News @ M-Media

Blog

  • အိန္ဒိယက ဘာသာရေးမစွက်တဲ့ နိုင်ငံရေးဝါဒ သေဆုံးပြီလား???

    အိန္ဒိယက ဘာသာရေးမစွက်တဲ့ နိုင်ငံရေးဝါဒ သေဆုံးပြီလား???

    နိုဝင်ဘာ ၂၁၊ ၂၀၁၉
    M-Media

    ခေတ်သစ်အိန္ဒိယ၏ ဗိသုကာ ဂျာဝါဟာလာ နေရူး

    -အိန္ဒိယနိုင်ငံ လွတ်လပ်ရေးလုဆဲဆဲမှာ နိုင်ငံရဲ့ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်လာမယ့် လူတစ်ယောက်က အားတက်လောက်ဖွယ် ရည်မှန်းချက်တစ်ခုကို ချပြခဲ့ပါတယ်။

    ၁၉၄၇ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့ အိန္ဒိယလွှတ်တော်က ဂျာဝါဟာလာ နေရူးရဲ့ သမိုင်းဝင်မိန့်ခွန်းမှာ အိန္ဒိယဟာ ဘာသာတရားအားလုံး တူညီတဲ့အခွင့်အရေး၊ ခံစားခွင့်နဲ့ တာဝန်၀တ္တရားတွေရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာမယ်လို့ ပြောဆိုခဲ့တာပါ။

    နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်တဲ့ အခုအချိန်မှာတော့ တိုင်းပြည်အတွက် နေရူးရဲ့ မျှော်လင့်ချက်တွေဟာ အကြီးအကျယ်ဆုံး ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရတဲ့ လက္ခဏာကို မြင်လာရပါပြီ။

    နိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်မြို့က ရာစုနှစ်ချီ သက်တမ်းရှိပြီး ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ဘာသာရေး အထွဋ်အမြတ်နေရာတစ်ခုမှာ ဟိန္ဒူဘုရားကျောင်းဆောက်လုပ်ဖို့အတွက် နိုဝင်ဘာ ၉ ရက်နေ့မှာ အိန္ဒိယတရားရုံးချုပ်က ခွင့်ပြုခဲ့ပါတယ်။ အဲဒီနေရာဟာ ဘာသာရေးအတွက် အရေးပါတဲ့ နေရာတစ်‌ခုအဖြစ် ဟိန္ဒူတွေနဲ့ မွတ်စလင် နှစ်ဖက်စလုံးက မှတ်ယူထားကြတာ ဖြစ်ပါတယ်။

    ဟိန္ဒူတွေက အဲဒီနေရာဟာ ဟိန္ဒူဘာသာမှာ ကြည်ညိုလေးစားမှုခံရဆုံး နတ်ဘုရားဖြစ်တဲ့ ရာမနတ်ဘုရား မွေးဖွားရာလို့ ယုံကြည်နေကြတာပါ။ မွတ်စလင်တွေကတော့ အဲဒီနေရာမှာရှိနေတဲ့ ဘာဘရီဗလီမှာ ရာစုနှစ်ပေါင်းများစွာ ဝတ်ပြုလာခဲ့ကြတာ ဖြစ်ပါတယ်။

    အယွတ်ဒယမြို့က ဒီနေရာကို ဟိန္ဒူတွေကိုပေးဖို့ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ မွတ်စလင်တွေအတွက် ထိုးနှက်မှုတစ်ခု ဖြစ်ပါတယ်။ ဟိန္ဒူလူများစုတိုင်းပြည်မှာ ဒုတိယတန်းစား နိုင်ငံသားအဖြစ် ဆက်ဆံခံနေရတယ်လို့ မွတ်စလင်တွေရဲ့ထင်မြင်ယူဆမှု မြင့်တက်နေတဲ့အချိန် ဒီဆုံးဖြတ်ချက် ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။

    အိန္ဒိယမှာ ဘာသာရေးလူမျိုးရေး အကြမ်းဖက်မှုတွေဟာ သမိုင်းနဲ့ချီ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာတော့ မွတ်စလင်တွေအပေါ် ပစ်မှတ်ထားတဲ့ အမုန်းရာဇဝတ်မှုတွေဟာ မြင့်တက်လို့ လာခဲ့ပါတယ်။ အိန္ဒိယရဲ့ သန်း ၁၃၀၀ သော လူဦးရေမှာ မွတ်စလင်တွေက သန်း ၂၀၀ လောက် ရှိပါတယ်။

    ဩဂုတ်လမှာ အိန္ဒိယအစိုးရဟာ မွတ်စလင်လူများစုရှိရာ ‘ဂျာမူနှင့် ကက်ရှ်မီးယားဒေသ’ ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အဆင့်အတန်းကို ရုပ်သိမ်းလိုက်ပြီး ဗဟိုအစိုးရက အဲဒီဒေသ ကိစ္စတွေကို ပိုမိုထိန်းချုပ်ဆောင်ရွက်ခွင့် ရသွားပါတယ်။ အဲဒီလအတွင်းမှာပဲ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်က အငြင်းပွားဖွယ် နိုင်ငံသား စီစစ်မှု လုပ်ငန်းစဉ်အသစ်ကြောင့် လူပေါင်း ၂ သန်းလောက် နိုင်ငံမဲ့ဘ၀ ရောက်ခဲ့ပါတယ်။ ပြည်နယ်အတွင်းမှာ ရှိနေတဲ့ မွတ်စလင်တွေအပေါ် ဘာသာရေးခွဲခြားမှုကို ဖာထေးဖို့အတွက် နိုင်ငံသားစီစစ်မှုကို အသုံးချလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    ဒါတွေအားလုံးဟာ ဟိန္ဒူအမျိုးသားရေးဝါဒီလို့ ကျွေးကြော်ထားတဲ့ ဝန်ကြီးချုပ် နရန်ဒါရာ မိုဒီရဲ့ အရိပ်အာ၀သအောက်မှာ ဖြစ်ပေါ်လာတာပါ။ မိုဒီဟာ အိန္ဒိယရဲ့ ဘာသာရေးမစွက်တဲ့ နိုင်ငံရေးစနစ်ကို အကြိမ်ကြိမ် ဝေဖန်ထားသူလည်းဖြစ်ပါတယ်။

    ၁၉၂၅ ခုနှစ်မှာ ဖွဲ့စည်းပြီး ဟိန္ဒူတစ်မျိုးတည်းနိုင်ငံဖြစ်ရေး ရည်မှန်းချက်ရှိနေတဲ့ လက်ယာစွန်းအဖွဲ့ RSS မှာ မိုဒီရဲ့ BJP ပါတီက မြစ်ဖျားခံတာ ဖြစ်ပါတယ်။

    ဒါ့ကြောင့် မေလက BJP ပါတီ ပြန်လည်ရွေးကောက်တင်မြှောက်ခံရတဲ့အချိန် အိန္ဒိယမွတ်စလင်တွေက လူ့အဖွဲ့အစည်းရဲ့ အောက်ခြေအနေအထား ပြောင်းလဲမှာကို စိုးရိမ်လာကြပါတယ်။ မိုဒီကတော့ ဒီစိုးရိမ်မှုတွေဟာ ‘အတွေးလွန်တာ’ လို့ ငြင်းချက်ထုတ်ခဲ့ပါတယ်။ ဒါပေမယ့် မိုဒီ ဒုတိယသက်တမ်း ရွေးကောက်ခံရပြီး ၆ လလောက်မှာပဲ အိန္ဒိယမွတ်စလင်တွေရဲ့ အခြေအနေ ပိုဆိုးလာစေမယ့် လက္ခဏာတွေ ပေါ်ပေါက်လာပါတယ်။

    ဘာသာရေးမစွက်တဲ့နိုင်ငံ

    မိုဒီလက်ထက်မှာ ဟိန္ဒူအမျိုးသားရေးဝါဒ အားကောင်းလာခဲ့ပေမယ့် ဒီဝါဒဟာ လွန်ခဲ့တဲ့ ၁၀ စုနှစ်တွေကတည်းက ဆူပွက်နေတာပါ။

    ၁၉၄၇ ခုနှစ် ဗြိတိသျှထံကနေ လွတ်လပ်ရေးရတဲ့အချိန် ခေတ်သစ်အိန္ဒိယရဲ့ ဗိသုကာ နေရူးက ‘လွတ်လပ်စွာ တွေးတောခွင့်၊ ပြောဆိုခွင့်၊ ယုံကြည်ကိုးကွယ်ခွင့်’ တွေကို ကာကွယ်ပေးထားတဲ့ အခြေခံဥပဒေတစ်ခုကို ရေးဆွဲပေးခဲ့ပါတယ်။

    “ဘာသာစုံလူမျိုးစုံရှိတဲ့ အိန္ဒိယအတွက် အလုပ်ဖြစ်မယ့် စနစ်ဟာ ဘာသာရေးမစွက်တဲ့ စနစ်ပဲဆိုတာ နေရူးက ကောင်းကောင်းသိပါတယ်” လို့ လွတ်လပ်တဲ့ နိုင်ငံရေးမဂ္ဂဇင်း Hardnews ရဲ့ အယ်ဒီတာဖြစ်ပြီး နိုင်ငံရေး လေ့လာသုံးသပ်သူလည်းဖြစ်တဲ့ ဆန်ဂျေးကပူးရ်က CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    လွတ်လပ်ရေးရပြီး နောက်ပိုင်းနှစ်တွေမှာတော့ ဘာသာရေးမစွက်တဲ့နိုင်ငံဆိုတဲ့ အယူအဆဟာ ပိုပြီး ရှုပ်ထွေးလာပြီး နေရူးရဲ့ အိန္ဒိယအမျိုးသားကွန်ဂရက်ပါတီ (INC) ကိုယ်တိုင် ဘာသာရေးကွဲပြားမှုကို ဇောင်းပေးပြီး မဲဆွယ်သူတွေကို သိမ်းသွင်းလာခဲ့ပါတယ်။

    ၁၉၈၀ ပြည့်နှစ်တွေမှာ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ နေရူးရဲ့ သမီး အင်ဒရာ ဂန္ဒီနဲ့ အကြီးဆုံးသားဖြစ်သူ ရာဂျစ် ဂန္ဒီတို့ဟာ သူတို့အဖေရဲ့ ဘာသာရေးမစွက်တဲ့ အိန္ဒိယနိုင်ငံ အယူအဆကို ဆက်လက်မြှင့်တင်ခဲ့ကြပါတယ်။ ဒါပေမယ့် အင်ဒရာ ဂန္ဒီဟာ အာဏာရှင်ဆန်ဆန် မူဝါဒတွေကို ချမှတ်ခဲ့တဲ့အတွက် မဲပေးသူတွေအကြား မကျေလည်မှုတွေဖြစ်ပေါ်ကာ ဟိန္ဒူအမျိုးသားရေးပါတီ BJP ကို ထောက်ခံမှုပိုလာအောင် လုပ်ပေးသလို ဖြစ်ခဲ့ပါတယ်။

    BJP ပါတီကို ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် သိသိသာသာ အားကောင်းစေတဲ့ ကိစ္စတစ်ခုကတော့ အယွတ်ဒယမြို့က ဘာဘရီဗလီကိစ္စ ဖြစ်ပါတယ်။ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ အဲဒီကိစ္စကို ဒေသခံပြည်သူတွေလောက်သာ အရေးစိုက်ခဲ့ကြပေမယ့် BJP က ဒီကိစ္စကို အသုံးချကာ ၁၉၉၁ ခုနှစ်မှာ အူတာပရာဒက်ရှ်ပြည်နယ်က အမတ်နေရာ ထက်ဝက်ကျော်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

    အမျိုးသားရေးဝါဒ မြင့်တက်လာ

    အဲဒီအချိန် နိုင်ငံရေး လေ့လာသုံးသပ်သူတွေက BJP ဟာ ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှုကို မီးထိုးပေးပြီး ဟိန္ဒူ အမျိုးသားရေးဝါဒ အားကောင်းလာအောင် ဆောင်ရွက်နေတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။ မိုဒီရဲ့ပါတီအပေါ် ဒီဝေဖန်မှုတွေဟာ ဒီကနေ့အချိန်အထိ ရှိနေဆဲပါ။

    BJP ပါတီ ပြည်နယ်ရွေးကောက်ပွဲမှာ အနိုင်ရပြီး ၁ နှစ်အကြာ ၁၉၉၂ ခုနှစ်မှာတော့ လက်ယာစွန်းရောက် ဟိန္ဒူလူအုပ်ဟာ အယွတ်ဒယမြို့မှာ ၁၆ ရာစုကတည်းက တည်ရှိခဲ့တဲ့ ဘာဘရီဗလီကြီးကို တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ နောက်ဆက်တွဲအဖြစ် နိုင်ငံတစ်ဝှမ်း အဓိကရုဏ်းတွေဖြစ်ပွားလာ လူ ၂ ထောင်ကျော်လောက် သေဆုံးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့နောက် အဆိုးဝါးဆုံး လူမျိုးရေးဓိကရုဏ်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

    တစ်ချို့တွေက ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံရေးကို ပြောင်းလဲစေတဲ့ အခိုက်အတံ့တစ်ခုလို့ ယူဆကြပါတယ်။ အယ်ဒီတာတစ်ဦးဖြစ်တဲ့ ကပူးရ်းက ဘာဘရီဗလီ ဖျက်ဆီးခံရမှုကို မျက်မြင်ကိုယ်‌တွေ့ ကြုံခဲ့ရတဲ့ သူရဲ့မိတ်ဆွေ ဂျာနယ်လစ်တွေအကြောင်း ပြောပြပြီး ဒါဟာ ဘာသာရေးမစွက်တဲ့ အိန္ဒိယနိုင်ငံ ကျဆုံးမှုလို့ သုံးသပ်ခဲ့ပါတယ်။

    ၂၀၀၀ ပြည့်နှစ်တွေအတွင်း ခြစားမှုကိစ္စတွေ တစ်ပုံတစ်ပင် ပေါ်ပေါက်လာပြီးတဲ့နောက် အိန္ဒိယအမျိုးသားကွန်ဂရက်ပါတီ INC ဟာ လူထုထောက်ခံမှု ကျဆင်းလာခဲ့ပြီး BJP ကို အာဏာလွှဲပေးရတဲ့လမ်းကြောင်းဆီ ဦးတည်ခဲ့ပါတယ်။

    ၂၀၁၄ အထွေထွေရွေးကောက်ပွဲမှာ မိုဒီနဲ့ BJP ပါတီ အနိုင်ရခဲ့ပြီး နှစ် ၃၀ အတွင်း လွှတ်တော်မှာ အများစုအနိုင်ရတဲ့ ပထမဆုံးနိုင်ငံရေးပါတီ ဖြစ်လာပါတယ်။ ဒါဟာ အမျိုးသားရေးဝါဒကို ဦးတည်ခဲ့ပြီး ယူကေမှာ Brexit ဇောင်းပေးတဲ့နိုင်ငံရေး၊ အမေရိကန်မှာ ‘အမေရိကန်သည်သာ ပထမ’ ဆိုတဲ့ ထရမ့်ရဲ့ မဲဆွယ်မှုတွေလို လက်ယာယိမ်း နိုင်ငံရေးအခင်းအကျင်း မဖြစ်ခင်တည်းက အိန္ဒိယမှာ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

    ခရိုနီဝါဒ၊ ဆွေစဉ်မျိုးဆက်အုပ်စိုးတဲ့ နိုင်ငံရေးဝါဒတွေကို ငြီးငွေ့နေသူတွေအတွက် မိုဒီရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ အိန္ဒိယရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေ ပြန်လည်ထိန်းသိမ်းရေးတွေက နှစ်သက်စရာ ဖြစ်ခဲ့ပါတယ်။

    ဒါပေမယ့် အိန္ဒိယရဲ့ခေါင်းဆောင်သစ် မိုဒီဟာ ဘာသာရေးအခြေခံ အမျိုးသားရေးဝါဒကို အားပေးလာပါတယ်။

    မိုဒီရဲ့ ပထမသက်တမ်းမှာ ဟိန္ဒူလူအုပ်တွေဟာ မွတ်စလင်အများစုအပါအဝင် ဒါဇင်နဲ့ချီတဲ့ လူတွေကို သတ်ဖြတ်ခဲ့ပြီး နွားပေါ်တယ်၊ နွားတွေကို ပို့ဆောင်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖြစ်ပါတယ်။ ဟိန္ဒူအများစုက နွားကို မြင့်မြတ်တယ်လို့ ယူဆထားကြတာပါ။ ဟိန္ဒူအမျိုးသားရေးအစိုးရ ဖြစ်နေတာက သဘောထားတင်းမာတဲ့ ဟိန္ဒူတွေဟာ မွတ်စလင်တွေနဲ့ အခြား လူနည်းစုတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်ဖို့ အားပေးသလို ဖြစ်နေတယ်လို့ လေ့လာ သုံးသပ်သူတွေက ပြောကြားခဲ့ပါတယ်။ BJP ကတော့ ဒီပြောကြားမှုတွေကို ယတိပြတ် ငြင်းဆိုပါတယ်။

    အနာဂတ် မရေရာ

    မိုဒီအာဏာရစဉ်အချိန်က ကတိ ၃ ခု ပေးခဲ့ပါတယ်။ ‘ဂျာမူးနဲ့ ကက်ရှ်မီးယားဒေသ’ ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရုပ်သိမ်းမယ်၊ အယွတ်ဒယက ဘာဘရီဗလီမှာ ရာမနတ်ဘုရားကျောင်း ဆောက်လုပ်မယ် ဆိုတာနဲ့ ဘာသာလူမျိုးအားလုံး လိုက်နာရမယ့် ဥပဒေကျင့်ထုံးတစ်ခု ရေးဆွဲပြဌာန်းမယ်- ဆိုတဲ့ ကတိတွေပါ။

    ဒုတိယအကြိမ် ရွေးကောက်ခံရပြီး ၆ လကျော်မှာပဲ သူ့ရဲ့ ကတိ ၂ ခုကို အကောင်အထည်ဖော်ဖို့ ဆောင်ရွက်လာပါတယ်။

    ‘ဂျာမူးနဲ့ ကက်ရှ်မီးယားဒေသ’ ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြုထားပြီး အမြဲတမ်းနေထိုင်သူတွေရဲ့ အလုပ်လုပ်ကိုင်ခွင့်၊ အိမ်ယာပိုင်ဆိုင်ခွင့်၊ ဗဟိုအစိုးရက ကူညီထောက်ပံ့မှုတွေကို ကာကွယ်ပေးထားတဲ့ အခြေခံဥပဒေက ‘အပိုဒ် ၃၇၀’ ကို ဩဂုတ်လမှာ မိုဒီက ပယ်ဖျက်လိုက်ပါတယ်။ ဒေသတွင်း ဆက်သွယ်ရေးလမ်းကြောင်းတွေအားလုံးကိုလည်း ဗဟိုအစိုးရက ဖြတ်တောက်ခဲ့ပါတယ်။

    ပြည်ထောင်စုနယ်မြေတစ်ခုအဖြစ် အဆင့်လျှော့ချခံလိုက်ရတဲ့ ဂျာမူးနဲ့ ကက်ရှ်မီးယားဒေသက ပြည်သူတွေကတော့ မိုဒီရဲ့ ဒီဆောင်ရွက်မှုကြောင့် မွတ်စလင်အများစုရှိရာ သူတို့ဒေသကို ဟိန္ဒူ‌တွေ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ကာ လူဦးရေအချိုး ပြောင်းလဲသွားမှာကို စိုးရိမ်နေကြပါတယ်။

    ဘာဘရီဗလီနေရာမှာ ရာမနတ်ဘုရားကျောင်း ဆောက်လုပ်နိုင်တယ်ဆိုတဲ့ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကိုလည်း မွတ်စလင်လူ့အဖွဲ့အစည်းက ဝေဖန်ခဲ့ကြပါတယ်။

    မွတ်စလင်နိုင်ငံရေးပါတီ AIMIM က ဥက္ကဌဖြစ်တဲ့ အဆာဒူဒင် အို၀ိုက်စီက တရားရုံးချုပ်ရဲ့ဆုံးဖြတ်ချက်ဟာ ‘အမှန်တရားထက် ကိုးကွယ်ရာဘာသာဖက်ယိမ်းတယ်’ လို့ဆိုပြီး BJP ဟာ သူတို့ရဲ့ ‘အဆိပ်ရှိတဲ့ဝါ’ အောင်မြင်ဖို့ ဒါကို အသုံးချလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒါက တစ်ဆင့်နိမ့် နိုင်ငံသားအဆင့်အတန်းနဲ့ အရှက်တကွဲဖြစ်မှု၊ တရားမဲ့မှုတွေကို နှုတ်ဆိတ်ကာ ခါးစီးခံရတော့မယ်လို့ သန်း ၂၀၀ ကျော်သော မွတ်စလင်တွေကို ထင်ရှားတဲ့ သတင်းစကားတစ်ခု ပေးလိုက်တာပါ” လို့ အို၀ိုင်စီက Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ဘာသာလူမျိုးအားလုံး လိုက်နာရမယ့် နိုင်ငံသား ကျင့်ဝတ်ကျင့်ထုံးတစ်ရပ် ပေါ်ပေါက်လာဖို့ သိပ်မလိုတော့ဘူး‌လို့လည်း တစ်ချို့တွေက ခံစားနေရပါတယ်။

    လက်ရှိ အိန္ဒိယမှာ အိမ်ထောင်ပြုမှု၊ အမွေဆက်ခံမှု၊ ကလေးမွေးစားမှုတွေအတွက် မတူညီတဲ့ ဘာသာတရားတွေမှာ သက်ဆိုင်ရာ ဘာသာအလိုက် ကျင့်သုံးခွင့်ပြုထားပါတယ်။ ဒါပေမယ့် ကျင့်ဝတ်ကျင့်ထုံးအသစ်က ဒီကျင့်သုံးမှုတွေကို ပယ်ဖျက်လာနိုင်ပါတယ်။ အထူးသဖြင့် မွတ်စလင်တွေက အိမ်ထောင်မှု၊ အမွေခွဲဝေ ဆက်ခံမှုတွေမှာ အစ္စလာမ့် ထုံးတမ်းဥပဒေအတိုင်း ကျင့်သုံးခွင့်မရမှာကို စိုးရိမ်နေကြပါတယ်။

    ဟိန္ဒူ အမျိုးသားရေးဝါဒီတွေက အဆိုပြုထားတဲ့ ဒီအယူအဆတွေဟာ လူထုနဲ့ လူထုကြားက အသင်းအဖွဲ့တွေအကြား ထောက်ခံမှု၊ ယုံကြည်မှု ရနေတာကြောင့် ဗဟုလူ့အဖွဲ့အစည်းမှာ အိမ်ထောင်မှုကို အစိုးရက ထိန်းချုပ်တဲ့စနစ်နဲ့သွားဖို့ ကြိုးစားမှုဟာ တိုင်းပြည်အတွင်း သွေးကွဲမှုကို ဆက်လက်ဖြစ်ပေါ်နေစေလိမ့်မယ်လို့ လေ့လာဆန်းစစ်သူတွေက စိုးရိမ်နေကြပါတယ်။

    “ရွေကောက်ပွဲကတိကဝတ်ကို အကောင်အထည်ဖေါ်တာထက် ပိုပြီး နက်ရှိုင်းတဲ့ အခြေအနေမျိုး အခုမြေပြင်မှာ ဖြစ်ပေါ်နေတာပါ။ လူ့အဖွဲ့အစည်းရဲ့ အနေအထား နက်နက်ရှိုင်းရှိုင်း ပြောင်းလဲမှုမျိုး ဖြစ်ပေါ်နေတာပါ” လို့ အိန္ဒိယနိုင်ငံ Ashoka တက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံ လက်ထောက်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဂီလက်စ် ဗာနီယာက ပြောကြားခဲ့ပါတယ်။

    မတူညီတဲ့ ဘာသာဝင်တွေ ဒုတိယတန်းစားနိုင်ငံသားပုံစံမျိုး ပိုဖြစ်လာစေမယ့် တိုင်းပြည်တစ်ခုကို မိုဒီရဲ့ BJP ပါတီက ပုံဖော်နေတာလို့လည်း ဗာနီယာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အယ်ဒီတာ ကပူးရ်ရဲ့ စိုးရိမ်မှုတွေကလည်း ပိုမိုကြီးလာခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးရဲ့ ခိုင်မာတောင့်တင်းမှုအတွက် စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

    “ဒါဟာ ဒီမိုကရေစီအတွက် မကောင်းဘူးလို့ ကျွန်တော်မြင်တယ်။ အထူးသဖြင့် ကျွန်တော်တို့ တည်ထောင်လာတဲ့ ဘာဘာသာရေးမစွက်တဲ့ ဒီမိုကရေစီနိုင်ငံမျိုးမှာပါ။ လူနည်းစုတွေနဲ့ လူတိုင်းအတွက် မျှတရမယ်လို့ ကျွန်တော်တို့ ပြောခဲ့ကြတယ်။ တိုင်းပြည်ကို ဘယ်ဆီခေါ်ဆောင်သွားချင်လဲဆိုတဲ့ အစိုးရရဲ့ အယူအဆကို ရှင်းရှင်းလင်းလင်း တွေ့နေရပြီ။ ဘာသာရေးမစွက်တဲ့စနစ်နဲ့ ဘာမှကိုမဆိုင်တော့တဲ့ အခြေအနေမျိုးပါ”

    Ref: CNN

    (CNN သတင်းဌာနပါ In secular India, it’s getting tougher to be Muslim ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

  • ကိုလံဘီယာ အစုလိုက်အပြုံလိုက်အသတ်ခံရမှု ၁၇ ကြာမှာ ဈာပနကျင်းပနိုင်

    ကိုလံဘီယာ အစုလိုက်အပြုံလိုက်အသတ်ခံရမှု ၁၇ ကြာမှာ ဈာပနကျင်းပနိုင်

    နိုဝင်ဘာ ၂၀၊ ၂၀၁၉
    M-Media

    -လွန်ခဲ့တဲ့ ၁၇ နှစ်က ကိုလံဘီယာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုမှာ သေဆုံးသွားသူတွေရဲ့ ဈာပနအခမ်းအနားကို အခုတစ်ပတ်အတွင်းမှာ ကျင်းပခဲ့ပါတယ်။

    နိုင်ငံအနောက်ပိုင်း ‌ချိုကိုပြည်နယ်က ဘိုဂျာယာမြို့မှာ ၂၀၀၂ ခုနှစ် မေလ ၂ ရက်နေ့က FARC သူပုန်တွေနဲ့ ကိုလံဘီယာအစိုးရတပ်တွေအကြား တိုက်ပွဲဖြစ်ပွားစဉ် ‌‌အရပ်သားတွေ ခိုလှုံနေတဲ့ ခရစ်ယာန်ဘုရားကျောင်းပေါ်ကို စလင်ဒါဗုံး ကျရောက်လာတာကြောင့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့တာပါ။

    တရားဝင်‌စာရင်းအရ ၇၄ ဦး သေဆုံးတယ်လို ထုတ်ပြန်ပေမယ့် အနည်းဆုံး ၁၁၉ ဦး သေဆုံးခဲ့ပြီး ၉၈ ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ ဗုံးကြဲမှုကို FARC အဖွဲ့က ပြုလုပ်တာဖြစ်ပြီး ‘ဘိုဂျာယာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု’ လို့ အမည်တွင်ပါတယ်။ သေဆုံးသူအများစုက အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်ပါတယ်။

    သေဆုံးသွားသူတွေရဲ့ ရုပ်ကြွင်းတွေကို ကျန်ရစ်သူတွေက အခုတစ်ပတ်မှာ ရရှိခဲ့ပြီး ဈာပနအခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။

    ကိုလံဘီယာ အစိုးရပ်တပ်ဟာ ခရစ်ယာန်ဘုရားကျောင်းရဲ့ ပတ်ဝန်းကျင်မှာ စခန်းချရာကနေ တိုက်ပွဲဖြစ်ပွားပြီး ဒီလို အစုလိုက်အပြုံလိုက်သေဆုံးမှု ဖြစ်ပွားခဲ့တာပါ။ ကုလကတော့ ဒီဖြစ်ရပ်အတွက် ကိုလံဘီယာအစိုးရနဲ့ FARC သူပုန် နှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ဗလီဝတ်ကျောင်းတော် ဗိသုကာဆိုင်ရာ နိုင်ငံတကာညီလာခံတစ်ခု မလေးရှားတွင် ကျင်းပမည်

    ဗလီဝတ်ကျောင်းတော် ဗိသုကာဆိုင်ရာ နိုင်ငံတကာညီလာခံတစ်ခု မလေးရှားတွင် ကျင်းပမည်

    နိုဝင်ဘာ ၂၀၊ ၂၀၁၉
    M-Media

    -ဗလီဝတ်ကျောင်းတော် ဗိသုကာဆိုင်ရာ နိုင်ငံတကာညီလာခံတစ်ခုကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ နိုဝင်ဘာနှောင်းပိုင်းကျရင် ကျင်းပဖို့ရှိနေပြီး ဗိသုကာလက်ရာ အပြောင်မြောက်ဆုံး ဗလီကိုလည်း ရွေးချယ်သွားမှာဖြစ်ပါတယ်။

    ညီလာခံကို ဆော်ဒီအာရေဗျ၊ မလေးရှားနဲ့ အခြား နိုင်ငံတကာအဖွဲ့အစည်းတွေ ပူးပေါင်းကျင်းတာဖြစ်ပြီး ညီလာခံခေါင်းစဉ်ကို ‘Future Mosque Architecture’ (ဗလီဝတ်ကျောင်းတော်၏ အနာဂတ်ဗိသုကာလက်ရာ) လို့ အမည်ပေးထားပါတယ်။

    ညီလာခံဟာ နိုဝင်ဘာ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပြီး ထင်ရှားတဲ့ပုဂ္ဂိုလ် ၉ ဦးက မိန့်ခွန်းပြောကာ၊ ကမ္ဘာတစ်ဝှမ်း ထိပ်တန်း သုတေသနပညာရှင် ၄၅ ဦးက စာတမ်းတွေ ဖတ်ကြားမှာ ဖြစ်ပါတယ်။

    ဗိသုလက်ရာဆိုင်ရာ ဆုတံဆိပ် Abdullatif Al-Fozan Award အတွက် တင်သွင်းလာတဲ့ ဗလီဝတ်ကျောင်းတော်တွေကို ညီလာခံမှာ ရွေးချယ်အမှတ်ပေးမှာဖြစ်ပြီး ဆုရတဲ့ ဗလီကိုတော့ ၂၀၂၀ ခုနှစ် မတ်လ ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့မှာ အခမ်းအနားနဲ့ ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။

    Abdullatif Al-Fozan Award ဆု ရွေးချယ်ရေးအဖွဲ့ကို ဆော်ဒီမင်းသားတစ်ပါးဖြစ်တဲ့ ဆူလ်တန် ဘင် ဆလ်မန်က ဦးဆောင်တာဖြစ်ပါတယ်။ မလေးရှားမှာ အခုလအတွင်းပြုလုပ်မယ့် ဗလီဝတ်ကျောင်းတော် ဗိသုကာဆိုင်ရာ နိုင်ငံတကာညီလာခံဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။

    Ref: Arab News

  • ကမ္ဘာ့ဖလား ပရိတ်သတ်များနေထိုင်ရန် ကာတာက ဇိမ်ခံသင်္ဘော ၂ စီး စီစဉ်ပေးမည်

    ကမ္ဘာ့ဖလား ပရိတ်သတ်များနေထိုင်ရန် ကာတာက ဇိမ်ခံသင်္ဘော ၂ စီး စီစဉ်ပေးမည်

    နိုဝင်ဘာ ၁၉၊ ၂၀၁၉
    M-Media

    -၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ လာရောက်ကြည့်ရှုမယ့် ပရိတ်သတ်တွေ နေထိုင်ရေးအတွက် ဇိမ်ခံသင်္ဘော ၂ စီး စီစဉ်ပေးသွားမယ်လို့ ကတာနိုင်ငံက မနေ့မှာ ကြေငြာလိုက်ပါတယ်။

    ပြိုင်ပွဲကျင်းပရေးကို ကြီးကြပ်ကွပ်ကဲနေတဲ့ ကာတာက Supreme Committee for Delivery and Legacy အဖွဲ့ဟာ ဇိမ်ခံသင်္ဘော ၂ စီး ငှားရမ်းနိုင်ရေးအတွက် ဆွီဒင်အခြေစိုက် ဇိမ်ခံသင်္ဘောကုမ္ပဏီ MSC Cruises နဲ့ တနင်္လာနေ့မှာ စာချုပ်ချုပ်ဆိုခဲ့တာပါ။

    လက်ရှိ ဒိုဟာမြို့ ဆိပ်ကမ်းတစ်ခုမှာ ဆိုက်ကပ်ထားတဲ့ အဲဒီ သင်္ဘော ၂ စီးဟာ စုစုပေါင်း လူ ၄၀၀၀ လောက် တည်းခိုနိုင်မှာဖြစ်ပါတယ်။

    “၂၀၂၂ မှာလာမယ့် ပရိတ်သတ်တွေအတွက် ထူးခြားတဲ့နေရာထိုင်ခင်း စီစဉ်ပေးရေး MSC Cruises နဲ့ ပူးပေါင်း ဆောင်ရွက်ခွင့်ရတာကို ကျွန်တော်တို့ ကျေနပ်မိပါတယ်။ ဇိမ်ခံသင်္ဘောတစ်စီးမှာ နေထိုင်ရမယ့် အနေအထားအတွက် ကမ္ဘာစ်ဝှမ်းက ပရိတ်သတ်တွေ စိတ်လှုပ်ရှားနေမယ်ဆိုတာလည်း ကျွန်တော်တို့ သိပါတယ်။ အနောက်ပင်လယ်အော်ရှုခင်းကို ကောင်းကောင်း ကြည့်နိုင်မှာဖြစ်သလို အားကစားကွင်းတွေနဲ့ ပရိတ်သတ်သီးသန့်နေရာတွေကိုလည်း မြန်မြန်ဆန်ဆန် သွားလာနိုင်မှာပါ” လို့ Supreme Committee for Delivery and Legacy အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ဟာဆန် အလ်-သာဝါဒီက ပြောကြားခဲ့ပါတယ်။

    ရေပေါ်ဟိုတယ်အပြင် တိုက်ခန်းတွေ၊ ပရိတ်သတ်ရွာတွေနဲ့ ဟိုတယ်တွေလို အခြား နေရာထိုင်ခင်းတွေကိုလည်း ကာတာက စီစဉ်ပေးထားပါတယ်။

    ၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အရှေ့အလယ်ပိုင်းမှာ ပထမဆုံး ကျင်းပမယ့်ပြိုင်ပွဲဖြစ်ပါတယ်။ Supreme Committee က ပြိုင်ပွဲကျင်းပမယ့် ကစားကွင်းတွေထဲက ၂ ခုအပါအဝင် ပြိုင်ပွဲအတွက် လိုအပ်တဲ့ပြင်ဆင်မှု ၇၅ ရာခိုင်နှုန်း ပြီးစီးသွားပြီလို့ ပြောကြားခဲ့ပါတယ်။ နောက်ထပ် ကစားကွင်း ၆ ကွင်းကတော့ ဆောက်လုပ်ဆဲဖြစ်ပါတယ်။

    Ref: Aljazeera

  • ပါလက်စတိုင်းရှိ အစ္စရေး၏ ကျူးကျော်အိမ်ယာများကို အမေရိကန်က အသိအမှတ်ပြု

    ပါလက်စတိုင်းရှိ အစ္စရေး၏ ကျူးကျော်အိမ်ယာများကို အမေရိကန်က အသိအမှတ်ပြု

    နိုဝင်ဘာ ၁၉၊ ၂၀၁၉
    M-Media

    ပါလက်စတိုင်းပိုင်နက်ရှိ အစ္စရေး၏ ကျူးကျော်အိမ်ယာများကို မြင်ရစဉ်

    -ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးက ဆောက်လုပ်ထားတဲ့ တရားမဝင်အိမ်ယာတွေဟာ နိုင်ငံတကာဥပဒေနဲ့ မညီညွတ်ဘူးဆိုတဲ့အချက်ကို လက်မခံတော့ဘူးလို့ အမေရိကန်အစိုးရက ကြေငြာလိုက်ပြီး ပါလက်စတိုင်းနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ဒီလုပ်ရပ်ကို ကန့်ကွက် ရှုတ်ချခဲ့ပါတယ်။

    အရှေ့ဂျေရုစလင်အပါအဝင် ပါလက်စတိုင်းပိုင် နောက်ဖက်ကမ်းဒေသမှာ အစ္စရေးဟာ တရားမဝင်အိမ်ယာ အမြောက်အများ ဆောက်လုပ်ထားပြီး ဂျူး ၆ သိန်းလောက် နေထိုင်နေတာပါ။ အစ္စရေးရဲ့ ဒီလုပ်ရပ်ဟာ ကုလရဲ့ ဂျီနီဗာသဘောတူညီချက်နဲ့ လုံး၀ ဆန့်ကျင်နေတာဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေက ဒီတရားမဝင်အိမ်ယာတွေကို အသိအမှတ်မပြုပါဘူး။

    ၁၉၇၈ ခုနှစ် အမေရိကန်အစိုးရရဲ့ ဥပဒေပိုင်းဆိုင်ရာ သဘောထားမှာလည်း ဒီတရားမဝင်အိမ်ယာတွေဟာ ‘နိုင်ငံတကာ ဥပဒေနဲ့ မညီဘူး’ လို့ သတ်မှတ်ထားတာပါ။

    ဒါပေမယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက အဖက်ဖက်ကနေ ဥပဒေပိုင်းဆိုင်ရာ လေ့လာ သုံးသပ်မှုတွေ ပြုလုပ်ပြီးတဲ့နောက် အနောက်ဖက်ကမ်း‌ဒေသမှာရှိတဲ့ အစ္စရေးရဲ့ လူနေအိမ်ယာတွေဟာ နိုင်ငံတကာဥပဒေနဲ့ မညီဘူးဆိုတဲ့ သဘောထားမျိုး ဆက်လက်ထားရှိသွားတော့မှာ မဟုတ်ဘူးလို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ၁၉၇၈ ခုနှစ် သဘောထားကိုလည်း ထရမ့်အစိုးရက လိုက်နာမှာမဟုတ်ဘူးလို့လည်း သူကဆိုပါတယ်။

    ပါလက်စတိုင်းပိုင်နက်အတွင်းမှာရှိတဲ့ အစ္စရေးရဲ့ တရားမဝင်အိမ်ယာတွေဟာ နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး ဒီလိုလုပ်ရပ်မျိုးကို ဆန့်ကျင်တယ်လို့ ကုလသမဂ္ဂက ဆုံးဖြတ်ချက်အမြောက်အများ ထုတ်ပြန်ထားပါတယ်။

    ဆန့်ကျင်ရှုတ်ချ

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ် အဘတ်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ နဘီလ် အဘူ ရူဒီနာက အမေရိကန်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံတကာ ဥပဒေနဲ့ လုံး၀ဆန့်ကျင်ကြောင်း၊ နိုင်ငံတကာဥပဒေ ဆုံးဖြတ်ချက်တွေကို ပယ်ချဖို့ အမေရိကန်မှာ အာဏာ မရှိသလို၊ အစ္စရေးရဲ့ တရားမဝင်အိမ်ယာတွေကို တရာဝင်ကြောင်း အာမခံဖို့ အခွင့်လည်းမရှိကြောင်း ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး အေမန် ဆာဖာဒီက အမေရိကန်အနေနဲ့ ဒီလိုရပ်တည်ချက်ပြောင်းလဲမှုကြောင့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှင်သန်ရေးမှာ အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲကိစ္စတွေ ဖြစ်လာနိုင်တယ်လို့ ‌သတိပေးခဲ့ပါတယ်။

    ကုလ လူ့အခွင့်အရေးဆိုင်ရာရုံး OHCHR ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရူပါ့တ် ကိုလ်ဗီလ်က အစ္စရေးရဲ့ တရားမဝင်အိမ်ယာတွေဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တဲ့လုပ်ရပ်ဖြစ်တယ်ဆိုတဲ့ ကုလရဲ့ ရပ်တည်ချက်ကိုသာ ဆက်လက်စွဲကိုင်ထားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဥရောပသမဂ္ဂကလည်း မိမိတို့အနေနဲ့ ပါလက်စတိုင်းပိုင်နက်တွေမှာ ဆောက်လုပ်ထားတဲ့ အစ္စရေးရဲ့ တရားမဝင် အိမ်ယာတွေဟာ နိုင်ငံတကာ ဥပဒေနဲ့ဆန့်ကျင်ပြီး ရေရှည်ငြိမ်းချမ်းရေး ရည်မှန်းချက်ကို ပျက်ဆီးစေမယ်ဆိုတဲ့ သဘောထားအတိုင်း ဆက်ရှိသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch ရဲ့ အမှုဆောင်ဒါရိုက်တာဖြစ်သူ ကန်နသ် ရို့သ်က ပွမ်ပီယိုရဲ့ ထုတ်ပြန်ချက်ကြောင့် ဘာပြောင်းလဲမှုမှ ဖြစ်လာမှာမဟုတ်ဘဲ အစ္စရေးရဲ့ တရားမဝင်အိမ်ယာတွေဟာ စစ်ရာဇဝတ်မှုဖြစ်တယ်ဆိုတဲ့ နိုင်ငံတကာဥပဒေအရ ကြေငြာချက်တွေကို ထရမ့်ကလည်း ဖျောက်ဖျက်နိုင်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်လွှတ်တော်အမတ်တစ်ဦးဖြစ်ပြီး ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ရေပန်းစားနေတဲ့ ဘာနီ ဆန်းဒါးစ်ကလည်း ပါလက်စတိုင်းက အစ္စရေးရဲ့အိမ်ယာတွေဟာ တရားမဝင်ဘူးလို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    အစ္စရေးဘက်လိုက်

    ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးက ကျူးကျော် သိမ်းပိုက်ထားပြီး တရားမဝင်အိမ်ယာ ဆောက်လုပ်မှုဟာ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးကိစ္စမှာ အဖုအထစ်တစ်ခု ဖြစ်နေတာပါ။

    အမေရိကန်ဟာ အစ္စရေး-ပါလက်စတိုင်းငြိမ်းချမ်းရေးမှာ ကြားဝင်ဆွေးနွေးသူအဖြစ် ရှိခဲ့ပေမယ့် ထရမ့်အစိုးရ လက်ထက်မှာတော့ အစ္စရေးဘက်လိုက်တဲ့ မူဝါဒတွေကို ချမှတ်ခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ်မှာ ထရမ့်ဟာ ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း ကြေငြာခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ အမေရိကန်သံရုံးကို တလ်အဗီးကနေ ဂျေရုစလင်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ပါလက်စတိုင်းဟာ အရှေ့ဂျေရုစလင်ကို မြို့တော်ထားပြီး လွတ်လပ်တဲ့ နိုင်ငံတစ်ခု တည်ထောင်ချင်နေတာ ဖြစ်ပါတယ်။

    ၂၀၁၈ ခုနှစ်မှာတော့ ပါလက်စတိုင်းပြည်သူတွေကို အကူအညီပေးနေတဲ့ ကုလရဲ့ UNRWA အဖွဲ့ကို ရန်ပုံငွေ ဖြတ်တောက်ကြောင်း အမေရိကန်က ကြေငြာခဲ့ပါတယ်။

    ၂၀၁၉ ခုနှစ် မတ်လမှာလည်း ထရမ့်ဟာ ၁၉၈၁ ခုနှစ်မှာ အစ္စရေးက ဆီးရီးယားထံကနေ ကျူးကျော်သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်ဒေသကို အစ္စရေးပိုင်နက်အဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက မိုက်ပွမ်ပီယိုရဲ့ မနေ့ကထုတ်ပြန်ချက်ကို ကြိုဆိုကြောင်း ပြောကြားခဲ့ပြီး ဒါဟာ သမိုင်းဆိုင်ရာ အမှားတစ်ခုကို ပြင်ဆင်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

    Ref: Aljazeera