News @ M-Media
Blog
  • ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းတိုများ
    ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းတိုများ
    သြဂုတ် ၁၄၊ ၂၀၁၉
    M-Media
    ဆာလာသေဆုံးမှု ကာဘွန်မိုနောက်ဆိုက်ကြောင့်ဟု ဆေးစစ်ချက်ထွက်
    ======================
    ဇန်နဝါရီလက လေယာဉ်ပျက်ကျမှုအတွင်း ကာဒစ်ဖ်အသင်းရဲ့ ကစားသမားအီမီလီယာနို ဆာလာဟာ ကာဘွန်မိုနောက်ဆိုက်တွေ အလွန်အမင်း ရှုမိရင်း သတိလစ် သေဆုံးခဲ့တာဖြစ်တယ်လို့ဆေးစစ်ချက်တွေကို ကိုးကားပြီး အင်္ဂလိပ်မီဒီယာတွေက ဒီကနေ့မှာ ဖော်ပြခဲ့ပါတယ်။ အာဂျင်တိုင်း တိုက်စစ်မှူးဟာဇန်နဝါရီ ၂၁ ရက်နေ့က ပြင်သစ်ကနေ ကာဒစ်ဖ်ကို လာရောက်ရင်း လေယာဉ်ပျက်ကျ သေဆုံးခဲ့တာဖြစ်ပါတယ်။
    ပြင်သစ်ကလပ် Nantes ကနေ ကာဒစ်ဖ်ကို ပြောင်းရွှေ့ဖို့ စာချုပ်ချုပ်ပြီး ၂ ရက်အကြာမှာ ဒီလို ကံကြမ္မာဆိုးနဲ့ ကြုံတွေ့ခဲ့တာပါ။ ဆာလာရဲ့ မိသားစုကတော့ ဆေးစစ်ချက်သာမက လေယာဉ်ပျက်ကျမှု အသေးစိတ်ကိုပါ သိရှိလိုတယ်လို့ တာဝန်ရှိသူတွေကို တောင်းဆိုထားပါတယ်။
    လူငယ်ကစားသမားများကို ဥပဒေချိုးဖောက် ခေါ်ယူခဲ့ကြောင်း မန်စီးတီးဝန်ခံ
    =======================
    ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက လူငယ်ကစားသမားတွေ ခေါ်ယူမှုအတွင်း ဖီဖာရဲ့ စည်မျဉ်းတွေကို ချိုးဖောက်ခဲ့တယ်လို့မန်စီးတီးအသင်းက ၀န်ခံလိုက်ပါတယ်။ ဒီလိုဝန်ခံတာကြောင့် မန်စီးတီးအသင်းဟာ အပြောင်းအရွှေ့ ပိတ်ပင်ခံရမှုကနေကင်းလွတ်ခဲ့ပြီး ဒဏ်ငွေ ပေါင် ၃၁၅၀၀၀ သာ ပေးဆောင်ခဲ့ရပါတယ်။ မန်စီးတီးကတော့ ဥပဒေကို ဘာသာပြန်အမှားကြောင့် ဒီလိုဖြစ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ စည်းမျဉ်းတွေကို အပြည့်အ၀ လိုက်နာကြောင်း၊ ဖီဖာရဲ့ စစ်ဆေးမှုကိုလည်း အပြည့်အ၀ ပူးပေါင်းဆောင်ရွက်နေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
    နေးမာ၏ အနာဂတ်ကို ဘာကာနှင့် ပီအက်စ်ဂျီတို့ ၄၈ နာရီအတွင်း ဆုံးဖြတ်မည်
    =================
    ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး နေးမာရဲ့ အနာဂတ်ကို ဆုံးဖြတ်ဖို့အတွက် ဘာစီလိုနာအသင်း ဥက္ကဌ ဂျိုးဆက် ဘာတိုမြူနဲ့ ပီအက်စ်ဂျီ ဥက္ကဌ အလ်-ခါလီဖီတို့ သောကြာနေ့မှာ တွေ့ဆုံဆွေးနွေးဖို့ရှိနေပြီး ၄၈ နာရီအတွင်းအဖြေထွက်မယ်လို့ စပိန်မီဒီယာတွေက ဒီကနေ့မှာ ဖော်ပြပါတယ်။ နေးမာအတွက် ပြောင်းရွှေ့ကြေးပေါင် ၇၄ သန်းနဲ့ ဖီးလစ် ကော်တင်ဟိုကို အလိုက်ပေးကာ ဘာစီလိုနာက ကနဦး ကမ်းလှမ်းခဲ့ပေမယ့် ပီအက်စ်ဂျီက ပယ်ချခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်က ကမ္ဘ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ထားတဲ့ နေးမာအတွက်ပီအက်စ်ဂျီက ပြောင်းရွှေ့ကြေးများများနဲ့ ကစားသမားအလိုက်များများ လိုချင်နေတာ ဖြစ်ပါတယ်။
    Ref: BBC, Daily Mail
  • အိန္ဒိယ၀န်ကြီးချုပ် မဟာဗျူဟာမြောက်အမှား ကျူးလွန်ခဲ့သည်ဟု အင်မရန်းခန်းပြော
    အိန္ဒိယ၀န်ကြီးချုပ် မဟာဗျူဟာမြောက်အမှား ကျူးလွန်ခဲ့သည်ဟု အင်မရန်းခန်းပြော
    သြဂုတ် ၁၄၊ ၂၀၁၉
    M-Media
    ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်း
    -ကက်ရှ်မီးယားဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရုပ်သိမ်းလိုက်တာဟာ အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီအနေနဲ့ မဟာဗျူဟာမြောက် အမှားတစ်ခုကို ကျူးလွန်လိုက်တာ ဖြစ်တယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက ပြောကြားလိုက်ပါတယ်။
    အိန္ဒိယအစိုးရဟာ သူတို့ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရုပ်သိမ်းပြီး၊
    ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်နိုင်အောင် လွှတ်တော်မှာကြိုးပမ်းနေတာဟာ သီတင်းတစ်ပတ်ကျော် ကြာမြင့်နေပြီ ဖြစ်ပါတယ်။
    ကိုယ်ပိုင်အုပ်ချုပ်ခွင့် မရုပ်သိမ်းခင်ကတည်းက ကက်ရှ်မီးယားမှာ ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖြတ်တောက်တာ၊ သွားလာလှုပ်ရှားမှု ကန့်သတ်တာ၊ ညမထွက်ရအမိန့် ထုတ်ပြန်တာ၊ နိုင်ငံရေးသမားတွေ ဖမ်းဆီးတာ စတာတွေကို အိန္ဒိယအစိုးရက လုပ်ဆောင်ခဲ့တာပါ။
    ဒီကနေ့ ပါကစ္စတန်ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသ လွှတ်တော်က မိန့်ခွန်းမှာ ၀န်ကြီးချုပ် အင်မရန်းခန်းက အိန္ဒိယအစိုးရဲ့ လုပ်ရပ်ကို ရှုတ်ချခဲ့ပြီး၊ ကက်ရှ်မီးယားပြည်သူတွေနဲ့အတူ ရပ်တည်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    “မိုဒီဟာ မဟာဗျူဟာမြောက်အမှားတစ်ခုကို ကျူးလွန်လိုက်တာပါ။ နောက်ဆုံးဖဲချပ်ကို လှန်လိုက်တာဖြစ်ပြီး ကက်ရှ်မီးယားကိစ္စကို နိုင်ငံတကာကိစ္စဖြစ်အောင် လုပ်လိုက်တာလည်း ဖြစ်ပါတယ်”
    ကက်ရှ်မီးယားဒေသဟာ သူတို့ရဲ့ပိုင်နက် ဖြစ်တယ်လို့ ပါကစ္စတန်နဲ့ အိန္ဒိယ နှစ်နိုင်ငံစလုံးက ကြေငြာထားပြီး ဒီကိစ္စအတွက် ၂ ကြိမ်တိုင်တိုင် စစ်ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ အဲဒီဒေသကို တစ်ဝက်စီ ထိန်းချုပ်ထားကြပါတယ်။
    ကက်ရှ်မီးယားရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အိန္ဒိယအစိုးရက ရုပ်သိမ်းမှုနဲ့ပတ်သက်ပြီး ပါကစ္စတန်က သံတမန်နည်းလမ်းနဲ့ တုန့်ပြန်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ မနေ့ကလည်း ဒီကိစ္စအတွက် အရေးပေါ်အစည်းအဝေးတစ်ရပ် ခေါ်ယူဖို့ ကုလ လုံခြုံရေးကောင်စီကို တောင်းဆိုခဲ့ပါတယ်။
    အိန္ဒိယရဲ့လုပ်ရပ်ကို ရှုတ်ချပြီး ကက်ရှ်မီးယားသံတမန်အဖြစ် ဒီကိစ္စကို ကမ္ဘ္ဘာကအာရုံစိုက်လာအောင် လုပ်ဆောင်သွားမယ်လို့လည်း ခန်းက ထည့်သွင်း ပြောကြားခဲ့ပါတယ်။
    နာဇီဝါဒ
    မိုဒီဦးဆောင်တဲ့ အိန္ဒိယအစိုးရရဲ့ ဒီလုပ်ရပ်ဟာ နာဇီဝါဒလို ဖြစ်နေတယ်လို့လည်း ခန်းက ပြောပါတယ်။
    “ကျွန်တော်တို့ အိန္ဒိယနဲ့ စစ်တိုက်နေတာ မဟုတ်ပေမယ့် သူတို့ရဲ့ ဝါဒကို လက်မခံပါဘူး။ သူ့တို့ဝါဒဟာ ဟစ်တလာရဲ့ နာဇီပါတီကို အားကျပြီး လိုက်လုပ်တာပါ။ ဒီလို ပိတ်ပင်ထားမှုကြောင့် ဖြစ်လာတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တကယ့်ကို စိုးရိမ်မိပါတယ်”
    အိန္ဒိယဘက်ခြမ်းက ကက်ရှ်မီးယားအုပ်ချုပ်ရေးမှူး ဆတ္တယာ ပါလ် မာလစ်က သွားလာလှုပ်ရှားမှု
    ကန့်သတ်ထားတာကို ကြာသာပတေးနေ့မှာကျရောက်မယ့် အိန္ဒိယလွတ်လပ်ရေးနေ့အပြီးမှာ ဖြေလျော့ပေးမယ်လို့ ပြောကြားထားပါတယ်။
    Ref: Aljazeera
  • ဟောင်ကောင်ဆန္ဒပြသူများ အကြမ်းဖက်ပုံစံ ဖမ်းနေသည်ဟု တရုတ် သတိပေး
    ဟောင်ကောင်ဆန္ဒပြသူများ အကြမ်းဖက်ပုံစံ ဖမ်းနေသည်ဟု တရုတ် သတိပေး
    သြဂုတ် ၁၄၊ ၂၀၁၉
    M-Media
    ဆန္ဒပြမှု မြင်ကွင်းတစ်ခု
    -အင်္ဂါနေ့က ဟောင်ကောင်လေဆိပ်မှာ ဆန္ဒပြသူတွေရဲ့ လုပ်ရပ်ဟာ ‘အကြမ်းဖက်သမားဆန်ဆန် လုပ်ရပ်တွေ’ ဖြစ်ပြီး ဥပဒေအရ အရေးယူဖို့ လိုအပ်တယ်လို့ တရုတ်အစိုးရက ပြောကြားလိုက်ပါတယ်။
    တရုတ်နိုင်ငံကို တရားခံလွှဲပြောင်းရေး ဥပဒေကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ဟောင်ကောင်မှာ ဖြစ်ပွားနေတာဟာ သီတင်းပတ် ၁၀ ပတ်အထိ ရှိနေပြီ ဖြစ်ပါတယ်။
    မနေ့က ဟောင်ကောင်လေဆိပ်မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့သလို တရုတ်အစိုးရက ထိန်းချုပ်တဲ့ Global Times သတင်းဌာနက သတင်းထောက်တစ်ဦးကို ‘တရုတ်သူလျှို’ လို့ စွပ်စွဲကာ ဆန္ဒပြသူတွေက ကြိုးချည်ပြီး ရိုက်နှက်တာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။
    တရုတ်အစိုးရကတော့ အဲဒီ သူလျှိုဆိုသူဟာ တရုတ်ပြည်မကြီးက ဟောင်ကောင်နဲ့ကပ်နေတဲ့ ရှင်းကျန်မြို့က ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
    “အကြမ်းဖက်သမားဆန်ဆန် ဒီလုပ်ရပ်တွေကို ကျွန်မတို့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” လို့
    တရုတ် နိုင်ငံတော်ကောင်စီက ဟောင်ကောင်နဲ့ မကာအိုရေးရာရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ရှူလူယင်းက ပြောကြားခဲ့ပါတယ်။
    ဒီလုပ်ရပ်တွေဟာ ဟောင်ကောင်ရဲ့ ပုံရိပ်ကို ထိခိုက်စေပြီ၊ ပြည်မက တရုတ်မျိုးချစ်တွေရဲ့ စိတ်ကို ထိခိုက်စေကြောင်း၊ ဒီလို စက်ဆုပ်ဖွယ်ကောင်းတဲ့ ရာဇ၀တ်မှုကို ဥပဒေအရ ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ လိုအပ်ကြောင်း သူမက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    အင်္ဂါနေ့က ပိတ်ထားခဲ့ရတဲ့ ဟောင်ကောင်လေဆိပ်ကို ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ဆန္ဒပြသူတွေကို ရှင်းလင်းဖို့အတွက် လေဆိပ်အာဏာပိုင်တွေဟာ တရားရုံးအမိန့်ကိုလည်း ရရှိထားပါတယ်။
    ဟောင်ကောင်ကျွန်းကို ဗြိတိန်က ၁၉၉၇ ခုနှစ်မှာ တရုတ်ပြည်မကြီးထံ လွှဲပေးခဲ့တာပါ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားပေမယ့် ဒါဟာ သူတို့ရဲ့ ပြည်နယ်တစ်ခုဖြစ်တယ်လို့ တရုတ်အစိုးရက သတ်မှတ်ထားပါတယ်။ ဟောင်ကောင်ပြည်သူတွေကတော့ တရုတ်ရဲ့သြဇာခံရမှုကို နှစ်မြို့ခြင်းမရှိဘဲ ဒီမိုကရေစီ အပြည့်အ၀ ရရှိရေးကို တစ်စိုက်မတ်မတ် တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
    Ref: Aljazeera
  • ကမ္ဘ္ဘာတစ်ဝှမ်း ၀က်သက်ရောဂါဖြစ်ပွားမှု စိုးရိမ်ဖွယ် မြင့်တက်လာ
    ကမ္ဘ္ဘာတစ်ဝှမ်း ၀က်သက်ရောဂါဖြစ်ပွားမှု စိုးရိမ်ဖွယ် မြင့်တက်လာ
    သြဂုတ် ၁၄၊ ၂၀၁၉
    M-Media
    -ကမ္ဘ္ဘာတစ်ဝှမ်း ၀က်သက်ရောဂါ ဖြစ်ပွားမှုနှုန်းဟာ ၂၀၁၈ ခုနှစ်ကထက် ၃ ဆ ပိုများလာပြီး စိုးရိမ်စရာ ကောင်းလာတယ်လို့ ကမ္ဘ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောကြားလိုက်ပါတယ်။
    ၂၀၁၉ ခုနှစ် ပထမ ၇ လမှာ ၀က်သက်ဖြစ်ပွားမှုဟာ ကမ္ဘ္ဘာတစ်ဝှမ်း ၃၆၄၈၀၈ ခု ရှိခဲ့ပြီး ဒါဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်း အမြင့်ဆုံး ပမာဏဖြစ်တယ်လို့ WHO ပြောရေးဆိုခွင့်ရှိသူ ခရစ်ရှန် လင်မီယာက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
    အာဖရိကနိုင်ငံတွေမှာ ၀က်သက်ရောဂါဖြစ်ပွားမှုနှုန်းဟာ ရာခိုင်နှုန်း ၉၀၀ ကျော်အထိ မြင့်တက်လာတာကို တွေ့ခဲ့ရပြီး၊ ပစိဖိတ် အနောက်ခြမ်းဒေသတွေမှာတော့ ၂၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။
    ကွန်ဂို၊ မာဒါဂက်စကာနဲ့ ယူကရိန်းနိုင်ငံတို့ဟာ ရောဂါဖြစ်ပွားမှုနှုန်း အမြင့်ဆုံးနိုင်ငံတွေဖြစ်ပြီး၊ အန်ဂိုလာ၊ ကင်မရွန်း၊ ချဒ်၊ ကာဇက်စတန်၊ နိုက်ဂျီးရီးယား၊ ဖိလစ်ပိုင်၊ ဆူဒန်၊ တောင်ဆူဒန်နဲ့ ထိုင်းနိုင်ငံတို့မှာတော့ အများအပြား ဖြစ်ပွားနေပါတယ်။
    အသက်ရှုလမ်းကြောင်းကနေတစ်ဆင့် ကူးစက်ပြီး အဖျား၊ ချောင်းဆိုးနဲ့ အနီစက်ထွက်တာလို ရောဂါ လက္ခဏာတွေရှိတဲ့ ၀က်သက်ရောဂါဟာ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်တဲ့ နိုင်ငံတော်တော်များများမှာ ပျောက်ကွယ်သွားပြီ ဖြစ်ပါတယ်။
    WHO ကတော့ ကာကွယ်ဆေးမထိုးကျကြတာ၊ ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမျိုး မရတာ၊ ၀က်သက်ကာကွယ်ဆေး ထိုးနှံရမယ်ဆိုတဲ့ ကျန်းမာရေးအသိ မရှိတာတွေကြောင့် တစ်ချို့ လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံတွေမှာ ကူးစက်မှုတွေ ဆက်ရှိနေတုန်းပဲလို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
    Ref: Aljazeera
  • ဘယ်လ်ဂျီယံ ကုမ္ပဏီတစ်ခုက မြန်မာစစ်တပ်နှင့် အဆက်အသွယ်ဖြတ်ကြောင်း ထုတ်ပြန်
    ဘယ်လ်ဂျီယံ ကုမ္ပဏီတစ်ခုက မြန်မာစစ်တပ်နှင့် အဆက်အသွယ်ဖြတ်ကြောင်း ထုတ်ပြန်
    သြဂုတ် ၁၄၊ ၂၀၁၉
    M-Media
    -မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှုတွေမှာ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းတွေက တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုပေးသလို ဖြစ်နေတယ်ဆိုတဲ့ ကုလရဲ့ အစီရင်ခံစာတစ်စောင် ထွက်လာပြီးနောက်ပိုင်း ဘယ်လ်ဂျီယံ ကုမ္ပဏီတစ်ခုက မြန်မာစစ်တပ်နဲ့ အဆက်အသွယ်ဖြတ်တောက်ကြောင်း ကြေငြာလိုက်ပါတယ်။
    ဂြိုဟ်တုဆက်သွယ်ရေး ကုမ္ပဏီ Newtec ဖြစ်ပြီး မြန်မာနိုင်ငံက တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်း Mytel နဲ့ ဆက်ဆံလုပ်ကိုင်နေတာပါ။
    ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေအပါအ၀င် နိုင်ငံတစ်ဝှမ်းက တိုင်းရင်းသားလူနည်းစုတွေအပေါ်အစိုးရစစ်တပ်က ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ဖို့ ကုလက ဖွဲ့စည်းပေးထားတဲ့ အဖွဲ့ဝင် ၃ ဦးပါ အချက်အလက်ရှာဖွေရေးကော်မတီဟာ အခုလအစောပိုင်းက အစီရင်ခ့စာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
    အစီရင်ခံစာထဲမှာ စစ်တပ်ပိုင် လုပ်ငန်းစု ၂ ခုက တိုင်းပြည်ရဲ့ စီးပွားရေးအပေါ် လက်ဝါးကြီးအုပ်ထားမှုကို အသေးစိတ် ဖော်ပြခဲ့ပြီး ဒီလုပ်ငန်းစုတွေနဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီတွေဟာ စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို တစ်ဖက်တစ်လမ်းကနေ အားပေးကူညီသလို ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။
    ဒါ့အပြင် မြန်မာစစ်တပ်နဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေ မလုပ်ဖို့လည်း နိုင်ငံတကာ ကုမ္ပဏီတွေကို အချက်အလက် ရှာဖွေရေးအဖွဲ့က တိုက်တွန်းခဲ့ပါတယ်။
    Newtec ရဲ့ အခုတစ်ပတ်အစောပိုင်းက ကြေငြာချက်မှာ မိမိတို့အနေနဲ့ “ကုလအစီရင်ခံစာပါ
    အကြံပြုချက်တွေကို လိုက်နာပြီး Mytel နဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံမှုတွေကို ရပ်တန့်လိုက်တယ်” လို့ ဖော်ပြထားပါတယ်။
    “တပ်မတော်ရဲ့ အကြမ်းဖက်လှုပ်ရှားမှု၊ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ကြမ်းကြုတ်မှုတွေနဲ့ ဆက်စပ်နေတဲ့ ဘယ်လိုအဖွဲ့အစည်း၊ ဘယ်လိုကုမ္ပဏီမျိုးကိုမှ သိသိကြီးနဲ့ ပစ္စည်းတွေ ရောင်းမှာ မဟုတ်ပါဘူး” လို့ Newtec က ပြောကြားခဲ့ပါတယ်။
    ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းမှုကို Mytel ရဲ့ ပြည်သူ့ဆက်ဆံရေးဌာနက ပြန်လည်ဖြေကြားခြင်း မရှိဘူးလို့ VOA သတင်းဌာနက ဖော်ပြပါတယ်။
    Newtec ရဲ့ ဒီလုပ်ရပ်အပေါ် ကျွမ်းကျင်သူတွေက ချီးကျူးမှုတွေ ရှိခဲ့သလို၊ ဆောင်ရွက်တာ နောက်ကျတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
    မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုမယ်ဆိုရင် တရားစွဲမယ်လို့ Newtec ရဲ့ စီအီးအို Thomas Van den Driessche က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ Burma Campaign UK အဖွဲ့ကို ခြိမ်းခြောက်ခဲ့ဖူးပါတယ်။
    လူ့အခွင့်အရေးရှေ့နေဖြစ်ပြီး ကုလရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့က အဖွဲ့ဝင်တစ်ဦးလည်းဖြစ်တဲ့ ခရစ္စတိုဖာ ဆီဒိုတီက သူတို့အဖွဲ့ အစီရင်ခံစာထုတ်ပြန်ပြီးနောက်ပိုင်း စစ်တပ်နဲ့ ဆက်သွယ်ဆောင်ရွက်နေတဲ့ နိုင်ငံခြားကုမ္ပဏီတစ်ချို့က သူတို့ရဲ့ ဆက်ဆံရေးကို ပြန်လည်ဆန်းစစ်နေတဲ့ဆိုတဲ့ အကြောင်းကြားမှုတွေ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: VOA