရုဏ်းဖြစ်ပွားကာ လူပေါင်း ၂ ထောင်ကျော်လောက် သေဆုံးခဲ့ပါတယ်။ 

    ဘာဘရီဗလီနေရာအတွက် လူ့အဖွဲ့အစည်းနှစ်ခုက တရားရုံးမှာ တိုင်ကြားလျှောက်ထားခဲ့ကြပြီး ၂၀၁၉ ခုနှစ်မှာ ဟိန္ဒူလူ့အဖွဲ့အစည်းက တရားနိုင်ခဲ့ပါတယ်။ 

    ဘာဘရီဗလီကိုဖြိုကာ ရာမနတ်ဘုရားကျောင်းဆောက်ခွင့် တရားရုံးက ပေးခဲ့ပြီး မွတ်စလင်တွေ အစားထိုးဗလီ ပြန်လည်ဆောက်လုပ်နိုင်ရေး မြေနေရာပေးအပ်ဖို့လည်း ဆုံးဖြတ်ပေးခဲ့ပါတယ်။ 

    ဘာဘရီဗလီနေရာက ရာမနတ်ဘုရားကျောင်းကို ၂၀၂၀ ခုနှစ်မှာ အုတ်မြစ်ချခဲ့ပြီး၊ ဒီကနေ့မှာ ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။ 

    အသစ်ပေါ်ထွက်လာတဲ့ ရာမဘုရားကျောင်းနဲ့အတူ အယွဒ္ဓယမြို့ဟာ ဟိန္ဒူ ဘာသာရေးဆိုင်ရာ အချက်အခြာနေရာတစ်ခု ဖြစ်လာမယ့် အနေအထား ရှိနေပါတယ်။ 

    Ref: Aljazeera