News @ M-Media

Blog

  • နိုက်ဂျီးရီးယားရှိ အစ္စလာမ်ဘာသာရေးကျောင်းများတွင် ညှင်းပမ်းခံရသူများကို ရဲတပ်ဖွဲ့ ကယ်ထုတ်

    နိုက်ဂျီးရီးယားရှိ အစ္စလာမ်ဘာသာရေးကျောင်းများတွင် ညှင်းပမ်းခံရသူများကို ရဲတပ်ဖွဲ့ ကယ်ထုတ်

    အောက်တိုဘာ ၁၇၊ ၂၀၁၉
    M-Media

    -နိုက်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းက အစ္စလာမ်ဘာသာရေးကျောင်းတွေမှာ ချုပ်နှောင် နှိပ်စက်ခံရတဲ့ အမျိုးသားနဲ့ ယောက်ျားလေး စုစုပေါင်း ၁ ထောင်ကျော်လောက်ကို နိုက်ဂျီးရီးယား ရဲတပ်ဖွဲ့က အခုတစ်ပတ်အတွင်းမှာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

    မနေ့က ကတ်စီနာပြည်နယ် ဒေါင်ရာမြို့က အစ္စလာမ်ဘာသာရေးကျောင်းတစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာမှာ စုစုပေါင်း လူ ၃၀၀ လောက်ကို ကယ်ထုတ်ခဲ့ရပါတယ်။ ကျောင်းသားတွေကို လက်ထိပ်ခတ်တာ၊ ခြေထောက် သံကြိုးနဲ့ ချည်နှောင်ထားတာတွေရှိပြီး လူမဆန်တဲ့ နှိပ်စက်မှုမျိုးတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေလည်း ရှိတယ်လို့ ကတ်ဆီ နာ ရဲတပ်ဖွဲ့အကြီးအကဲ ဆာနူဆီ ဘူဘာက ပြောကြားခဲ့ပါတယ်။

    အရင်က အဲဒီကျောင်းမှာ လူ ၅၀၀ လောက်ရှိပြီး တစ်ချို့ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ထွက်ပြေးလွတ်မြောက်သွားပါတယ်။

    အဲဒီအစ္စလာမ်ဘာသာရေးကျောင်းဟာ အသက် ၇၈ နှစ်အရွယ် မွတ်စလင်ဘာသာရေးဆရာ ဘီလို မိုင် အလ် မာဂျီရိုင်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်က တည်ထောင်ထားတာဖြစ်ပါတယ်။ မိဘတွေဟာ သူတို့ရဲ့ သားသမီးတွေကို ကုရ်အာန်ကျမ်းစာ သင်ကြားဖို့၊ မူးယစ်ဆေးဝါးဖြတ်ဖို့ ဒီကျောင်းကို လာရောက် အပ်နှံကြတာ ဖြစ်ပါတယ်။

    ကတ်စီနာပြည်နယ်မှာ စီးနင်းမှုဟာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း နိုက်ဂျီးရီးယားရဲတပ်ရဲ့ ၃ ကြိမ်မြောက် စီးနင်းမှု ဖြစ်ပါတယ်။

    တနင်္လာနေ့ကလည်း ဒေါင်ရာမြို့မှာပဲ အစ္စလာမ်ဘာသာရေးကျောင်းတစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာမှာ လူ ၃၀၀ လောက်ကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။ စက်တင်ဘာ ၂၆ ရက်‌နေ့က ကာဒူနာပြည်နယ်က အစ္စလာမ်ဘာသာရေးကျောင်းတစ်ခုမှာလည်း လူပေါင်း ၅၀၀ လောက်ကို ရဲတပ်ဖွဲ့က ကယ်ထုတ်ခဲ့ပါတယ်။

    မိဘတွေက သူတို့သားသမီးတွေဟာ ဒီကျောင်းတွေမှာ ဘာသာရေးပညာတွေ သင်ကြားနေတယ်လို့ ယူဆနေကြကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

    ဖိအားများနေ

    နိုက်ဂျီးရီးယားနိုင်ငံတစ်ဝှမ်းမှာ အထူးသဖြင့် အစ္စလာမ်ဘာသာဝင် အများစုရှိတဲ့ မြောက်ပိုင်းမှာ အခုလို အစ္စလာမ်ဘာသာရေးကျောင်းအမည်ခံပြီး ညှင်းပမ်းနှိပ်စက်မှုတွေ ရှိနေနိုင်တဲ့အတွက် ဒါတွေကို နှိမ်နှင်းဖို့ သမ္မတ မူဟာမာဒူ ဘူဟာရီ အစိုးရဟာ ပြည်သူလူထုရဲ့ ဖိအားပေးမှုကို ခံနေရပါတယ်။

    တနင်္လာနေ့က ဒုတိယမြောက် ကယ်ဆယ်မှု ပြီးတဲ့နောက်မှာ ဘူဟာရီက ဒီလို ဘာသာရေးကျောင်းအမည်ခံ ညှင်းပမ်းနှိပ်စက်မှုတွေကို နှိမ်နှင်းဖို့ အင်္ဂါနေ့မှာ အမိန့်ပေးခဲ့ပါတယ်။

    “ဒီလိုနေရာတွေအားလုံးကို ပိတ်ပစ်ပြီး ထိန်းသိမ်းခံထားရသူတွေကို မိဘလက်ထံ ပြန်အပ်ဖို့အတွက် သမ္မတက ရဲတပ်ဖွဲ့ကို ညွှန်ကြားခဲ့ပါတယ်။ ဘာသာရေးအမည်ခံပြီး အမျိုးသားကိုဖြစ်စေ အမျိုးသမီးကိုဖြစ်စေ ညှင်းပမ်းနှိပ်စက်တဲ့ ဒီလိုနေရာမျိုးတွေကို အစိုးရက ခွင့်ပြုမှာ မဟုတ်ပါဘူး” လို့ ဘူဟာရီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

    အဲဒီလို ဘာသာရေးကျောင်းတွေမှာ ညှင်းပမ်းနှိပ်စက်ရင်း သေဆုံးသွားသူတွေလည်း ရှိနေပြီး ကျောင်းပိုင်ရှင်တွေနဲ့ ဆရာတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

    Ref: Reuters

  • Untitled post 82348

    ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    အောက်တိုဘာ ၁၆၊ ၂၀၁၉
    M-Media

    လူမျိုးရေးခွဲခြားသည့် ဘောလုံးပရိသတ် ၆ ဦးကို ဘူလ်ဂေးရီးယား ဖမ်းဆီး

    တနင်္လာနေ့က အင်္ဂလန်အသင်းကို ၆ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ယူရို ၂၀၂၂ ခြေစစ်ပွဲမှာ အင်္ဂလန်ကစားသမားတွေကို လူမျိုးရေးခွဲခြားစော်ကားခဲ့တဲ့ အိမ်ရှင်ဘူလ်ဂေးရီးယားပရိတ်သတ် ၆ ဦးကို ဖမ်းဆီးလိုက်တယ်လို့ ဘူလ်ဂေးရီးယား ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ အဲဒီပွဲမှာ လူမျိုးရေး ခွဲခြားစော်ကားမှုကြောင့် ၂ ကြိမ်တိုင်တိုင် ပွဲကို ရပ်နားခဲ့ရပါတယ်။ ရဲတပ်ဖွဲ့က လူမျိုးရေးခွဲခြားစော်ကားသူ ပရိတ်သတ် ၁၅ ဦးကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီကိစ္စရဲ့ နောက်ဆက်တွဲအဖြစ် ဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ် ဥက္ကဌလည်း အင်္ဂါနေ့မှာ ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

    ဘာကာ-ရီးယဲလ်ပွဲ ကွင်းပြောင်းရန် လာလီဂါက စပိန်ဘောလုံးအဖွဲ့ချုပ်ကို တောင်းဆိုထား

    ကာတာလိုနီယာဒေသ ခွဲထွက်ရေးခေါင်းဆောင် ၉ ဦးကို စပိန်တရားရုံးက ထောင်ဒဏ်တွေချမှတ်မှု နောက်ဆက်တွဲအဖြစ် ဒေသတွင်း မတည်မငြိမ်ဖြစ်မှာ စိုးရိမ်ရတဲ့အတွက် အောက်တိုဘာ ၂၆ ရက်နေ့မှာ ကစားမယ့် ဘာစီလိုနာ-ရီးယဲလ်မက်ဒရစ်ပွဲကို ဘာစီလိုနာအိမ်ကွင်းအစား ရီးယဲလ်အိမ်ကွင်းမှာ ပြောင်းကစားဖို့ လာလီဂါတာဝန်ရှိသူတွေက စပိန်ဘောလုံးအဖွဲ့ချုပ်ကို မေတ္တာရပ်ခံထားပါတယ်။ ဘာစီလိုနာဘောလုံးအသင်းဟာ ကာတာလိုနီယာရဲ့မြို့တော် ဘာစီလိုနာမှာ အခြေစိုက်တာဖြစ်ပါတယ်။ လက်ရှိမှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပြီး ပွဲကစားတဲ့နေမှာ ဆန္ဒပြမှုတွေ ပြင်းထန်လာမှာကို လာလီဂါ တာဝန်ရှိသူတွေက စိုးရိမ်နေတာပါ။ စပိန်ဘောလုံးအဖွဲ့ချုပ်က ဘာစီလိုနာနဲ့ ရီးယဲလ်တို့ရဲ့ အမြင်တွေကို မးမြန်းပြီး လာမယ့်ရက်ပိုင်းအတွင်း ဆုံးဖြတ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ပဲရစ်တွင် လူမျိုးရေးခွဲခြားသူများ ပြည့်နေသည်ဟု ပီအက်စ်ဂျီနောက်ခံလူဟောင်း ပြော

    ပဲရစ်မြို့ဟာ စိတ်ပျက်ငြီးငွေ့စရာကောင်းပြီး လူမျိုးရေးခွဲခြားသူတွေနဲ့ ပြည့်နေတဲ့မြို့ ဖြစ်တယ်လို့ ပီအက်စ်ဂျီနောက်ခံလူဟောင်း ဒါနီအဲလ်ဗက်စ်က ပြောကြားလိုက်ပါတယ်။ ဂျူဗင်တပ်စ်ကနေ ထွက်ခွာပြီးတဲ့နောက် အဲလ်ဗက်စ်ဟာ ပီအက်စ်ဂျီမှာ ၂ နှစ်တာ သွားရောက်ကစားခဲ့ပြီး အခုအချိန်မှာတော့ မိခင်နိုင်ငံ ဘရာဇီးလ်က ဆော်ပေါ်လိုအသင်းမှာ ကစားနေပါတယ်။ အဲလ်ဗက်စ်ဟာ ကစားသမားဘ၀ သက်တမ်းတစ်လျှောက် လူမျိုးရေးခွဲခြားမှုကို အကြိမ်ကြိမ် ခံစားခဲ့ရဖူးပြီး အထင်ရှားဆုံးကတော့ ဘာစီလိုနာမှာကစားခဲ့တဲ့ ၂၀၁၄ ခုနှစ်က ငှက်ပျောသီးနဲ့ ပစ်ပေါက်ခံရတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီမှာကစားစဉ် လူမျိုးရေးခွဲခြားခံရတာမျိုး ကိုယ်တိုင် မကြုံခဲ့ရပေမယ့် သူငယ်ချင်းတွေ ကြုံတွေ့ရတာကို မျက်မြင်တွေ့ခဲ့ရတယ်လို့ အဲလ်ဗက်စ်က ဆိုပါတယ်။

    Ref: BBC, Daily Mail

  • ကမ္ဘာ့ပထမဆုံး ဉာဏ်ရည်တုပညာတက္ကသိုလ်ကို ယူအေအီးတွင် ဖွင့်လှစ်မည်

    ကမ္ဘာ့ပထမဆုံး ဉာဏ်ရည်တုပညာတက္ကသိုလ်ကို ယူအေအီးတွင် ဖွင့်လှစ်မည်

    အောက်တိုဘာ ၁၆၊ ၂၀၁၉
    M-Media

    -ကမ္ဘာ့ပထမဆုံး ဉာဏ်ရည်တုပညာတက္ကသိုလ်တစ်ခုကို လာမယ့်နှစ်မှာ ဖွင့်လှစ်သင်ကြားသွားမယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီးနိုင်ငံ) က ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။

    ‘မိုဟာမက် ဘင် ဇာယဒ် ဉာဏ်ရည်တုတက္ကသိုလ်’ ( MBZUAI) လို့ အမည်ပေးထားတဲ့ အဲဒီတက္ကသိုလ်ဟာ ဉာဏ်ရည်တု (AI) နည်းပညာနဲ့ပတ်သက်လို့ ပညာရပ်ပိုင်းဆိုင်ရာ နယ်ပယ်တစ်ခုနဲ့ သုတေသန နယ်ပယ်တစ်ခုတို့ကို ဖန်တီးဖော်ဆောင်ပေးမှာ ဖြစ်ပါတယ်။

    ဒီတက္ကသိုလ်ကို ရောက်ရှိလာတဲ့ ကျောင်းသားတွေဟာ ကမ္ဘာ့နောက်ဆုံးပေါ် AI နည်းပညာတွေကို ထိတွေ့ခွင့်ရမှာပါ။

    MBZUAI တက္ကသိုလ် ဖွင့်လှစ်တောမယ့်အကြောင်းကို မတ်စ်ဒါမြို့က တက္ကသိုလ်တည်ရှိရာအဆောက်အဦးမှာ ဘုတ်အဖွဲ့က သတင်းစာရှင်းပွဲတစ်ခုကျင်းပကာ အသိပေးခဲ့တာ ဖြစ်ပါတယ်။

    ယူအေအီးအစိုးရဝန်ကြီးတစ်ဦးဖြစ်ပြီး MBZUAI တက္ကသိုလ် ဘုတ်အဖွဲ့ဥက္ကဌလည်းဖြစ်တဲ့ ဒေါက်တာ ဆူလ်တန် အဟ်မဒ် အလ် ဂျာဘာရ်က ရည်ရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ နောက်ဆုံးပေါ် နည်းပညာတွေကကို တီထွင်ကြံဆ အသုံးပြုရေးဆိုတဲ့ ယူအေအီးခေါင်းဆောင်ပိုင်းရဲ့ မူဝါဒနဲ့အညီ တက္ကသိုလ်ကို ထူထောင်ခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

    “ကမ္ဘာကြီးက ပြောင်းလဲသွားပါပြီ။ လူသားတွေရဲ့ စိတ်ကူးစိတ်သန်းတွေကို အသုံးပြုကာ အမြဲမပြတ် ရှာဖွေဖော်ထုတ်နေမယ်ဆိုရင် ဒီထက်ပိုပြီး အောင်မြင်နိုင်ပါတယ်။ ဒီတက္ကသိုလ်ဟာ AI အသုံးပြုတဲ့ ခေတ်သစ်မှာ ကျွန်တော်တို့ကို ဦးဆောင်မယ့် စွန့်ဦးတီထွင် ဖန်တီးသူတွေကို ပြုစုပျိုးထောင်ရာမှာ ရှေ့တန်းကနေ ပါဝင်လာပါလိမ့်မယ်”

    တက္ကသိုလ်ရဲ့ ဘုတ်အဖွဲ့ဝင်တွေထဲမှာ ကမ္ဘာတစ်ဝှမ်းက ပညာရှင်တွေ ပါဝင်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက AI ကျွမ်းကျင်သူတွေကို ဖိတ်ခေါ်ကာ ညီလာခံတွေ၊ ဆွေးနွေးပွဲတွေ လုပ်ဆောင်ဖို့လည်း ရှိနေပါတယ်။

    တက္ကသိုလ်ဟာ AI ရဲ့ အဓိက နယ်ပယ်တွေဖြစ်တဲ့ Machine Learning၊ Computer Vision နဲ့ Natural Language Processing စတဲ့ ပညာသာရပ်တွေမှာ မဟာဘွဲ့တွေ၊ ဒေါက်တာဘွဲ့တွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

    ဘွဲ့ရကျောင်းသားတွေအနေနဲ့ ၂၀၂၀ ခုနှစ် ဩဂုတ်လကနေစလို့ MBZUAI ဝဘ်ဆိုက်မှာ စတင် စာရင်းပေးသွားနိုင်ပြီး ၂၀၂၀ ခုနှစ် စက်တင်ဘာလမှာ စတင် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

    Ref: Khaleej Times

  • ပါကစ္စတန်ဝန်ကြီးချုပ်နှင့် ဆော်ဒီဘုရင်တို့တွေ့ဆုံကာ အရှေ့အလယ်ပိုင်းအရေး ဆွေးနွေး

    ပါကစ္စတန်ဝန်ကြီးချုပ်နှင့် ဆော်ဒီဘုရင်တို့တွေ့ဆုံကာ အရှေ့အလယ်ပိုင်းအရေး ဆွေးနွေး

    အောက်တိုဘာ ၁၆၊ ၂၀၁၉
    M-Media

    -ဆော်ဒီအာရေဗျကို ရောက်ရှိနေတဲ့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းဟာ မနေ့က ဆော်ဒီဘုရင် ဆလ်မန်နဲ့ တွေ့ဆုံခဲ့ပြီး အရှေ့အလယ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို ဆွေး‌နွေးခဲ့ကြပါတယ်။

    ခန်းရဲ့ ၂ ရက်တာကြာမြင့်တဲ့ ဒီခရီးစဉ်ဟာ ဆော်ဒီနဲ့ အီရန်အကြား တင်းမာမှုတွေ လျော့ချရေး ရည်ရွယ်တာဖြစ်ပြီး ဘုရင်ဆလ်မန်နဲ့ မတွေ့ဆုံခင် အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

    ဆော်ဒီနိုင်ငံပိုင်သတင်းဌာနက ဘုရင် ဆလ်မန်နဲ့ ခန်းတို့ဟာ ဒေသတွင်းနဲ့ နိုင်ငံတကာဆိုင်ရာ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြခဲ့ပါတယ်။

    ပါကစ္စတန်ဝန်ကြီးချုပ်ဟာ တနင်္ဂနွေနေ့က တီဟီရန်မှာ အီရန်သမ္မတ ဟာဆန်ရူဟာနီ၊ အဓိပတိ အယာတိုလာခါမေနီတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဟာဆန်ရူဟာနီနဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ခန်းက အီရန်နဲ့ ဆော်ဒီတို့အကြား ပဋိပက္ခတွေဖြစ်ပွားရင် ကမ္ဘာကြီးအတွက်ပါ စိုးရိမ်ရကြောင်း၊ မိမိအနေနဲ့ ဒီနှစ်နိုင်ငံအကြား တင်းမာမှုတွေကို ပြေလျော့အောင် ကြားဝင်ဆောင်ရွက်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့လနှောင်းပိုင်းက ဆော်ဒီရေနံစက်ရုံတွေကို ယီမင်သူပုန်တွေက ဒရုန်းနဲ့ တိုက်ခိုက်ပြီးခဲ့နောက် ဆော်ဒီနဲ့ အီရန်အကြား တင်းမာမှုတွေ ပိုမို မြင့်တက်လာခဲ့တာပါ။ ဟူသီသူပုန်တွေဟာ အီရန်ကျောထောက်နောက်ခံပြုထားတဲ့အဖွဲ့ဖြစ်ပြီး တိုက်ခိုက်မှုမှာ အီရန်ပါဝင်တယ်လို့ အမေရိကန်နဲ့ ဆော်ဒီတို့က စွပ်စွဲထားပါတယ်။ အီရန်ကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုပါတယ်။

    Ref: Gulf News

  • ဘာဘရီဗလီအငြင်းပွားမှု အန္ဒိယတရားရုံးချုပ်က နိုဝင်ဘာတွင် အမိန့်ချမည်

    ဘာဘရီဗလီအငြင်းပွားမှု အန္ဒိယတရားရုံးချုပ်က နိုဝင်ဘာတွင် အမိန့်ချမည်

    အောက်တိုဘာ ၁၆၊ ၂၀၁၉
    M-Media

    -အိန္ဒိယနိုင်ငံမြောက်ပိုင်း အယွဒ္ဒယမြို့က ဘာဘရီဗလီမြေကို ဟိန္ဒူနဲ့ မွတ်စလင်လူ့အဖွဲ့အစည်းတွေထံ ခွဲဝေပေးရေး ကြားနာမှုတွေကို အိန္ဒိယ တရားရုံးချုပ်က အဆုံးသတ်လိုက်ပြီး အမိန့်ကို လာမယ့် နိုဝင်ဘာလအလယ်မှာ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

    မြေအကျယ်အဝန်း ၂.၇၇ ဧကရှိပြီး ၁၆ ရာစုက ဆောက်လုပ်ထားတဲ့ အဲဒီဗလီဟာ ၁၉၉၂ ခုနှစ်မှာ ဟိန္ဒူတွေရဲ့ ဖျက်ဆီးမှုကိုခံခဲ့ရပါတယ်။ အဲဒီလုပ်ရပ်ရဲ့ နောက်ဆက်တွဲအဖြစ် အိန္ဒိယနိုင်ငံမှာ ဟိန္ဒူနဲ့ မွတ်စလင်လူ့အဖွဲ့အစည်းအကြား အဓိကရုဏ်းတွေ ဖြစ်ပွားကာ လူ ၂ ထောင်လောက် သေဆုံးခဲ့ပါတယ်။

    ဗလီနေရာမှာ အရင်က ဟိန္ဒူဘုရားကျောင်းရှိခဲ့တယ်လို့ဆိုကာ ဟိန္ဒူတွေက ဘုရားကျောင်းပြန်ဆောက်ဖို့ စီစဉ်နေကြတာ ဖြစ်ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး လူ့အဖွဲ့အစည်းနှစ်ခုအကြား ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် ၂၀၁၉ ခုနှစ် ဩဂုတ်လကစလို့ တရားရုံးချုပ် တရားသူကြီး ၅ ဦးပါတဲ့ ခုံအဖွဲ့က ကိုင်တွယ်ခဲ့တာပါ။ ခုံအဖွဲ့ဟာ ဗလီမြေနေရာကို ဟိန္ဒူနဲ့ မွတ်စလင်တွေကို ခွဲဝေပေးရမယ်ဆိုတဲ့ ၂၀၁၀ ခုနှစ် အောက်ရုံးရဲ့ ဆုံးဖြတ်ချက်၊ အဲဒီဆုံးဖြတ်ချက်ကို ကန့်ကွက်ထားတဲ့ အယူခံလွှာ ၁၄ ခုတို့ကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

    Ref: AP