News @ M-Media
Blog
  • အာဖရိကတိုက်မှ ထင်ရှားသည့် ဗလီဝတ်ကျောင်းတော် (၉) လုံး
    အာဖရိကတိုက်မှ ထင်ရှားသည့် ဗလီဝတ်ကျောင်းတော် (၉) လုံး
    အောက်တိုဘာ ၃၊ ၂၀၁၉
    M-Media
    ၁။ Massalikul Jinaan Mosque (ဆီနီဂေါ)
    ၂၀၁၉ ခုနှစ် စက်တင်ဘာလကမှ ဖွင့်လှစ်လိုက်တဲ့ အဲဒီ ဗလီဝတ်ကျောင်းတော်ဟာ မြို့တော် ဒါကာမှာ တည်ရှိတာဖြစ်ပါတယ်။ ကန်ဒေါ်လာ ၃၃ သန်း ကုန်ကျခဲ့ပြီး အနောက်အာဖရိကမှာ အကြီးဆုံးလည်း ဖြစ်ပါတယ်။ ဗလီဝတ်ကျောင်းတော် အတွင်းပိုင်းမှာ လူပေါင်း တစ်သောင်းခွဲလောက်
    ၂။ Great Mosque of Kairouan (တူနီးရှား)
    တူနီးရှားနိုင်ငံမြောက်ပိုင်းမှာ တည်ရှိတဲ့ ဒီ ‘ကိုင်ရူအန် ဂျာမေဗလီကြီး’ဟာ အစ္စလာမ်ကမ္ဘ္ဘာက ၀တ်ပြုရာနေရာတွေထဲမှာ ရှေးအကျဆုံး ဗလီဝတ်ကျောင်းတော်တွေထဲကတစ်ခု ဖြစ်ပါတယ်။ အာဖရိကတိုက်မှာတော့ ရှေးအကျဆုံးဗလီအဖြစ် မှတ်ယူခံထားရပါတယ်။ အာရပ်ဗိုလ်ချုပ် အွက္ကဘာ အစ်ဗနေ့ နာဖီက သက္ကရာဇ် ၆၇၀ မှာတည်ဆောက်ခဲ့ပြီး အစ္စလာမ်မတိုင်ခင်ခေတ်၊ ရောမခေတ်နဲ့ ဘိုင်ဇန်တိုင်းခေတ်က ဗိသုကာလက်ရာတွေကို
    ပေါင်းစပ်တည်ဆောက်ထားတာဖြစ်ပါတယ်။ ဗလီဝတ်ကျောင်းတော် တည်ရှိတဲ့ ကိုင်ရူအန် ဒေသဟာ ကမ္ဘ္ဘာ့ ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ရာ ဒေသလည်းဖြစ်ပါတယ်။
    ၃။ Larabanga ဗလီ (ဂါနာ)
    ‘လာရာဘန်ဂါ’ လို့အမည်ရတဲ့ အဲဒီဗလီဟာ ‘အနောက်အာဖရိကရဲ့ မက္ကာ’ လို့ ကျော်ကြားပါတယ်။ ဆူဒန်ဗိသုကာလက်ရာအတိုင်း ၁၄၂ ခုနှစ်မှာ တည်ဆောက်ထားတာပါ။ ဂါနာနိုင်ငံရဲ့အရှေးအကျဆုံး ဗလီဝတ်ကျောင်းတော်တစ်လုံးဖြစ်ပြီး၊ အနောက်အာဖရိကရဲ့ ရှေးဟောင်းဗလီတွေထဲမှာလည်းပါဝင်ပါတယ်။ ရွှံ့နဲ့တည်ဆောက်ထားတဲ့ ဒီဗလီဟာ ကမ္ဘာပေါ်မှာ ပျောက်ကွယ်သွားဖို့ အန္တရာယ်အရှိဆုံး နေရာ ၁၀၀ ထဲမှာလည်း ပါဝင်နေပြီး အကြိမ်အကြိမ် ပြန်လည်ပြုပြင်ထားရပါတယ်။ ဒီဗလီကို ပြန်လည်ပြုပြင်မှုကနေတစ်ဆင့် ရွှံ့နဲ့ ပလာစတာကိုင်တဲ့ နည်းပညာလည်း ပြန်လည်ရှင်သန်လာပါတယ်။
    ၄။ Touba ဗလီ (ဆီနီဂေါ)
    ဆီနီဂေါက နာမည်ကျော် မွတ်စလင်သူတော်စဉ် အဟာမာဒူ ဘမ်ဘာက ဒီ ‘တူဘာဗလီ’ ကို ၁၈၈၇ ခုနှစ်မှာတည်ဆောက်ခဲ့တာပါ။ ဒါပေမယ့် ၁၉၆၃ ခုနှစ်အထိ အပြီးမသတ်နိုင်ပါဘူး။ သူတော်စဉ် ဘမ်ဘာဟာ ၁၉၃၇ ခုနှစ်မှာကွယ်လွန်ခဲ့ပြီး သူ့ရဲ့ ရုပ်ကလပ်ကို ဗလီရဲ့အတွင်းပိုင်းမှာပဲ မြှုပ်နှံထားပါတယ်။ ကမ္ဘ္ဘာပေါ်က အလှဆုံးဗလီတွေထဲကတစ်လုံးလည်းဖြစ်ပြီး လက်ရှိမှာတော့ ဘမ်ဘာရဲ့ မျိုးဆက်တွေက ဗလီကို စီမံခန့်ခွဲနေပါတယ်။
    ၅။ Great Mosque of Djenne (မာလီ)
    ‘ဂျင်းနေ’ လို့အမည်ရတဲ့ ဒီဗလီဟာ ကမ္ဘ္ဘာပေါ်က ရွှံ့အုတ်နဲ့ ဆောက်ထားတဲ့ အဆောက်အဦးတွေထဲမှာ အကြီးဆုံးဖြစ်ပါတယ်။ ၁၄ ရာစုက အနောက်အာဖရိကရဲ့ ဆာဟေလီယန်ဒေသမှာ ထွန်းကားခဲ့ပြီး ထူးခြားတဲ့ ဗိသုကာလက်ရာနဲ့ ၁၉၀၇ ခုနှစ်မှာ တည်ဆောက်ထားတာပါ။ ရွှံ့နဲ့တည်ဆောက်ထားတာဖြစ်တဲ့အတွက် နှစ်စဉ် ပြန်လည်မွမ်းမံမှုတွေ ပြုလုပ်ရပြီး လူပေါင်းများစွာ လာရောက်ပါဝင်ကြတဲ့ ဒီအစီအစဉ်ဟာ နိုင်ငံရဲ့ ရိုးရာအခမ်းအနားတစ်ခုအဖြစ်လည်း မှတ်တမ်းဝင်ပါတယ်။
    ၆။ Abuja National Mosque (နိုက်ဂျီးရီးယား)
    ၁၉၈၄ ခုနှစ်က တည်ဆောက်ခဲ့တဲ့ ‘အဘူဂျာဗလီ’ ဟာ နိုက်ဂျီးရီးယားနိုင်ငံရဲ့ နိုင်ငံတော်ဗလီ ဖြစ်ပါတယ်။ လှပပြီး နိုင်ငံရဲ့ အထင်ကရနေရာတစ်ခု
    ဖြစ်တဲ့အတွက် ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ စိတ်ဝင်တစား လာရောက်လေ့လာလည်ပတ်တဲ့ နေရာလည်းဖြစ်ပါတယ်။ ဒီဗလီဟာ နိုက်ဂျီးရီးယား ‘နိုင်ငံတော် ခရစ်ယာန်စင်တာ’ ရဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိတာ
    ဖြစ်ပါတယ်။
    ၇။ Uganda National Mosque (ယူဂန်ဒါ)
    ‘ယူဂန်ဒါ နိုင်ငံတော်ဗလီ’ ကို ၂၀၀၆ ခုနှစ်မှာ ဖွင့်လှစ်နိုင်ခဲ့ပြီး ခေတ်သစ် ဗလီဝတ်ကျောင်းတော် တည်ဆောက်မှု အမှတ်သညာအဖြစ်လည်း မှတ်ယူခံထားရပါတယ်။ လစ်ဗျားခေါင်းဆောင်ဟောင်းမွမ်မာ ကဒါဖီရဲ့ လမ်းညွှန်မှုနဲ့ တည်ဆောက်ခဲ့တာကြောင့် အရင်က သူ့အမည်ပေးထားပေမယ့် ကဒါဖီသေဆုံးသွားတဲ့အခါ နိုင်ငံတော်ဗလီအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီဗလီမှာ ယူဂန်ဒါ မွတ်စလင်ကောင်စီရဲ့ ရုံးချုပ်လည်း ရှိနေပါတယ်။
    ၈။ Hassan II Mosque (မော်ရိုကို)
    ၁၉၉၃ ခုနှစ်မှာ ပြီးစီးခဲ့တဲ့ ‘ဟာဆန် ၂ ဗလီ’ ဟာ မကြာသေးခင်ကာလအထိ အာဖရိကတိုက်ရဲ့ အကြီးဆုံးဗလီအဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။ ဘုရင်ဟောင်း ဟာဆန် ၂ ရဲ့ အသက် ၆၀ ပြည့်မှုကိုဂုဏ်ပြုတဲ့အနေနဲ့ ဒီဗလီကို တည်ဆောက်ခဲ့တာပါ။ ဘုရားသခင်ရဲ့ ပလ္လင်တော်ဟာ ရေပေါ်မှာတည်ဆောက်ထားတဲ့ဆိုတဲ့ ကုရ်အာန်ထဲက ‘မဟန္တတ္တ အလင်္ကာ’ မြောက် စာကြောင်းတစ်ခုကိုဖော်ကျူးတဲ့အနေနဲ့ သုမ္မဒရာအစပ်မှာ ဒီဗလီကို တည်ဆောက်ထားပါတယ်။
    ၉။ Djamaa el Djazair (အလ်ဂျီးရီးယား)
    ‘ဂျမ်မာ အလ် ဂျဇရ်’ လို့အမည်ရတဲ့ အဲဒီဗလီဟာ မြို့တော် အလ်ဂျီယာမှာ တည်ရှိပြီး ‘အလ်ဂျီယာ ဂျာမေဗလီ’ လို့လည်း အမည်တွင်ပါတယ်။ ကန်ဒေါ်လာ ၁ ဘီလီယံ ကုန်ကျခဲ့ပြီး ၇ နှစ်လောက် တည်ဆောက်ခဲ့ရတာပါ။ အလ်ဂျီးရီးယားအစိုးရက ငွေကြေးစိုက်ထုတ်ကာ၊ ဂျာမန် ဗိသုကာပညာရှင်ကဒီဇိုင်းဆွဲပေးပြီး တရုတ်ကုမ္ပဏီက တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ မင်နာရတ်မျှော်စင်ရဲ့အမြင့်ဟာ ၈၆၉ ပေရှိပြီး အာဖရိကမှာ အမြင့်ဆုံး အဆောက်အဦးအဖြစ်လည်း မှတ်တမ်းဝင်ပါတယ်။
    Ref: DW
  • သူလျှိုလုပ်နေသည့် နိုင်ငံသား တရုတ်ဧည့်လမ်းညွှန်ကို အမေရိကန် ဖမ်းဆီးတရားစွဲ
    သူလျှိုလုပ်နေသည့် နိုင်ငံသား တရုတ်ဧည့်လမ်းညွှန်ကို အမေရိကန် ဖမ်းဆီးတရားစွဲ
    အောက်တိုဘာ ၁၊ ၂၀၁၉
    M-Media
    -ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်နေတဲ့ အမေရိကန်နိုင်ငံသားတစ်ယောက်ကို တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးမှုနဲ့ ဖမ်းဆီးတရားစွဲဆိုလိုက်တယ်လို့ အမေရိကန်အစိုးရက အာဏာပိုင်တွေက မနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
    အသက် ၅၆ နှစ်အရွယ် ပန်ချွဲဟွာဆိုသူဖြစ်ပြီး ပြည်ပ ထောက်လှမ်းရေးသူလျှိုအဖြစ် ဆောင်ရွက်မှု၊ အမေရိကန်ရဲ့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အချက်အလက်တွေကို တရုတ်အစိုးရ အာဏာပိုင်တွေထံ ပေးပို့မှုတွေနဲ့ တရားစွဲခံထားရတာပါ။
    ခေတ်ဟောင်းနဲ့ ခေတ်သစ်နည်းပညာတွေ ပေါင်းစပ်ကာ သူလျှိုလုပ်ခဲ့တာမျိုးဖြစ်ပြီး၊ အမေရိကန်ရဲ့ နိုင်ငံတော်လုံခြုံရေးအချက်အလက်တွေကို ရရှိဖို့ တရုတ်အစိုးရက လျှို့ဝှက်ပြီး ကြိုးစားနေတာကို တွေ့မြင်လိုက်ရတာ ဖြစ်တယ်လို့ အစိုးရရှေ့နေ ဒေးဗစ် အလ် အန်ဒါဆန်က ပြောကြားခဲ့ပါတယ်။
    ပန်ချွဲဟွာဟာ ဆန်ဖရန်စစ္စကိုဒေသတစ်ဝိုက်မှာ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေသူပါ။
    သူဟာ သတင်းအချက်အလက်တွေ ပေးပို့ဖို့နဲ့ ငွေကြေးလွှဲပြောင်းဖို့အတွက် လျှို့ဝှက် နေရာတွေကို အသုံးပြုခဲ့သလို၊ အမေရိကန် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ လျှို့ဝှက်အချက်အလက်တွေ ပါဝင်တဲ့ တရုတ်ရဲ့ ဒစ်ဂျစ်တယ် ကဒ်ပြားတွေကိုလည်း ကိုင်ဆောင်ထားတယ်လို့ အန်ဒါဆန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    တရားစွဲဆိုထားမှုဖိုင်မှာ ပန်ချွဲဟွာဟာ တရုတ်အစိုးရရဲ့ တိုက်ရိုက် လမ်းညွှန်မှုအတိုင်း သူလျှိုလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း လူတစ်ချို့ထံကနေ ရခဲ့တဲ့လျှို့ဝှက် အချက်အလက်တွေကို ပေးပို့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
    ပန်ကို သောကြာနေ့က သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး အခုတစ်ပတ်အတွင်း စတင်ကြားနာမှာ ဖြစ်ပါတယ်။
    Ref: Aljazeera
  • တောင်အာဖရိကမှ ဗလီတစ်လုံး နိုင်ငံ၏ သမိုင်းအမွေအနှစ်အဖြစ် သတ်မှတ်ခံရ
    တောင်အာဖရိကမှ ဗလီတစ်လုံး နိုင်ငံ၏ သမိုင်းအမွေအနှစ်အဖြစ် သတ်မှတ်ခံရ
    အောက်တိုဘာ ၁၊ ၂၀၁၉
    M-Media
    အမွေအနှစ်စာရင်းသွင်းခံရသည့် Al-Jaamia Masjid ဗလီ
    – တောင်အာဖရိနိုင်ငံ မြို့တော် ကိပ်တောင်းက ဗလီဝတ်ကျောင်းတော်တစ်လုံးဟာ နိုင်ငံရဲ့ သမိုင်းအမွေအနှစ်တစ်ခုအဖြစ် ပြီးခဲ့တဲ့တစ်ပတ်မှာ သတ်မှတ်ခံလိုက်ရပါတယ်။
    Al-Jaamia Masjid လို့ အမည်တွင်တဲ့ အဲဒီဗလီဟာ ကိပ်တောင်းမြို့ ဆင်ခြေဖုံးက ကလာရာမောင့် ရပ်ကွက်မှာ တည်ရှိတာ ဖြစ်ပါတယ်။ တောင်အာဖရိက နာမည်ကျော် လူဖြူလူမည်း ခွဲခြားမှု တိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ အဘ်ဒူလာ ဟာရွန်က ဒီဗလီကို တည်ထောင်ခဲ့ပြီး၊ ၁၂ နှစ်လောက် ရှေ့ဆောင်အီမာမ်ဖြစ် တာဝန်ထမ်းဆောင်သွားခဲ့ပါတယ်။
    ဒီဗလီ သမိုင်းဝင်အမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ခံရဖို့အတွက် ကိပ်တောင်းမြို့တော် အုပ်ချုပ်ရေးအဖွဲ့ အပါအ၀င် တောင်အာဖရိက ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးပညာရှင်တွေ၊ ကျွမ်းကျင်သူတွေက ကူညီပေးခဲ့ကြတာ ဖြစ်ပါတယ်။
    “အီမာမ်ဟာရွန်ဟာ ဘာသာရေး သွန်သင်မှုတွေကနေတစ်ဆင့် လူမှုအဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲပေးခဲ့ပြီး၊ ဒါ့ကြောင့်ပဲ လူမှုရေးဆိုင်ရာ မညီမျှမှုတွေကို လူတွေက နားလည် သဘောပေါက်လာကြပါတယ်။ အလ်-ဂျာမီယာ ဗလီက သူ့ရဲ့အတန်းတွေမှာ လာတက်သူတွေရဲ့ အတွေးအခေါ်တွေကလည်း ပြောင်းလဲတိုးတက်သွားခဲ့ကြပါတယ်” လို့ တောင်အာဖရိက ယဉ်ကျေးမှုနှင့် အားကစားဝန်ကြီး Anroux Marais က ပြောကြားခဲ့ပါတယ်။
    ဒီဗလီကို သမိုင်းအမွေအနှစ်အဖြစ် သတ်မှတ်တာဟာ ဒီကနေ့ တောင်အာဖရိကမှာ ရရှိခံစားနေရတဲ့ ဒီမိုကရက်တစ် အသိုက်အ၀န်း ဖြစ်ပေါ်လာအောင် ကူညီပေးခဲ့သူတွေ၊ တစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့သူတွေကို သတိတရ အောက်မေ့ အသိအမှတ်ပြုမှုတစ်ခု ဖြစ်တယ်လို့လည်း ၀န်ကြီးက ဆိုပါတယ်။
    ဗလီဝတ်ကျောင်းတော်မှာ ပြုလုပ်တဲ့ အထိမ်းအမှတ် အခမ်းအနားမှာ အီမာမ် ဟာရွန်ရဲ့သားဖြစ်သူ မိုဟာမက် ဟာရွန်နဲ့ ဗလီဝတ်ကျောင်းတော် တာဝန်ရှိသူတွ၊ တောင်အာဖရိက အစိုးရတာဝန်ရှိသူတွေက ဂုဏ်ပြုစကားတွေ ပြောကြားခဲ့ပါတယ်။
    အီမာမ် ဟာရွန်
    လူဖြူလူမည်း ခွဲခြားမှု တိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ အီမာမ် အလ်ဒူလာ ဟာရွန်
    အီမာမ် အဘ်ဒူလာ ဟာရွန်ဟာ တောင်အာဖရိကရဲ့ လူဖြူ၊ လူမည်း ခွဲခြားမှု တိုက်ဖျက်ရေး သမိုင်းမှာ ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး၊ လူဖြူတွေကြီးစိုးတဲ့ အစိုးရရဲ့ ဖမ်းဆီး ထိန်းသိမ်းမှုခံရစဉ် ၁၉၆၉ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။
    တောင်အာဖရိမှာ လူဖြူ၊ လူမည်း ခွဲခြားမှု ကျင့်သုံးနေစဉ်အတွင်း အီမာမ် ဟာရွန်ဟာ ဒီစနစ်ကိုဆန့်ကျင်ဟောပြောမှုကြောင့် ရက်ပေါင်း ၁၂၃ တိတိ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးနှိပ်စက်ခြင်းကို ခံခဲ့ရပါတယ်။
    အီမာမ်ဟာရွန် သေဆုံးမှု နှစ် ၅၀ ပြည့်မြောက်တဲ့ အခုနှစ်မှာတော့ သူဖမ်းဆီးခံရတဲ့ မေလ ၂၈ ရက်နေ့ သေဆုံးသွားတဲ့ စက်တင်ဘာ ၂၇ ရက်နေ့အထိ တောင်အာဖရိက နိုင်ငံတစ်ဝှမ်း ပညာရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ အားကစားနဲ့ ဘာသာရေးဆိုင်ရာ အခမ်းအနားတွေ၊ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။
    ဖမ်းဆီးခံရစဉ်အတွင်း အီမာမ် ဟာရွန်တစ်ယောက် နည်းမျိုးစုံနဲ့ ညှင်းပမ်းနှိပ်စက်ခံရပါတယ်။ ကိပ်တောင်းက ရဲစခန်းမှာ ဆပ်ပြာတုံးနင်းမိကာ လှေကားကနေ ခြေချော်ကျ သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပေမယ့် ညှင်းပမ်းသတ်ဖြတ်ခံလိုက်ရတာဖြစ်တယ်လို့ အများစုက ယူဆထားကြပါတယ်။
    Ref: iol.co.za
  • သတင်းထောက် ကာရှိုဂျီကို မိမိသတ်ခိုင်းခြင်းမဟုတ်ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော
    သတင်းထောက် ကာရှိုဂျီကို မိမိသတ်ခိုင်းခြင်းမဟုတ်ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော
    စက်တင်ဘာ ၃၀၊ ၂၀၁၉
    M-Media
    -ဝါရှင်တန်ပို့စ်သတင်းထောက် ဂျမားလ်ကာရှိုဂျီကို မိမိက သတ်ခိုင်းတယ်ဆိုတဲ့ ပြောဆိုမှုတွေဟာ မမှန်ဘူးလို့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောကြားလိုက်ပြီး၊ တိုင်းပြည်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့အတွက် ဒီကိစ္စကို တာဝန်အပြည့်အ၀ယူတယ်လို့ ဆိုပါတယ်။
    အမေရိကန်ရုပ်သံ CBS ရဲ့ “60 Minutes” အစီအစဉ်အတွင်း ကာရှိုဂျီကို သတ်ခိုင်းခဲ့လားဆိုတဲ့အမေးကို ဘင် ဆလ်မန်က အခုလို ဖြေကြားလိုက်တာပါ။ ဒီဖြစ်ရပ်ဟာ စက်ဆုပ်ရွံရှာဖွယ်ရာ ကောင်းတယ်လို့လည်း ဘင် ဆလ်မန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    “ဒါဟာ အမှားတစ်ခုပါ။ အနာဂတ်မှာ ဒီလိုအဖြစ်အပျက်မျိုး ထပ်မဖြစ်အောင် လုပ်သင့်အားလုံး ဆောင်ရွက်သွားမှာပါ”
    ကာရှိုဂျီဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂ ရက်နေ့က အစ္စတန်ဘူလ်မြို့မှာရှိတဲ့ ဆော်ဒီကောင်စစ်ဝန်ရုံးမှာ သတ်ဖြတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ ဆော်ဒီအစိုးရက ဒီသတင်းကို ပထမပိုင်းမှာ ငြင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကောင်စစ်ဝန်ရုံးအတွင်း သတ်ဖြတ်မှုဖြစ်ခဲ့တာကို ၀န်ခံခဲ့ပါတယ်။
    ကာရှိုဂျီရဲ့ ခန္ဓာကိုယ်ကို အပိုင်းပိုင်းတစ်ကာ ဖျောက်ဖျက်လိုက်တယ်လို့ တူရကီ ထောက်လှမ်းရေးရင်းမြစ်တွေကို ကိုးကားပြီး တူရကီမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အမေရိကန် ထောက်လှမ်းရေးအဖွဲ့ CIA ကတော့ သတ်ဖြတ်မှုကို ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က တိုက်ရိုက်အမိန့်ပေးတာ ဖြစ်နိုင်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဆော်ဒီအစိုးရကတော့ ဒီထုတ်ပြန်မှုကို ငြင်းဆိုခဲ့ပါတယ်။
    အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ အရင်က ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်မပေးခဲ့ပါဘူး။ အခုတစ်ပတ်မှာ ထုတ်လွှင့်မယ့် PBS သတင်းဌာနရဲ့ မှတ်တမ်းရုပ်ရှင်မှာတော့ မိမိရဲ့ ကြီးကြပ်မှုအောက်မှာ ဒီကိစ္စ ဖြစ်သွားတဲ့အတွက် အပြည့်အ၀တာဝန်ရှိပြီး၊ ဒီကိစ္စကို တာဝန်ခံသွားမယ်လို့ ပထမဆုံး ၀န်ခံခဲ့ပါတယ်။ မနေ့က CBS သတင်းဌာနနဲ့ အင်တာဗျူးကတော့ တာဝန်ရှိကြောင်း ဒုတိယအကြိမ် ၀န်ခံမှု ဖြစ်ပါတယ်။
    ကာရှိုဂျီအသတ်ခံရမှုအတွက် ဆော်ဒီက လူ ၁၁ ဦးကို ဖမ်းဆီးစစ်ဆေးနေပါတယ်။ ဆော်ဒီ ရှေ့နေချုပ်က သတ်ဖြတ်မှုကို တော်ဝင်မိသားစုရဲ့ ထိပ်တန်းအကြံပေးဟောင်း ထောက်လှမ်းရေးဌာန ဒုတိယအကြီးအကဲ ဆာအွဒ် အလ်-ကာတာနီက အမိန့်ပေးစီစဉ်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
    Ref: Aljazeera