News @ M-Media
Blog
  • အာဖဂန်တွင် လယ်သမား ၃၀ သေဆုံးသည့် တိုက်ခိုက်မှု မိမိတို့လက်ချက်ဟု အမေရိကန်ဝန်ခံ
    အာဖဂန်တွင် လယ်သမား ၃၀ သေဆုံးသည့် တိုက်ခိုက်မှု မိမိတို့လက်ချက်ဟု အမေရိကန်ဝန်ခံ
    စက်တင်ဘာ ၂၀၊ ၂၀၁၉
    M-Media
    -အာဖဂန်နစ္စတန်နိုင်ငံ နန်ဂါဟာပြည်နယ်မှာ အနည်းဆုံး လယ်သမား ၃၀ လောက် သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုဟာ မိမိတို့လုပ်ဆောင်တာဖြစ်တယ်လို့ အမေရိကန်က ၀န်ခံပြောကြားလိုက်ပါတယ်။
    တစ်ချိန်က အာဖဂန်အစိုးရ ထိန်းချုပ်ထားတဲ့ ခိုယာနီခရိုင် ဝါဇီရ်တန်ဂီဒေသမှာ မနေ့က ဒရုန်းနဲ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။ အာဖဂန်နစ္စတန်နိုင်ငံက အမေရိကန်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဆန်နီ လက်ဂျက်က IS အကြမ်းဖက်အဖွဲ့ ပုန်းအောင်းရာနေရာကို ဖျက်ဆီးဖို့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    တိုက်ခိုက်မှုဟာ ထင်းရှူးစေ့ရှာတဲ့ လယ်သမားတွေကို သွားရောက်ထိမှန်ခဲ့တာကြောင့် အနည်းဆုံး ၃၀ သေဆုံးကာ ၄၀ လောက် ဒဏ်ရာရခဲ့ပါတယ်။
    အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာနက တိုက်ခိုက်မှုဖြစ်ကြောင်း အတည်ပြုခဲ့ပေမယ့် သေဆုံး ဒဏ်ရာရမှုစာရင်းကို မထုတ်ပြန်ခဲ့ပါဘူး။
    အခုလအစောပိုင်းကလည်း အမေရိကန်ထောက်လှမ်းရေးအဖွဲ့ CIA က လေ့ကျင့်ပေးထားတဲအာဖဂန်ထောက်လှမ်းရေးအဖွဲ့က တိုက်ခိုက်မှုကြောင့် ညီအစ်ကိုလေးဦး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
    သြဂုတ်လနှောင်းပိုင်းမှာ အမေရိကန်နဲ့ ဆွေးနွေးမှု ပျက်ပြယ်သွားပြီးတဲ့နောက် တာလီဘန်အဖွဲ့ဟာ အာဖဂန်နစ္စတန်နိုင်ငံတစ်ဝှမ်း တိုက်ခိုက်မှုတွေ တိုးမြှင့်ပြုလုပ်လာခဲ့ပြီး လူရာချီ သေဆုံးခဲ့ပါတယ်။
    Ref: Aljazeera
  • မြောက်အမေရိကတွင် နှစ် ၅၀ အတွင်း ငှက်ကောင်ရေ သန်း ၃ ထောင် လျော့ကျ
    မြောက်အမေရိကတွင် နှစ် ၅၀ အတွင်း ငှက်ကောင်ရေ သန်း ၃ ထောင် လျော့ကျ
    စက်တင်ဘာ ၂၀၊ ၂၀၁၉
    M-Media
    -မြောက်အမေရိကမှာ နှစ်ပေါင်း ၅၀ အတွင်း ငှက်ကောင်ရေ ၃ ဘီလီယံလောက် ဆုံးရှုံးသွားခဲ့ပြီး ဒါဟာ ဂေဟစနစ်ပျက်သုဉ်းမှုကို ပြသနေတဲ့ စိုးရိမ်စရာ လက္ခဏာဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးလိုက်ပါတယ်။
    လယ်မြေယာမြေတွေ တိုးချဲ့မှုက မြက်ခင်းပြင်တွေ ဆုံးရှုံးရတာ၊ မြေပြန့်လွင်ပြင် ပျက်သုဉ်းရတာတွေ ဖြစ်ပေါ်တာကြောင့် မြေပြန့်မှာ ကျက်စားတဲ့ ငှက်တွေက ဒီဒဏ်ကို အများဆုံး ခံစားရတာပါ။
    စိုက်ပျိုးရေးအတွက် ပိုးသတ်ဆေးတွေကို ပိုမိုသုံးစွဲတာကြောင့် ပိုးမွှားတွေသေဆုံးကာ ငှက်တွေရဲ့ အစာကွင်းစက်အပေါ် ထိခိုက်မှုတွေ ရှိတယ်လို့လည်း ပညာရှင်တွေက ပြောပါတယ်။
    အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေမှာ ငှက်ကောင်ရေဟာ ၁၉၇၀ ခုနှစ်ကထက်စာရင် ၂၉ ရာခိုင်နှုန်းလောက်အထိ လျော့ကျသွားခဲ့တာ ဖြစ်ပါတယ်။
    ဒီပြဿနာနဲ့ပတ်သက်တဲ့ လေ့လာတွေ့ရှိချက်တွေကို သိပ္ပံပညာရှင်တွေက Science ဂျာနယ်မှာ အခုတစ်ပတ် အစောပိုင်းက ရေးသားဖော်ပြခဲ့ပါတယ်။ မြေပြန့်လွင်ပြင်မှာ ကျက်စားတဲ့ငှက်တွေ အပါအ၀င်၊ တောတောင်ထဲမှာ နေထိုင်တဲ့ ငှက်မျိုးစိတ်တွေလည်း အရေအတွက် လျော့ကျလာတာကို ပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။
    လျော့ကျသွားတဲ့ ငှက်တွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ စာကလေး၊ တေးဆိုငှက်၊ မြေလူးငှက်နဲ့ ငှက်ပုတီးတို့အပါအ၀င် ငှက်မျိုးစိတ် ၁၂ မျိုးဖြစ်ပါတယ်။
    မြောက်အမေရိအပြင် ကမ္ဘ္ဘာတစ်ဝှမ်းက အခြားသောဒေသတွေမှာလည်း မြေပြန့် ငှက်မျိုးစိတ်တွေ လျော့နည်းလာတာကို တွေ့ခဲ့ရပြီး အထူးသဖြင့် ပြင်သစ်နိုင်ငံမှာ ၁၉၈၉ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း ၃၀ ရာခိုင်နှုန်းလောက် လျော့ကျမယ်လို့ ခန့်မှန်းထားပါတယ်။
    Ref: Aljazeera
  • စစ်ပွဲစလျှင် မဆုံးနိုင်ဖြစ်မည်ဟု အမေရိကန်နှင့် ဆော်ဒီကို အီရန် သတိပေး
    စစ်ပွဲစလျှင် မဆုံးနိုင်ဖြစ်မည်ဟု အမေရိကန်နှင့် ဆော်ဒီကို အီရန် သတိပေး
    စက်တင်ဘာ ၂၀၊ ၂၀၁၉
    M-Media
    -အမေရိကန်နဲ့ ဆော်ဒီတို့က တိုက်ခိုက်မှုတွေ ပြုလုပ်လာရင် မဆုံးနိုင်တဲ့စစ်ပွဲ ဖြစ်ပွားမယ်လို့
    အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က မနေ့မှာ သတိပေးလိုက်ပါတယ်။
    ပြီးခဲ့တဲ့စနေနေ့က ဆော်ဒီက ရေနံထုတ်လုပ်ရာနေရာတွေ တိုက်ခိုက်ခံရမှုအပြီး ဆော်ဒီ၊ အမေရိကန်နဲ့ အီရန်တို့အကြား တင်းမာမှုတွေ မြင့်တက်လာခဲ့တာပါ။ တိုက်ခိုက်မှုကြောင့် ကမ္ဘ္ဘာရေနံထုတ်လုပ်မှုရဲ့ ၅ ရာခိုင်နှုန်းလောက် ရပ်ဆိုင်းခဲ့ရပါတယ်။
    ယီမင် ဟူသီသူပုန်အဖွဲ့က တိုက်ခိုက်မှုဟာ သူတို့လက်ချက်လို့ ပြောပေမယ့် အမေရိကန်ကတော့ ဒီနောက်ကွယ်မှာ အီရန်က ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲထားပါတယ်။
    ကျူးလွန်သူတွေကို တုန့်ပြန်ဖို့အတွက် လက်နက်တွေ အသင့်ပြင်ထားပြီလို့လည်း အမေရိကန်က ပြောကြားခဲ့ပါတယ်။
    “ကျွန်တော်တို့ စစ်ကိုမလိုလားဘူး။ စစ်လည်းမတိုက်ချင်ဘူး။ ဒါပေမယ့် တိုင်းပြည်ကို ကာကွယ်ဖို့အတွက်ဆိုရင်တော့ မျက်စိမှိတ်နေမှာ မဟုတ်ပါဘူး” လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဇာရစ်ဖ်က CNN သတင်းဌာနနဲ့ မနေ့ကအင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
    အမေရိကန် ဒါမှမဟုတ် ဆော်ဒီက အီရန်အပေါ် တိုက်ခိုက်လာမယ်ဆိုရင် ဘယ်လိုလုပ်မလဲလို့ မေးမြန်းရာမှာတော့ မဆုံးနိုင်တဲ့စစ်ပွဲ ဖြစ်သွားလိမ့်မယ်လို့ ဇာရစ်ဖ်က ပြန်လည်ဖြေကြားခဲ့ပါတယ်။
    ဆော်ဒီကတော့ တိုက်ခိုက်မှုကို အီရန်က စပွန်ဆာပေးတာဖြစ်ပြီး၊ လက်နက်တွေဟာ အီရန်လုပ် လက်နက်တွေ ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် တိုက်ရိုက် အပြစ်တင်တာမျိုးတော့ မလုပ်ခဲ့ပါဘူး။
    ဇာရစ်ဖ်က ဒါတွေဟာ စစ်ပွဲစတင်ချင်လို့ မုသားတွေ၊ လှည့်ဖျားမှုတွေနဲ့ လုပ်ကြံဖန်တီးထားတာ ဖြစ်တယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။
    Ref: CNN
  • ရာသီဥတုဖောက်ပြန်မှုက မြန်မာနိုင်ငံအတွက် ကြီးမားသည့် စိန်ခေါ်မှုဟာ ပညာရှင်များ ထောက်ပြ
    ရာသီဥတုဖောက်ပြန်မှုက မြန်မာနိုင်ငံအတွက် ကြီးမားသည့် စိန်ခေါ်မှုဟာ ပညာရှင်များ ထောက်ပြ
    စက်တင်ဘာ ၂၀၊ ၂၀၁၉
    M-Media
    Photo credit – Myanmar Times
    -ဖွံ့ဖြိုးရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံမှာ ရာသီဥတုဖောက်ပြန်မှုက ကြီးမားတဲ့ စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေပြီး တိုင်းပြည်ရဲ့ အနာဂတ်တိုးတက်မှု အပေါ်မှာပါ ခြိမ်းခြောက်နေတယ်လို့ ပြည်တွင်း၊ ပြည်ပ ပညာရှင်နှစ်ဦးက သတိပေးလိုက်ပါတယ်။
    သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန ၀န်ကြီး ဦးအုန်းဝင်းနဲ့ UNDP ရဲ့ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် ပီတာ ဘက်ချလာတို့ ပူးပေါင်းရေးသားထားပြီး Myanmar Times သတင်းဌာနမှာ ဖော်ပြထားတဲ့ ဆောင်းပါးမှာ ဆွေးနွေးရေးသားထားတာပါ။
    ခြောက်သွေ့ဒေသတွေမှာ အပူချိန် မြင့်တက်လာတာ၊ မိုးခေါင်တဲ့ဒေသတွေ ပိုမို များပြားလာတာ၊ ကမ်းရိုးတန်း ဒေသတွေမှာ မုန်တိုင်းဒဏ်ကို ပိုမိုခံစားရဖို့ရှိနေတာတွေကို ပညာရှင်တွေက ထောက်ပြခဲ့ပါတယ်။
    ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံဟာ ရာသီဥတုဖောက်ပြန်မှုဒဏ်ကို မကြာခဏ ခံစားလာခဲ့ရပြီး ရာသီဥတုဆိုးရွားမှုဒဏ်ကို ခံစားရနိုင်ချေအများဆုံးစာရင်းထဲမှာလည်း ပါဝင်လာခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်က ကြုံတွေ့ခဲ့ရတဲ့ နာဂစ်မုန်တိုင်းဒဏ်ဟာ အခုအချိန်အထိ အရိပ်မည်းကြီးအဖြစ်ရှိနေသေးပြီး နောက်ထပ် ဒီလိုအန္တရာယ်မျိုး ကြုံတွေ့ရနိုင်တယ်လို့လည်း အဲဒီဆောင်းပါးမှာ ထည့်သွင်းရေးသားထားပါတယ်။
    ဒီလို သဘာဝဘေးအန္တရာယ်တွေကို ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်တာ၊ ဖြစ်ပေါ်လာရင် တုန့်ပြန်တာ၊ ထိခိုက်ခံစားရမှုတွေကနေ ပြန်လည်ထူထောင်တာတွေဟာ အချိန်ပေးရပြီး၊ အရင်းမြစ်များစွာ အသုံးပြုရတာကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းမှာ အဓိက ဦစားပေးအဖြစ် ထည့်သွင်းဖို့၊ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း ပညာရှင်တွေက အကြံပြုထားပါတယ်။
    မြန်မာနိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးရေးစီမံချက် (၂၀၁၈-၂၀၃၀) မှာ ရာသီဥတုနဲ့ ဆက်စပ်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ လမ်းဖွင့်ပေးထားသလို လက်ရှိသမ္မတ ဦးဝင်းမြင့် လက်ထက်မှာလည်း အမျိုးသား သဘာဝပတ်ဝန်းကျင် မူဝါဒ၊ မြန်မာနိုင်ငံ ရာသီဥတု ပြုပြင်ပြောင်းလဲရေး မူဝါဒတွေကို ချမှတ် အကောင်အထည် ဖော်နေပါတယ်။ ဒီမူဝါဒတွေကြောင့် UNDP လို နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ နည်းပညာဆိုင်ရာ အထောက်အပံ့တွေ ရရှိလာပြီး မြန်မာနိုင်ငံတစ်ဝှမ်း ပြည်သူ့အသိပညာရေး လုပ်ငန်းတွေကို တိုးချဲ့လုပ်ဆောင်လာနိုင်ပါတယ်။
    မြန်မာနိုင်ငံဟာ ပဲရစ်ရာသီဥတု သဘောတူညီချက်ကို အကောင်အထည်ဖော်နေသလို၊ ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချရေး၊ သစ်တောပြုန်းတီးမှု တားဆီးရေး၊ ကမ်းရိုးတန်း လမုတောများ ထိန်းသိမ်းရေး စတဲ့ ရာသီဥတု ထိန်းသိမ်းရေး လုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေပါတယ်။
    အာရှ ပစိတ်ဖိတ်ဒေသမှာ စွမ်းအင်ကဏ္ဍက ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုရဲ့ ၃ ပုံ ၂ ပုံလောက် ရှိနေတာကြောင့် မြန်မာနိုင်ငံက စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုတွေဟာ ရာသီတုနဲ့ ကိုက်ညီတဲ့ပုံစံမျိုး ဖြစ်ဖို့လိုတယ်လို့လည်း ပညာရှင်တွေက ထောက်ပြခဲ့ပါတယ်။
    ရာသီဥတု ဖောက်ပြန်မှုကို တုန့်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိက ကဏ္ဍတွေလည်း အရေးပါပြီးသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတဲ့ နည်းပညာ၊ တီထွင်ဖန်တီးမှု အခြေခံတဲ့ စီးပွားရေး လုပ်ငန်းတွေကို အစိုးရက အားပေးဖို့ ဆောင်းပါးမှာ တိုက်တွန်းထားပါတယ်။
    စီမံကိန်းတွေကို မြေပြင်မှာ အကောင်အထည်ဖော်နိုင်ဖို့အတွက် နည်းပညာတွေ လိုအပ်သလို၊ လူ့စွမ်းအား အရင်းအမြစ်၊ တီထွင်ဖန်တီးမှု နည်းလမ်းတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ၊ အစိုးရ၊ လူ့အဖွဲ့အစည်းနဲ့ ပုဂ္ဂလိကကဏ္ဍမှာ ရှိနေတဲ့ သက်ဆိုင်သူတွေအားလုံးရဲ့ လုပ်ဆောင်နိုင်စွမ်း ကောင်းမွန်လာစေဖို့အတွက် လေ့ကျင့်မှုနဲ့ နည်းပညာအထောက်အပံ့တွေ လိုအပ်တယ်လို့လည်း ပညာရှင်တွေက အကြံပြုခဲ့ပါတယ်။
    Ref: mmtimes
    (Myanmar Times အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် Climate change matters to Myanmar ဆောင်းပါးမှ ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)
  • မြန်မာနိုင်ငံမှာ ‘၀’ တွေ ဘာ့ကြောင့် လုပ်တိုင်းဖြစ်နေတာလဲ???
    မြန်မာနိုင်ငံမှာ ‘၀’ တွေ ဘာ့ကြောင့် လုပ်တိုင်းဖြစ်နေတာလဲ???
    စက်တင်ဘာ ၁၉၊ ၂၀၁၉
    M-Media
    -မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း ဝပြည်သွေစည်းညီညွတ်ရေးတပ်မတော် (UWSA) က ထိန်းချုပ်ထားတဲ့ ဒေသက တရားဝင်မြို့တော်မျိုး မဟုတ်သေးတဲ့ ပန့်ဆန်းက ဈေးဆိုင်တွေ၊ ဟိုတယ်တွေနဲ့ စားသောက်ဆိုင်တွေမှာ ၀၊ တရုတ်၊ ဗမာစာတွေနဲ့ ရေးသားထားတဲ့ ဆိုင်းဘုတ်တွေကို တွေ့မြင်ရပါတယ်။
    ဒါပေမယ့် မြို့ထဲမှာတော့ ၀၊ တရုတ်နဲ့ အခြား တိုင်းရင်းသားစကားတွေကိုသာ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုကြပြီး ဗမာစကား ရေးတတ်၊ ပြောတတ်သူ သိပ်မရှိပါဘူး။ မြန်မာနိုင်ငံက အကြီးဆုံးလူမျိုးစုဖြစ်တဲ့ ဗမာလူမျိုးရဲ့ လူမှုရေး၊ နိုင်ငံရေးနဲ့ အခြားလွှမ်းမိုးမှုတွေလည်း မရှိသလောက်ပါပဲ။
    UWSA နဲ့ သူတို့ရဲ့ နိုင်ငံရေးအဖွဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တို့ဟာ တိုင်းပြည်က အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ လိုလားတောင့်တနေတာတွေ အကုန်လုံးကို ရနေပါတယ်။ ဗဟိုအစိုးရက ၀င်ရောက်စွက်ဖက်မှုမရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အဆင့်မြင့် စစ်လက်နက်ပစ္စည်းတွေ တပ်ဆင်ထားတဲ့ စစ်တပ်တွေဖြစ်ပြီး အဓိကအကျဆုံးကတော့ မြန်မာစစ်တပ်နဲ့ နှစ်ဖက် အပစ်ရပ်သဘောတူညီချက်တွေ ရရှိထားတာ ဖြစ်ပါတယ်။ အဲဒီထဲက သဘောတူညီချက်တစ်ခုဟာ နှစ်ပေါင်း ၃၀ ကြာ အခုအချိန်အထိ ခိုင်မာနေဆဲပါ။
    ဒါပေမယ့် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးစာချုပ် (NCA) ကို လက်မှတ်ထိုးဖို့အတွက် UWSA က ဖိအားပေး ခံနေရပါတယ်။ NCA ကို အရင် စစ်တပ်တစ်ပိုင်း အစိုးရလက်ထပ်က စတင်မိတ်ဆက်ခဲ့တာပါ။ လက်ရှိ ရွေးကောက်တင်မြှောက်ခံအစိုးရကတော့ ရန်မီးမစဲတဲ့ တိုင်းပြည်ရဲ့အနာဂတ်ကို တစ်ပြည်ထောင်စနစ် သွားမလား၊ ဖက်ဒရယ် ပြည်ထောင်စုအဖြစ် သွားမလားဆိုတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် တင်ကြိုသတ်မှတ်ချက်အဖြစ် NCA ကို မှတ်ယူထားပါတယ်။
    “အစိုးရက ကျွန်တော်တို့ကို လက်နက်စွန့်စေချင်တယ်။ ဒါပေမယ့် နိုင်ငံရေးသဘောတူညီချက် ရမှ၊ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရမှာသာ ဒါမျိုး ကျွန်တော်တို့ လုပ်နိုင်မှာပါ။ အခုတော့ မလုပ်နိုင်ပါဘူး” လို့ USWA ပေါ်လစ်ဗျူရိုရဲ့ အမြဲတမ်းကော်မတီက အဖွဲ့ဝင်တစ်ဦးဖြစ်သူ Zhao Guoan က Asia Times နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
    Zhao Guoan ဟာ နိုင်ငံခြားရေးကိစ္စတွေကို ကိုင်တွယ်ဆောင်ရွက်နေသူ ဖြစ်ပါတယ်။
    “လက်နက်သာမရှိရင် ကျွန်တော်တို့ ဘာမှ ရမှာမဟုတ်ဘူးဆိုတာ နှစ်ပေါင်း ၃၀ ငြိမ်းချမ်းရေးအတွေ့အကြုံက ပြောနေပါတယ်”
    တပ်မတော်လို့ခေါ်တဲ့ မြန်မာစစ်တပ်နဲ့ နှစ်ပေါင်း ၃၀ ကြာ ငြိမ်းချမ်းရေးကို ၀အဖွဲ့က ခံစားနေပေမယ့် အစိုးရနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့လည် နီးကပ်တဲ့ မဟာမိတ်ဆက်ဆံရေး ရှိနေပါတယ်။
    အဲဒီအဖွဲ့တွေထဲမှာ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ တအောင်းပလောင်လက်နက်ကိုင်အဖွဲ့ (TNLA)၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)၊ ၀တောင်တန်း မြောက်ပိုင်းက ကိုးကန့်ပြည်သူ့စစ်အဖွဲ့၊ ကျိုင်းတုန်မြောက်ပိုင်းက အပစ်ရပ်အဖွဲ့တွေ ပါဝင်ပါတယ်။
    အဖွဲ့အားလုံးပေါင်းကာ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ကို ဖွဲ့စည်းထားပြီး ၀အဖွဲ့က ဦးဆောင်ပါတယ်။ FPNCC မှာ နိုင်ငံအတွင်း လက်ရှိ လှုပ်ရှားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈၀ ရာခိုင်နှုန်းလောက် ပါဝင်ပါတယ်။
    NCA ကို လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဟာ အနည်းငယ်သာရှိတော့တယ် ဆိုတဲ့ အစိုးရရဲ့ ပြောကြားမှုကို FPNCC ပါ လက်နက်ကိုင်အဖွဲ့တွေက ပြက်ရယ်ပြုသလို ဖြစ်နေပါတယ်။ အစိုးရက NCA ကို ရှေ့ဆက်သွားနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းအဖြစ် ရှုမြင်နေပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက NCA မှာ ဘာတွေ ပါဝင်ရမလဲဆိုတာနဲ့ ပတ်သက်လို့တောင့် အစိုးရက ပြောင်းလွယ်ပြင်လွယ် သဘောထားမျိုး မရှိဘူးလို့ ဝေဖန်ထားပါတယ်။
    တိုင်းရင်းသားလက်နက်ကိုင် တော်တော်များများက ဒီမိုကရေစီနည်းကျတဲ့ ဖက်ဒရယ်ပြည်ထောင်စုတစ်ခု တည်ထောင်ပေးမယ်ဆိုတာမျိုး၊ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေက အစိုးရတပ်တွေ ရုပ်သိမ်းပေးမယ် ဆိုတာမျိုး NCA မှာ ပါဝင်စေချင်တယ်လို့ Zhao Guoan က ပြောပါတယ်။
    UWSA က လက်နက်တွေ အများအပြား စုဆောင်းနေတာက တိုက်ဖို့ခိုက်ဖို့ မဟုတ်ဘဲ၊ ကာကွယ်ရေးနဲ့ UWSA က ထိန်းချုပ်ထားတဲ့ဒေသမှာ ဘေးအန္တရာယ်ကင်းရှင်းဖို့ဖြစ်တယ်လို့လည်း သူက အလေးထား ပြောကြားခဲ့ပါတယ်။
    “ကျွန်တော်တို့ ဘယ်တော့မှ အရင်ဆုံး မပစ်ပါဘူး။ မြန်မာစစ်တပ်က တိုက်လာအောင်လည်း ကျွန်တော်တို့ ဘယ်တော့မှ သွားမစပါဘူး”
    နောက်ဆုံး ငြိမ်းချမ်းရေးသဘောတူညီချက် ရတဲ့အခါကျရင် UWSA နဲ့ သူတို့ရဲ့လက်နက်တွေအားလုံး ဘာဖြစ်လာမလဲလို့ မေးမြန်းရာမှာတော့ Zhao Guoan က ရယ်မောပြီး မတင်မကျ ပြန်ဖြေခဲ့ပါတယ်။
    “ဒါကာ အနာဂတ်နဲ့ သက်ဆိုင်တဲ့ မေးခွန်းမျိုးပါ။ ကျွန်တော်တို့ သက်တမ်းတစ်လျှောက် ဒီမေးခွန်းအတွက် မဖြေရမလားတောင် မသိဘူး”
    လက်ရှိအနေအထားကို ၀က ရောင့်ရဲကျေနပ်နေတဲ့ပုံပါ။ အတိုကောက် DDR လို့သိကြပြီး ‘လက်နက်စွန့်၊ တပ်ဖျက်၊ အစိုးရနဲ့ပေါင်း’ ဆိုတဲ့ တပ်မတော်ရဲ့ တောင်းဆိုချက်ကို မြန်မြန်ဆန်ဆန် ၀က သဘောတူဖို့ မရှိပါဘူး။
    တရုတ်နဲ့ UWSA တို့ရဲ့ ဆက်ဆံရေးက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဲ့ ပင်မထောက်တိုင် ဖြစ်ပါတယ်။ နယ်စပ်ထိစပ်မှုအရ ၀ဟာ တရုတ်နဲ့ နီးစပ်မှုရှိပြီး၊ တရုတ် လုံခြုံရေးတပ်ဖွဲ့တွေနဲ့တောင် အဆက်အသွယ် ရှိနိုင်ပေမယ့် တရုတ်ရဲ့ ရုပ်သေးရုပ်အဖြစ် ၀ကို သတ်မှတ်မယ်ဆိုရင်တော့ မှားသွားပါလိမ့်မယ်။
    “ပထဝီအနေအထားနဲ့ သမိုင်းကြောင်းတွေအရ ကျွန်တော်တို့ဟာ တရုတ်နဲ့ နီးစပ်တဲ့ဆက်ဆံရေး ရှိတာဖြစ်ပါတယ်” လို့ Zhao Guoan ကဆိုပြီး အသေးစိတ်ပြောပြဖို့တော့ ငြင်းဆိုပါတယ်။
    မဟာဗျူဟာ အကျိုးစီးပွား ရှိတာကြောင့် ၀ကနေတစ်ဆင့် မြန်မာနိုင်ငံမှာ ခြေကုပ်တစ်ခုရနေတာကို တရုတ်လည်း ဆက်လက် ထိန်းသိမ်းထားပါတယ်။ ၀ဒေသက သတ္တုတွေကို နယ်စပ်ဖြတ်ပြီး တင်သွင်းတာလို စီးပွားရေးအကျိုးအမြတ်တွေလည်း တရုတ်မှာ ရှိနေပါတယ်။
    Zhao Guoan က ပြောကြားခဲ့ခြင်းမရှိပေမယ့် UWSA မှာ တပ်ဖွဲ့ဝင် ၂ သောင်းကနေ ၃ သောင်းအကြား ရှိနေပြီး၊ လေယာဉ်ပစ် ပခုံးထမ်းလောင်ချာတွေ၊ လက်နက်ကြီးတွေနဲ့ လက်နက်တပ်ယာဉ်တွေလို စစ်လက်နက်တွေလည်း ရှိနေပါတယ်။ အဲဒီလက်နက်အားလုံးဟာ တရုတ်နိုင်ငံက လာတာဖြစ်ပြီး မတော်တဆ တစ်ဖက်လှည့်နဲ့ ရောက်လာတာမျိုး မဟုတ်ပါဘူး။
    ဒီလက်နက်တွေဟာ တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ် နယ်စပ်က ဒေသတွင်း လက်နက်ကုန်သည်တွေရဲ့ မှောင်ခိုလက်နက်ဈေးကွက်မှာ ပေါ်တင်တစ်မျိုး၊ ပုန်းလျှိုးကွယ်လျှိုးတစ်မျိုး ရောင်းနေကြတဲ့ လက်နက်မျိုးတွေလည်း မဟုတ်ပါဘူး။
    မြန်မာအစိုးရနဲ့ စစ်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်အင်အားတောင့်တင်းတဲ့ UWSA ဟာ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ အကျိုးစီးပွားမှာ ပါဝင်နေပါတယ်။ အနည်းဆုံးတော့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဆိပ်ကမ်းတွေ ဖွံ့ဖြိုးအောင်လုပ်ပြီး အိန္ဒိသမုဒ္ဒရာ ထွက်ပေါက်ရရေး စတဲ့ကိစ္စတွေ ဆွေးနွေးရာမှာ အသာရစေတာမျိုးပါ။
    ဒါ့ကြောင့်လည်း အရင်အစိုးရလက်ထက် လက်ပံတောင်းက အငြင်းပွားစရာ တရုတ်စီမံကိန်းကို
    ကန့်ကွက်တဲ့ ဆန္ဒပြသူတွေကို သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက တရုတ်ကိုကြောက်ရတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
    “ကျွန်တော်တို့ တရုတ်ကိုကြောက်ရတယ်။ သူတို့နဲ့ ပြဿနာဖြစ်လို့မရဘူး။ သူတို့စီမံကိန်းတွေ ပိတ်ရလို့ ဒေါသထွက်ပြီး ကွန်မြူနစ်တွေကို ပြန်ထောက်ပံ့ရင် နယ်စပ်က စီးပွားရေး နောက်ပြန်ရောက်သွားလိမ့်မယ်”
    ကွန်မြူနစ်ဆိုတာ UWSA ကို ရှင်းရှင်းလင်းလင်း ညွှန်းသွားတာပါ။ ဒါပေမယ့် တရုတ်ဟာ ၀ကိုပဲ လက်နက်တပ်ဆင်ပေးနေတာ မဟုတ်ပါဘူး။ သံတမန်ဟောင်း Sun Guoxiang လို ကိုယ်စားလှယ်မျိုး လွှတ်ပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း ထဲထဲဝင်ဝင် ပါဝင်နေပါတယ်။ Sun Guoxiang ဟာ အစိုးရနဲ့ရော၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ပါ အဆက်အသွယ်ရှိသူပါ။
    မြန်မာအစိုးရ တာဝန်ရှိသူတွေဟာ ၀ခေါင်းဆောင်တွေနဲ့ ပုဂ္ဂိုလ်ရေး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကလွဲလို့ ပြည်ထောင်စုထဲ ပါဝင်လာအောင် လုပ်ဆောင်မှု သိပ်မရှိဘူးလို့ စင်ကာပူ သုတေသနပညာရှင် အန်ဒရူးအွန် မေလအတွင်းက Irrawaddy သတင်းဆိုက်မှာ ရေးသားခဲ့သလို ပြောဆိုမှုမျိုးတွေလည်း ရှိနေပါတယ်။
    တစ်ဖက်မှာလည်း UWSA ရဲ့ နိုင်ငံရေးတောင်းဆိုမှုတွေက သိပ်ကိုရှင်းပါတယ်။ Zhao Guoan က ၀အနေနဲ့ မြန်မာနိုင်ငံကနေ ခွဲမထွက်လိုပေမယ့် ရှမ်းပြည်နယ်အတွင်းက အထူးဒေသပုံစံမျိုး မဟုတ်ဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်မျိုးကို အလိုရှိတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
    အနာဂတ် ဝပြည်နယ်မှာ တရုတ်နဲ့ကပ်နေပြီး တစ်ချိန်က ဗမာပြည်ကွန်မြူနစ်ပါတီ ထိန်းချုပ်ခဲ့တဲ့ ‘မြောက်ပိုင်းဒေသတွေ’နဲ့ ထိုင်းနယ်စပ်တစ်လျှောက်က ‘တောင်ပိုင်းဒေသတွေ’ ပါဝင်ရမယ်လို့ Zhao Guoan နဲ့ အခြား ၀ခေါင်းဆောင်တွေက ပြောကြားထားပါတယ်။
    ‘တောင်ပိုင်းဒေသ’ ဆိုတာ ၁၉၉၀ ပြည့်နှစ်တွေက ထောင်နဲ့ချီတဲ့ ၀လူမျိုးတွေကို ထိုင်းနယ်စပ်မှာ နေရာချထားပြီးတဲ့နောက် ပေါ်လာတာဖြစ်ပါတယ်။ အဓမ္မ ၀င်ရောက်နေထိုင်တာမျိုးဖြစ်ပြီး အရင်က အဲဒီဒေသမှာရှိနေတဲ့ ဒေသခံအများအပြား ထိုင်းဖက်ကို ထွက်ပြေးခဲ့ရပါတယ်။ အဲဒီ ‘တောင်ပိုင်းဒေသ’ မှာ အရင်က နေထိုင်ကြတဲ့ ဒေသခံအများစုဟာ ရှမ်းလူမျိုးတွေ ဖြစ်ပါတယ်။
    အခု သေဆုံးသွားပြီဖြစ်တဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဘိန်းဘုရင် ခွန်ဆာရဲ့ Möng Tai တပ်ဖွဲ့ကို တိုက်ထုတ်တဲ့ အချိန်တုန်းက UWSA ကို မြန်မာစစ်တပ်က အဲဒီ တောင်ပိုင်းဒေသတွေကို အပ်ခဲ့တာပါ။
    ၁၉၉၆ ခုနှစ် မြန်မာစစ်တပ်ထံ ခွန်ဆာ လက်နက်ချပြီးတဲ့နောက် ဒီဒေသတွေကနေ ထွက်ခွာပြီး မူရင်း မြောက်ဖက်ကို ပြန်သွားဖို့ စစ်တပ်က ပြောခဲ့ပေမယ့် UWSA က လက်မခံဘဲ နောက်ထပ် ၀လူမျိုးတွေကို ထပ်မံ နေရာချ နေထိုင်စေခဲ့ပါတယ်။
    ရှမ်းပြည်နယ်ကိုဖဲ့ပြီး သီးခြားဝပြည်နယ်အဖြစ် သတ်မှတ်ပေးရေး အယူအဆကို ရှမ်းလူမျိုး တော်တော်များများက ဆန့်ကျင်ကြပြီး ဒေသတွင်းမှာရှိတဲ့ ပအို့၊ ပလောင်နဲ့ ကိုးကန့်တရုတ်တွေလည်း ဒီလိုတောင်းဆိုမှုမျိုး ရှိလာနိုင်တာကြောင့် ဖြစ်ပါတယ်။
    အကျယ်အ၀န်း ၁၅၀ ကနေ ၂၀၀ ကီလိုမီတာလောက်ရှိပြီး မြန်မာအစိုးရအုပ်စိုးရာ ဒေသတစ်ခုခြားထားတဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေကို ၀တွေအမြဲတမ်းထိန်းချုပ်ထားတဲ့ ဒေသအဖြစ် သတ်မှတ်ဖို့ ဗဟိုအစိုးရကလည်း ဆန္ဒမရှိသလို ရှမ်းတွေကလည်း အလိုမရှိပါဘူး။
    တစ်ဖက်မှာလည်း မြန်မာနိုင်ငံမှာ အမြစ်တွယ်နေတဲ့ တိုင်းရင်းသားပြဿနာတွေကို ဖြေရှင်းဖို့ဟာ သိပ်မလွယ်တဲ့ ကိစ္စမျိုးဖြစ်ပြီး NCA ကို လက်မှတ်ထိုးခိုင်းတာ၊ နိုင်ငံရေး အာမခံချက်မရှိဘဲ လက်နက်စွန့်ခိုင်းတာထက် ပိုပြီး လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။
    ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က တစ်ခမ်းတနား ပြုလုပ်ခဲ့တဲ့ NCA လက်မှတ်ထိုးပွဲဟာ သမ္မတဦးသိန်းစိန်ရဲ့ ပုံရိပ်ကောင်းအောင် လုပ်ဆောင်တာမျိုး၊ ဘယ်ဆီနေမှန်းမသိတဲ့ ‘ငြိမ်းချမ်းရေး စီမံကိန်း’ အတွက် နိုင်ငံခြားအလှူရှင်တွေထံကနေ ငွေကြေးအထောက်အပံ့ရအောင် လုပ်ဆောင်တာမျိုးအဖြစ်သာ အများက ရှုမြင်ခဲ့ကြပါတယ်။
    အဖြေမထွက်တဲ့ ဆွေးနွေးမှုတွေ၊ ပြင်းထန်တဲ့ တိုက်ပွဲတွေ နှစ်များစွာ ဆက်ဖြစ်၊ အနောက်နိုင်ငံတွေရဲ့ ဖယ်ကျဉ်မှု ခံလာရတဲ့ တရုတ်က မြန်မာနိုင်ငံရဲ့ အကန့်အသတ်ရှိနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဓိကအရေးပါတဲ့ နိုင်ငံခြားတိုင်းပြည်တစ်ခု ဖြစ်လာနေတဲ့ အခုအချိန်မှာတော့ အခြအနေက ပိုပြီး မရေမရာ ဖြစ်လာပါတယ်။
    ရွေးကောက်ပွဲ မဲဆွယ်တုန်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ NCA ကို လက်မှတ်မထိုးခင် အသေအချာစဉ်းစားဖို့အတွက် လက်ရှိအရပ်သားအစိုးရခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာကို Zhao က ထောက်ပြပါတယ်။
    ရွေးကောက်ပွဲအနိုင်ရပြီးတဲ့နောက်မှာတော့ သူမဟာ ချက်ခြင်းကို လေသံပြောင်းသွားပြီး အရင် စစ်တစ်ပိုင်း အစိုးရရဲ့ မအောင်မြင်တဲ့ ပေါ်လစီနောက်ကိုပဲ ထပ်လိုက်ပါတော့တယ်။
    “ဘာကို ယုံရမလဲဆိုတာတောင် မသိတော့ပါဘူး” လို့ Zhao က ပြောပါတယ်။
    သေချာတာက ယုံကြည်မှုမရှိဘဲ မြန်မာအစိုးရကလည်း NCA ကို ခေါင်းမာမာနဲ့ ကိုင်စွဲထားအုံးမယ် ဆိုရင်တော့ တိုင်းရင်းသားဒေသတွေမှာ တိုက်ခိုက်မှုတွေ ပိုမို ဖြစ်နေအုံးမှာ ဖြစ်ပါတယ်။
    FPNCC မှာ အဓိကနေရာကနေ ပါဝင်နေတဲ့ အနေအထား၊ တရုတ်နဲ့ နီးကပ်တဲ့ဆက်ဆံရေး ရှိနေမှု စတာတွေကြောင့် ‘၀’ ဟာ နောက်ဆုံးမှာ သူတို့ လိုချင်တာကို ရရှိမယ့်အနေအထားကောင်းတစ်ခု ရရှိနေပြီ ဖြစ်ပါတယ်။
    Ref: Asia Times
    (Asia Times သတင်းဌာနတွင် မြန်မာ့အရေးကျွမ်းကျင်သူ BERTIL LINTNER ရေးသားသည့် Why Myanmar’s Wa always get what they want ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)