News @ M-Media

Blog

  • တိုင်းပြည်စည်းလုံးအောင် လုပ်ဆောင်မည်ဟု ဗြိတိန်ဝန်ကြီးချုပ်သစ် ပြော

    တိုင်းပြည်စည်းလုံးအောင် လုပ်ဆောင်မည်ဟု ဗြိတိန်ဝန်ကြီးချုပ်သစ် ပြော

    ဇူလိုင် ၂၄၊ ၂၀၁၉
    M-Media

    -အစိုးရသစ်ဟာ ခေတ်သစ်ဗြိတိန်ရဲ့ မတူကွဲပြားမှုကို ရောင်ပြန်ဟပ်မှာဖြစ်ပြီး၊ Brexit နဲ့ တိုင်းပြည်ညီညွတ်ရေးကို အဓိကထား လုပ်ဆောင်သွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ်သစ်ဖြစ်လာမယ့် ဘောရစ်ဂျွန်ဆင်က ပြောကြားလိုက်ပါတယ်။

    လန်ဒန်မြို့တော်ဝန်ဟောင်း ဂျွန်ဆင်ဟာ မနေ့က ကွန်ဆာဗေးတစ်ပါတီ အကြီးအကဲအဖြစ် ရွေးချယ်ခံခဲ့ရပြီး ဒီကနေ့မှာတော့ ဗြိတိန်ဝန်ကြီးချုပ် ရာထူးကို တရားဝင်ရယူကာ အစိုးရဖွဲ့မှာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့မှာ ဂျွန်ဆင်ဟာ အမျိုးသမီတွေနဲ့ တိုင်းရင်းသား လူနည်းစုတွေ ပါဝင်မှုကို တိုးမြှင့်သွားဖို့ ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

    ပါတီခေါင်းဆောင်ယှဉ်ပြိုင်မှာ နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီဟန့်ကို အနိုင်ရခဲ့ပြီးတဲ့နောက် ဂျွန်ဆင်က သူဟာ ဗြိတိန် ဥရောပသမဂ္ဂကနေထွက်ရေး၊ တိုင်းပြည် စည်းလုံးညီညွတ်ရေးနဲ့ အတိုက်အခံ လေဘာပါတီ ဂျယ်ရီမီ ကွရ်ဘာန်ကို အနိုင်ရရှိရေး အဓိကထား လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော့်ကို မယုံတဲ့သူတွေကို ပြောချင်တာက – ကျွန်တော်တို့ဟာ တိုင်းပြည်ကို အားဖြည့်ကာ၊ အောက်တိုဘာ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး Brexit ကိစ္စကို ပြီးအောင် လုပ်သွားမယ် ဆိုတာပါ”

    လက်ရှိဝန်ကြီးချုပ် ထရီဇာမေဟာ ဒီကနေ့ ဘက်ကင်ဟမ် နန်းတော်မှာ ဘုရင်မကြီးထံ နှုတ်ထွက်စာ တင်သွင်းမှာဖြစ်ပြီး၊ အဲဒီနောက်မှာတော့ ဂျွန်ဆင်ကို ၀န်ကြီးချုပ်သစ်အဖြစ် ဘုရင်မကြီးက ခန့်အပ်မှာ ဖြစ်ပါတယ်။

    အစိုးရသစ်မှာ ပါတီအတွင်းက အရည်အချင်းရှိသူတွေအားလုံး ပါဝင်လာမှာဖြစ်ပြီး ခေတ်သစ်ဗြိတိန်ကို ရောင်ပြန်ဟပ်လိမ့်မယ်လို့ ဂျွန်ဆင်နဲ့ နီးစပ်တဲ့ ရင်းမြစ်တစ်ခုက Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အမျိုးသမီးတွေ၊ မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းက လူတွေလည်း အစိုးရသစ်မှာ ပိုမိုပါဝင်လာဖို့ ရှိနေပါတယ်။

    ဥရောပသမဂ္ဂကနေ ဗြိတိန်နှုတ်ထွက်ရေး (Brexit) ကိစ္စမှာ ချောချောမွေ့မွေ့ ဖြစ်စေဖို့အတွက် ညှိနှိုင်းဆွေးနွေးသွားမယ်လို့ ဂျွန်ဆင်က ကတိပြုထားပါတယ်။

    Ref: BBC, Reuters

  • ကက်ရှ်မီးယားအရေး ကြားဝင်ပေးရန် မိုဒီက တောင်းဆိုဟု ထရမ့်ပြော

    ကက်ရှ်မီးယားအရေး ကြားဝင်ပေးရန် မိုဒီက တောင်းဆိုဟု ထရမ့်ပြော

    ဇူလိုင် ၂၃၊ ၂၀၁၉
    M-Media

    -ပိုင်နက်အငြင်းပွားမှုဖြစ်နေတဲ့ ကက်ရှ်မီးယားအရေး ကြားဝင်ဆွေးနွေးပေးဖို့ အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီက မိမိကို ပြောကြားခဲ့တယ်လို့ သမ္မတထရမ့်က ထုတ်ဖော်ပြောဆိုလိုက်ပြီး အိန္ဒိယကတော့ ထရမ့်ရဲ့ ဒီမှတ်ချက်ကို ငြင်းဆိုခဲ့ပါတယ်။

    မနေ့က အိမ်ဖြူတော်မှာ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းနဲ့ တွေ့ဆုံစဉ် ထရမ့်က ဒီလိုပြောကြားလိုက်တာဖြစ်ပြီး ဖြစ်နိုင်ရင် ကူညီချင်တယ်လို့လည်း ဆိုပါတယ်။

    ခန်းကတော့ ကက်ရှ်မီးယားကိစ္စကို တကယ်သာ ဖြေရှင်းပေးနိုင်ရင် အိန္ဒိယတိုက်ငယ်က လူ သန်းတစ်ထောင်လောက်ရဲ့ မေတ္တာကို ရရှိလိမ့်မယ်လို့ ထရမ့်ကို ပြောကြားခဲ့ပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ကက်ရှ်မီးယားအရေးကို ထိပ်တိုက်ဖြေရှင်းသွားမယ်ဆိုတဲ့ မူဝါဒ ရှိနေတာပါ။

    အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ရာဗီရှ် ကူးမားရ်က ထရမ့်ရဲ့ မှတ်ချက်ကို ငြင်းဆိုခဲ့ပြီး၊ ၀န်ကြီးချုပ်မိုဒီလည်း ထရမ့်ကို ဒီလို မပြောခဲ့ဘူးလို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    “ပါကစ္စတန်နဲ့ ဖြစ်နေတဲ့ ပြဿနာတွေအားလုံးကို နှစ်နိုင်ငံတည်းသာ ဆွေးနွေးမယ်ဆိုတဲ့ ရပ်တည်ချက်ကို အိန္ဒိယ အမြဲတမ်း ရပ်တည်နေပါတယ်”

    အိန္ဒိယနဲ့ ပါကစ္စတန်တို့အကြား ဖြစ်ပွားခဲ့တဲ့ ကက်ရှ်မီးယားပြဿနာဟာ ၁၀ စုနှစ်ချီကြာမြင့်နေပြီဖြစ်ပြီး ပြီးခဲ့တဲ့ နှစ် ၃၀ အတွင်း စစ်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

    Ref: Aljazeera

  • ပါလက်စတိုင်းနေအိမ် အများအပြားကို အစ္စရေးက ကျူးကျော်ဖြိုဖျက်

    ပါလက်စတိုင်းနေအိမ် အများအပြားကို အစ္စရေးက ကျူးကျော်ဖြိုဖျက်

    ဇူလိုင် ၂၃၊ ၂၀၁၉
    M-Media

    ပါလက်စတိုင်းအိမ်ယာတစ်ခုအား အစ္စရေးက ဖြိုချ ဖျက်ဆီးနေပုံ

    -နိုင်ငံတကာက ဝေဖန်ကန့်ကွက်မှုတွေရှိပေမယ့် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက လူနေအိမ်ယာ ၁၆ ခုကို အစ္စရေးတပ်ဖွဲ့တွေက မနေ့မှာ ဖြိုချဖျက်ဆီးလိုက်ပါတယ်။

    အစ္စရေးရဲ့ နယ်ခြားတံတိုင်းနဲ့ ကပ်နေတဲ့ ဝါဒီ အလ်-ဟမ်မက်စ် ရပ်ကွက်မှာ အစ္စရေးစစ်သားတွေက ဘူလ်ဒိုဇာတွေနဲ့ မနေ့ညပိုင်းမှာ လာရောက် ဖြိုဖျက်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၆၇ ခုနှစ်မှာ ကျူးကျော်သိမ်းပိုက်ထားတဲ့ အရှေ့ဂျေရုစလင်နဲ့ အနောကဖက်ကမ်းကို ခွဲခြားဖို့ ရည်ရွယ်တဲ့ အဲဒီတံတိုင်းတစ်လျှောက်က ပါလက်စတိုင်းအိမ်ယာတွေကို အစ္စရေးက လုံခြုံရေးခြိမ်းခြောက်မှုအဖြစ် ယူဆထားပါတယ်။

    ဝါဒီ အလ်-ဟမ်မက်စ်ရပ်ကွက်ကို မဖျက်ဆီးဖို့အတွက် ပါလက်စတိုင်းတွေက အစ္စရေးတရားရုံးမှာ ၇ နှစ်ကြာ တရားရင်ဆိုင်ခဲ့ရပေမယ့် ဖျက်ဆီးမယ့်အစီအစဉ်ကို တရားရုံးချုပ်က ပြီးခဲ့တဲ့လမှာ အတည်ပြုခဲ့ပါတယ်။

    အစ္စရေး ပြည်တွင်းလုံခြုံရေးဝန်ကြီး ဂီလဒ် အာရ်ဒန်က ပါလက်စတိုင်းတွေဟာ ဒီအဆောက်အဦးတွေကို သူတို့သဘောနဲ့သူတို့ ဆောက်လုပ်ထားတာဖြစ်ပြီး၊ လုံခြုံရေးတပ်ဖွဲ့တွေအတွက် ခြိမ်းခြောက်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းတွေက အစ္စရေးရဲ့ လုံခြုံရေးအကြောင်းပြချက်ဟာ ဆင်ခြေတစ်ခုသာဖြစ်ပြီး ပါလက်စတိုင်းပိုင်နက်မှာ ကျူးကျော်အိမ်ယာတွေဆောက်လုပ်ကာ သိမ်းပိုက်ဖို့ ရေရှည်စီမံကိန်း တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ တုန့်ပြန်ပြောဆိုထားပါတယ်။ ပါလက်စတိုင်းပိုင်နက်တွေမှာ ကျူးကျော်အိမ်ယာတွေ ဆောက်လုပ်တာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်လုပ်ဆောင်တာဖြစ်ပြီး
    ကမ္ဘ္ဘာ့အသိုင်းအဝိုင်းက ရှုတ်ချထားပေမယ့် အစ္စရေးက မလိုက်နာပါဘူး။

    မနေ့က ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့တဲ့ ဝါဒီ အလ်-ဟမ်မက်စ်ရပ်ကွက်ဟာ ၁၉၉၃ ခုနှစ်က အစ္စရေးနဲ့ ပါလက်စတိုင်းတို့အကြား ချုပ်ဆိုခဲ့တဲ့ အော်စလိုစာချုပ်အရ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ရဲ့ စီမံမှုအောက်မှာ ရှိနေတာဖြစ်ပါတယ်။

    ပါလက်စတိုင်း လူ့အခွင့်အရေးအဖွဲ့ Al Haq က ရှေ့နေဖြစ်သူ ဒါလီယာ ကမ်ရှီက ကျူးကျော်သိမ်းပိုက်မှု စတင်လုပ်ဆောင်ကတည်းက အစ္စရေးဟာ ပါလက်စတိုင်းပိုင်နက်တွေမှာရှိတဲ့ အဆောက်အဦးတွေ၊ နေအိမ်တွေ ဖျက်ဆီးရှင်းလင်းတာကို တစ်စိုက်မတ်မတ် လုပ်ဆောင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းအာဏာပိုင်တွေကတော့ အခု ဖြိုချဖျက်ဆီးခံရတဲ့ အိမ်တွေဟာ ထိန်းချုပ်စည်းမျဉ်းအတွင်းမှာရှိပြီး ဆောက်လုပ်ဖို့ ပါမစ်တွေကို ပါလက်စတိုင်းအာဏာပိုင်တွေက တရားဝင်ထုတ်ပေးထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ PLO က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အစ္စရေးတရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ ကျူးကျော်တပ်ဖွဲ့တွေက ပါလက်စတိုင်းအိမ်ယာတွေကို ဖျက်ဆီးနိုင်ရေး လမ်းဖွင့်ပေးလိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ဥရောပသမဂ္ဂကလည်း အစ္စရေးရဲ့ ဒီလုပ်ရပ်ကို ရှုတ်ချခဲ့ပြီး ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ရဲ့ တရားစီရင်ရေးနယ်ပယ်အောက်မှာရှိတဲ့ အဆောက်အဦးတွေကို ဖျက်ဆီးတာဟာ နိုင်ငံတကာ ဥပဒေအရ တရားမ၀င်ဘူးလို့ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

    ပြင်သစ်ကထုတ်ပြန်တဲ့ ကြေငြချက်မှာလည်း ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ စီမံမှုအောက်က အဆောက်အဦးတွေကို ဖြိုချဖျက်ဆီးတာဟာ အန္တရာယ်ရှိတဲ့ လုပ်ဆောင်ချက်ဖြစ်ပြီး နှစ်နိုင်ငံတည်ရှိရေးအဖြေအပေါ် တိုက်ရိုက်ခြိမ်းခြောက်မှု ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    Ref: Aljazeera

  • အာဆီယံတွင် ဆေးယဉ်ပါး ငှက်ဖျားရောဂါ ပြန့်နှံ့မှု စိုးရိမ်စရာ မြင့်တက်

    အာဆီယံတွင် ဆေးယဉ်ပါး ငှက်ဖျားရောဂါ ပြန့်နှံ့မှု စိုးရိမ်စရာ မြင့်တက်

    ဇူလိုင် ၂၃၊ ၂၀၁၉
    M-Media

    -ငှက်ဖျားရောဂါ တိုက်ဖျက်ရေးမှာ အဓိကကျတဲ့ ဆေးဝါးနှစ်မျိုးကို ယဉ်ပါးတဲ့ ငှက်ဖျားရောဂါပိုးဟာ အရှေ့တောင်အာရှမှာ အလျင်အမြန် ပြန့်နှံ့လာတယ်လို့ သိပ္ပံပညာရှင်တွေက တနင်္လာနေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

    KEL1/PLA1 လို့ အမည်ပေးထားတဲ့ အဲဒီ ငှက်ဖျားပိုးဟာ မျိုးရိုးဗီဇ ပြောင်းလဲမှုကနေတစ်ဆင့် ဆေးယဉ်ပါးလာတာဖြစ်ပြီး ကမ္ဘေ္ဘာဒီးယားကနေ ဗီယက်နမ်၊ လာအိုနဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းတို့မှာ အလျင်အမြန်ပြန့်နှံ့လာတာ ဖြစ်ပါတယ်။

    ဗြိတိန်က Wellcome Sanger Institute နဲ့ အောက်စဖို့ဒ်တက္ကသိုလ်၊ ထိုင်းနိုင်ငံက Mahidol တက္ကသိုလ်တို့ ပူးပေါင်းပြုလုပ်တဲ့ သုတေသနမှာ ပါဝင်သူ ရောဘတ်တို အေမာတိုက KEL1/PLA1ပိုးဟာ အရှေ့တောင်အာရှမှာ ရှိနေတဲ့ ငှက်ဖျားရောဂါပိုးနေရာမှာ အစားထိုး ၀င်ရောက်နေပြီလို့ ပြောကြားခဲ့ပါတယ်။

    ငှက်ဖျားရောဂါပိုးဟာ ခြင်က သယ်ဆောင်ပြီး ကူးစက်တဲ့ Plasmodium ပိုးကြောင့် ဖြစ်ပွားတာဖြစ်ပါတယ်။ ကမ္ဘ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ၂၀၁၇ ခုနှစ်အတွင်း ကမ္ဘ္ဘာတစ်ဝှမ်း ငှက်ဖျားရောဂါဖြစ်ပွားသူ သန်းပေါင်း ၂၂၀ လောက် ရှိခဲ့ပြီး ၄ သိန်း သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ရောဂါဖြစ်ပွားမှု၊ သေဆုံးမှု အများစုဟာ အာဖရိကမှာရှိတဲ့ ဆဟာရဒေသက ကလေးငယ်တွေ ဖြစ်ပါတယ်။

    ငှက်ဖျားဖြစ်တာကို စောစောသိမယ်ဆိုရင် ဆေးဝါးတွေနဲ့ ပျောက်ကင်းအောင် ကုသနိုင်ပေမယ့် ဆေးယဉ်ပါးတဲ့ ငှက်ဖျားပိုး ကမ္ဘ္ဘာတစ်ဝှမ်း ပြန့်နှံ့မှု – အထူးသဖြင့် အရှေ့တောင်အာရှမှာ ပြန့်နှံ့မှုဟာ မြင့်တက်လာခဲ့ပါတယ်။

    ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း အာရှမှာ ငှက်ဖျားရောဂါကို DHA-PPQ နည်းလမ်းနဲ့ ကုသခဲ့ပေမယ့် ၂၀၀၇ ခုနှစ် ၂၀၁၃ ခုနှစ်အတွင်း ကမ္ဘေ္ဘာဒီယားမှာ ဒီဆေးကို ယဉ်ပါးတဲ့ ငှက်ဖျားပိုး ပြန့်နှံလာတာကို သိပ္ပံပညာရှင်တွေက တွေ့ခဲ့ရပါတယ်။

    The Lancet Infectious Diseases ဂျာနယ်မှာ ဖော်ပြထားတဲ့ နောက်ဆုံး သုတေသန တွေ့ရှိချက်မှာတော့ ဗီယက်နမ်၊ လာအိုနဲ့ ထိုင်းမြောက်ပိုင်းတွေကိုပါ ရောက်ရှိလာတယ်လို့ ဆိုပါတယ်။

    “အရှေ့တောင်အာရှမှာ ဆေးယဉ်ပါး ငှက်ဖျားရောဂါပိုး ပြန့်နှံ့လာတာဟာ စိုးရိမ်စရာပါ။ တစ်ချို့ဆေးတွေက ဒီအချိန်မှာ ထိရောက်မှု ရှိကောင်းရှိနိုင်ပေမယ့်၊ အခြေအနေက တော်တော်ဆိုးနေပြီး၊ အရေးပေါ် ဆောင်ရွက်ချက်တွေ လိုအပ်နေတယ်ဆိုတာ ဒီလေ့လာမှုက မီးမောင်းထိုးပြနေပါတယ်” လို့ သုတေနကို ပူးတွဲဦးဆောင်ခဲ့သူ အိုလီဗို မီယိုတိုက ပြောကြားခဲ့ပါတယ်။

    Ref: Retuers

  • သမိုင်းသစ်ရေးမည့် လသွားခရီးအတွက် အာကာသယာဉ်ကို အိန္ဒိယက အောင်မြင်စွာ လွှတ်တင်

    သမိုင်းသစ်ရေးမည့် လသွားခရီးအတွက် အာကာသယာဉ်ကို အိန္ဒိယက အောင်မြင်စွာ လွှတ်တင်

    ဇူလိုင် ၂၃၊ ၂၀၁၉
    M-Media

    -အာကာသမိုင်းမှာ သမိုင်းသစ်စိုက်ထူနိုင်မယ့် ဒုတိယမြောက် လသွား အာကာသယာဉ်ကို Chandrayaan-2 ကို အိန္ဒိယက မနေ့မှာ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။

    စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် မူလလွှတ်တင်ဖို့ စီစဉ်ထားတဲ့ရက်ထက် တစ်ပတ်နောက်ကျပြီးမှ လွှတ်တင်နိုင်ခဲ့တာပါ။ Chandrayaan-2 ဟာ ကမ္ဘ္ဘာပတ်လမ်းကြောင်းကို အောင်မြင်စွာ ၀င်ရောက်နိုင်ခဲ့ပြီး ဒီလမ်းကြောင်းမှာ ၂၃ ရက်တာ နေပြီးတဲ့နောက် လပေါ်ကို သွားရောက်မှာ ဖြစ်ပါတယ်။

    ခရီးစဉ်အတွင်း လရဲ့ တောင်ဝင်ရိုးစွန်းမှာ လဆင်းယာဉ်ဆင်းကာ လေ့လာမှုတွေ ပြုလုပ်မှာပါ။ အောင်မြင်မယ်ဆိုရင် လပေါ်ကို ယာဉ်ငယ်ဆင်းသက်နိုင်တဲ့ စတုတ္ထမြောက်နိုင်ငံ၊ လရဲ့တောင်ဝင်ရိုးစွန်းကို သွားနိုင်တဲ့ ပထမဆုံးနိုင်ငံ စတဲ့ မှတ်တမ်းတွေကို ရရှိမှာဖြစ်ပါတယ်။

    ကန်ဒေါ်လာ ၁၄၅ သန်း ကုန်ကျခဲ့တဲ့ အဲဒီ စီမံကိန်းကို မူသာယာ ဗာနီသာနဲ့ ရီသူ ကာရီဒဲလ်ဆိုတဲ့ အမျိုးသမီးနှစ်ဦးက ဦးဆောင်တာဖြစ်ပြီး အိန္ဒိယနိုင်ငံရဲ့ အာကာသ စူးစမ်းရှာဖွေရေး စီမံကိန်းမှာ ပထမဆုံး အမျိုးသမီးတွေ ဦးဆောင်မှု ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ အိန္ဒိယ အာကာသ အေဂျင်စီ Space Research Organisation (Isro) က ဆောင်ရွက်ခဲ့သမျှထဲမှာ အခက်ခဲဆုံးနဲ့ အရှုပ်ထွေးဆုံးပါ။

    “ဒါဟာ အိန္ဒိယနိုင်ငံရဲ့ သမိုင်းဝင်လပေါ်သွားခရီးစဉ် အစလည်း ဖြစ်ပါတယ်” လို့ Isro အကြီးအကဲ ကေစီဗန်က အာကာသယာဉ် လွှတ်တင်အပြီးမှာ ပြောကြားခဲ့ပါတယ်။

    စီမံကိန်းမှာ သိပ္ပံပညာရှင်၊ အင်ဂျင်နီယာနဲ့ ၀န်ထမ်း စုစုပေါင်း တစ်ထောင်နီးပါးလောက် ပါဝင်ခဲ့ပြီး ကေစီဗန်က ဒီလူတွေကို ကျေးဇူးတင်ခဲ့ပါတယ်။

    အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီကလည်း ဒီခရီးစဉ်ဟာ အိန္ဒိယပြည်တွင်းဖြစ်စစ်စစ် ဖြစ်တယ်လို့ ချီးကျူးပြောကြားခဲ့ပါတယ်။

    အိန္ဒိယဟာ ၂၀၀၈ ခုနှစ်တုန်းက လပေါ်ကို Chandrayaan-1 ဆိုတဲ့ အာကာသယာဉ်တစ်စီး လွှတ်တင်ခဲ့ပါတယ်။ အဲဒီခရီးစဉ်မှာ လပေါ်ကိုဆင်းသက်မှု မပါဝင်ခဲ့ပေမယ့် လပေါ်မှာ ရေရှာဖွေမှုကို ပထမဆုံးအကြိမ်အဖြစ် အသေးစိတ် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

    အခုခရီးစဉ်မှာ လရဲ့မျက်နှာပြင်ကို အာရုံစိုက် လေ့လာမှာဖြစ်သလို ရေ၊ ဓာတ်သတ္ထုတွေရှာဖွေတာနဲ့ ငလျင်တိုင်းတာတဲ့ လုပ်ငန်းတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အာကာသယာဉ်လွှတ်တင်ဖို့ အသုံးပြုခဲ့တဲ့ GSLV Mk-III ဒုံးပျံဟာလည်း အိန္ဒိယက တီထွင်ထုတ်လုပ်သမျှ ဒုံးပျံတွေထဲမှာ အင်အားအကောင်းဆုံး ဖြစ်ပါတယ်။

    Ref: BBC