News @ M-Media
Blog
  • အမျိုး၊ ဘာသာအတွက် မက္ကဆီကန်များကို သတ်ရသည်ဟု အလ်ပါဆို သေနတ်သမား ထွက်ဆို
    အမျိုး၊ ဘာသာအတွက် မက္ကဆီကန်များကို သတ်ရသည်ဟု အလ်ပါဆို သေနတ်သမား ထွက်ဆို
    သြဂုတ် ၁၀၊ ၂၀၁၉
    M-Media
    -တက္ကဆက်ပြည်နယ် အလ်ပါဆိုမြို့က လူ ၂၂ ဦးသေဆုံးတဲ့ ပစ်ခတ်မှုမှာ မက္ကဆီကန်တွေကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး၊ အမျိုး ဘာသာ သာသနာကို ကာကွယ်ဖို့ လုပ်ဆောင်ခဲ့တာလို့ သေနတ်သမား ပက်ထရစ်ခရူးရှက်က ၀န်ခံပြောကြားလိုက်ပါတယ်။
    အသက် ၂၁ နှစ်အရွယ် ခရူးရှက်ဟာ သြဂုတ်လ ၃ ရက်နေ့က မက္ကဆီကိုနယ်စပ် အလ်ပါဆိုမြို့မှာရှိတဲ့ Walmart ဆိုင်ကို ၀င်ရောက် ပစ်ခတ်ခဲ့တာပါ။ ပစ်ခတ်မှုအပြီးမှာ ခရူးရှက်က ရဲတပ်ဖွဲ့ထံ အဖမ်းခံခဲ့ပါတယ်။
    ချေမှုန်းရေးရိုင်ဖယ် AK47 နဲ့ ကျည်တွေသယ်ဆောင်ကာ ပစ်ခတ်ခဲ့တာဖြစ်ပြီး၊ မက္ကဆီကန်တွေကို ပစ်မှတ်ထားခဲ့ကြောင်း ခရူးရှက်က ရဲတပ်ဖွဲ့ထံ ၀န်ခံပြောကြားခဲ့ပါတယ်။ ခရူးရှက်ဟာ သူနေထိုင်ရာ ဒါးလက်စ်မြို့ ဆင်ခြေဖုံးကနေ ၁၀ နာရီကြာ ကားမောင်းလာရောက်ကာ ပစ်ခတ်မှုကို ကျူးလွန်ခဲ့တာပါ။
    ပက်ထရစ်ခရူးရှက်
    ပစ်ခတ်မှုမကျူးလွန်ခင် မိနစ်ပိုင်းအလို အွန်လိုင်းမှာ ကြေငြာစာတမ်းတစ်ခုကို ခရူးရှက်က လွှင့်တင်ခဲ့ပြီး အဲဒီအထဲမှာ အစွန်းရောက် လူဖြူအမျိုးသားရေးဝါဒ၊ မက္ကဆီကန်တွေအပေါ် မုန်းတီးမှု၊ လူဖြူကြီးစိုးရေးဝါဒ၊ ပြောင်းရွှေ့အခြေချမှုဆန့်ကျင်ရေး၊ ဂျူးဆန့်ကျင်ရေးတွေကို ရေးသားဖော်ပြထားပါတယ်။
    မက္ကဆီကန်တွေဟာ တက္ကဆက်ပြည်နယ်ကို ကျူးကျော်သိမ်းပိုက်ကာ၊ သွေးနှောနေတဲ့အတွက်
    ရှင်းပစ်မယ်လို့လည်း ခရူးရှက်က ကြေငြာစာထဲမှာ ကြုံးဝါးထားပါတယ်။
    “ကျူးကျော်သိမ်းပိုက်ကာ လူမျိုးရေးနဲ့ ယဉ်ကျေးမှုကို ဖယ်ထုတ်အစားထိုတာတွေကန ကျွန်တော့်တိုင်းပြည်ကို ကာကွယ်ပေးတာပါပဲ”
    လက်ရှိမှာ ခရူးရှက်ကို လူသတ်မှုနဲ့ စွဲချက်တင်ထားပါတယ်။ အမှုကို အမျိုးသားရေးအခြေပြု ပြည်တွင်း အစွန်းရောက်ဝါဒအဖြစ် ကိုင်တွယ်စစ်ဆေးနေတာကြောင့် ခရူးရှက်ကို အမုန်းရာဇ၀တ်မှု
    စွဲချက်တွေနဲ့ ထပ်မံစွဲဆိုသွားဖို့လည်း ရှိနေပါတယ်။
    Ref: Aljazeera
  • မွန်ပြည်နယ်တွေ ရေကြီး မြေပြိုမှုကြောင့် သေဆုံးသူ ၃၀ ကျော်လာ
    မွန်ပြည်နယ်တွေ ရေကြီး မြေပြိုမှုကြောင့် သေဆုံးသူ ၃၀ ကျော်လာ
    သြဂုတ် ၁၀၊ ၂၀၁၉
    M-Media
    မွန်ပြည်နယ် မြေပြိုမှုမြင်ကွင်း
    -လတ်တလော မြန်မာနိုင်ငံတစ်ဝှမ်း မိုးကြီးပြီး ရေကြီးရေလျှံကာ မြေပြိုမှုတွေ ဖြစ်ပွားနေတာကြောင့် အနည်းဆုံး ၃၀ ကျော် သေဆုံးပြီး အများအပြား ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
    နိုင်ငံတောင်ပိုင်း မွန်ပြည်နယ် သဲဖြူကုန်းရွာမှာ သောကြာနေ့က မြေပြိုမှုကြောင့် နေအိမ် ၁၆ အိမ်နဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်း ပြိုကျခဲ့ပါတယ်။
    ဒီအဖြစ်အပျက်ကြောင့် သေဆုံးသူဟာ ၃၄ ဦး ရှိလာပြီးဖြစ်ပြီး ပျောက်ဆုံးနေသူတွေလည်း ရှိနေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ ပျောက်ဆုံးနေသူ ၈၀ လောက် ရှိမယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
    မွန်ပြည်နယ်အပါအ၀င် မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရေကြီးမှုဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားခဲ့ရပါတယ်။ ရန်ကုန်ကနေ မွန်ပြည်နယ်ကို ပြေးဆွဲတဲ့ ရထားခရီးစဉ်တစ်ချို့ကို ရပ်ဆိုင်းခဲ့ရသလို၊ အဝေးပြေးကားလမ်းတွေလည်း ရေကြီးမှုကြောင့် ပိတ်ထားခဲ့ရပါတယ်။
    ဘီးလင်းမြို့နယ်ဟာ မွန်ပြည်နယ်မှာ ရေကြီးမှုကို အဆိုးဝါးဆုံး ခံစားနေရတဲ့ ဒေသဖြစ်ပြီး လူပေါင်း တစ်ထောင်လောက် အိုးအိမ်စွန့်ခွာကာ ပြည်နယ်အစိုးရက ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေး စခန်းတွေမှာ နေထိုင်နေရပါတယ်။
    မြန်မာနိုင်ငံတစ်ဝှမ်းက အခြားဒေသတွေ အထူးသဖြင့် မြစ်တွေနဲ့နီးတဲ့ ဒေသတွေမှာလည်း ရေကြီးမှုတွေ ရှိနေတာကြောင့် ပြည်သူတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ ကုလကတော့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း မြန်မာနိုင်ငံမှာ ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၈၉၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
    Ref: CNA
  • ပြည်တွင်းဖြစ် အဆင့်မြင့် ဒုံးခွင်းစနစ်တစ်ခုကို အီရန်က မကြာမီ ထုတ်ပြမည်
    ပြည်တွင်းဖြစ် အဆင့်မြင့် ဒုံးခွင်းစနစ်တစ်ခုကို အီရန်က မကြာမီ ထုတ်ပြမည်
    သြဂုတ် ၉၊ ၂၀၁၉
    M-Media
    အီရန်၏ Talash ဒုံးခွင်းစနစ်
    -အဆင့်မြင့် ဒုံးခွင်းစနစ်တစ်ခု အပါအ၀င် ပြည်တွင်းဖြစ် စစ်လက်နက်ပစ္စည်းတွေကို သြဂုတ်လ ၂၂ ရက်နေ့မှာ ကျရောက်မယ့် ‘ကာကွယ်ရေး ထုတ်ကုန်များနေ့’ မှာ ထုတ်ပြသွားမယ်လို့ အီရန် ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် အမီရ် ဟာတာမီက ပြောကြားလိုက်ပါတယ်။
    စစ်လက်နက်ပစ္စည်း ပြပွဲအခမ်းအနားကို နိုင်ငံအလယ်ပိုင်း အစ္စဖာဟန်မြို့မှာ ပြုလုပ်မှာဖြစ်ပြီး
    ပြည်တွင်းဖြစ် Bavar-373 ဒုံးခွင်းစနစ်၊ သံချက်ကာယာဉ်တွေနဲ့ အခြားစစ်လက်နက်ပစ္စည်းတွေလည်း ပါဝင်မှာဖြစ်ပါတယ်။
    ဟာတာမီက ဒီစစ်လက်နက်ပစ္စည်းတွေဟာ တိုင်းပြည်ရဲ့ ကာကွယ်ရေးစွမ်းရည်ကို တိုးတက်ကောင်းမွန်စေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
    Bavar-373 ဒုံးခွင်းစနစ်ဟာ အလွယ်တကူ ရွှေ့ပြောင်းနိုင်တဲ့ မြေပြင်က ဝေဟင်ပစ် တာဝေး ဒုံးခွင်းစနစ် ဖြစ်ပြီး ရုရှားရဲ့ S-300 ဒုံးခွင်းကို ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ ဒုံးကျည်မျိုးစုံလည်း သယ်ဆောင်ပစ်ခတ်နိုင်ပါတယ်။
    အီရန်ဟာ ၂၀၁၃ ခုနှစ်မှာ Talash၊ ၂၀၁၆ ခုနှစ်မှာ ပထမမျိုးဆက် Bavar-373 စတဲ့ တာဝေးပစ် ဒုံးခွင်းစနစ်တွေကို ထုတ်ပြခဲ့ပြီး ၂ ခုစလုံးဟာ ပြည်တွင်းဖြစ်တွေ ဖြစ်ပါတယ်။
    စမတ်ဗုံးသစ်
    အီရန်ဟာ သြဂုတ်လ ၅ ရက်နေ့မှာလည်း Yasin၊ Balaban နဲ့ Ghaem လို့ အမည်ရတဲ့ ပြည်တွင်းဖြစ် စမတ်ဗုံးတွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။
    Balaban ဟာ ခေါက်နိုင်တဲ့ တောင်ပံတွေပါဝင်ပြီး၊ GPS နဲ့ ဆင်ဆာတွေ တပ်ဆင်ထားကာ
    တိုက်လေယာဉ်မှာ တပ်ဆင် ပစ်ခတ်နိုင်တဲ့ ဗုံးအမျိုးအစား ဖြစ်ပါတယ်။
    Yasin ကတော့ တာဝန်ပစ် စမတ်ဗုံးအမျိုးအစားဖြစ်ပြီး လူလိုက်ပါတဲ့ လေယာဉ်တွေ၊ လူမဲ့ လေယာဉ်တွေမှာ တပ်ဆင်ကာ ကီလိုမီတာ ၅၀ အကွာမှာရှိတဲ့ ပစ်မှတ်တွေကို မှန်အောင် ပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။
    အခုမိတ်ဆက်လိုက်တဲ့ Ghaem ကတော့ ၅၀ စင်တီမီတာလောက်အထိ သေးငယ်တဲ့ ပစ်မှတုတွေကို တိတိကျကျထိအောင် ပစ်ခတ်နိုင်တဲ့ စမတ်ဗုံးအမျိုးအစား ဖြစ်ပါတယ်။ ပစ်မှတ်ကို အလိုအလျောက် ခြေရာခံတဲ့စနစ်တွေ တပ်ဆင်ထားသလို လူပါ၊ လူမဲ့ လေယာဉ်တွေ၊ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ စသဖြင့် ဘယ်လို လေယာဉ်မျိုးမှာမဆို တပ်ဆင်ပစ်ခတ်နိုင်ပါတယ်။
    ပြည်ပက ပိတ်ဆို့မှုတွေကို ခံနေရတဲ့ အီရန်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကာကွယ်ရေးကဏ္ဍမှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် ကြိုးစားလာခဲ့ပြီး အောင်မြင်မှုတွေလည်း ရရှိထားပါတယ်။
    Ref: Press TV
  • ​သွေးလွန်​တုပ်​​ကွေး အန္တရာယ်​ကျ​ရောက်​​နေ​ကြောင်း ဖိလစ်​ပိုင်​​ကြေငြာ
    သဂုတ် ၇၊ ၂၀၁၉
    M-Media
    -အခုနှစ်အတွင်း ​သွေးလွန်​တုပ်​​ကွေး ကာင့် သေဆုံးသူဟာ ၆၂၂ ဦးအထိ ရှိလာတဲ့အတွက် ဖိလစ်ပိုင်နိုင်ငံက ​သွေးလွန်​တုပ်​​ကွေး​ရောဂါ အန္တရာယ် ကျရောက်နေတဲ့ နိုင်ငံတစ်ခုအဖြစ် ကြေငြာလိုက်ပါတယ်။
    ဇန်နဝါရီလကနေ ဇူလိုင်လ ၂၀ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံမှာ ​သွေးလွန်​တုပ်​​ကွေး ဖစ်ပွားသူ တစ်သိန်း ၄ သောင်းကျော် ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်ကထက် ၉၈ ရာခိုင်နှုန်း များပြားလာတာ ဖြစ်ပါတယ်။ နိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ အဓိက ဖြစ်ပွားနေတာပါ။
    မနေ့ကညပိုင်းမှာတော့ ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာနက ငှက်ဖျားရောဂါ ကျရောက်နေတဲ့ နိုင်ငံအဖြစ် ကြေငြာလိုက်ပါတယ်။
    ကျန်းမာရေးဝန်ကြီး ဖရန်စစ္စကို ဒူကေးက အခုလို ကြေငြာလိုက်ခြင်းအားဖြင့် အစိုးရရဲ့ အရေးပေါ် ရန်ပုံငွေကနေ ရောဂါတိုက်ဖျက်ရေးအတွက် ထုတ်ယူသုံးစွဲနိုင်မှာဖြစ်ပြီး ပြည်နယ်အစိုးရတွေရဲ့ ဆောင်ရွက်မှုကို ပိုမိုအားကောင်းစေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
    ၂၀၁၇ ခုနှစ်မှာ သမ္မတ ဒူတာတေးဟာ​သွေးလွန်​တုပ်​​ကွေး ကာကွယ်ဆေး Dengvaxia ကို ပိတ်ပင်ခဲ့ပြီး
    အခုဖြစ်ပွားမှုဟာ ဒီပိတ်ပင်မှုရဲ့ နောက်ဆက်တွဲဖြစ်တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ဆေးထုတ်လုပ်တဲ့ ပြင်သစ်ကုမ္ပဏီက Dengvaxia ဆေးဟာ အရင်က ငှက်ဖျားမဖြစ်ဖူးသူတွေအပေါ် ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်တယ်လို့ သတိပေးခဲ့ပြီးတဲ့နောက် ဒူတာတေးက ပိတ်ပင်ခဲ့တာပါ။
    အခုနှစ်အတွင်း အရှေ့တောင်အာရှနိုင်ငံတွေမှာ ​သွေးလွန်​တုပ်​​ကွေားးရောဂါဖြစ်ပွားမှု သိသိသာသာ မြင့်တက်လာတယ်လို့ WHO က ထုတ်ပြန်ထားပါတယ်။
    မလေးရှားမှာ ​သွေးလွန်​တုပ်​​ကွေး ဖစ်ပွားမှုဟာ ပြီးခဲ့တဲ့နှစ်ကထက် ၂ ဆနီးနီး တက်လာပြီး၊ ဗီယက်နမ်မှာလည်း ၄ ဆနီးပါးအထိ မြင့်တက်လာပါတယ်။ တောင်အာရှမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငာံးေ​သွေးလွန်​တုပ်​​ကွေး​ရောဂါ ပြန့်နှံ့မှုဒဏ်ကို အကြီးအကျယ် ခံစားနေရပါတယ်။
    Ref: Aljazeera
  • ကက်ရှ်မီးယားတွင် အိန္ဒိယ၏ ဆောက်ရွက်ချက်များကို ကမ္ဘ္ဘာက စိုးရိမ်လာ
    ကက်ရှ်မီးယားတွင် အိန္ဒိယ၏ ဆောက်ရွက်ချက်များကို ကမ္ဘ္ဘာက စိုးရိမ်လာ
    သြဂုတ် ၇၊ ၂၀၁၉
    M-Media
    -ကက်ရှ်မီးယားဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရုပ်သိမ်းပြီး၊ ကာဖျူးထုတ်ပြန်ထားတဲ့ အိန္ဒိယရဲ့ လုပ်ရပ်အပေါ် နိုင်ငံတကာက စိုးရိမ်ကြောင်း ပြောကြားခဲ့ကြပြီး၊ အရင်ကတည်းက တင်းမာနေတဲ့
    အခြေအနေကို ပိုမို ဆိုးရွားသွားစေနိုင်တယ်လို့ သတိပေးမှုတွေလည်း ရှိလာပါတယ်။
    လူမျိုးစုဒေသဖြစ်ပြီး ၁၉၄၇ ခုနှစ် လွတ်လပ်ရေးရတဲ့အချိန် အိန္ဒိယနိုင်ငံထဲကို ပါလာခဲ့တဲ့ ကက်ရှ်မီးယားဒေသကို အိန္ဒိယအခြေခံဥပဒေ ‘ပုဒ်မ ၃၇၀’ နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားတာ ဖြစ်ပါတယ်။
    ပြည့်ဝတဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်မျိုးမဟုတ်ပေမယ့် ကာကွယ်ရေး၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေးနဲ့
    ဆက်သွယ်ရေးတွေကလွဲရင် ကျန်တဲ့ကိစ္စတွေအားလုံးကို ဗဟိုအစိုးရရဲ့ ချုပ်ကိုင်မှုမပါဘဲ ဒေသအစိုးရက စီမံ ဆောင်ရွက်နိုင်ပါတယ်။
    တနင်္လာနေ့မှာတော့ ပုဒ် ၃၇၀ ကို ဖျက်သိမ်းကြောင်း အိန္ဒိယသမ္မတက ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး၊ တပ်တွေ ထပ်ထိုးချထားတာ၊ တစ်ချို့ဒေသတွေမှာ ညမထွက်ရအမိန့်ထုတ်ပြန်တာ၊ ဒေသတွင်းက နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးတာ၊ ဆက်သွယ်ရေး ပိတ်ပင်တာတွေကို လုပ်ဆောင်ခဲ့ပါတယ်။
    အိန္ဒိယ လွှတ်တော်ကလည်း ကက်ရှ်မီးယားဒေသကို ၂ ပိုင်းခွဲကာ ဗဟိုအစိုးရရဲ့ တိုက်ရိုက်ချုပ်ကိုင်မှုအောက်မှာ ထားရှိဖို့ ဆောင်ရွက်လာပါတယ်။
    ကက်ရှ်မီးယားဒေသဟာ ခွဲထွက်ရေးလိုလားတဲ့ သူပုန်အုပ်စုနဲ့ ဗဟိုအစိုးရတို့အကြား ၁၀ စုနှစ်ချီ တိုက်ခိုက်မှုတွေ ရှိနေတဲ့ ဒေသဖြစ်ပြီး အိန္ဒိယအစိုးရဲ့ အခုလိုဆောင်ရွက်မှုက အရင်ကတည်းက ရှိနေတဲ့ တင်းမာမှုတွေကို ပိုမိုဆိုးရွားစေလိမ့်မယ်လို့ သတိပေးမှုတွေ ရှိနေပါတယ်။
    ပါကစ္စတန်က တုန့်ပြန်မည်
    ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက အိန္ဒိယရဲ့ ဒီလုပ်ရပ်ကို တုန့်ပြန်သွားမယ်လို့ မနေ့က လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောကြားခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ကြားဝင်ဆောင်ရွက်ဖို့လည်း ပန်ကြားခဲ့ပါတယ်။
    အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ကက်ရှ်မီးဒယားဒေသကို ပိုင်ဆိုင်ရေးအတွက် ၂ ကြိမ်တိုင်တိုင် စစ်ဖြစ်ခဲ့ပြီး လက်ရှိမှာ တစ်ဝက်စီကို ထိန်းချုပ်ထားပါတယ်။ နှစ်နိုင်ငံစလုံးက ကက်ရှ်မီးယားဒေသကို သူတို့ ပိုင်ဆိုင်တယ်လို့ အခိုင်အမာ ပြောကြားထားကြပါတယ်။
    ခန်းက အိန္ဒိယရဲ့ လုပ်ရပ်ကြောင့် ကက်ရှ်မီးယားမှာ ပိုမိုဆိုးဝါးတဲ့ အခြေအနေတွေ ဖြစ်လာမယ်လို့ သတိပေးခဲ့ပြီး နိုင်ငံတကာ ရာဇ၀တ်ခုံရုံးအပါအ၀င် ကမ္ဘ္ဘာ့အသင်းအဖွဲ့တိုင်း၊ အခမ်းအနားတိုင်းမှာ ဒီကိစ္စကို တင်သွင်းသွားမယ်လို့ဆိုပါတယ်။
    ပါကစ္စတန်စစ်တပ် အကြီးအကဲ ဗိုလ်ချုပ် ကမာ ဂျာဝိဒ် ဘဂ်ျဝါက ထိပ်တန်းတပ်မှူးတွေကို ခေါ်ယူကာ အရေးပေါ်အစည်းအဝေးတစ်ခု ကျင်းပခဲ့ပြီး ကက်ရှ်မီးယားအရေးကို မနေ့က ဆွေးနွေးခဲ့ပါတယ်။ ကက်ရှ်မီးယားပြည်သူတွေရဲ့ ဆန္ဒဖက်မှာ ပါကစ္စတန်စစ်တပ်က ရပ်တည်သွားမှာဖြစ်ပြီး ဒီရပ်တည်ချက် ဆက်လက်တည်တံ့စေဖို့ ဘယ်လိုနည်းလမ်းနဲ့မဆို လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    ကမ္ဘ္ဘာကစိုးရိမ်
    ကက်ရှ်မီးယားရဲ့ လက်ရှိအနေအထားကို တစ်ဖက်သက် ပြောင်းလဲမှုနဲ့ ဗုဒ္ဓဘာသာဝင်အများစုရှိရာ လာဒက်ဒေသကို ဗဟိုအစိုးရရဲ့ တိုက်ရိုက်ချုပ်ကိုင်မှုအောက် ထားရှိရေး ဆောင်ရွက်မှုတွေကို ရှုတ်ချကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
    အိန္ဒိယ၊ ပါကစ္စတန်တို့အနေနဲ့ အငြင်းပွားမှုတွေကို တွေ့ဆုံဆွေးနွေးမှုတွေကနေ တစ်ဆင့်သာ
    ဖြေရှင်းဖို့၊ ဒေသ တည်ငြိမ်ရေးကို အလေးထားဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်ယင်းက တိုက်တွန်းခဲ့ပါတယ်။
    မိမိတို့ရဲ့ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ခြင်း မပြုဖို့ အိန္ဒိယက တရုတ်ကို ချက်ခြင်း ပြန်လည် သတိပေးခဲ့ပါတယ်။
    တရုတ်နဲ့ အိန္ဒိယတို့အကြားမှာလည်း ကက်ရှ်မီးယားကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွားမှု ရှိနေပါတယ်။ နိုင်ငံအနေမြောက်ပိုင်းက မြေပိုင်နက် ၃၈၀၀၀ စကွဲယားကီလိုမီတာကို တရုတ်က ရားမ၀င် သိမ်းပိုက်ထားတယ်လို့ အိန္ဒိယက စွပ်စွဲထားပြီး တရုတ်ကတော့ စကွဲယားကီလိုမီတာ ၉၀၀၀၀ လောက်ဟာ မိမိတို့ပိုင်နက်ဖြစ်တယ်လို့ ဆိုပါတယ်။
    ကုလ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က ကက်ရှ်မီးယားကိစ္စမှာ ပါဝင်ပတ်သက်သူတွေအားလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ တနင်္လာနေ့မှာ တိုက်တွန်းခဲ့ပါတယ်။
    ဥရောပသမဂ္ဂကလည်း မိမိတို့အနေနဲ့ ဒီကိစ္စကို အနီးကပ် စောင့်ကြည့်နေပြီး ဒေသတွင်းမှာ တင်းမာမှုတွေ မဖြစ်အောင် ရှောင်ရှားဖို့ တိုက်တွန်းကြောင်း ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera