News @ M-Media

Blog

  • လကမ္ဘာပေါ်လမ်းလျှောက်မည့် ပထမဆုံးအမျိုးသမီးအတွက် အာကာသဝတ်စုံကို နာဆာ ထုတ်ပြ

    လကမ္ဘာပေါ်လမ်းလျှောက်မည့် ပထမဆုံးအမျိုးသမီးအတွက် အာကာသဝတ်စုံကို နာဆာ ထုတ်ပြ

    အောက်တိုဘာ ၁၆၊ ၂၀၁၉
    M-Media

    နာဆာက မိတ်ဆက်ပြသလိုက်သည့် အာကာသ ဝတ်စုံသစ်

    -လကမ္ဘာမှာ ပထမဆုံး လမ်းလျှောက်မယ့် အမျိုးသမီး ဝတ်ဆင်နိုင်မယ့် အာကာသဝတ်စုံကို အမေရိကန် အာကာသအေဂျင်စီ (နာဆာ) က မနေ့မှာ ထုတ်ပြလိုက်ပါတယ်။

    နာဆာဟာ ၁၉၇၂ ခုနှစ်နောက်ပိုင်း လပေါ်ကို လူလွှတ်ခြင်းမရှိတော့ဘဲ ၂၀၂၄ ခုနှစ်မှာတော့ လပေါ်ကို အမျိုးသားနဲ့ အမျိုးသမီး ၂ ဦး စေလွှတ်ဖို့ စီစဉ်ထားပါတယ်။ Artemis လို့ အမည်ပေးထားတဲ့ အဲဒီခရီးစဉ်မှာလိုက်ပါမယ့် အမျိုးသမီးအာကာသယာဉ်မှူးဟာ လပေါ်ကို ခြေချနိုင်တဲ့ ပထမဆုံး အမျိုးသမီးအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

    အောက်တိုဘာ ၁၅ ရက်နေ့မှာ နာဆာက ၂၀၂၄ ခရီးစဉ်မှာ ဝတ်ဆင်မယ့် အာကာသဝတ်စုံ ၂ ခုကို မိတ်ဆက်ခဲ့ပြီး ဒီ ၂ ခုစလုံးဟာ ၁၉၆၀နဲ့ ၁၉၇၀ ပြည့်နှစ်တွေက အပိုလိုခရီးစဉ်တွေမှာ ဝတ်ဆင်ခဲ့တဲ့ ဒီဇိုင်းကို အခြေခံထားတာပါ။

    Exploration Extravehicular Mobility (xEMU) လို့ အမည်‌ပေးထားတဲ့ ဝတ်စုံဟာ အနီ၊ အဖြူနဲ့ အပြာရောင်တို့ ပေါင်းစပ်ထားပြီး လရဲ့ တောင်ဘက်ဝင်ရိုးစွန်းပေါ်ကို ဆင်းရင် ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။ လိမ္မော်ရောင် နောက်တစ်စုံကိုတော့ Orion Crew Survival System လို့ အမည်ပေးထားပြီး ကမ္ဘာနေ လကို အသွားအပြန်ခရီးစဉ်မှာ ဝတ်ဆင်ရမှာပါ။

    ဒီဝတ်စုံတွေဟာ အရင်က ဝတ်စုံတွေထက် ပိုမိုကောင်းမွန်တဲ့ နည်းပညာကို အသုံးပြုထားပြီး အာကာသယာဉ်မှူးတွေအတွက် သက်တောင့်သက်သာ ပိုဖြစ်လိမ့်မယ်လို့ နာဆာက ပြောကြားခဲ့ပါတယ်။

    အာကာသဝတ်စုံရဲ့ လုပ်ဆောင်ချက်တွေကတော့ အောက်ဆီဂျင်ကို ထိန်းသိမ်းတာ၊ အဆိပ်ဓာတ်ငွေ့တွေ၊ အနံ့တွေ၊ ရေခိုးရေငွေ့တွေ ဖယ်ရှားပေးတာ၊ အပူချိန် ထိန်းညှိပေးတာတွေ ဖြစ်ပါတယ်။ အခုဝတ်စုံသစ်မှာ ဆက်သွယ်ရေးနည်းနစ်ကိုလည်း အဆင့်မြှင့်တင်ထားပါတယ်။

    Artemis ခရီးစဉ်အတွက် အသုံးမပြုခင် အဲဒီဝတ်စုံသစ်ကို နိုင်ငံတကာ အာကာသစခန်းမှာ စမ်းသပ်အသုံးပြုမှာဖြစ်ပြီး လိုအပ်ချက်တွေ ရှိခဲ့ရင် ပြုပြင်သွားဖို့လည်း နာဆာက စီစဉ်ထားပါတယ်။ ဒီဝတ်စုံကို အနာဂတ် အင်္ဂါဂြိုဟ်ခရီးစဉ်မှာ ပြုပြင်အသုံးပြုနိုင်အောင် ဖန်တီးထားတယ်လို့လည်း နာဆာက ဆိုပါတယ်။

    Ref: CNN

  • ခရိုက်ချက်ဗလီ အကြမ်းဖက်သူကို ဖမ်းဆီးခဲ့သည့် ရဲများအား နယူးဇီလန်က သူရဘွဲ့ ချီးမြှင့်

    ခရိုက်ချက်ဗလီ အကြမ်းဖက်သူကို ဖမ်းဆီးခဲ့သည့် ရဲများအား နယူးဇီလန်က သူရဘွဲ့ ချီးမြှင့်

    အောက်တိုဘာ ၁၆၊ ၂၀၁၉
    M-Media

    ခရိုက်ချက်မြို့မှ အကြမ်းဖက် တိုက်ခိုက်ခံရသည့် အလ်နူရီဗလီ

    -မတ်လအတွင်း ခရိုက်ချက်မြို့ ဗလီ ၂ လုံးမှာ အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်တဲ့ သေနတ်သမားကို လက်ရဖမ်းဆီးနိုင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးကို နယူးဇီလန်က ‘သူရဘွဲ့’ ချီးမြှင့်လိုက်ပါတယ်။ ‌

    လူဖြူအစွန်းရောက် ဘရန်တန်တားရန့်ဟာ ခရိုက်ချက်က ဗလီနှစ်လုံးမှာ ပစ်ခတ်မှုအပြီး အက်ရှ်ဘာတန်မြို့က ဗလီကို ပစ်ခတ်ဖို့ ကားမောင်းသွားရောက်စဉ် အဲဒီ ရဲတပ်ဖွဲ့ဝင် ၂ ဦးက ပိတ်ဆို့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ နယူးဇီလန်ရဲ့ တရားရေးစနစ်အရ ရဲတပ်ဖွဲ့ဝင် ၂ ဦးရဲ့ အမည်တွေကို ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

    နယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါ အာရ်ဒန်က သီးသန့်အခမ်းအနားတစ်ခု ပြုလုပ်ကာ ဒီရဲတပ်ဖွဲ့ ၂ ဦးကို ‘၂၀၁၉ ခုနှစ် နယူးဇီလန်ရဲတပ်ဖွဲ့၏ သူရဘွဲ့’ ကို ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ တပ်ဖွဲ့ဝင်တွေကတော့ မိမိတို့အလုပ်ကို ကျေပွန်အောင် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ထိခိုက်မှုတွေ ထပ်မဖြစ်အောင် လုပ်ဆောင်ရမှာ ကျွန်တော်တို့ရဲ့တာဝန် ဖြစ်တယ်ဆိုတာ သိထားဖို့က ကျွန်တော်တို့အတွက် တကယ့်ကို အရေးကြီးပါတယ်။ ကျွန်တော်တို့ လုပ်ဆောင်ခဲ့တာတွေအတွက် မိသားစုဝင်တွေ ဂုဏ်ယူကြလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ပြီးခဲ့တဲ့လတွေမှာ ဒါက တော်တော်လေး အထောက်အကူဖြစ်ခဲ့ပါတယ်”

    ဒီလို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ အဲဒီလိုဖြစ်စေတဲ့ အယူအဆတွေကို နယူးဇီလန် ပြည်သူတွေက စုစုစည်းစည်းနဲ့ ဆန့်ကျင် တိုက်ထုတ်ကြတဲ့အတွက် ဂုဏ်ယူမိတယ်လို့လည်း ဒီရဲတပ်ဖွဲ့ဝင် ၂ ဦးက ပြောကြားခဲ့ပါတယ်။

    နယူးဇီလန် ရဲတပ်ဖွဲ့အကြီးအကဲ ခရစ် ကာဟီလ်ကလည်း ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်ချက်အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။

    ခရိုက်ချက်က ဗလီ ၂ လုံးမှာ သောကြာနေ့ ဝတ်ပြုဆုတောင်းနေစဉ် အကြမ်းဖက် ပစ်ခတ်မှုအတွင်း လူ ၅၁ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

    ပစ်ခတ်မှုမှာ တစ်ခြားသူတွေကို ကာကွယ်ရင်း သေဆုံးသွားကြသူတွေကိုလည်း နယူးဇီလန် အစိုးရက ဩဂုတ်လမှာ ဂုဏ်ပြုဆုတံဆိပ်တွေ ချီးမြှင့်ခဲ့ပါတယ်။

    သေနတ်သမား လူဖြူအစွန်းရောက် ဘရန်ဒန် တားရန့်ဟာ လက်ရှိမှာ လူသတ်မှုစွဲချက် ၅၁ ခု၊ လူသတ်ရန်ကြိုးစားမှုစွဲချက် ၄၀၊ အကြမ်းဖက်ဝါဒဆိုင်ရာ စွဲချက် ၁ ခုတို့နဲ့ တရားစွဲဆိုခံထားရပါတယ်။

    Ref: Aljazeera

  • အင်္ဂါနေ့ ဘောလုံးသတင်းများ

    အင်္ဂါနေ့ ဘောလုံးသတင်းများ

    အောက်တိုဘာ ၁၅၊ ၂၀၁၉
    M-Media

    လူမျိုးရေးပြဿနာကြောင့် ဘူလ်ဂေးရီးယား ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ နှုတ်ထွက်

    မနေ့က အင်္ဂလန်အသင်းနဲ့ပွဲစဉ်မှာ လူမျိုးရေးခွဲခြားမှု‌တွေ ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် ဘူလ်ဂေးရီးယား‌ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဘိုရီဆလဗ် မီဟေလော့ဗ်ဟာ ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။ ယူရို ၂၀၂၀ ခြေစစ်ပွဲဖြစ်တဲ့ အဲဒီပွဲမှာ အိမ်ရှင် ဘူလ်ဂေးရီးယားက ၆ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာပါ။ ပရိတ်သတ်တွေက လူမျိုးရေးခွဲခြားစော်ကားမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ပွဲကို ၂ ကြိမ်တိုင်တိုင် ခေတ္တရပ်ဆိုင်းခဲ့ရပါတယ်။ ပွဲစဉ်အပြီးမှာ မီဟေလော့ဗ် နှုတ်ထွက်ဖို့ ဘူလ်ဂေးရီးယားဝန်ကြီးချုပ်က ဆော်ဩခဲ့သလို၊ ဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာလည်း လတ်တလောဖြစ်ပွားတဲ့ တင်းမာမှုတွေကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ဥရောပ ဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေဥက္ကဌ အလက်ဇန်ဒါ စီဖီရင်ကလည်း ဘောလုံးအသိုင်းအ၀ိုင်း၊ အစိုးရတွေအနေနဲ့ လူမျိုးရေး ခွဲခြားစော်ကားမှုကို တိုက်ဖျက်ပစ်ဖို့ လိုပြီလို့ ပွဲအပြီးမှာ ဘူလ်ဂေးရီးယား-အင်္ဂလန် ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

    စံချိန်ချိုးဖို့ ဘောလုံးကစားခြင်းမဟုတ်ဟု ရော်နယ်ဒိုပြော

    စံချိန်တွေချိုးဖို့ ရည်ရွယ်ချက်နဲ့ ဘောလုံးကစားတာ မဟုတ်ဘဲ စံချိန်တွေကသာ သူ့ဆီရောက်လာတာလို့ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြောကြားလိုက်ပါတယ်။ မနေ့က ယူကရိန်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်တဲ့ပွဲမှာ ပင်နယ်တီကနေ ချေပဂိုး ၁ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းတို့အတွက် စုစုပေါင်း ဂိုး ၇၀၀ ပြည့်ကာ ဘောလုံးလောကမှာ ဂိုးအများဆုံးသွင်းယူနိုင်တဲ့ ၆ ဦးမြောက်ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၃၁ ခုနှစ်ကနေ ၁၉၅၀ ပြည့်နှစ်အထိ ဘောလုံးကစားပြီး ဂိုးပေါင်း ၈၀၀ တိတိ သွင်းယူထားတဲ့ ချက်ကစားသမား ဂျိုဆက်ဖ်ဘီကန်ရဲ့စံချိန်ကို မီဖို့တော့ အလှမ်းဝေးနေပါသေးတယ်။ ရော်နယ်ဒိုက ဒီလိုစံချိန်တွေရရှိအောင် ကူညီပေးခဲ့ကြတဲ့ အသင်းဖော်တွေ၊ နည်းပြတွေကို ကျေးဇူးတင်တယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ဂျူဗင်တပ်စ်ဂိုးသမား ဘူဖွန် အသက် ၄၄ နှစ်အထိ ကစားဖွယ်ရှိ

    အသက် ၄၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဂိုးသမား ဘူဖွန်ဟာ ဂျူဗင်တပ်စ်အသင်းအတွက် နောက်ထပ် ၂ ရာသီလောက် ဆက်ကစားပေးနိုင်သေးတယ်လို့ အေးဂျင့်ဖြစ်သူက ပြောကြားလိုက်ပါတယ်။ ပီအက်စ်ဂျီကို ပြောင်းသွားတဲ့ ဘူဖွန်ဟာ အခုနှစ်မှာ တစ်နှစ်စာချုပ်နဲ့ ဂျူဗင်တပ်စ်ကို ပြန်ရောက်လာပေမယ့် ရှက်ဇက်နီရဲ့နောက် ဒုတိယဦးစားပေးအဖြစ်သာ ရှိနေပါသေးတယ်။ သူ့ရဲ့အေးဂျင့် ဆီလ်ဗာနို မာတီနာက ဘူဖွန်ဟာ သန်မာကာ ယှဉ်ပြိုင်နိုင်စွမ်း ရှိနေသေးပြီး အနားယူရင် နည်းပြတစ်ယောက်အဖြစ် ဆက်လက်လျှောက်လှမ်းဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

    Ref: BBC, Daily Mail

  • ဆီးရီးယားကိုကျူးကျော်သည့် တူရကီကို အမေရိကန်က ပိတ်ဆို့မှုလုပ်

    ဆီးရီးယားကိုကျူးကျော်သည့် တူရကီကို အမေရိကန်က ပိတ်ဆို့မှုလုပ်

    အောက်တိုဘာ ၁၅၊ ၂၀၁၉
    M-Media

    ဆီးရီးယားမြောက်ပိုင်းမြင်ကွင်း

    -ဆီးရီးယားမြောက်ပိုင်းကို ကျူးကျော်တိုက်ခိုက်မှုကြောင့် တူရကီအာဏာပိုင်တ‌ွေကို အမေရိကန် မနေ့မှာ ပိတ်ဆို့မှုတွေ ပြုလုပ်လိုက်ပြီး ချက်ခြင်း အပစ်ရပ်ဆဲဖို့လည်း တိုက်တွန်းဆော်ဩလိုက်ပါတယ်။

    အမေရိကန်တပ်တွေ ဆုတ်ခွာသွားခဲ့ပြီးတဲ့နောက် တူရကီဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က စတင်ကာ ဆီးရီးယားမြောက်ပိုင်းက ကာ့ဒ်တပ်ဖွဲ့တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    တပ်တွေဆုတ်ခွာဖို့ အမိန့်ပေးခဲ့မှုအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ ရီပက်ဘလစ်ကန်ပါတီက အမတ်တွေအပါအဝင်၊ အမေရိကန် နိုင်ငံရေးသမားတွေရဲ့ ဝေဖန်တွေကို ခံနေရပါတယ်။

    တနင်္လာနေ့မှာတော့ တူရကီအစိုးရ တာဝန်ရှိသူတွေ၊ အစိုးရအဖွဲ့အစည်းတွေ၊ အစိုးရနဲ့ သက်ဆိုင်သူတွေအပေါ် အမေရိကန်က ပိတ်ဆို့အရေးယူမှု အမျိုးမျိုး ပြုလုပ်ခဲ့ပြီး ဆီးရီးယားမြောက်ပိုင်းမှာ အရပ်သားတွေကို ထိခိုက်စေတာ၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေး ပျက်ပြားအောင် ဆောင်ရွက်တာတွေကြောင့်ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက ပြောကြားခဲ့ပါတယ်။

    ထရမ့်ကလည်း တူရကီနဲ့ ကန်ဒေါ်လာ ဘီလီယံ ၁၀၀ တန် ကုန်သွယ်ရေး ညှိနှိုင်းဆွေးနွေးမှုကို ရပ်ဆိုင်းကာ၊ စတီးတင်ပို့မှုအခွန်ကိုလည်း ၅၀ ရာခိုင်နှုန်းအထိ မြှင့်တင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒါ့အပြင် ဒုတိယသမ္မတ မိုက်ပန့်စ်နဲ့ နိုင်ငံတော်လုံခြုံရေးအကြံပေး ရောဘတ် အိုဘရိုင်ယန်တို့ကို တူရကီကိုစေလွှတ်ပြီး ဆွေးနွေးမှုတွေ ချက်ခြင်း လုပ်ဆောင်ခိုင်းမယ်လို့လည်း ထရမ့်က ဆိုပါတယ်။

    တူရကီခေါင်းဆောင်တွေအနေနဲ့ အန္တရာယ်ရှိပြီး ဖျက်လိုဖျက်ဆီးလိုတဲ့ လမ်းကြောင်းကို ဆက်လျှောက်နေမယ်ဆိုရင် တူရကီရဲ့ စီးပွားရေးကို အလျင်အမြန် ဖျက်ဆီးဖို့ အပြည့်အ၀ ပြင်ဆင်ထားတယ်လို့ ထရမ့်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ဆီးရီးယားမြောက်ပိုင်းကို တူရကီရဲ့ ကျူးကျော်တိုက်ခိုက်မှုအတွင်း အရပ်သားသေဆုံးမှုတွေ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေ မြင့်တက်လာသလို ကာ့ဒ်တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ IS အကြမ်းဖက်အဖွဲ့ဝင် အမြောက်အများ ပြန်လည်လွတ်မြောက်မှုတွေလည်း ရှိနေပါတယ်။

    Ref: Aljazeera

  • ကမ္ဘာ့ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းကို ဘင်္ဂါလီတွေ ကြီးစိုးတော့မှာလား

    ကမ္ဘာ့ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းကို ဘင်္ဂါလီတွေ ကြီးစိုးတော့မှာလား

    အောက်တိုဘာ ၁၅၊ ၂၀၁၉
    M-Media

    -ဘင်္ဂလားဒေ့ရှ်ဟာ ပြည်တွင်းထုတ်သင်္ဘောတွေကို လက်ရှိမှာ အာရှ၊ အာဖရိကနဲ့ ဥရောပက နိုင်ငံပေါင်း ၁၂ နိုင်ငံလောက်ကို တင်ပို့ရောင်းချနေပြီး လာမယ့် ၁၀ စုနှစ်တစ်ခုအတွင်း ကမ္ဘာ့သင်္ဘောတည်ဆောက်ရေးလုပ်ငန်းမှာ ထိပ်တန်းနေရာတစ်ခု ရောက်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ယူအေအီးအခြေစိုက် သင်္ဘောကုမ္ပဏီ Al Rashid က ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ထိပ်တန်း သင်္ဘောတည်ဆောက်ရေးလုပ်ငန်း Western Marine Shipyard Limited (WMS) နဲ့ ဆွေးနွေးမှုတွေပြုလုပ်ကာ ကန်ဒေါ်လာ ၆.၈ သန်း တန်ဖိုးရှိတဲ့ ရေနံတင်သင်္ဘော ၂ စင်း ဆောက်လုပ်ဖို့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

    WMS ဥက္ကဌ ဆိုက်ဖွလ် အစ္စလာမ်က အစိုးရရဲ့ ကူညီပံ့ပိုးမှုနဲ့အတူ နိုင်ငံရဲ့ ‌ပို့ကုန်ပုံစံ ပြောင်းလဲမှုမှာ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီကဏ္ဍမှာ အဓိကပြဿနာက စီမံကိန်းကြီးတွေ လုပ်ဆောင်ဖို့အတွက် အရင်းအနှီး လိုအပ်တာပါ။ ဘဏ်တွေ၊ ဘဏ္ဍာရေးလုပ်ငန်းတွေက ရှေ့ထွက်လာပြီး ပါဝင်ကူညီပေးမယ်ဆိုရင် ပြည်တွင်းနဲ့ ပြည်ပကနေ အမှာတွေ ပိုရလာနိုင်ပါတယ်”

    ဘင်္ဂလားဒေ့ရှ် သင်္ဘောကျင်းများအဖွဲ့ AEOSIB ရဲ့ ဥက္ကဌ အဘ်ဒူလာဟီ ဘာရီက ဘင်္ဂလားဒေ့ရှ်ကထုတ်လုပ်တဲ့ သင်္ဘောတွေဟာ အိန္ဒိယ၊ ပါကစ္စတန်၊ ဆော်ဒီအာရေဗျ၊ ယူအေအီး၊ နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်၊ ဖင်လန်၊ အီတလီ၊ ဂျာမနီနဲ့ အာဖရိကနိုင်ငံအချို့ကို တင်ပို့နေရပြီး အလားအလာကောင်းတွေ အများကြီးရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    လက်ရှိ ဘင်္ဂလားဒေ့ရှ်မှာ သင်္ဘောကျင်းပေါင်း ၁၀၀ ကျော်လောက် ရှိနေပြီး ပြည်တွင်းနဲ့ ပြည်ပစျေးကွက်အတွက် သင်္ဘောအရွယ်အစားပေါင်းစုံကို ထုတ်လုပ်နေပါတယ်။ အဲဒီအထဲမှာ သင်္ဘောကျင်း ၁၂ ခုက နိုင်ငံတကာရဲ့ ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်မယ့် အနေအထားကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

    ဘာရီက အစိုးရနဲ့ ပုဂ္ဂလိကတို့ရဲ့ ပူးပေါင်းပါဝင်မှုနဲ့အတူ နောက်ထပ် ၅ နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်ရဲ့ သင်္ဘောတည်ဆောက်ရေးလုပ်ငန်း ရွှေခေတ်ကာလကို ရောက်ရှိလာတော့မယ်လို့ သုံးသပ်ခဲ့ပါတယ်။

    “စီစဉ်ထားတဲ့အတိုင်းသာ သွားမယ်ဆိုရင် လာမယ့် ၅ နှစ်အတွင်း ကျွန်တော်တို့ရဲ့ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းကနေ ရရှိမယ့်ဝင်ငွေဟာ တစ်နှစ်ကို ကန်ဒေါ်လာ ၁ ဘီလီယံ ကျော်လာပါလိမ့်မယ်”

    ဆော်ဒီနဲ့ ယူအေအီးအပါအဝင် အရှေ့အလယ်ပိုင်း နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ထားနိုင်တာကြောင့် နိုင်ငံရဲ့ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းမှာ ပိုမို အကျိုးဖြစ်ထွန်းလိမ့်မယ်လို့ ဘာရီက ဆိုပါတယ်။

    ဘာရီဦးစီးတဲ့ Ananda သင်္ဘောကျင်းဟာ လက်ရှိမှာ ကုန်တင်သင်္ဘောတွေ တည်ဆောက်ကာ ဂျာမနီနိုင်ငံကို တင်ပို့နေပြီး ဥရောပစျေးကွက်ကို ထိုးဖောက်ဝင်ရောက်ဖို့ ပြင်ဆင်နေပါတယ်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စီးပွားရေးဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ တစ်ရိပ်ရိပ် တက်လာခဲ့ပြီး ကမ္ဘာ့အထည်ချုပ်လုပ်ငန်းမှာလည်း တရုတ်နိုင်ငံကို ယှဉ်ပြိုင်နိုင်စွမ်း ရှိတဲ့အထိ ဖြစ်လာပါတယ်။

    Ref: Arab News