News @ M-Media
Blog
  • မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် အသွားအလာ သတိထားဖို့ နိုင်ငံခြားသံရုံးများ ထုတ်ပြန်ထား
    မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် အသွားအလာ သတိထားဖို့ နိုင်ငံခြားသံရုံးများ ထုတ်ပြန်ထား
    စက်တင်ဘာ ၂၆၊ ၂၀၁၉
    M-Media
    Photo Credit – RFA
    -မြန်မာနိုင်ငံတစ်ဝှမ်းက မြို့ကြီးတွေမှာ အသွားအလာ အလွန်သတိထားကြဖို့ အမေရိကန်နဲ့ အနောက်နိုင်ငံအစိုးရတွေက သူတို့နိုင်ငံသားတွေအတွက် သတိပေးချက် ထုတ်ပြန်ထားပြီး၊ တိုင်းရင်းသားလက်နက်ကိုင်တွေ ဗုံးခွဲမှုတွေ လုပ်လာနိုင်တယ်ဆိုတဲ့ သတင်း ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့နေစဉ် ဒီသတိပေးချက် ထွက်ပေါ်လာတာပါ။
    အခုလ ဒုတိယပတ်အတွင်းက မြန်မာအစိုးရရဲ့ အစိုးရအဖွဲ့အတွင်း သတိပေးချက်တစ်ခု အွန်လိုင်းပေါ်မှာ ပေါက်ကြားလာခဲ့ပြီး အဲဒီအထဲမှာ သမ္မတရုံး၊ ၀န်ကြီးဌာနရုံးတွေနဲ့ အခြား အစိုးရဌာနတွေမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ ပြုလုပ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
    စက်တင်ဘာ ၁၆၊ ၂၆ နဲ့ အောက်တိုဘာ ၁၆ ရက်နေ့တွေမှာ တိုင်းရင်းသား လက်နက်ကိုင်တွေဖြစ်တဲ့ AA၊ KIA၊ CNF နဲ့ KNU တို့က ဗုံးခွဲတိုက်ခိုက်မှု လုပ်ဆောင်ဖို့ စီစဉ်ထားတယ်လို့လည်း သတိပေးချက်မှာ ဖော်ပြထားပါတယ်။
    ရန်ကုန် အမေရိကန်သံရုံးရဲ့ မနေ့ကထုတ်ပြန်ချက်မှာတော့ ဒီသတင်းတွေအတွက် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ အမေရိကန် နိုင်ငံသားတွေကို သတိပေးထားပြီး၊ အထူးဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆက်သွယ်တာ၊ အစိုးရအဆောက်အဦးတွေဆီ သွားရောက်တာတွေမှာ လုံခြုံရေးအသိ အမြင့်ဆုံးထားကြဖို့၊ ပြည်တွင်းမီဒီယာတွေရဲ့ သတင်းဖော်ပြမှုကို မပြတ်တမ်း စောင့်ကြည့်ကြဖို့ တိုက်တွန်းထားပါတယ်။
    ယူကေ၊ ကနေဒါနဲ့ သြစတေးလျအစိုးရတွေကလည်း ဒီလို သတိပေးချက်မျိုး ထုတ်ပြန်ထားပါတယ်။
    ဗြိတိန်အစိုးရရဲ့ အွန်လိုင်းမှာလွှင့်တင်ထားတဲ့ သတိပေးချက်မှာ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်လာနိုင်ချေရှိတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်လို့ မြန်မာအစိုးရထံကနေ အတည်ပြုချက် မရသေးကြောင်း၊ လူများတဲ့နေရာတွေကို ရှောင်ပြီး ဒေသတွင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြံပေးချက်တွေကို လိုက်နာဖို့ အကြံပြုထားပါတယ်။
    သြစတေးလျအစိုးရကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရစစ်တပ်တို့အကြား တိုက်ခိုက်မှုတွေ မြင့်တက်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ ကပ်နေတဲ့ ရခိုင်မြောက်ပိုင်းဒေသတွေကို သွားရောက်ခြင်းမပြုဖို့ သူတို့နိုင်ငံသားတွေကို တိုက်တွန်းခဲ့ပါတယ်။
    ဗုံးခွဲတိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်ဆိုတဲ့ အစိုးရအဖွဲ့အတွင်း သတိပေးချက် မိတ္တူကို သမ္မတရုံးကနေ တရားဝင်ပေးပို့မှုကို လက်ခံရရှိတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူး ဦးသိန်းဇော်က RFA ကို အတည်ပြုခဲ့ပါတယ်။
    မြန်မာစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက လျှို့ဝှက်ညွှန်ကြားစာတွေ ဒီလိုပေါက်ကြားလာတာဟာ မလိုလားအပ်တဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေပြီး၊ နေပြည်တော်မှာ လုံခြုံရေးတိုးမြှင့်ဖို့အတွက် အာဏာပိုင်တွေက လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
    တိုင်းရင်းသားလက်နက်ကိုင်ကတော့ ဗုံးခွဲတိုက်ခိုက်မယ်ဆိုတဲ့သတင်းတွေကို ငြင်းဆိုပါတယ်။
    Ref: RFA
  • ရှင်ကျန်းအလွန် တရုတ်တစ်နိုင်ငံလုံးကိုပြန့်နှံ့လာပြီဖြစ်တဲ့ ကွန်မြူနစ်အစိုးရရဲ့ အစ္စလာမ်ဆန့်ကျင်ရေးလှုပ်ရှားမှု
    ရှင်ကျန်းအလွန် တရုတ်တစ်နိုင်ငံလုံးကိုပြန့်နှံ့လာပြီဖြစ်တဲ့ ကွန်မြူနစ်အစိုးရရဲ့ အစ္စလာမ်ဆန့်ကျင်ရေးလှုပ်ရှားမှု
    စက်တင်ဘာ ၂၅၊ ၂၀၁၉
    M-Media
    တရုတ်နိုင်ငံတစ်ဝှမ်း ဘာသာတရားများအပေါ် ဖိနှိပ်မှုပြပုံ
    -တရုတ်နိုင်ငံအနောက်မြောက်ပိုင်းမှာ အစ္စလာမ်ဘာသာဝင်အများစုနေထိုင်ပြီး ရှုမငြီးစဖွယ် သာယာတဲ့ တောင်ကြားဒေသရဲ့ ထင်ရှားတဲ့ အစ္စလာမ့်အမှတ်သညာတွေကို တရုတ်အစိုးရက ဖယ်ရှား ဖျောက်ဖျက်ပစ်နေပါတယ်။ ‘မက္ကာအငယ်စားလေး’ လို့ တင်စားရလောက်တဲ့ လင်ရှာမြို့နား ရွာငယ်လေးမှာရှိနေတဲ့ ဗလီတွေရဲ့ အမိုးခုံးတွေ၊ မင်နာရတ် မျှော်စင်တွေဟာ အာဏာပိုင်တွေရဲ့ ဖျက်ဆီးမှုကို ခံခဲ့ရပါတယ်။
    မွန်ဂိုလီးယားအတွင်းပိုင်း၊ ဟီနန်ပြည်နယ်နဲ့ နင်ရှာဒေသတို့မှာလည်း ဒီလို ဖျက်ဆီးမှုတွေ ပြုလုပ်လာပါတယ်။ နင်ရှာဒေသဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံး အစ္စလာမ်ဘာသာဝင် လူမျိုးစုဖြစ်တဲ့ ‘ဟွေ’ လူမျိုးစုဒေသ ဖြစ်ပါတယ်။ နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်မှာလည်း ဗလီ ၃ လုံး အပိတ်ခံရပါတယ်။ ဘေဂျင်းကနေ နင်ရှာဒေသအထိ အာဏာပိုင်တွေဟာ အာရဘီစာပန်းချီတွေ လူမြင်ကွင်းမှာ အသုံးပြုမှုကို ပိတ်ပင်ထားပါတယ်။
    ဒါဟာ ဆယ်စုနှစ်ချီ အထိုက်အလျောက် တံခါးဖွင့်ပေးထားပြီးတဲ့နောက် တစ်ဦးချင်းစီရဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို တရုတ် ကွန်မြူနစ်ပါတီက ပြန်လည်ပိတ်ပင်လာတာ ဖြစ်ပါတယ်။ တံခါးဖွင့်ကာလအတွင်းမှာ အလယ်အလတ်ကျတဲ့ အစ္စလာမ်သာသနာ တရုတ်ပြည်မှာ ထွန်းကားလာခဲ့တာပါ။ ရှင်ကျန်းပြည်နယ်က အစ္စလာမ်ဘာသာဝင် ဝီဂါလူမျိုးတွေအပေါ်မှာ စတင်ခဲ့တဲ့ နှိပ်ကွပ်မှုဟာ အခုအချိန်မှာတော့ အခြားဒေသ၊ အခြားလူမျိုးစုတွေအပေါ် ပြန့်နှံ့လာနေပါတယ်။
    အစ္စလာမ်ကို ကျင့်သုံးမှုများလာရင် ဘာသာရေးအစွန်းရောက်ဝါဒ ပေါ်ပေါက်ကာ သူတို့ရဲ့ အုပ်စိုးမှုကို ဆန့်ကျင်လာလိမ့်မယ်ဆိုတဲ့ စိုးရိမ်မှုနဲ့ ဒီလိုဖိနှိပ်ချုပ်ချယ်မှုတွေကို ကွန်မြူနစ်ပါတီက လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံတစ်ဝှမ်း အစ္စလာမ့် ဓလေ့ထုံးတမ်းတွေ၊ ကျင့်သုံးမှုတွေအပေါ် ကန့်သတ်တားမြစ်မှုတွေကို ကွန်မြူနစ်ပါတီက လုပါနေပါတယ်။ ပါတီရဲ့ လျှို့ဝှက်ညွှန်ကြားမှုနဲ့အညီ လုပ်ဆေင်တာဖြစ်ပြီး ညွှန်ကြားချက်တစ်စိတ်တစ်ပိုင်းကို New York Times သတင်းစာက ဖော်ထုတ် ဖွင့်ချခဲ့ပြီး ဖြစ်ပါတယ်။
    ဒီလုပ်ဆောင်ချက်တွေမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ တင်းမာတဲ့ ပေါ်လစီတွေလည်း ပါဝင်ပါတယ်။ ရှီဟာ ကွန်မြူနစ်ပါတီရဲ့ ထိပ်ခေါင်နေရာကို အခိုင်အမာဖြစ်အောင်၊ ပါတီရဲ့ အယူအဆကို လူထုရဲ့နေ့စဉ်ဘ၀ထဲမှာပါ စိမ့်ဝင်လာအောင် လုပ်ဆောင်နေသူပါ။
    ဒါ့ကြောင့် နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်က ဝီဂါမွတ်စလင်တွေအပေါ်မှာ ပြုလုပ်တဲ့ ဖိနှိပ်မှုတွေဟာ နိုင်ငံရဲ့ အခြားဒေသတွေမှာပါ ပေါ်ပေါက်လာပြီး တရုတ်လူ့အဖွဲ့အစည်းမှာ ဝီဂါတွေထက် ပိုပြီး တစ်သားတည်းဖြစ်တဲ့ ဟွေနဲ့ အခြား အစ္စလာမ်ဘာသာဝင် လူမျိုးစုတွေအပေါ်မှာပါ ပစ်မှတ်ထားလာမလားဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်လာပါတယ်။ ပြီးခဲ့တဲ့နှစ် နင်ရှာပြည်နယ်က ကွန်မြူနစ်ပါတီ ထိပ်တန်းတာဝန်ရှိသူတစ်ဦး ရှင်ကျန်းပြည်နယ်ကို သွားရောက်စဉ် ရှင်ကျန်းအစိုးရကို ချီးကျူးခဲ့ပြီး လုံခြုံရေးဆိုင်ရာ ကိစ္စတွေမှာ ဒေသနှစ်ခု ပူးပေါင်းလုပ်ဆောင်မှုကို တိုးမြှင့်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။
    ဒီလိုဖိနှိပ်မှုတွေဟာ ဘာသာရေးယုံကြည်သူတွေကို သီးခြားလူလို့ ရှုမြင်တဲ့ တရုတ်အစိုးရရဲ့ အစ္စလာမ်သာသနာအပေါ် အချိန်အတော်ကြာကတည်းက ရှိနေတဲ့ မုန်းတီးစိတ်ကနေ ဆက်လက် ပေါက်ဖွားတာမျိုး ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ် Frostburg State တက္ကသိုလ်က ဟွေလူမျိုး ပရော်ဖက်ဆာ မာဟိုင်ယွင်က ပြောကြားခဲ့ပါတယ်။
    “တရုတ်ပြည်သူ့ သမ္မတနိုင်ငံဟာ အစ္စလာမ်ဆန့်ကျင်ရေး သဘောထားနဲ့ အမုန်းတရားမှာ ကမ္ဘ္ဘာ့ထိပ်တန်းရောက်လာတဲ့ နိုင်ငံတစ်ခု ဖြစ်လာပါတယ်။ ဒါကို အစိုးရက အများပြည်သူ ထောက်ခံမှုရစေတဲ့ ပုံစံကို ပြောင်းပြီး ရှင်ကျန်းဒေသနဲ့ တိုင်းပြည်က အခြားနေရာတွေမှာ အစ္စလာမ်ဘာသာဝင်တွေအပေါ် ဘေဂျင်းအစိုးရရဲ့ ဖိနှိပ်မှုတွေ တိုးမြှင့်လုပ်ဆောင်လာပါတယ်” လို့ Hudson Institute အတွက် မကြာသေးခင်က ရေးသားခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
    အခြားဒေသတွေမှာပြုလုပ်တဲ့ ဖိနှိပ်မှုအသစ်တွေဟာ ရှင်ကျန်းမှာ ဝီဂါတွေကို အစုလိုက်အပြုံလိုက် ထိန်းသိမ်းထားတာ၊ နောက်ယောင်ခံ စောင့်ကြည့်နေတာလောက်အထိ မဟုတ်သေးပါဘူး။ ဒါပေမယ့် လူဦးရေ ၁၀ သန်းလောက်ရှိတဲ့ ဟွေလူမျိုးတွေကတော့ စိုးရိမ်မှုတွေ ရှိနေပါတယ်။
    “အခု ကျွန်တော်တို့ နောက်ပြန်သွားနေတာပါ” လို့ A n Ran အမည်နဲ့ ကဗျာတွေ စာတွေ ရေးသားဖြန့်ဝေတဲ့ ကျွေဟောင်ရှင်က ဆိုပါတယ်။
    ဘေဂျင်းမြို့တောင်ဘက် ဂျီနန်က သူ့နေအိမ်မှာ ပြုလုပ်တဲ့ အင်တာဗျူးမှာ သူက အခုလို ပြောကြားခဲ့တာပါ။
    ရှင်ကျန်းက ဝီဂါလူမျိုးစုတွေ တစ်ဖြည်းဖြည်း အနေရကြပ်လာစေတဲ့ နည်းလမ်းတွေဟာ တရုတ်တစ်နိုင်ငံလုံးကို လွှမ်းခြုံသွားတော့မယ်လို့ ကျွေဟောင်ရှင်က ယူဆနေပါတယ်။
    “တစ်နေ့ကြရင် ဒီပုံစံဟာ မွတ်စလင်တွေအတွက် သီးသန့်မဟုတ်တော့ဘဲ လူတိုင်းအပေါ် ထိခိုက်နာကျင်လာစေမှာ ဖြစ်ပါတယ်”
    အစ္စလာမ်ကို တရုတ်ဇာတ်သွင်းခြင်း
    တရုတ်နိုင်ငံမှာ ရာစုနှစ်ချီ အရင်ကတည်းက အစ္စလာမ်ဘာသာဝင်တွေ ရှိနေခဲ့တာပါ။ ၂၂ သန်းကနေ ၃၃ သန်းလောက်ရှိပြီး လူဦးရေ ၁.၄ ဘီလီယံရှိတဲ့ တရုတ်နိုင်ငံမှာ လူနည်းစုလေးသာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ဟွေနဲ့ ဝီဂါတို့ဟာ အစ္စလာမ်ဘာသာကိုးကွယ်တဲ့ အကြီးမားဆုံး လူမျိုးစုတွေ ဖြစ်ပါတယ်။ ဝီဂါတွေဟာ အဓိကအားဖြင့် ရှင်ကျန်းပြည်နယ်မှာ နေထိုင်ပေမယ့် ဟွေလူမျိုးတွေကတော့ နိုင်ငံတစ်ဝှမ်းမှာ ပြန့်နှံ့ နေထိုင်ကြပါတယ်။
    ဒီကနေ့ သူတို့ ကြုံတွေ့နေရတဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေဟာ ၂၀၁၅ ခုနှစ်က စတင်ခဲ့တာပါ။ တရုတ်သမ္မတ ရှီကျင့်ဖျင်က ‘အစ္စလာမ်ဘာသာကို တရုတ်ဇာတ်သွင်းရေး’ ကျွေးကြော်သံနဲ့ စတင်ခဲ့တာဖြစ်ပြီး ဘာသာတရားအားလုံးဟာ တရုတ်ယဉ်ကျေးမှုနဲ့ ကွန်မြူနစ်ပါတီရဲ့ လက်အောက်မှာ ရှိရမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကဆိုရင် ရှီဟာ ထိပ်တန်းလျှို့ဝှက် ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး နေ့စဉ်ဘ၀နဲ့ အစိုးရဲ့ လုပ်ငန်းစဉ်တွေမှာ အစ္စလာမ်ဘာသာ ၀င်ရောက်လာခြင်းမရှိအောင် လုပ်ဆောင်ရမယ်လို့ အာဏာပိုင်တွေကို အမိန့်ပေးခဲ့ပါတယ်။
    တရုတ်ပြည်ပြင်ပရောက်နေတဲ့ ဝေဖန်ရေးသမားတွေဟာ အဲဒီညွှန်ကြားချက်တွေထဲက အချို့ကို ကောက်နှုတ်ပြီး The Times သတင်းစာကို ပေးခဲ့ပါတယ်။ ညွှန်ကြားချက်ကို “အခြေအနေသစ်မှာ အစ္စလာမ်ကို ပုံစံပြောင်းရေး” လို့ ခေါင်းစဉ်တပ်ထားတဲ့ ဒီညွှန်ကြားချက်ကို အများပြည်သူထံ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ညွှန်ကြားချက်ကို ‘နိုင်ငံတော်ကောင်စီ’ လို့ခေါ်တဲ့ တရုတ်အစိုးရက ပြီးခဲ့တဲ့နှစ် ဧပြီလမှာ ထုတ်ပြန်တာဖြစ်ပြီး နှစ်ပေါင်း ၂၀ ထိပ်တန်းလျှို့ဝှက်အဆင့်မှာထားဖို့ သတ်မှတ်ထားပါတယ်။
    တရုတ်နိုင်ငံအတွင်း အစ္စလာမ်သာသနာနဲ့ သက်ဆိုင်တဲ့ နေရာတွေ၊ ဖက်ရှင်တွေနဲ့ ဓလေ့ထုံးတမ်းတွေမှာ အာရပ်ပုံစံဖြစ်နေမှုကို သတိပေးထားပြီး အစ္စလာမ့် အထွဋ်အမြတ်ထားရာ နေရာတွေရှိတဲ့ ဆော်ဒီအာရေဗျရဲ့ လွှမ်းမိုးမှုကို စိုးရိမ်စရာ အကြောင်းအရင်းတစ်ခုအဖြစ် ဖော်ပြထားပါတယ်။
    အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးစနစ် အသုံးပြုမှုကို တားမြစ်ဖို့ ညွှန်ကြားထားသလို၊ ဗလီနဲ့ အခြား အစ္စလာမ်အသင်းအဖွဲ့တွေမှာ မူကြိုကျောင်းဖွင့်တာ၊ ကျောင်းချိန်ပြင်ပအတန်းတွေ ဖွင့်လှစ်တာကိုလည်း တားမြစ်ထားပါတယ်။ အာရဘီဘာသာစကား ကျောင်းတွေအနေနဲ့ ဘာသာရေးသင်တာ၊ ဒါမှမဟုတ် ကျောင်းသားတွေကို နိုင်ငံရပ်ခြားလွှတ် ပညာသင်စေတာတွေကိုလည်း ပိတ်ပင်ခဲ့ပါတယ်။
    သိသာထင်ရှားတဲ့ ဖိနှိပ်မှုတစ်ခုက ဗလီတွေမှာရှိတဲ့ အမိုးခုံးတွေ၊ မင်နာရတ်တွေ၊ အရှေ့အာရှနဲ့ အာရဘီကမ္ဘ္ဘာနဲ့ ဆက်စပ်နေတဲ့ ဗိသုကာလက်ရာတွေကို ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။
    အမိုးခုံးတွေနဲ့ အာရဘီ စာပန်းချီတွေကို ပစ်မှတ်ထား
    အစ္စလာမ်ဓလေ့ထုံးတမ်းတွေ ပြန့်နှံ့လာတာဟာ နိုင်ငံရဲ့ လူမှုရေးနဲ့ နိုင်ငံရေး သဟာဇာတဖြစ်မှုကို ဆိုးဆိုးဝါးဝါး ခြိမ်းခြောက်မှုလို့ ကွန်မြူနစ်အစိုးရက ရှုပြင်ပါတယ်။
    နင်ရှာပြည်နယ်မှာဆိုရင် ပြည်နယ်အစိုးရဟာ အများပြည်သူမြင်နိုင်တဲ့ အာရဘီ စာပန်းချီလက်ရာတွေကို ပိတ်ပင်ခဲ့ပြီး ဟာလာလ်စားသောက်ဆိုင်တွေမှာ အာရဘီနဲ့ ရေးသားထားတဲ့ ဟာလာလ်တံဆိပ်တွေကိုပါ ဖယ်ရှားခဲ့ပါတယ်။ အခုအချိန်မှာတော့ ဟာလာလ်တံဆိပ်ကို တရုတ်စာနဲ့သာ ရေးသားရပါတယ်။ အခုနှစ်နွေရာသီမှာတော့ ဒီလိုလုပ်ဆောင်မှုဟာ ဘေဂျင်းနဲ့ အခြားနေရာတွေအထိ ရောက်ရှိလာပါတယ်။
    အစားအသောက်၊ နို့ထွက်ပစ္စည်းနဲ့ ဂျုံထုတ်လုပ်သူတွေ စားသောက်ဆိုင် ပိုင်ရှင်တွေကို ဟာလာလ်အသိအမှတ်ပြု လက်မှတ်ထုတ်ပေးတာတွေကိုလည်း ပြည်နည်အစိုး တော်တော်များများက ရပ်ဆိုင်းလိုက်ပါတယ်။ ‘ဟာလာလ်ရေစီးကြောင်း’ ပေါ်ပေါက်လာမှာစိုးတဲ့အတွက် ဒီလိုလုပ်ဆောင်တာလို့ တရုတ်အစိုးရပိုင် သတင်းစာက ရေးသားခဲ့ပြီး ဟာလာလ်ဖြစ်လာတဲ့ အစားအသောက်တွေနဲ့ စားသောက်ဆိုင်တွေ အလွန်များလာပြီလို့ အစိုးရကရှုမြင်ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။
    နင်ရှာနဲ့ ဂန်ဆူပြည်နယ်တွေမှာလည်း ဗလီက ၀တ်ပြုဖို့ နှိုးဆော်သံတွေကို ပိတ်ပင်ထားပါတယ်။
    တရုတ်အာဏာပိုင်တွေဟာ ဗလီအဆောက်အဦးတွေကိုလည်း ပစ်မှတ်ထားလာပါတယ်။ ဂန်ဆူပြည်နယ် လင်ရှာမြို့အနီးက ဂါကျွမ်းဆိုတဲ့ရွာမှာ ဧပြီလတုန်းက ဆောက်လုပ်ရေး လုပ်သားတွေဟာ ဗလီတစ်လုံးပေါ်တက်ပြီး ရွှေရောင်အမိုးခုံးကို ဖြိုချပစ်ခဲ့ကြပါတယ်။ အဲဒီဗလီကို အခုအချိန်အထိ ပြန်မဖွင့်ရသေးပါဘူး။ အခင်းဖြစ်ရာနေရာကို Times က ဂျာနယ်လစ် ၂ ဦး ၀င်ရောက်ဖို့ ကြိုးစားမှုကို အရပ်ဝတ်ရဲတွေက တားမြစ်ခဲ့ပါတယ်။
    ဟွေလူမျိုးစုတွေ နှစ်ပေါင်းများစွာ နေထိုင်လာတဲ့ ယူနန်ပြည်နယ်တောင်ပိုင်းမှာတော့ ပြီးခဲ့တဲ့ဒီဇင်ဘာက အာဏာပိုင်တွေဟာ ရွာသုံးရွာမှာရှိတဲ့ ဗလီ ၃ လုံးကို ချိတ်ပိတ်ခဲ့ပြီး တရားဝင်ခွင့်ပြုချက်မရှိတဲ့အတွက် ဒီလိုလုပ်ဆောင်တာလို့ ပြောကြားခဲ့ပါတယ်။ ဒေသခံတွေက ဆန္ဒပြခဲ့ပေမယ့် ရဲတပ်ဖွဲ့နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ဘာရလဒ်မှ ထွက်မလာပါဘူး။ ပြည်နယ်အာဏာပိုင်တွေ ထုတ်ပြန်တဲ့ ကြေငြာချက်မှာတော့ ဒီဗလီဟာ တရားမ၀င် ဘာသာရေးလှုပ်ရှားမှုတွေ လုပ်ဆောင်တာမျိုး၊ ဘာသာရေးသင်တန်တွေ ဖွင့်တာမျိုး ရှိတယ်လို့ ဖော်ပြထားပါတယ်။
    အဲဒီထဲက ဟွေဟွေဒန်ဆိုတဲ့ရွာက အပိတ်ခံလိုက်ရတဲ့ ဗလီအရှေ့မှာ မာဂျီဝူဟာ မြေးကလေးကိုချီပြီး ရပ်နေပါတယ်။ ဒီဗလီဟာ နေအိမ်တစ်လုံးမှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။
    အာဏာပိုင်တွေက ၀တ်ပြုဆုတောင်းမှုတွေကို ရွာမှာရှိတဲ့ အစိုးရဗလီမှာ ရွှေ့ပြောင်း လုပ်ဆောင်ဖို့ သတိပေးမှုကို ရှေ့ဆောင်အီမာမ်တွေက လစ်လျူရှုခဲ့တယ်လို့ ဟွေလူမျိုးတွေရဲ့ ရိုးရာဦးထုပ်ကို ၀တ်ဆင်ထားတဲ့ မာက ပြောကြားခဲ့ပါတယ်။ အစိုးရက အသိအမှတ်ပြုထားတဲ့ ဗလီခြံဝန်း အလယ်မှာ တရုတ်အလံတွေ လွှင့်ထူထားပြီး “တိုင်းပြည်ကိုချစ်ခြင်းဟာ ဘာသာတရားကိုချစ်ခြင်းပါပဲ” ဆိုတဲ့ ဆိုင်းဘုတ်ကြီးကိုလည်း ချိတ်ဆွဲထားပါတယ်။
    “အီမာမ်တွေက နားမထောင်ကြဘူး”
    ဗလီအသေးလေးကို ပိတ်ပစ်လိုက်တာကို မကျေနပ်ပေမယ့် လက်ခံရမယ်လို့ အစိုးဗလီကြီးရဲ့အနားမှာရှိနေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ အင်းအားကြီးတဲ့သူတွေ ပြုသမျှ နုရတဲ့ဘ၀ကိုလည်းသူက စကားပုံလေးတစ်ခုနဲ့ တင်စားခဲ့ပါတယ်။
    “ပေဖြစ်တုန်းတော့ ခံနေရအုံးမှာပေါ့လေ”
    Ref: New York Times
    (New York Times သတင်းဌာနတွင် ဖော်ပြထားသည့် A crackdown on Islam is spreading across China ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)
  • အင်္ဂါနေ့ ဘောလုံးသတင်းများ
    အင်္ဂါနေ့ ဘောလုံးသတင်းများ
    စက်တင်ဘာ ၂၄၊ ၂၀၁၉
    M-Media
    ဖီဖာ၏ အကောင်းဆုံးကစားသမားဆု မက်ဆီ ၆ ကြိမ်မြောက် ဆွတ်ခူး
    ================
    ကမ္ဘ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ၂၀၁၉ ခုနှစ်အတွက် ကမ္ဘ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို မနေ့က မီလန်မြို့မှာပေးအပ်ခဲ့ရာမှာ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ် မက်ဆီက ရရှိသွားခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ် မက်ဆီဟာ ဒီဆုကို ၆ ကြိမ်မြောက်ရရှိခဲ့တာဖြစ်ပြီးအခုနှစ်မှာ လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်၊ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုတို့ကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
    အကောင်းဆုံးနည်းပြဆုကိုတော့ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ဂွါဒီယိုလာနဲ့ပိုက်ချက်တီနိုတို့ကို ကျော်ပြီး ရရှိခဲ့ပါတယ်။ အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆုကို အမေရိကန်တိုက်စစ်မှူး မီဂန် ရာပီနိုးက ရရှိခဲ့ပါတယ်။
    ဘောလုံးပရဟိတအဖွဲ့သို့ ၀င်ကာ လှူဒါန်းမည်ဟု ကလော့ပ်ကြေငြာ
    =================
    ဘောလုံးသမားတွေနဲ့ နည်းပြတွေ စုဖွဲ့ထားတဲ့ ပရဟိတအဖွဲ့ Common Goal မှာ အသင်းဝင်ဖြစ်ပြီး လှူဒါန်းမှုတွေ ပြုလုပ်သွားမယ်လို့ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က မနေ့ကပြုလုပ်တဲ့ ဖီဖာ ဆုပေးပွဲအခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။ Common Goal အဖွဲ့ကို မန်ယူကွင်းလယ်လူ ဂျူအန်မာတာက ၂၀၁၇ ခုနှစ် သြဂုတ်လမှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အဖွဲ့ဝင်တွေဟာ ရတဲ့လစာရဲ့ ၁ ရာခိုင်နှုန်းကို လှူဒါန်းရတာပါ။ အသက် ၅၂ နှစ်အရွယ် ကလော့ပ်ဟာ တစ်နှစ်ကို ပေါင် ၁၀ သန်းလောက် ၀င်ငွေရှိနေတာဖြစ်ပါတယ်။ အဖွဲ့ဝင်ဖြစ်ရတဲ့အတွက် ပျော်ရွှင်မိပြီး အဖွဲ့ကိုမသိရင် Google မှာရှာဖွေကာ အသင်းဝင်နိုင်တယ်လို့လည်း ကလော့ပ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    အောင်မြင်မှုပြန်ယူရန် မန်ယူတစ်သင်းလုံး စိတ်ပိုင်းဖြတ်ထား
    =======================
    အောင်မြင်မှုတွေ၊ ဖလားတွေ ရရှိအောင် လုပ်ဆောင်ဖို့အတွက် အသင်းကလူတိုင်းဆုံးဖြတ်ချက် ချထားတယ်လို့ မန်ယူအသင်းရဲ့ အမှုဆောင်ဒုတိယဥက္ကဌ အဒ် ၀ုဒ်ဝါ့ဒ်က ပြောကြားလိုက်ပါတယ်။ နည်းပြ ဖာဂူဆန် ထွက်ခွာသွားတဲ့ ၂၀၁၃ ခုနှစ်နောက်ပိုင်း ၆ ရာသီမှာ မန်ယူဟာ တစ်ရာသီသာ အဆင့် ၃ နေရာဝင်နိုင်ခဲ့ပြီး၊ ၃ ရာသီကတော့ချန်ပီယံလိဂ် မ၀င်နိုင်ခဲ့ပါတယ်။ အခုနှစ်မှာလည်း ၆ ပွဲကစားပြီးချိန် အဆင့် ၈ နေရာကိုရောက်ရှိနေပါတယ်။ ဝုဒ်ဝါ့ဒ်က ၀င်ငွေအရကြည့်ရင် အသင်းက အောင်မြင်နေပေမယ့် ဆုဖလားတွေရရှိအောင်လုပ်ဆောင်သွားမယ်ဆိုတဲ့ ရည်မှန်းချက်ကို ဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    Ref: BBC
  • ရန်ကုန်-ဒလ တံတားသစ်အပေါ် ဒေသခံတွေ ဘယ်လောက်အထိ မျှော်လင့်နေလဲ
    ရန်ကုန်-ဒလ တံတားသစ်အပေါ် ဒေသခံတွေ ဘယ်လောက်အထိ မျှော်လင့်နေလဲ
    စက်တင်ဘာ ၂၂၊ ၂၀၁၉
    M-Media
    ရန်ကုန်ဆိပ်ကမ်းမှ မြင်ကွင်း
    -ရွှံ့ရေအပြည့်နဲ့ ရန်ကုန်မြစ်ကနေ မီတာအနည်းငယ်အကွာ မြစ်ကမ်းနဖူးက ခနော်နီ ခနော်နဲ့ နေရာလေးမှာ လက်ဖက်ရည်ဆိုင် ဖွင့်ထားတဲ့ မခင်သန်းမြင့်တစ်ယောက် မြန်မာနိုင်ငံရဲ့ စီးပွားရေးအချက်အခြာ ရန်ကုန်မြို့နဲ့ ဆက်သွယ်ပေးမယ့် တံတားကြီးကြောင့် ချမ်းသာလာတော့မယ်ဆိုတဲ့ အိပ်မက်တွေ မက်နေပါတယ်။
    “မြန်လေ၊ ကောင်းလေပါပဲ” လို့ အသက် ၅၈ နှစ်အရွယ် ခင်သန်းမြင့်က ပြောကြားခဲ့ပါတယ်။ သူမရဲ့ လက်ဖက်ရည်ဆိုင်တည်ရှိရာ ဒလမြို့နဲ့ ရန်ကုန်မြို့တို့ကို ဆက်သွယ်ပေးမယ့် ကန်ဒေါ်လာ ၁၆၈ သန်းတန် တံတားအကြောင်းကို ပြောပြတာပါ။
    ရန်ကုန်မြစ်ကိုဖြတ်ဆောက်မယ့် အဲဒီတံတားဟာ ၂၀၂၂ ခုနှစ်မှာ ပြီးစီးမယ်လို့ ခန့်မှန်းထားပြီး မဖွံ့ဖြိုးသေးတဲ့ ဒလမြို့ကနေ ထောင်သောင်းချီတဲ့လူတွေ သင်္ဘောနဲ့ ဖြတ်ကူးရတဲ့ ဒုက္ခကို သက်သာစေမှာ ဖြစ်ပါတယ်။
    ညဖက် သိပ်နောက်ကျတဲ့အတွက် နာမကျန်းသူတွေ ရန်ကုန်က ဆေးရုံတွေကို အချိန်မီမရောက်နိုင်တဲ့ ကိစ္စမျိုးတွေ ရှိနေတယ်လို့ မခင်သန်းမြင့်က ပြောပါတယ်။
    ဒါပေမယ့် တံတားပြီးသွားရင်တော့ ရန်ကုန်ကို လမ်းလျှောက်သွားရုံပဲလို့ အပြုံးတစ်ပိုင်းနဲ့ သူက ဆိုပါတယ်။
    ရန်ကုန်မြို့မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက ဒေါ်လာ ဘီလီယံချီ ရင်းနှီးမြှုပ်နှံနေတဲ့အချိန် ဒလမြို့က ပြည်သူတွေကတော့ အပြောင်းအလဲတွေကို မြစ်ကိုကျော်ပြီးသာ ရှုမြင်နေရတာပါ။
    ကြယ်ငါးပွင့်ဟိုတယ်တွေ၊ တလက်လက်တောက်ပနေတဲ့ ရှော့ပင်းမောလ်တွေ၊ ဇိမ်ခံပစ္စည်း အမှတ်တံဆိပ်တွေကို ရွှေတိဂုံစေတီတော်က ထွက်ပေါ်လာတဲ့ ရွှေအိုရောင် အလင်းနဲ့အတူ မိုးကုပ်စက်ဝိုင်းမှာ တွေ့မြင်နေရပါတယ်။
    ဒလမြို့မှာတော့ စပါးခင်းတွေကြား ဆိတ်တွေ လျှောက်သွားနေတာ၊ ရန်ကုန်မှာတားမြစ်ထားတဲ့ ဆိုင်ကယ်တွေ၊ တုတ်တုတ်တွေနဲ့ အပေါက် တစ်ရာလောက်ရှိတဲ့ လမ်းတွေမှာ ရှောင်ကွင်း မောင်းနှင်ရတာတွေကိုသာ တွေ့ရမှာ ဖြစ်ပါတယ်။
    ဒီကမ္ဘ္ဘာကြီးနှစ်ခုကို ဆက်သွယ်ပေးထားတာကတော့ ပုံမှန်ထွက်နေကြ ကူးတို့သင်္ဘောတွေ၊ သစ်သား သဗ္မာန်တွေသာ ဖြစ်ပါတယ်။
    အနာဂတ်မှာ ရွှေအိုးထမ်းရမလား
    ရာစုနှစ် တစ်ဝက်နီးပါးလောက် စစ်အုပ်ချုပ်ရေးစနစ် သက်ဆိုးရှည်ခဲ့တဲ့ မြန်မာနိုင်ငံဟာ ၂၀၁၁ ခုနှစ်မှာ စတင်ပွင့်လင်းလာပါတယ်။
    နောက်ထပ် ၇ နှစ်အတွင်း ရန်ကုန်မှာ တစ်နိုင်ငံလုံးက ရင်းနှီးမြှုပ်နှံမှုတွေရဲ့ ထက်ဝက်နီးပါး ကန်ဒေါ်လာ ၂၅.၈ ဘီလီယံလောက် ၀င်လာခဲ့တယ်လို့ PricewaterhouseCoopers အဖွဲ့က ပြောပါတယ်။
    လူနေမှုအဆင့်အတန်းတွေ မြင့်မားလာပေမယ့် နိုင်ငံရဲ့ လူဦးရေ ၃ ပုံ ၁ ပုံလောက်ကတော့ ဆင်းရဲတွင်းထဲမှာ နစ်နေကြပြီး၊ အခြေခံအဆောက်အဦးတွေ မပြည့်စုံသလို၊ တိုင်းပြည်ရဲ့ နေရာတော်တော်များများမှာလည်း ပဋိပက္ခတွေ ဖြစ်နေပါတယ်။
    ရန်ကုန်မှာ တိုးတက်ဖွံ့ဖြိုးလာတာကြောင့် သင်္ဘောတွေ ဥဒဟိုသွားလာနေတဲ့ ရန်ကုန်မြစ်ထဲမှာ သဗ္မာန်နဲ့ ခရီးသည်တွေ ပို့ဆောင်ပေးနေရသူတွေ အပါအ၀င် ဒလမြို့မှာနေထိုင်သူ တော်တော်များများအတွက် အလုပ်အကိုင်တွေလည်း ပွင့်လာပါတယ်။
    ၁၄ နှစ်လုံးလုံး သဗ္မာန်မောင်းခဲ့တဲ့ ကိုအောင်မျိုးဝင်းက တံတားသစ်အတွက် ရင်ခုန်စိတ်လှုပ်ရှားနေပါတယ်။
    တံတားကြောင့် သူအပါအ၀င် အခြား သဗ္မာန်သမားတွေလည်း အလုပ်လက်မဲ့ဖြစ်မယ်ဆိုတာကိအသက် ၄၅ နှစ်အရွယ်သူက သိနေပေမယ့် ပိုကောင်းတဲ့အနေအထားကို သူက မြင်နေပါတယ်။
    “တံတားက ပြည်သူတွေအတွက်ပါ။ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျွန်တော်တို့လည်း စွန့်လွှတ် စတေးပေးရမှာပေါ့ဗျာ” လို့ တံတားတည်ဆောက်ရေးစီမံကိန်းအနီးက သင်္ဘောဆိပ်မှာ ကိုအောင်မျိုးဝင်းက ပြောကြားခဲ့ပါတယ်။ ဒီတံတားကို တောင်ကိုရီးယားက ငွေကြေး ထောက်ပံ့မှုနဲ့ တည်ဆောက်နေတာ ဖြစ်ပါတယ်။
    ရန်ကုန်မြို့ တောင်ပိုင်းခရိုင်တွေဟာ စိမ့်မြေတွေဖြစ်တာကြောင့် မြောက်ဖက်ကျတဲ့အပိုင်းတွေမှာ ပိုပြီး တိုးတက်အောင် လုပ်ဆောင်ကျတာလို့ Asia Foundation က မြို့ပြရေးရာ ကျွမ်းကျင်သူ ဒေးဗစ်နေးက ပြောကြားခဲ့ပါတယ်။
    “ဒလကလည်း ဆိုင်းငံ့ဒေသထဲမှာ ပါဝင်ပါတယ်”
    ဒါပေမယ့် ဒီအခြေအနေဟာ အခုအချိန်မှာတော့ ပြောင်းလဲစ ပြုလာပါပြီ။
    တောင်ကိုရီးယားနဲ့ တရုတ်တို့က ငွေကြေးထောက်ပံ့ပေးမယ့် ကြီးမားတဲ့ စက်မှုဇုန်ကြီးတစ်ခုကိုရန်ကုန်မြစ်ရဲ့ တောင်ဖက်နဲ့ အနောက်ဖက်မှာ တည်ဆောက်ဖို့အတွက် စဉ်စားမှုတွေလည်း ရှိလာပါတယ်။
    ဒါပေမယ့် တစ်ချို့တွေကတော့ ဒီလို အလျင်အမြန် တိုးတက်ပြောင်းလဲမှုတွေ တကယ်ဖြစ်လာမလား ဆိုတာကို စောင့်ကြည့်နေကြပါတယ်။
    ရန်ကုန်မြို့မှာ တက္ကဆီမောင်းနေတဲ့ အသက် ၆၈ နှစ်အရွယ် ဦးချစ်ညွန့်က ရန်ကုန်မြစ် မြောက်ဖက်ကမ်းမှာ လူချမ်းသာတွေက ပိုပိုချမ်းသာလာကြပြီး ဆင်းရဲသားတွေကလည်း ပိုမိုဆင်းရဲလာကြတယ်လို့ ဆိုပါတယ်။
    “အိမ်ခန်းငှားခမြင့်တာ၊ ကုန်ဈေးနှုန်း ကြီးတာတွေကြောင့် လူတွေဟာ လောက်ငှဖို့တောင် မနည်းလုပ်နေရပါတယ်”
    ဒလက မခင်သန်းမြင့်ကတော့ တံတားသစ်အပေါ် မျှော်လင့်ချက်ကြီးကြီး ထားနေပါတယ်။
    “အိမ်လေးတစ်လုံး ကောင်းကောင်းလေးဆောက်ချင်တယ်။ ရန်ကုန်မှာလို စားသောက်ဆိုင် ကြီးကြီးနဲ့ တစ်ခြားဆိုင်လေးတွေလည်း ဖွင့်ချင်ပါတယ်”
    Ref: AFP
    (AFP သတင်းဌာနတွင် ဖော်ပြထားသည့် Bridging the gap: Yangon’s boom falls short across river ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။)
  • ရာသီဥတုပြောင်းလဲမှုကိစ္စ ကမ္ဘ္ဘာ့ပညာရှင်များ အာတိတ်ဒေသသို့ သွားရောက် လေ့လာမည်
    ရာသီဥတုပြောင်းလဲမှုကိစ္စ ကမ္ဘ္ဘာ့ပညာရှင်များ အာတိတ်ဒေသသို့ သွားရောက် လေ့လာမည်
    စက်တင်ဘာ ၂၂၊ ၂၀၁၉
    M-Media
    -ကမ္ဘ္ဘာ့နိုင်ငံပေါင်း ၁၉ သိပ္ပံပညာရှင်တွေဟာ ကမ္ဘ္ဘာ့မြောက်ဖက်စွန်းက အာတိတ်ဒေသကို သွားရောက်ပြီး ရာသီဥတုပြောင်းလဲမှုကို အနီးကပ်လေ့လာဖို့ စီစဉ်နေပါတယ်။
    နော်ဝေနိုင်ငံမြောက်ပိုင်း ထရွမ်ဆိုးမြို့ကနေ Polarstern ရေခဲခွဲသင်္ဘောနဲ့ သွားရောက်မှာ ဖြစ်ပါတယ်။ သင်္ဘောပေါ်မှာ ရာနဲ့ချီတဲ့ သိပ္ပံပညာရှင်တွေ လိုက်ပါသွားမှာဖြစ်ပြီး လေ့လာမှုကို အလှည့်ကျ လုပ်ဆောင်ကြမှာပါ။
    “အာတိတ်ဒေသဟာ ရာသီဥတုပြောင်းလဲမှုရဲ့ အဓိကဗဟိုချက်ဖြစ်တာကြောင့် ကျွန်တော်တို့ သွားချင်တာပါ” လို့ စီမံကိန်းကို ဦးဆောင်သူ သိပ္ပံပညာရှင် မာကွတ်စ် ရက်စ်က ပြောကြားခဲ့ပါတယ်။
    ရက်စ်ဟာ ဂျာမနီ Alfred Wegener အင်စတီကျုက သိပ္ပံပညာရှင်လည်း ဖြစ်ပါတယ်။
    Mosaic လို့အမည်ပေးထားတဲ့ အဲဒီအဖွဲ့ဟာ ဆောင်းရာသီအတွင်း အာတိတ်ဒေသမှာ သွားရောက်လေ့လာတဲ့ ပထမဆုံး သိပ္ပံပညာရှင်များအဖွဲ့ ဖြစ်လာမှာ ဖြစ်ပါတယ်။
    “ဆောင်းရာသီမှာ တစ်ခါမှ ကျွန်တော်တို့ မသွားဖူးတာကြောင့် အာတိတ်ဒေသရဲ့ ရာသီဥတုအခြေအနေကို ကျွန်တော်တို့ နားမလည်ကြပါဘူး”
    စီမံကိန်းကာလမှာ ပညာရှင်တွေဟာ အာတိတ်ဒေသအလယ်ပိုင်းက အဓိက ရာသီဥတု ဖြစ်စဉ်တွေကို လေ့လာမှာဖြစ်ပြီး၊ ရလဒ်တွေကြောင့် အနာဂတ်မှာ ရာသီဥတု ခန်းမှန်းချက်တွေကို ပိုမို တိတိကျကျ လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
    Ref: Reuters