News @ M-Media

Blog

  • ဆော်ဒီ-အီရန် တစ်ဆင့်ခံဆွေးနွေးမှု စတင်ရင် ပြင်ဆင်နေ

    ဆော်ဒီ-အီရန် တစ်ဆင့်ခံဆွေးနွေးမှု စတင်ရင် ပြင်ဆင်နေ

    အောက်တိုဘာ ၆၊ ၂၀၁၉
    M-Media

    -အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တင်းမာမှုတွေ လျှော့ချရေးအတွက် ဆော်ဒီနဲ့ အီရန်တို့ဟာ တစ်ဆင့်ခံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ New York Times သတင်းစာက မနေ့မှာ ဖ်ာပြခဲ့ပါတယ်။

    စက်တင်ဘာ ၁၄ ရက်နေ့ ရေနံလုပ်ငန်းတွေ တိုက်ခိုက်ခံရပြီးတဲ့နောက် ဆော်ဒီအိမ်ရှေ့မင်းသားမိုဟာမက် ဘင် ဆလ်မန်က အီရန်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပေးဖို့ အီရတ်၊ ပါကစ္စတန် ခေါင်းဆောင်တွေကို မေတ္တာရပ်ခံခဲ့တာပါ။

    ယီမင် ဟူသီသူပုန်အဖွဲ့က ရေနံစက်ရုံ တိုက်ခိုက်မှုတွေကို သူတို့ပြုလုပ်တာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် အမေရိကန်နဲ့ ဆော်ဒီကတော့ ဒီကိစ္စမှာ အီရန် ပါဝင်ပတ်သက်မှု ရှိတယ်လို့ ပြစ်တင်ပြောဆိုထားပါတယ်။

    ဒီတိုက်ခိုက်မှုကို စစ်ရေးအရ တုန့်ပြန်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ငြင်းခဲ့တာကြောင့်၊ ဆော်ဒီလုံခြုံရေးကို အမေရိကန်က အမှန်တကယ် ကာကွယ်ပေးလိုစိတ် ရှိလားဆိုတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။

    ဒါ့ကြောင့် ဆော်ဒီဟာ သူတို့ပြဿနာကို ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့ နည်းလမ်းရှာလာတာလို့ New York Times သတင်းစာက ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

    အီရန်နဲ့ ဆွေးနွေးမှုတွေလုပ်ပေးဖို့ အီရတ်နဲ့ ပါကစ္စတန်တို့က ကမ်းလှမ်းခဲ့တယ်လို့ ဆော်ဒီအစိုးရက New York Times ကို ပြောကြားခဲ့ပေမယ့် ဘင် ဆလ်မန်ရဲ့ တောင်းဆိုမှုရှိတယ်ဆိုတဲ့ သတင်းကိုတော့ ငြင်းဆိုခဲ့ပါတယ်။

    အီရန်ကတော့ သူတို့အနေနဲ့ ဆော်ဒီနဲ့ဆွေးနွေးဖို့ အမြဲတမ်း လမ်းဖွင့်ထားတယ်လို့ ပြောကြားထားပါတယ်။

    ပြီးခဲ့တဲ့လ ဂျစ်ဒါမှာ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်း၊ အီရတ်ဝန်ကြီးချုပ် အဒဲလ် အဘ်ဒူလ် မဟ်ဒီတို့နဲ့ တွေ့ဆုံစဉ် အိမ်ရှေ့မင်းသား ဘင် ဆလ်မန်က သူ့အနေနဲ့ စစ်ပွဲကို ရှောင်ရှားလိုကြောင်း၊ ဒီအတွက် ကြားဝင်ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့တယ်လို့ အီရတ်နဲ့ ပါကစ္စတန် အစိုးရ သတင်းရင်းမြစ်တွေက New York Times ကို အတည်ပြု ပြောကြားခဲ့ပါတယ်။

    အီရန်နဲ့ ဆော်ဒီတို့ဟာ ယီမင်နဲ့ ဆီးရီးယားတို့အပါအ၀င် အရှေ့အလယ်ပိုင်းက ပြဿနာတွေမှာ ဆန့်ကျင်ဖက်အုပ်စုတွေကနေ ပါဝင်ပတ်သက်နေကြတာဖြစ်ပါတယ်။ ဆော်ဒီနဲ့ အီရန်တို့ရဲ့ ဆွေးနွေးမှု အမှန်တကယ် ဖြစ်လာမယ်ဆိုရင် နောက်ဆက်တွဲ ကောင်းကျိုးတွေ အများကြီး ဖြစ်လာနိုင်သလို၊ သမ္မတထရမ့်ရဲ့ အီရန်ကို ဖယ်ကျဉ်ရေးအစီအစဉ်ကိုလည်း ထိခိုက်ဖွယ်ရှိတယ်လို့ နိုင်ငံရေးကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

    Ref: Aljazeera

  • အရှေ့တောင်အာရှ၏ အမြင့်ဆုံး အဆောက်အဦးကို မလေးရှား၌ မကြာခင် ဖွင့်လှစ်မည်

    အရှေ့တောင်အာရှ၏ အမြင့်ဆုံး အဆောက်အဦးကို မလေးရှား၌ မကြာခင် ဖွင့်လှစ်မည်

    အောက်တိုဘာ ၆၊ ၂၀၁၉
    M-Media

    -အရှေ့တောင်အာရှမှာ အမြင့်ဆုံးဖြစ်လာမယ့် အဆောက်အဦးတစ်ခုကို မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူမှာ မကြာခင် ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။

    Exchange 106 လို့ အမည်ပေးထားတဲ့ အဲဒီအဆောက်အဦးဟာ အမြင့် ၄၉၂ မီတာရှိပြီး လက်ရှိ အရှေ့တောင်အာရှမှာ အမြင့်ဆုံး အဆောက်အဦးဖြစ်တဲ့ ဗီယက်နမ်က Landmark 81 ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ Landmark 81 အဆောက်အဦးဟာ ၄၆၉.၅ မီတာ မြင့်ပါတယ်။

    တစ်ချိန်က မလေးရှားနိုင်ရဲ့ အမြင့်ဆုံးအဆောက်အဦးက Petronas Twin Towers ဖြစ်ပြီး အမြင့် ၄၅၂ မီတာ ရှိပါတယ်။

    Exchange 106 စီမံကိန်းကို မလေးရှားနိုင်ငံပိုင်လုပ်ငန်း 1MDB က ဖော်ဆောင်တာဖြစ်ပြီး အင်ဒိုနီးရှား ဆောက်လုပ်ရေးလုပ်ငန်း Mulia Property Development နဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတို့က ပိုင်ဆိုင်တာ ဖြစ်ပါတယ်။

    ဘဏ္ဍာရေးဆိုင်ရာနဲ့ စီးပွားရေးဆိုင်ရာ ရုံးခန်းတွေ တည်ရှိမယ့် ဒီအဆောက်အဦး တည်ဆောက်ထားတဲ့နေရာဟာ တစ်ချိန်မှာ နိုင်ငံရဲ့ ဘဏ္ဍာရေးအချက်အခြာ နေရာတစ်ခုဖြစ်လာဖို့ မလေးရှားအစိုးရက ရည်မှန်းထားပါတယ်။ အဆောက်အဦးအတွက် ဘယ်လောက်ကုန်ကျသလဲဆိုတာ တရားဝင်ထုတ်ပြန်ထားခြင်းမရှိပါဘူး။

    ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးဟာ ဒူဘိုင်းက Burj Khalifa ဖြစ်ပြီး ထိပ်ဖျားအထိ အမြင့် ၈၃၀ မီတာ ရှိပါတယ်။

    ကွာလာလမ်ပူမြို့မှာပဲ အမြင့် မီတာ ၅၀၀ လောက်ရှိမယ့် Merdeka PNB 118 အဆောက်အဦးကို လာမယ့်နှစ်မှာ ဖွင့်လှစ်ဖို့ရှိနေတာကြောင့် Exchange 106 ရဲ့ အရှေ့တောင်အာရှ အမြင့်ဆုံး အဆောက်အဦးဘွဲ့ဟာ ကြာရှည်တည်တံ့ဖို့ မရှိပါဘူး။

    Ref: Free Malaysia Today

  • စနေနေ့ ဘောလုံးသတင်းများ

    စနေနေ့ ဘောလုံးသတင်းများ

    အောက်တိုဘာ ၆၊ ၂၀၁၉
    M-Media

    အထုတ်ခံရမည်ကို မစိုးရိမ်ဟု စပါးနည်းပြပြော

    အသင်းအခြေအနေ ဆိုးရွားနေတဲ့အတွက် ထုတ်ပယ်ခံရနိုင်ချေ ရှိပေမယ့် ဒီအတွက် စိုးရိမ်မှုမရှိဘူးလို့ စပါးနည်းပြ ပိုချက်တီနိုက ပြောကြားလိုက်ပါတယ်။ ဒီကနေ့ ညနေပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စပါးအသင်းဟာ ဘရိုက်တန်ကို အဝေးကွင်းမှာ ၃ ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ် ၈ ပွဲကစားပြီးချိန် ၃ ပွဲအထိ ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။ စပါးအသင်းဟာ အခုတစ်ပတ် ချန်ပီယံလိဂ်အုပ်စုပွဲမှာလည်း ဘိုင်ယန်ကို ၇ ဂိုး ၂ ဂိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပါတယ်။

    ရီးယဲလ်နည်းပြ ဇီဒိန်း နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်မည်

    လက်ရှိ အသင်းဟာ ရုန်းကန်နေရပေမယ့် နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားမယ်လို့ ရီးယဲလ်မက်ဒရစ်နည်းပြ ဇီဒိန်းက ပြောကြားလိုက်ပါတယ်။ ၇ ပွဲကစားပြီး လာလီဂါမှာ ဦးဆောင်နေတဲ့ ရီးယဲလ်ဟာချန်ပီယံလိဂ်မှာ ထိုက်သင့်တဲ့ခြေစွမ်းကို ပြသနိုင်ခြင်း မရှိတဲ့အတွက် ဝေဖန်မှုတွေ ခံနေရပါတယ်။ ဇီဒိန်းကတော့ မိမိရဲ့အခြေအနေကို မိမိနားလည်ပြီး၊ အလုပ်မှာလည်း ပျော်ရွှင်နေကြောင်းထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဘာစီလိုနာအသင်း၏ အ၀တ်လဲခန်းမှတ်တမ်းရုပ်ရှင် မကြာမီထွက်မည်

    ၂၀၁၈-၁၉ ဘောလုံးရာသီအတွင်း ဘာစီလိုနာအသင်းရဲ့ အ၀တ်လဲခန်းက အကြောင်းတွေကို ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်တစ်ခု မကြာခင် ထွက်လာဖို့ ရှိနေပြီး ချန်ပီယံလိဂ်မှာ လီဗာပူးလ် အသင်းနဲ့ သမိုင်းဝင်ရှုံးပွဲပြီးနောက် ကစားသမားတွေရဲ့ ခံစားရမှု ပုံရိပ်တွေလည်း ပါဝင်လာဖို့ ရှိနေပါတယ်။ ဆီမီးဖိုင်နယ်အဖြစ် အိမ်ကွင်းမှာ ၃ ဂိုးပြတ်နဲ့ နိုင်ခဲ့တဲ့ ဘာစီလိုနာဟာ အဝေးကွင်းမှာ ၄ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရတာပါ။ ၄၅ မိနစ် ကြာမြင့်မယ့် ဒီမှတ်တမ်းရုပ်ရှင်မှာဘာစီလိုနာရဲ့ တစ်ရာသီစာ ဖြတ်သန်းခဲ့ရမှု အနိမ့်အမြင့်တွေ၊ ကစားသမားတွေရဲ့ ကွင်းတွင်း၊ ကွင်းပြင် ပုံရိပ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

    Ref: BBC,Daily Mail

  • ယခုနှစ်အတွင်း လူကုန်ကူးမှု ၁၉၁ မှုကို ဖော်ထုတ်နိုင်ခဲ့သည်ဟု ရဲတပ်ဖွဲ့ပြော

    ယခုနှစ်အတွင်း လူကုန်ကူးမှု ၁၉၁ မှုကို ဖော်ထုတ်နိုင်ခဲ့သည်ဟု ရဲတပ်ဖွဲ့ပြော

    အောက်တိုဘာ ၅၊ ၂၀၁၉
    M-Media

    -အခုနှစ်အတွင်း လူကုန်ကူးမှု စုစုပေါင်း ၁၉၁ ခုကို ကိုင်တွယ်စစ်ဆေးခဲ့ပြီး လူကုန်ကူးသူ ၅၅၆ ဦးကို တရားစွဲဆိုနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အခုနှစ် ၉ လအတွင်း လူကုန်ကူးမှု ၁၉၁ ခုမှာ လူကုန်ကူးခံရသူ ၂၇၉ ဦး ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    စက်တင်ဘာလအတွင်း စုံစမ်းစစ်ဆေးခဲ့တဲ့ လူကုန်ကူးမှုအရေအတွက်က ၁၅ ခုရှိပြီး ကလေးငယ် ၇ ဦးအပါအ၀င် ၂၅ ဦး လူကုန်ကူးခံရကာ အယောက် ၅၀ လောက် တရားစွဲခံခဲ့ရပါတယ်။

    ဒုတိယသမ္မတ ဟင်နရီ ဗန်ထီးယူက မြန်မာနိုင်ငံမှာ လူကုန်ကူးမှု အရေအတွက် သိသိသာသာ ကျဆင်းသွားပေမယ့်၊ လူကုန်ကူးဂိုဏ်းတွေဟာ ဖမ်းဆီးမှုကို ရှောင်ရှားဖို့ ကြိုးပမ်းလာကြတယ်လို့ မကြာသေးခင်က ပြောကြားခဲ့ပါတယ်။

    ကုလက ထုတ်ပြန်တဲ့ ကမ္ဘ္ဘာ့လူကုန်ကူးမှု အစီရင်ခံစာ Trafficking in Persons 2018 မှာ မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှုကို ခံစားရသူ အများစုဟာ အမျိုးသမီးတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    လူကုန်ကူးခံရသူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံကို သွားရောက်ကြတာဖြစ်ပြီး ၁၅ ရာခိုင်နှုန်းက နိုင်ငံအတွင်း လူကုန်ကူးခံရတာ ဖြစ်တယ်လို့ မြန်မာအစိုးရက ထုတ်ပြန်ထားပါတယ်။ ထိုင်းနိုင်ငံကို လူကုန်ကူးခံရသူ အရေအတွက်ကတော့ ၁ ရာခိုင်နှုန်း ရှိပါတယ်။

    လူကုန်ကူးမှုရဲ့ ၇၅ ရာခိုင်နှုန်းဟာ အဓမ္မ လက်ထပ်ခိုင်းမှုဖြစ်ပြီး ၁၃.၅ ရာခိုင်နှုန်းက ပြည့်တန်ဆာလုပ်ငန်း၊ ၉ ရာခိုင်နှုန်းက အဓမ္မလုပ်အားခိုင်းစေမှု၊ ၂ ရာခိုင်နှုန်းက အငှားကိုယ်ဝန်ဆောင်ခိုင်းမှုနဲ့ ၀.၅ ရာခိုင်နှုန်းက ကလေးမွေးစားမှု ဖြစ်ပါတယ်။

    ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်က ထောင်နဲ့ချီတဲ့အမျိုးသမီးတွေဟာ တရုတ်မယားအဖြစ် လိမ်လည် ရောင်းစားမှုကို ခံနေရတယ်လို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ Johns Hopkins Bloomberg School of Public Health အဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ၂၀၀၅ ခုနှစ် ဥပဒေအရ လူကုန်ကူးမှုအတွက် အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်ဖြစ်စေ၊ ဒဏ်ငွေဖြစ်စေ ဒဏ်နှစ်မျိုးစလုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။

    Ref: mmtimes

    (Myanmar Times အင်္ဂလိပ်ပိုင်းမှသတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)