News @ M-Media

Blog

  • လပေါ်သို့ ပထမဆုံးခြေချမှု ခရီးစဉ်မှ လူသိနည်းသည့် စိတ်ဝင်စားဖွယ် အချက် (၁၂) ခု

    လပေါ်သို့ ပထမဆုံးခြေချမှု ခရီးစဉ်မှ လူသိနည်းသည့် စိတ်ဝင်စားဖွယ် အချက် (၁၂) ခု

    ဇူလိုင် ၂၁၊ ၂၀၁၉
    M-Media

    -ဇူလိုင်လ ၂၀ ရက်နေ့ဟာ လပေါ်ကို လူသားတွေ ခြေချနိုင်မှု နှစ် ၅၀ တင်းတင်းပြည့်တဲ့နေ့ ဖြစ်ပါတယ်။

    အဖွဲ့ခေါင်းဆောင် နီးလ် အမ်းစထရောင်း၊ အာကာသယာဉ်မှူး မိုက်ကယ်ကာလင်းနဲ့ လဆင်းယာဉ်ငယ် ယာဉ်မှူး ဘက်ဇ် အောလ်ဒရင်တို့ရဲ့ Apollo 11 လသွားခရီးစဉ်ဟာ လူသားတွေရဲ့ အာကာသသမိုင်းမှာ ကြီးကျယ်တဲ့ အောင်မြင်တစ်ခု ဖြစ်ခဲ့ပါတယ်။

    ဒီခရီးစဉ် အောင်မြင်ဖို့အတွက် ၁၀ နှစ်လောက် အချိန်ယူ လုပ်ဆောင်ခဲ့ရပြီး လူ့အသက်တွေအပါအ၀င် ပေးဆပ်မှုပေါင်းများစွာလည်း ရှိခဲ့ပါတယ်။

    သမိုင်းဝင် Apollo 11 အာကာသခရီးစဉ်က လူသိနည်းပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အချက် ၁၁ ချက်ကို M-Media ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

    ၁။ သေဘေးက သီသီလေးလွတ်ခဲ့တဲ့ အမ်းစထရောင်း

    Apollo 9 စီမံကိန်းရဲ့ အရံယာဉ်မှူးအဖြစ် ဆောင်ရွက်ခဲ့တဲ့ ၁၉၆၈ ခုနှစ်က အမ်းစထရောင်းဟာ လေ့ကျင့်ရင်း အသက်ဆုံးမယ့်အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

    ဟူစတန်မြို့က အဲလင်တန် လေတပ်စခန်းမှာ လဆင်းယာဉ်ပုံတူကို စမ်းသပ်ပျံသန်းနေစဉ် အမြင့်ပေ ၂၀၀ အရောက်မှာ ယာဉ်ငယ် မီးလောင်ပေါက်ကွဲခဲ့ပါတယ်။ အမ်းစထရောင်းဟာ ပေါက်ကွဲမှုမဖြစ်ခင် စက္ကန့်ပိုင်းအလိုမှာ လေထီးနဲ့ ခုန်ထွက်နိုင်ခဲ့တာကြောင့် အသက်ဘေးကနေ သီသီလေး လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

    ၂၀၀၁ ခုနှစ် NASA ရဲ့ အင်တာဗျူးအစီအစဉ်မှာ အမ်းစထရောင်းက လပေါ်မှာ လေတိုက်မှုနဲ့ အခြား ဆွဲအား ပြဿနာတွေ မရှိတဲ့အတွက် လဆင်းယာဉ် ဆင်းသက်ရတာ ကမ္ဘ္ဘာမြေထက် ပိုမိုလွယ်ကူတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

    ၂။ သမိုင်းဝင်ခရီးမှာ နောက်ကွယ်က ပါဝင်ခဲ့တဲ့ အမျိုးသမီးများ

    ကက်သရင်း ဂျွန်ဆင်

    လပေါ်ကို လူသားတွေ ပထမဆုံး ခြေချနိုင်မှုမှာ NASA သုတေသနဌာနက သင်္ချာပညာရှင် ကက်သရင်း ဂျွန်ဆင်ရဲ့ အရေးပါတဲ့ ကူညီပံ့ပိုးမှုတစ်ခုကို လူတွေက သိပ်မသိကြပါဘူး။

    သူမဟာ Apollo 11ကို လပေါ်ကိုရောက်တဲ့အခါ ပျံသန်းနိုင်မယ့် အရှိန်နှုန်းကို တွက်ချက်ထုတ်ပြန်ပေးခဲ့သူ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ အာကာသ သမိုင်းမှတ်တိုင် တော်တော်များများမှာလည်း ကက်သရင်းဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့ပါတယ်။

    ၁၉၆၁ ခုနှစ်မှာ အမေရိကန်ရဲ့ အာကာသကို ပထမဆုံး လူလွှတ်ခဲ့တဲ့ ခရီးစဉ်မှာ အလ်ရှက်ဟာ့ဒ် လိုက်ပါမယ့် အာကာသယာဉ် အမြန်နှုန်းကိုလည်း သူမပဲ တွက်ချက်ထုတ်ပြန်ပေးခဲ့တာပါ။ ၁၉၆၂ ခုနှစ်မှာ အာသာယာဉ်မှူး ဂျွန်ဂလန်း ဆောင်ရွက်တဲ့ အကာသယာဉ်နဲ့ ပထမဆုံး ကမ္ဘ္ဘာပတ်မှုမှာလည်း သူမရဲ့ သင်္ချာဆိုင်ရာ ကူညီပံ့ပိုးမှုတွေက အဓိကကျခဲ့ပါတယ်။

    NASA မတိုင်ခင် ရှိခဲ့တဲ့ အမေရိကန် လေကြောင်းဆိုင်ရာ အကြံပေးကော်မတီ NACA မှာ အင်ဂျင်နီယာတွေရဲ့ တွက်ချက်မှုကို ပြန်လည် ဆန်းစစ် အတည်ပြုပေးမယ့် ‘လူသားကွန်ပျူတာ’ အဖွဲ့မှာ အမျိုးသမီးအနည်းငယ်သာ ပါဝင်ခဲ့ပြီး ကက်သရင်းက အဲဒီထဲကတစ်ယောက် ဖြစ်ပါတယ်။

    သူမဟာ ၂၀၁၅ ခုနှစ်မှာ Presidential Medal of Freedom ဆုကို ရရှိခဲ့ပြီး ၂၀၁၆ ခုနှစ်က
    ထွက်ခဲ့တဲ့ Hidden Figures ရုပ်ရှင်ကားကတော့ သူမရဲ့ ဘ၀ဇာတ်ကြောင်းကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

    မာဂရက် ဟာမီလ်တန်

    Apollo အာကာသ စီမံကိန်းတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ နောက်ထပ်
    အမျိုးသမီးတစ်ဦးကတော့ ကွန်ပျူတာသိပ္ပံပညာရှင် မာဂရက် ဟာမီလ်တန် ဖြစ်ပါတယ်။

    သူမဟာ အပိုလို အာကာသယာဉ်အတွက် လမ်းညွှန်စနစ်နဲ့ လမ်းကြောင်းရှာ စနစ်တွေကို ရေးသားခဲ့သူ ဖြစ်ပါတယ်။၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ Presidential Medal of Freedom ဆု ရရှိခဲ့ပါတယ်။

    ၃။ လပေါ်က မြေကြီးနှင့် ကျောက်ခဲများ

    လပေါ်ကို ပထမဆုံး ခြေချပြီးပြီးချင်းမှာပဲ အမ်းစထရောင်းဟာ လပေါ်က ကျောက်ခဲတွေနဲ့ မြေကြီးတွေကို ကောက်ယူပြီး အာကာသ၀တ်စုံက အိပ်ထဲကို အပြည့်အသိပ် ထည့်ခဲ့ကာ ကမ္ဘ္ဘာမြေပြင် ပြန်ရောက်ရင် သိပ္ပံပညာရှင်တွေ လေ့လာနိုင်ဖို့ ဖြစ်ပါတယ်။

    လပေါ်ကိုရောက်တာနဲ့ တွေ့သမျှအရာတွေကို စူးစမ်းချင်တဲ့စိတ် ပြင်းပြနေတယ်လို့ အမ်းစထရောင်းက ၂၀၀၁ ခုနှစ် အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    လမျက်နှာပြင်ဟာ အမေရိကန်က ခြောက်သွေ့တဲ့ သဲကန္တာရနဲ့ ဆင်တူပြီး၊ လေထုမရှိတာကြောင့် ဖုန်တွေကို ခြေထောက်နဲ့ ကန်ရင်တောင် ပျံ့လွင့်တာမရှိဘူးလို့ သူက ဆိုပါတယ်။

    ဓာတ်ပုံကတော့ လဆင်းယာဉ်အနားမှာ အမ်းထရောင်း ရပ်နေတဲ့ပုံ ဖြစ်ပါတယ်။

    ၄။ ထူးထူးခြားခြား ဒီဇိုင်းထုတ်ခဲ့ရတဲ့အလံ

    Apollo 11 ခရီးစဉ်အတွင်း လပေါ်မှာ စိုက်ခဲ့တဲ့ အမေရိကန်အလံကို စီမံကိန်းရဲ့ နည်းပညာဆိုင်ရာအဖွဲ့ အကြီးအကဲ ဂျက် ကင်ဇလာက ဒီဇိုင်းထုတ် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

    လပေါ်မှာ လေမရှိတာကြောင့် ၃ ပေ၊ ၅ ပေ နိုင်လွန်အလံကို လွင့်နေတဲ့ပုံစံဖြစ်အောင် အလူမီနီယံချောင်းနဲ့ ပိုးထားရတာ ဖြစ်ပါတယ်။

    လပေါ်မှာတွေ့ရတဲ့ အမေရိကန်အလံတွေဟာ Apollo 11 က အလံမဟုတ်ဘဲ အဲဒီနောက်ပိုင်းသွားခဲ့တဲ့ ခရီးစဉ်တွေက စိုက်ထားတဲ့အလံတွေ ဖြစ်ပါတယ်။

    လဆင်းယာဉ်ငယ်ယာဉ်မှူး ဘက်ဇ် အောလ်ဒရင်က ခရီးစဉ်ပြီးလို့ လဆင်းယာဉ်ငယ် ပျံတက်တဲ့အချိန် အင်ဂျင်တွန်းကန်အားကြောင့် အလံဟာ လမျက်နှာပြင်ပေါ်ကနေ ပြုတ်ထွက်သွားတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။

    ဓာတ်ပုံက လပေါ်မှာစိုက်ထူထားတဲ့ အမေရိကန်အလံတိုင်အနီး ဘက်ဇ် အောလ်ဒရင် ရပ်နေတာ ဖြစ်ပါတယ်။

    ၅။ လကျောက်ခဲများ

    အမ်းစထရောင်းနဲ့ အောလ်ဒရင်တို့ဟာ လပေါ်ကနေ ကျောက်ခဲ ၄၇.၅၁ ပေါင်ကို ယူလာခဲ့ပါတယ်။

    အဲဒီကျောက်ခဲတွေကနေ အာမာလ်ကိုလိုက်၊ ထရန်ကွီလီတီယိုက်နဲ့ ပိုင်ရိုဖာရိုက်ဆိုတဲ့ ဓာတ်သတ္ထု ၃ မျိုးကို တွေ့ခဲ့ပါတယ်။

    အာမာလ်ကိုလိုက် သတ္တုကို လပေါ်က Sea of Tranquility (ထရန်ကွီလီတီပင်လယ်) မှာ ပထမဆုံးတွေ့ရှိခဲ့တာ ဖြစ်ပြီး နောက်ပိုင်း ကမ္ဘ္ဘာပေါ်မှာလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီသတ္တုကို အပိုလို ၁၁ က အာကာယာဉ်မှူးတွေ ဖြစ်တဲ့ အမ်းစထရောင်း၊ အောလ်ဒရင်နဲ့ ကောလင်းတို့ရဲ့ ထိပ်ဆုံးစာလုံးတွေကို ပေါင်းစပ် မှည့်ခေါ်ထားတာ ဖြစ်ပါတယ်။

    ၆။ အမ်းစထရောင်းနဲ့ ကမ္ဘ္ဘာကျော်စကား

    လပေါ်မှာ ပထမဆုံးခြေချပြီး နီးလ် အမ်းစထရောင်းပြောခဲ့တဲ့စကားဟာ ကမ္ဘ္ဘာကျော်စကား
    ဖြစ်လာပါတယ်။

    “လူသားတစ်ယောက်ရဲ့ ခြေရာအသေးလေးတစ်ခုက လူသားထုတစ်ရပ်လုံးအတွက် ကြီးကျယ်တဲ့ ခုန်ပျံကျော်လွှားမှု ဖြစ်ပါတယ်”

    ၂၀၀၁ ခုနှစ် အင်တာဗျူးမှာ အမ်းစထရောင်းက လပေါ်ကို ခြေချပြီးတဲ့နောက် ဘာပြောရမလဲဆိုတာကို တော်တော်စဉ်းစားခဲ့ရကြောင်း၊ အဲဒီစကားဟာ လူသားတစ်ယောက် ခြေလှမ်းတစ်ခုလှမ်းတာကို ရိုးရိုးလေးတွေးပြီး ပြောကြားခဲ့တာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

    ဓာတ်ပုံကတော့ လပေါ်က ပထမဆုံး လူသားခြေရာ ဖြစ်ပါတယ်။

    ၇။ ကမ္ဘ္ဘာပေါ်ပြန်လာပြီးနောက် ကြုံတွေ့မှု

    အမ်းစထရောင်းတို့အဖွဲ့ ပြန်လည်လိုက်ပါလာတဲ့ အာကာသယာဉ်ဟာ ၁၉၆၉ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့မှာ ဟာဝိုင်ယီကျွန်း အနောက်တောင်ဖက် မိုင် ၉၀၀ အကွာက မြောက်ပစိဖိတ် သမုဒ္ဒရာရေပြင်ပေါ်ကို ကျရောက်ခဲ့ပါတယ်။

    အမေရိကန် အမှတ် (၁၁) ရေအောက်ဖြိုခွဲရေးအဖွဲ့က ဗိုလ် ကလန်စီ ဟက်လီဘာ့ဂ်က သူတို့အဖွဲ့ကို သက်ကယ်လှေနဲ့ သွားခေါ်ခဲ့ပါတယ်။ အဲဒီနောက် ရှေ့ပြေးမော်တော်ဘုတ်နဲ့ လေယာဉ်တင်သင်္ဘော USS Hornet ဆီကို ခေါ်ဆာင်ခဲ့ပြီး အဲဒီကနေတစ်ဆင့် လေတပ်ကလေယာဉ်နဲ့
    ဟူစတန်မြို့မှာရှိတဲ့ လေတပ်စခန်းကို ပို့ဆောင်ခဲ့ပါတယ်။

    အမ်းစထရောင်းတို့အဖွဲ့ဟာ လပေါ်ကပြန်လာပြီး ၂၁ ရက်လုံးလုံး သီးသန့်စောင့်ကြည့်အခန်းထဲမှာ နေထိုင်ခဲ့ရပြီး အဲဒီနောက်ပိုင်းမှသာ အပြင်နဲ့ ထိတွေ့ခွင့်ရတာ ဖြစ်ပါတယ်။

    ၈။ ရွေ့လျားပိုးသတ်ခန်း

    လပေါ်ကပါလာတဲ့ ပိုးမွှားတွေ လူသားတွေကို ကူးစက်မှာ စိုးရိမ်တဲ့အတွက် အမ်းစထရောင်းနဲ့အဖွဲ့ကို ရွေ့လျား ပိုးသတ်ခန်း MQF မှာ ၃ ပတ် ထားခဲ့ပါတယ်။

    အဲဒီသီးသန့်ခန်းမှာ အိပ်ခန်း၊ မီးဖိုဆောင်နဲ့ ချေချိုးခန်းတွေ ပါဝင်ပြီး၊ ပြင်ပနဲ့ ဆက်သွယ်ပြောဆိုလို့ ရအောင်လည်း စီစဉ်ထားပါတယ်။

    လပေါ်က ပိုးမွှားတွေ ပါလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ဒီလို ရွေ့လျား ပိုးသတ်ခန်းကို ဖန်းတီးထားတာ ဖြစ်ပေမယ့် လပေါ်မှာ သက်ရှိပိုးမွှားတွေ မရှိဘူးဆိုတာ သေချာပြီးတဲ့နောက် Apollo 14 ခရီးစဉ်နောက်ပိုင်းမှာ ဒီလို သီးသန့်ထား ပိုးသတ်တဲ့အစီအစဉ်ကို မလုပ်ဆောင်တော့ပါဘူး။

    ဓာတ်ပုံက အာကာသယာဉ်မှူး ၃ ဦးဟာ အဲလင်တန် လေတပ်စခန်းမှာ ဇနီးတွေနဲ့ စကားပြောနေပုံ ဖြစ်ပါတယ်။

    ၉။ အကောက်ခွန်ဖောင် ဖြည့်ခဲ့ရ

    လကမ္ဘ္ဘာကနေ ပြန်လာပြီး ဟိုနိုလူလူကိုရောက်တဲ့အခါ အာကာသယာဉ်မှူး ၃ ဦးစလုံးဟာ
    အကောက်ခွန်နဲ့ လ၀က ဖောင်တွေ ဖြည့်ခဲ့ရပါတယ်။

    အကောက်ခွန်ဖောင်က ယူဆောင်ပစ္စည်းနေရာမှာ ‘လကမ္ဘ္ဘာက ကျောက်တုံးနှင့် မြေကြီး နမူနာများ’ လို့ ဖြည့်ခဲ့သလို၊ ‘အာကာသယာဉ်ထဲက အခြေအနေကြောင့် ရောဂါတွေ ပြန့်နှံ့နိုင်လား’ ဆိုတဲ့ မေးခွန်းကို ဆန်းစစ်ရအုံးမယ်လို့ ဖြည့်ခဲ့ပါတယ်။

    ၁၀။ စံချိန်တင် ကြည့်ရှုမှု

    လပေါ်ကိုလူဆင်းတဲ့ တိုက်ရိုက်ထုတ်လွှင့် ပြသချက်ကို ကမ္ဘ္ဘာတစ်ဝှမ်းက လူပေါင်း သန်း ၆၅၀ လောက် ကြည့်ရှုခဲ့ပြီး အမေရိကန်မှာ ယနေ့အချိန်အထိ ရုပ်သံက လူကြည့်အများဆုံး အဖြစ်အပျက်အဖြစ် မှတ်တမ်း ၀င်နေပါတယ်။

    အမ်းစထရောင်းဟာ တီဗီကင်မရာကို လဆင်းယာဉ်ရဲ့ ပေ ၃၀ အကွာမှာထားခဲ့ပြီး တစ်စက္ကန့်ကို ၅၁.၂ ကီလိုဘစ်နှုန်းနဲ့ ကမ္ဘ္ဘာမြေကို ဆစ်ဂနယ်ပို့လွှတ်တာ ဖြစ်ပါတယ်။

    ပုံက လပေါ်မှာ အာကာသယာဉ်မှူး အောလ်ဒရင်ရဲ့ လေတိုက်နှုန်း စပ်သပ်နေမှု ဖြစ်ပါတယ်။

    ၁၁။ ၀မ်းနည်းကြောင်းပြောဖို့ ပြင်ဆင်ထား

    အဲဒီအချိန်က အမေရိကန်သမ္မတ ရစ်ချက် နစ်ဆန်ဟာ အမ်းစထရောင်းနဲ့ ဘက်ဇ် အောလ်ဒရင်တို့ လပေါ်ဆင်းသက်မှု မအောင်မြင်ရင် နှစ်သိမ့်ဖို့ ပြင်ဆင်ခဲ့ပါတယ်။

    မိန့်ခွန်းရေးပေးတဲ့ ဝီလီယံ စဖိုင်းယားက ခရီးစဉ် မအောင်မမြင်ဖြစ်ရင် အာကာသယာဉ်မှူးတွေရဲ့ ဇနီးသည်တွေကို ဖုန်းဆက်ပြီး ၀မ်းနည်းကြောင်း အရင်ပြောဖို့ အကြံပြုခဲ့ပါတယ်။

    နှစ်သိမ့်မိန့်ခွန်းကို “လပေါ်မှာ ငြိမ်းချမ်းမှု သွားရောက်ရှာဖွေကြသူတွေကို ကံတရားက မျက်နှာသာ မပေးခဲ့ပါဘူး။ လပေါ်မှာပဲ ငြိမ်းအေးရာဘုံဘ၀ကို ရောက်ရှိသွားကြပါပြီ” ဆိုတဲ့ စာကြောင်းနဲ့ အစပြုထားပါတယ်။

    ‘သူတို့ရဲ့ စွန့်လွှတ်စတေးမှုဟာ လူသားတွေအတွက် မျှော်လင့်ချက် ဖြစ်ပါတယ်’ ဆိုတဲ့ စာကြောင်းလည်း ပြင်ဆင်ထားတဲ့ နှစ်သိမ့်မိန့်ခွန်းမှာ ပါဝင်ပါတယ်။

    နာဆာက အာကာသယာဉ်မှူးတွေနဲ့ အဆက်အသွယ် ပြတ်တောက်သွားရင် ခရစ်ယာန်ဘုန်းကြီးတွေက ဆုတောင်းပေးဖို့လည်း စဖိုင်းယားက စီစဉ်ထားပါတယ်။

    ဓာတ်ပုံက သမ္မတ နစ်ဆင်ဟာ လပေါ်က အောလ်ဒရင်၊ အမ်းစထရောင်းတို့နဲ့ စကားပြောနေပုံကို တီဗီက ထုတ်လွှင့်နေမှု ဖြစ်ပါတယ်။

    ၁၂။ ကမ္ဘ္ဘာတစ်ပတ် အောင်ပွဲခံ

    အမ်းစထရောင်းတို့ဟာ ကမ္ဘ္ဘာတစ်ဝှမ်း ၂၄ နိုင်ငံက မြို့ပေါင်း ၂၇ မြို့ကို Air Force Two လေယာဉ်နဲ့ ၄၅ ရက်ကြာ အောင်ပွဲခံခရီး လှည့်လည်ခဲ့ပါတယ်။

    လှည့်လည်ခဲ့တဲ့ နိုင်ငံတွေထဲမှာ ဂျပန်၊ မက္ကဆီကို၊ ပါကစ္စတန်၊ ကနေရီကျွန်း၊ ကွန်ဂိုနဲ့ အီရန်နိုင်ငံတွေ ပါဝင်ခဲ့ပြီး ပုပ်ရဟန်းမင်းကြီး၊ တော်ဝင်မိသားစုတွေ၊ အစိုးရတာရှိသူတွေ၊ ပြည်သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

    ပုံကတော့ နယူးယောက်မြို့က ဘရော့ဝေးလမ်းမှာ လှည့်လည်နေမှု ဖြစ်ပါတယ်။

    Ref: Reuters

  • နိုင်ငံတကာက အတုယူရမယ့် မြန်မာနိုင်ငံက ငှက်ဖျားတိုက်ဖျက်ရေးလုပ်ငန်း

    နိုင်ငံတကာက အတုယူရမယ့် မြန်မာနိုင်ငံက ငှက်ဖျားတိုက်ဖျက်ရေးလုပ်ငန်း

    ဇူလိုင် ၂၁၊ ၂၀၁၉
    M-Media

    -တစ်ချိန်က ငှက်ဖျားရောဂါ ထူပြောခဲ့တဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရပ်ခြားအကူအညီယူကာ ငှက်ဖျားတိုက်ဖျက်ရေး အောင်မြင်စွာ ဆောင်ရွက်နိုင်မှုကို တစ်ခြားနိုင်ငံတွေက အတုယူရမယ်လို့ ပညာရှင်တွေက ပြောပါတယ်။

    ရက်အနည်းငယ်ကြာတဲ့သင်တန်းကို တက်ထားပြီး ဈေးသက်သာတဲ့ဆေးအပြည့်နဲ့ စေးမူဖော ငငှက်ဖျားတိုက်ဖျက်ရေး လုပ်ဆောင်ရာ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီ တိုင်းဒေသကြီးက သူမရဲ့ ရွာလေးဟာ ငှက်ဖျား လုံးဝကင်းစင်တဲ့အနေအထားကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။

    ခြင်တွေပေါက်ဖွားရာ တောတောင်တွေ ဝိုင်းနေပြီး လူ ၆၀၀ လောက်နေထိုင်တဲ့ မိချောင်းလှောင်ကျေးရွာမှာ ၂၀၁၅ ခုနှစ်က ငှက်ဖျားဖြစ်နေတဲ့ လူ ၁၆ ယောက် သူ့မဆီကို လာရောက် ကုသခဲ့ကြပါတယ်။ အဲဒီတုန်းက ကျန်းမာရေးမှူးအဖြစ် သူမ တာဝန်ထမ်းဆောင်မှု သက်တမ်းဟာ တစ်နှစ်သာ ရှိပါသေးတယ်။

    ကြက်ပေါင်စေးလက်အိပ်၊ သွေးဖောက်အပ်၊ တစ်ခါသုံး ငှက်ဖျားပိုးစမ်းသပ်ရေး ကိရိယာ အပြည့်အစုံနဲ့ သူမဟာ ပြီးခဲ့တဲ့နှစ်က လူ ၂၅၀ ကို ငှက်ဖျား ရှိ၊ မရှိ စမ်းသပ်ခဲ့ရာမှာတော့ တစ်ဦးမှာသာ ငှက်ဖျားရှိတာကို တွေ့ခဲ့ရပါတယ်။

    သူမ ကျန်းမာရေးမှူးအဖြစ် တာဝန်မထမ်းဆောင်ခင်က သူမရဲ့ပတ်ဝန်းကျင်ဟာ ငှက်ဖျားရောဂါဆိုတာဘာလဲ၊ ဒီရောဂါကို ဘယ်လိုကာကွယ်ရမလဲ ဆိုတာတွေနဲ့ပတ်သက်လို့ ကျန်းမာရေးအသိမရှိကြပါဘူး။

    “အခုဆိုရင် ရောဂါလက္ခဏာ တွေ့တာနဲ့ တစ်ခြား ဘယ်ကိုမှ မသွားဘဲ ကျွန်မဆီကို တန်းလာကြတာ” လို့ စေးမူဖောက ပြောပါတယ်။

    ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ပြီး အကူအညီတွေ တရစပ်ဝင်လာတဲ့ ၂၀၁၁ ခုနှစ်ကစလို့ နိုင်ငံခြား အလှူရှင်နိုင်ငံတွေ လေ့ကျင့်သင်ကြား၊ ထောက်ပံ့ပေးကာ နိုင်ငံတစ်ဝှမ်း စေလွှတ်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်း ထောင်ချီမှာ စေးမူဖောလည်း ပါဝင်ပါတယ်။

    သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် လူထောင်သောင်းချီ အသက်ချမ်းသာရာ ရခဲ့ပြီး တစ်ချိန်က ငှက်ဖျားအဖြစ်အများဆုံး တိုင်းပြည်ဖြစ်တဲ့ မြန်မာနိုင်ငံဟာလည်း ငှက်ဖျားတိုက်ဖျက်ရေးမှာ တစ်ခြားနိုင်ငံတွေက အတုယူရမယ့် ဦးဆောင်သူနိုင်ငံ ဖြစ်လာပါတော့တယ်။

    ၂၀၁၀ က မြန်မာနိုင်ငံမှာ ငှက်ဖျားရောဂါကြောင့် သေဆုံးသူအရေအတွက် ၄ ထာင်လောက် ရှိခဲ့တယ်လို့ ကမ္ဘ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ခန့်မှန်းတွက်ချက်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ငှက်ဖျားကြောင့် သေဆုံးသူအရေအတွက်ဟာ ၂၀၀ ကျော်သာ ရှိပါတော့တယ်။

    ငှက်ဖျားရောဂါကူးစက်မှု ထိန်းချုပ်ရေးဆိုင်ရာ အထူးကျွမ်းကျင်သူ ဒေါက်တာ ပက်ထရီစီယာ ဂရေ့ဗ်က ၂၀၃၀ ခုနှစ်ရောက်ရင် ငှက်ဖျား လုံးဝကင်းတဲ့နိုင်ငံဖြစ်မယ့် လမ်းကြောင်းပေါ် မြန်မာနိုင်ငံ ရောက်နေပြီလို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ ကျေးရွာအခြေပြု ကျန်းမာရေး လုပ်သားတွေရဲ့ အားထုတ်မှုနဲ့ ရရှိခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အောင်မြင်မှုဟာ “အခြားတိုင်းပြည်တွေက အတုယူရမယ့် အထင်ကရ ကိစ္စတစ်ခု ဖြစ်တယ်” လို့လည်း သူမက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    အမေရိကန်အထောက်အပံ့နဲ့ ဆောင်ရွက်နေတဲ့ ငှက်ဖျားတိုက်ဖျက်ရေးလုပ်ငန်းတွေကို လေ့လာဖို့ ပက်ထရီစီယာဟာ ပြီးခဲ့တဲ့နှစ်က အကြံပေးတစ်ဦးအဖြစ် မြန်မာနိုင်ငံကို လာရောက်ခဲ့ဖူးပါတယ်။ ငှက်ဖျားကြောင့် သေဆုံးမှုအရေအတွက် သိသိသာသာ လျော့ကျခြင်းရဲ့ အဓိကအကြောင်းအရင်းက ခြင်ဆေးဖြန်းထားတဲ့ ခြင်ထောင်တွေကို ဝေငှပေးတာဖြစ်တယ်လို့ သူမက ပြောပါတယ်။

    ဆေးယဉ်ပါးတဲ့ ငှက်ဖျားရောဂါပိုးကြောင့် ဒီလို တိုးတက်မှု မရှိမှာကို တစ်ချို့တွေက စိုးရိမ်နေကြပါတယ်။ သိပ္ပံပညာရှင်တွေကတော့ သတ်မှတ်ထားတဲ့ ရွာတွေမှာ ရောဂါလက္ခဏာ ပြပြ၊ မပြပြ ရွာသားအားလုံးကို ကုသပေးခြင်းအားဖြင့် ဒီပြဿနာတွေကို ဖြေရှင်းနိုင်တယ်ဆိုတဲ့ နည်းလမ်းတစ်ခုကို ရှာဖွေ ဖော်ထုတ်ခဲ့ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုပြီး ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံမှာ ကနဦး စမ်းသပ်မှု ပြုလုပ်ခဲ့ရာမှာတော့ ရွာပေါင်း ၅၀ မှာ ငှက်ဖျားရောဂါ သိသိသာသာ လျော့ကျသွားတာ၊ လုံးဝကင်းစင်သွားတာကို တွေ့ခဲ့ရပါတယ်။

    ဂရေ့ဗ်က ငှက်ဖျားဖြစ်ပွားမှုနှုန်း သုညအထိ ရောက်သွားပေမယ့် ဆက်လက် စောင့်ကြည့်ဖို့ အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။

    “လုံးဝကင်းစင်ဖို့ ဆောင်ရွက်နေတဲ့အတွက် ရောဂါကို မြန်မြန်ဆန်ဆန် အမြစ်ဖြတ်ဖို့ လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော ဒီရောဂါက အမြန် ပြန်ဖြစ်လာတတ်လို့ပါ”

    အမေရိကန် USAid အဖွဲ့က ထောက်ပံ့မှုနဲ့အတူ မြန်မာနိုင်ငံမှာ ငှက်ဖျားကင်းစင်ရေး ဆောင်ရွက်နေတဲ့အဖွဲ့က University Research Co (URC) ဖြစ်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီးက URC ရဲ့ စီမံကိန်းမှာ ဒါရိုက်တာအဖြစ် ဆောင်ရွက်နေတဲ့ ဒေါက်တာ ဘိုဘိုသက်က ငှက်ဖျားရောဂါ ကင်းစင်မယ့်အခြေအနေ နီးကပ်လာခဲ့ပေမယ့် ပြဿနာ ၂ ခု ရှိနေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

    “တစ်ခုက ငှက်ဖျားရောဂါအကြောင်း လူထုရဲ့သိရှိမှု အားနည်းနေတာပါ။ ဒါ့ကြောင့် ဖျားပြီဆိုတာနဲ့ ငှက်ဖျားရောဂါ စစ်တာမျိုး မလုပ်ကြဘူး။ နောက်တစ်ခုက ငှက်ဖျားရောဂါဖြစ်ပွားမှု ကျဆင်းလာတာနဲ့အမျှ ငှက်ဖျားရောဂါကို ခုခံနိုင်စွမ်းလည်း လူတွေမှာ လျော့ကျလာတာပါ။ ဒါ့ကြောင့် ငှက်ဖျား အလွယ်တကူ ကူးစက်ဖြစ်ပွားနိုင်ပါတယ်”

    ငှက်ဖျားရောဂါအကြောင်း သိရှိမှုအားနည်းတာဟာ သာမန် ပြည်သူတွေတင်မကဘဲ အစိုးရ ကျန်းမာရေးဝန်ထမ်းတွေလည်း တစ်ခါတစ်လေမှာ ငှက်ဖျားလက္ခဏာတွေကို သတိမမူမိတာ ရှိတယ်လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အသက် ၄၂ နှစ်အရွယ် ပေးစေဟာ ပြီးခဲ့တဲ့လက ကတုန်ကယင်ဖြစ်ပြီး၊ အဆစ်အမြစ်တွေ ကိုက်ခဲလာတာကြောင့် မီးချောင်းလှောင်ရွာပြင်က အစိုးရဆေးပေးခန်းကို သွားရောက်ပြသခဲ့ပါတယ်။

    ဒါပေမယ့် ၀န်ထမ်းတွေက သူ့ကို ငှက်ဖျားရောဂါ မစစ်ပေးဘဲ ဆေးတစ်လုံးထိုးပေးကာ အိမ်ပြန်လွှတ်ခဲ့တယ်လို့ သူက ပြောပါတယ်။ သူဟာ ၂၀၀၆ ခုနှစ်က ငှက်ဖျားရောဂါကြောင့် ဆေးရုံတက်ခဲ့ရပြီး၊ ထပ်ဖြစ်မှာကို စိုးရိမ်တာကြောင့် အကြံဉာဏ်ရဖို့အတွက် စေးမူဖောဆီ သွားရောက်ခဲ့ပါတယ်။

    စေးမူဖောက သွေးဖောက်စစ်ကြည့်လိုက်တဲ့အခါမှာ ငှက်ဖျားရောဂါ ဖြစ်နေတာကို တွေ့ရပါတယ်။ စေးမူဖောသာ မရှိဘူးဆိုရင် ပေးစေဟာ ငှက်ဖျားဖြစ်နေကြောင်း သိမှာမဟုတ်ဘဲ အခြေအနေ ဆိုးရွားသွားနိုင်ပါတယ်။

    “ကျေးလက်ဒေသတွေမှာ ဆရာဝန်တွေအပါအ၀င် ၀န်ထမ်းတွေ မလုံလောက်ဘူ။ ငှက်ဖျားတိုက်ဖျက်ဖို့ဆိုရင် အခြေခံအဆောက်အဦးတွေက တကယ့်ကို အရေးကြီးပါတယ်” လို့ ဒေါက်တာ သင်းသင်းချစ်က ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ ၂၀၃၀ ကျရင် ငှက်ဖျားကင်းစင်ဖို့ အခွင့်အလမ်း ရှိနေတယ်လို့ ဂရေ့ဗ်က မျှော်လင့်ထားပေမယ့် ငွေကြေးထောက်ပံ့မှု မလုံလောက်တာ အပါအ၀င် မြန်မာနိုင်ငံက ကျန်းမာရေးစနစ်မှာ ရှိနေတဲ့ အားနည်းချက်တွေကြောင့် သူမနဲ့ ဒေါက်တာ ဘိုဘိုသက်တို့ကတော့ သိပ်ပြီး မမျှော်လင့်ထားပါဘူး။ ကမ္ဘ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ၂၀၁၆ ခုနှစ်ထက်စာရင် ၂၀၃၀ မှာ ကမ္ဘ္ဘာတစ်ဝှမ်း ငှက်ဖျားရောဂါကို နည်းဆုံး ၉၀ ရာခိုင်နှုန်း လျော့ချနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

    “၂၀၃၀ လား။ သိပ်မသေချာပါဘူး။ အဲဒီအချိန်ရောက်ရင် မြန်မာနိုင်ငံက တစ်ချို့နေရာတွေမှာ
    ငှက်ဖျားကင်းစင်မှာဖြစ်ပေမယ့် တစ်နိုင်ငံလုံးတော့ မဟုတ်လောက်ပါဘူး” လို့ ဒေါက်တာ ဘိုဘိုသက်က ပြောကြားခဲ့ပါတယ်။

    URC က ကူညီနေတဲ့ ဒေသတွေမှာ ငှက်ဖျားရောဂါ ကင်းစင်သွားပြီဆိုရင် ကျန်းမာရေးဝန်ထမ်းတွေကို တီဘီ၊ HIV လို အခြားရောဂါတွေ ဖော်ထုတ်ကုသနိုင်အောင် လေ့ကျင့် သင်ကြားပေးသွားမယ်လို့လည်း သူက ဆိုပါတယ်။

    ဒီလိုဆောင်ရွက်ပေးထားတာကြောင့် ရွာတွေမှာ ငှက်ဖျားရောဂါ ပြန်လည်ဖြစ်ပွားလာမှု ရှိ၊ မရှိ အဲဒီဝန်ထမ်းတွေ စောင့်ကြည့်နိုင်မှာဖြစ်သလို၊ ငှက်ဖျားရောဂါမရှိတော့တဲ့အတွက် ငှက်ဖျားကို အာရုံစိုက်လုပ်ဆောင်နေတဲ့ လူ့စွမ်းအား ရင်းမြစ်တွေကို ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

    ဒီလိုဆောင်ရွက်မှုတွေဟာ တော်တော်အရာရောက်ပေမယ့် တစ်ခုအောင်မြင်သွားလို့ နိုင်ငံခြား အလှူရှင်တွေက ဆက်ထောက်ပံ့ဖို့ စိတ်မ၀င်စားတော့ဘူးဆိုရင် ရပ်တန့်မယ့်အလားအလာ ရှိနေပါတယ်။

    “ပြင်ပက ထောက်ပံ့မှုမပါဘဲ ဒါတွေ ဘယ်လိုလည်ပတ်ရမလဲဆိုတာ ကျွန်တော် မစဉ်စားတတ်တော့ဘူး” လို့ ဒေါက်တာ ဘိုဘိုသက်က ပြောကြားခဲ့ပါတယ်။

    အိုဟောင်းနေတဲ့ ဆေးရုံတွေ၊ ဆေးပေးခန်းတွေဟာ ဒီလိုစိန်ခေါ်မှုတွေကို ရင်မဆိုင်နိုင်တာကြောင့် အဆုံးသတ်တဲ့အချိန်အထိ ဆောင်ရွက်ဖို့အတွက် အမေရိကန်လို နိုင်ငံခြားအလှူရှင်နိုင်ငံတွေကို မြန်မာနိုင်ငံက လိုအပ်နေပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် စကော့ မာစီယဲလ်က ငှက်ဖျားတိုက်ဖျက်ရေး ထောက်ပံ့မှုကို လွှတ်တော်က နှစ်စဉ် အတည်ပြုပေးတာဖြစ်ပြီး မြန်မာနိုင်ငံကို ဦးစားပေးထောက်ပံ့ဖို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။

    “ဒီတိုက်ပွဲမှာ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး အန္တရာယ်က အားရကျေနပ်မှု ရရှိဖို့ပါ” လို့ မာစီယဲလ်က ပြောကြားခဲ့ပါတယ်။

    (The Gurdian သတင်းစာတွင် ဖော်ပြထားသည့် How Myanmar became an example to the world in the battle against malaria ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

  • ဗြိတိန်ရေနံတင်သင်္ဘောကို အီရန်က ဖမ်းဆီးပြီးနောက် ဘာတွေဖြစ်လာလဲ

    ဗြိတိန်ရေနံတင်သင်္ဘောကို အီရန်က ဖမ်းဆီးပြီးနောက် ဘာတွေဖြစ်လာလဲ

    ဇူလိုင် ၂၁၊ ၂၀၁၉
    M-Media

    အီရန်နှင့် အိုမန်နိုင်ငံအကြားရှိ ဟော်မုဇ်ရေလက်ကြား

    -ဟော်မုဇ်ရေလက်ကြားမှာ မဟာမိတ်တွေ ‘လွတ်လပ်ပြီး၊ အန္တရာယ်ကင်းတဲ့လမ်းကြောင်း’ ရရှိစေဖို့အတွက် စောင့်ကြည့်ရေးနဲ့ ထောက်လှမ်းရေး အစီအမံတစ်ခု လုပ်ဆောင်သွားမယ်လို့ အမေရိကန်က မနေ့မှာ ကြေငြာလိုက်ပြီး အီရန်က ဗြိတိန် ရေနံတင်သင်္ဘောတစ်စင်းကို ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း ဒီလိုပြောကြားမှု ပေါ်ထွက်လာတာပါ။

    Stena Impero ရေနံတင်သင်္ဘောကို အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC က သောကြာနေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ သင်္ဘောဟာ နိုင်ငံတကာ ရေကြောင်းဥပဒေတွေကို လိုက်နာမှု မရှိဘူးလို့ ဆိပ်ကမ်းက တိုင်ကြားတဲ့အတွက် ဖမ်းဆီးရတာဖြစ်ပြီး စစ်ဆေးပြီးတာနဲ့ ပြန်လွှတ်ပေးမယ်လို့ အီရန်က ထုတ်ပြန်ထားပါတယ်။

    သင်္ဘောကို ရဟတ်ယာဉ်တွေ၊ ရှပ်ပြေးဘုတ်တွေနဲ့ ဝိုင်းပိတ် သိမ်းဆည်းခဲ့ပုံ ဗီဒီယိုကိုလည်း IRGC က ထုတ်ပြန်ခဲ့ပါတယ်။ သင်္ဘောပေါ်မှာ သင်္ဘောသား ၂၃ ဦး လိုက်ပါသွားပြီး ဗြိတိန်နိုင်ငံသား ပါဝင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

    အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူ ဂျွန်ရုဒ်က ဟော်မုဇ် ရေလက်ကြားနဲ့ ပါရှန်ပင်လယ်ကွေ့မှာ လွတ်လပ်ပြီး အန္တရာယ်ကင်းတဲ့ လမ်းကြောင်းတစ်ခုပေါ်လာရေး ကင်းလှည့်မယ့် အစီအစဉ်တစ်ခုကို လုပ်ဆောင်ဖို့ ရှိတယ်လို့ မနေ့ကပြုလုပ်တဲ့ Aspen Security ဖိုရမ်မှာ ပြောကြားခဲ့ပါတယ်။

    လက်ရှိမှာ နေတိုးအဖွဲ့၊ ပင်လယ်ကွေ့က အခြားနိုင်ငံတွေနဲ့ ဒီကိစ္စကို ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

    “ဒီအစီအစဉ်ဟာ ပါရှန် ပင်လယ်ကွေ့က အခြေအနေကို ထောက်လှမ်းစောင့်ကြည့်နိုင်ရေး ထပ်တိုး လုပ်ဆောင်သွားမယ့် အစီအစဉ်ပါ။ တည်ငြိမ်ဖို့နဲ့ ပြန်လည်တုန့်ပြန်နိုင်စွမ်းရှိဖို့အတွက် ရေတပ်နဲ့ လေတပ်အင်အားတွေ ချထားတာလည်း ပါဝင်မှာ ဖြစ်ပါတယ်”

    အမေရိကန်ဟာ အီရန်နဲ့ ပဋိပက္ခမဖြစ်ချင်ပေမယ့် မိမိတို့တပ်ဖွဲ့တွေ၊ ပြည်သူတွေကို ကာကွယ်ရေး အသေအချာလုပ်ဆောင်သွားမယ်ဆိုတာ အီရန်က သိထားရမှာဖြစ်ကြောင်း၊ အီရန်ဟာ ခြေလှမ်းအမှားတွေ လှမ်းလာနိုင်တဲ့အခြေအနေမျိုး မြင့်မားနေပြီး၊ ဗြိတိန်သင်္ဘောကို ဖမ်းဆီးလိုက်တာက ဟော်မုဇ်ရေလက်ကြားမှာ မရည်ရွယ်တဲ့ ပဋိပက္ခ ဖြစ်နိုင်ခြေကို မြင့်တက်စေတယ်လို့ ရုဒ်က သတိပေးခဲ့ပါတယ်။

    ရှုတ်ချ

    ရေနံတင်သင်္ဘော ဖမ်းဆီးတဲ့လုပ်ရပ်ကို ယူကေနဲ့ ဥရောပနိုင်ငံတွေက ရှုတ်ချလိုက်ပြီး၊ ရေလက်ကြားမှာ တင်းမာမှုတွေ လျော့ကျဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီဟန့်က ဒီကိစ္စကို ထိထိရောက်ရောက် တုန့်ပြန်သွားဖို့ စဉ်းစားနေတယ်လို့ ပြောကြားခဲ့ပါတယ်။ အီရန်နိုင်ငံခြားရေး ၀န်ကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး တင်းမာမှုတွေ လျော့ချမယ်လို့ အီရန်က ပြောကြားခဲ့ပေမယ့် လက်တွေ့မှာ ဆန့်ကျင်ဘက်လုပ်နေတာကြောင့် စိတ်ပျက်မိတယ်လို့လည်း ဟန့်က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    “ပြေလည်မယ့် နည်းလမ်းတစ်ခု ရှာချင်တယ်ဆိုရင် အပြောထက်၊ အလုပ်က အဓိက ကျပါတယ်။ ဗြိတိန် သင်္ဘောလိုင်းတွေကို ကာကွယ်ရမှဖြစ်ပြီး၊ ကာလည်းကာကွယ်သွားမှာပါ”

    ဟော်မုဇ်ရေလက်ကြားဟာ ကုန်သွယ်ရေးမှာ အရေးပါတဲ့ ရေလမ်းကြောင်းတစ်ခုဖြစ်ပြီး ကမ္ဘ္ဘာ့
    ရေနံတင်ပို့မှုရဲ့ ၅ ပုံ ၁ ပုံဟာ ဒီလမ်းကြောင်းက သွားနေတာ ဖြစ်ပါတယ်။

    ဟန့်ကတော့ ရေနံတင်သင်္ဘောကို အီရန်က သိမ်းဆည်းလိုက်တာဟာ အန္တရာယ်ရှိတဲ့၊ မတည်ငြိမ်မယ့် လမ်းကြောင်းကို ရွေးနေတယ်ဆိုတဲ့ စိုးရိမ်ဖွယ်ရာ လက္ခဏာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဂျီဘရော်တာ ရေလက်ကြားမှာ အီရန် ရေနံတင်သင်္ဘောကို ဗြိတိန်က ဖမ်းဆီးထိန်းသိမ်းခဲ့တာဟာ တရားနည်းလမ်းကျပြီး ဥရောပရဲ့ ပိတ်ဆို့မှုတွေကို ချိုးဖောက်ကာ ဆီးရီးယားကို ရေနံတင်ပို့တဲ့အတွက် ဖြစ်တယ်လို့လည်း သူက ကာကွယ်ပြောကြားခဲ့ပါတယ်။

    အီရန်ကတော့ ဗြိတိန်ရဲ့ ဒီလုပ်ရပ်ဟာ ပင်လယ်ဓားပြလုပ်ရပ် ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

    မနေ့က အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ရဲ့ Twitter မှတ်ချက်မှာ၊ အီရန်က ဗြိတိန်ရေနံတင်သင်္ဘောကို သိမ်းပိုက်တာဟာ ဗြိတိန်လို ပင်လယ်ဓားပြလုပ်ရပ်ကို လုပ်ဆောင်တာမဟုတ်ဘဲ ရေကြောင်းသွားလာရေး စည်းကမ်းတွေကို လိုက်နာအောင် ဆောင်ရွက်တာဖြစ်ကြောင်း၊
    ဟော်မုဇ်ရေလက်ကြား လုံခြုံရေးကို အီရန်က အပြည့်အ၀ အာမခံကြောင်း ဖော်ပြထားပါတယ်။

    အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ရေနံတင်သင်္ဘောနဲ့အတူ ဗြိတိန် စစ်သင်္ဘောတစ်စင်း လိုက်ပါလာပြီး မိမိတို့ရဲ့ ဖမ်းဆီးမှုကို နှောက်ယှက်ခဲ့ကြောင်း၊ တရားနည်းလမ်းကျတဲ့ လုပ်ငန်းတွေပြီးရင် သင်္ဘောကို လွှတ်ပေးမှာဖြစ်ကြောင်း အလ်ဂျာဇီးရား သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • အိန္ဒိယတွင် နွားချစ်သူများက အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှုကြောင့် လူ ၃ ဦး သေဆုံး

    အိန္ဒိယတွင် နွားချစ်သူများက အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှုကြောင့် လူ ၃ ဦး သေဆုံး

    ဇူလိုင် ၁၉၊ ၂၀၁၉
    M-Media

    သတ်ဖြတ်ခံခဲ့ရသူများ၏ ဆွေမျိုးများက ရဲအရာရှိအား တောင်းပန်နေစဉ်

    -အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာရ်ပြည်နယ်က ရွာတစ်ရွာမှာ နွားသူခိုးလို့ စွပ်စွဲပြီး လူအုပ်ကြီးက ဝိုင်းရိုက်တဲ့အတွက် အမျိုးသား ၃ ဦး သေဆုံးသွားပါတယ်။

    ပီသူရီဆိုတဲ့ရွာမှာ ဒီနေ့မနက် အစောပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသား ၃ ဦးက ကျွဲတစ်ကောင်နဲ့ နွားပေါက်လေးတစ်ကောင်ကို ထရပ်ကားပေါ် တင်နေစဉ်မှာ ရွာသားတွေ နိုးလာကာ ရိုက်နှက် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

    ရဲတပ်ဖွဲ့ကတော့ ရွာသားတွေရဲ့ တိုင်ကြားမှုကြောင့် သေဆုံးသွားသူ ၃ ဦးကို ခိုးမှုနဲ့ အမှုဖွင့်ခဲ့ပြီး၊ ရိုက်နှက်သတ်ဖြတ်မှုမှာ ပါဝင်သူတွေကိုလည်း အမှုဖွင့်ထားပါတယ်။ လက်ရှိအချိန်အထိ ၃ ဦး ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

    အိန္ဒိယနိုင်ငံမှာ နွားချစ်သူတွေရဲ့ အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှုတွေဟာ ၀န်ကြီးချုပ် နရန်ဒရာ မိုဒီ ခေါင်းဆောင်တဲ့ ဟိန္ဒူအမျိုးသားရေးပါတီ BJP အာဏာရပြီးနောက်ပိုင်း ပိုမို မြင့်တက်လာတယ်လို့ စောင့်ကြည့်သူတွေက ပြောပါတယ်။ တိုက်ခိုက်မှုတွေကို အထူးသဖြင့် အမဲသားရောင်းဝယ်ရေး လုပ်ငန်းကို လုပ်ကိုင်ကြတဲ့ ဟိန္ဒူဇာတ်နိမ့်တွေ၊ မွတ်စလင်တွေအပေါ် အဓိက ပစ်မှတ်ထား လုပ်ဆောင်တာ ဖြစ်ပါတယ်။

    အိန္ဒိယ တရားရုံးချုပ်က လူအုပ်စုဖွဲ့ ရိုက်နှက် သတ်ဖြတ်မှုကို သီးသန့်ရာဇ၀တ်မှုအဖြစ် ပြီးခဲ့တဲ့နှစ်မှာ သတ်မှတ်ခဲ့ပါတယ်။ နိုင်ငံအရှေ့ပိုင်း ဘီဟာရ်ပြည်နယ်မှာလည်း ဒီလို သတ်ဖြတ်မှုတွေ မြင့်တက်လာတာကြောင့် သီးခြားရာဇ၀တ်မှုအဖြစ် သတ်မှတ်ပေးဖို့ အတိုက်အခံတွေက ပြည်နယ်အစိုးရကို တောင်းဆိုထားပါတယ်။

    Ref: Reuters

  • ဘော့စနီးယား လူမျိုးတုန်းသတ်ဖြတ်မှုတွင် တစ်စိတ်တစ်ပိုင်း တာဝန်ရှိကြောင်း နယ်သာလန် ၀န်ခံ

    ဘော့စနီးယား လူမျိုးတုန်းသတ်ဖြတ်မှုတွင် တစ်စိတ်တစ်ပိုင်း တာဝန်ရှိကြောင်း နယ်သာလန် ၀န်ခံ

    ဇူလိုင် ၁၉၊ ၂၀၁၉
    M-Media

    ဘော့စနီးယား လူမျိုးတုန်းသတ်ဖြတ်မှုမှ အလောင်းများကို တူးဖော်စစ်ဆေးမှု

    -၁၉၉၀ ပြည့်နှစ်တွေက ဘော့စနီးယားမှာ ဆာ့ဘ်တပ်ဖွဲ့တွေက ဘော့စနီယက် မွတ်စလင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုအတွက် မိမိတို့မှာ တာဝန်ရှိတယ်လို့ နယ်သာလန်နိုင်ငံက ဒီကနေ့မှာ ၀န်ခံလိုက်ပါတယ်။

    ၁၉၉၅ ခုနှစ်က ဆရီဘရီနီကာမှာရှိတဲ့ ကုလ ငြိမ်းချမ်းရေးတပ်ဖွဲ့ အခြေစိုက်စခန်းမှာ ဘော့စနီယက်အမျိုးသား ၃၅၀ လာရောက်ခိုလှုံတာကို နယ်သာလန်တပ်ဖွဲ့တွေက အ၀င်မခံခဲ့ပါဘူး။ နောက်ပိုင်းမှာ အဲဒီလူတွေကို ဆာ့ဘ်တွေက သတ်ဖြတ်ခဲ့ပါတယ်။

    ဒီလို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအတွက် နယ်သာလန်အစိုးရက တာဝန်ယူရမယ်ဆိုတဲ့ အရင်က ဆုံးဖြတ်ချက်ကို နယ်သာလန် တရားရုံးချုပ်က ဒီကနေ့မှာ ထပ်မံအတည်ပြုခဲ့ပြီး၊ တာဝန်ရှိမှု ရာခိုင်နှုန်းကိုလည်း ၁၀ ရာခိုင်နှုန်း သတ်မှတ်ခဲ့ပါတယ်။

    “တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို အစိုးရက လက်ခံပါတယ်။ တရားရုံးချုပ်က ဆုံးဖြတ်ချက်အတိုင်း ထိခိုက်ဆုံးရှုံးမှုတွေအတွက် အစိုးရက တာဝန်ယူသွားမှာပါ” လို့ နယ်သာလန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဆားဘီးယား၊ ခရိုအေးရှား၊ ဘော့စနီးယား၊ မွန်တီနီဂရိုးနဲ့ ပတ်ဝန်းကျင်က အခြားနိုင်ငံငယ်တွေကို ပေါင်းပြီး ‘ဆာ့ဘ်အမျိုးသား နိုင်ငံတော်’ ထူထောင်ချင်တဲ့ ဆာ့ဘ်တပ်ဖွဲ့တွေဟာ ဘော့စနီးယားစစ်ပွဲအတွင်း ဘော့စနီယက်နဲ့ ခရိုအက်လူမျိုးတွေကို အစုလိုအပြုံလိုက် သတ်ဖြတ်ခဲ့ပါတယ်။

    ဆရီဘရီနီကာမှာ ဆာ့ဘ်တပ်ဖွဲ့တွေဟာ ၆ ရက်အတွင်း ဘော့စနီယက် အမျိုးသားနဲ့ ယောင်္ကျားလေး စုစုပေါင်း ၈၀၀၀ လောက် သတ်ဖြတ်ခဲ့ပြီး ဒါဟာ ဒုတိယကမ္ဘ္ဘာစစ်နောက်ပိုင်း ဥရောပမြေက အဆိုးဝါးဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး ဖြစ်ပါတယ်။ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးက ဒီသတ်ဖြတ်မှုကို လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် သတ်မှတ်ခဲ့ပြီး ကျူးလွန်သူတွေကို အရေးယူ အပြစ်ပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    ဆရီဘရီနီကာက လူ ၃၅၀ အသတ်ခံရတဲ့ကိစ္စမှာ ၁၀ ရာခိုင်နှုန်း တာဝန်ရှိတယ်လို့ နယ်သာလန်က ၀န်ခံခဲ့တာကြောင့် ထိခိုက်ခံစားရသူတွေရဲ့ ကျန်ရစ်သူတွေကို နစ်နာကြေး ပေးသွားဖို့လည်း ရှိနေပါတယ်။

    တရားမျှတမှု

    ၁၉၉၅ ခုနှစ် ဘော့စနီးယားစစ်ပွဲအတွင်း ကုလဟာ ဘေးကင်းဇုန်တစ်ခု ဖန်တီးပြီး ထောင်နဲ့ချီတဲ့ ဘော့စနီယက် မွတ်စလင်တွေကို အဲဒီမှာ ထိန်းသိမ်းထားခဲ့ပါတယ်။ အဲဒီဘေးကင်းဇုန်ကို ကာကွယ်ဖို့အတွက် ရာနဲ့ချီတဲ့ ဒက်ခ်ျတပ်ဖွဲ့ဝင်တွေကို တာဝန်ပေးခဲ့တာပါ။

    နယ်သာလန်တရားရုံးချုပ်က ဆာ့ဘ်တွေ နှိပ်စက်၊ သတ်ဖြတ်မယ်ဆိုတာကို သိသိကြီးနဲ့ ဒက်ခ်ျတပ်ဖွဲ့ဝင်တွေဟာ ဘော့စနီယက် အမျိုးသား ၃၅၀ ကို ဘေးကင်းဇုန်ထဲ မခေါ်ထားဘဲ ဆာ့ဘ်တွေလက်ထဲ အပ်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    တရားလိုရှေ့နေတစ်ဦးက တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို လေ့လာကာ ဥရောပလူ့အခွင့်အရေးကော်မရှင်ကို တက်သင့်၊ မတက်သင့် စဉ်းစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆာ့ဘ်တွေ လူ ၃၅၀ သတ်ဖြတ်မှုမှာ တာဝန်ရှိတယ်ဆိုတဲ့ အောက်ရုံးဆုံးဖြတ်ချက်ကို တရားရုံးချုပ်က ထပ်မံအတည်ပြုခဲ့ပေမယ့်၊ “ဘေးကင်းဇုန်အပြင်ဘက်မှာရှိနေတဲ့ အဲဒီလူတွေကို ဖယ်ရှားရာမှာ ဒက်ခ်ျတပ်တွေ ပါဝင်မှုဟာ ဥပဒေချိုးဖောက်မှုဖြစ်တယ်” ဆိုတဲ့ စွဲချက်ကိုတော့ ပယ်ချခဲ့ပါတယ်။

    Ref: Reuters