News @ M-Media
Blog
  • ဂျပန်ကာတွန်းစတူဒီယို မီးလောင်မှု ၀တ္ထုရေးဆရာက ရှို့ခြင်းဟု ရဲတပ်ဖွဲ့ပြော
    ဂျပန်ကာတွန်းစတူဒီယို မီးလောင်မှု ၀တ္ထုရေးဆရာက ရှို့ခြင်းဟု ရဲတပ်ဖွဲ့ပြော
    ဇူလိုင် ၁၉၊ ၂၀၁၉
    M-Media
    မီးရှို့ခံခဲ့ရသည့် ကာတွန်း စတူဒီယို
    -လူ ၃၃ ဦးသေဆုံးခဲ့တဲ့ နာမည်ကျော် Kyoto ကာတွန်းစတူဒီယို မီးလောင်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ သံသယရှိသူက သူ့ ၀တ္ထုကို စတူဒီယိုက ခိုးတယ်လို့ ယူဆတာကြောင့် မီးရှို့ခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ်။
    ရှေးဟောင်းမြို့ ကျိုတိုမှာရှိတဲ့ အဲဒီ စတူဒီယိုမှာ ကြာသာပတေးနေ့ မနက်ပိုင်းက မီးလောင်ခဲ့တာဖြစ်ပြီး နှစ် ၂၀ ကျော်အတွင်း အဆိုးဝါးဆုံး အစုလိုက်အပြုံလိုက် သေဆုံးမှု ဖြစ်ပါတယ်။ ဒဏ်ရာရသူတွေထဲမှာလည်း ၁၀ ဦးက စိုးရိမ်ရတဲ့ အနေအထားမျိုးမှာ ရှိနေပါတယ်။
    အာဏာပိုင်တွေက ဒီမီးဟာ ရှို့မီးဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း အသက် ၄၁ နှစ်အရွယ် ရှင်ဂျီ အေအိုဘာ ဆိုသူကို ဖမ်းဆီးထားပါတယ်။ ရှင်ဂျီအေအိုဘာဟာ ၂၀၁၂ ခုနှစ်က တိုကျိုမှာ ကုန်စုံဆိုင်တစ်ခုကို ဓားပြတိုက်မှုအတွက် ထောင်ဒဏ်ကျခံခဲ့ရပြီး လက်ရှိမှာလည်း ရာဇ၀တ်သားဟောင်းတွေ နေထိုင်တဲ့နေရာမှာ နေထိုင်တဲ့သူ ဖြစ်ပါတယ်။
    ရဲတပ်ဖွဲ့က အေအိုဘာဟာ ဈေးဝယ်လှည်းနဲ့ အနည်းဆုံး ဓာတ်ဆီပုလင်းတစ်ခုကို သယ်ဆောင်လာပြီး ကာတွန်းစတူဒီယိုရဲ့ ၀င်ပေါက်မှာ လောင်းချကာ မီးရှို့ခဲ့ပြီး၊ ပါးစပ်ကလည်း ‘သေကြေတော့’ လို့ ဟစ်အော်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ မီးရှို့မှုကို သူလုပ်တာလို့ အေအိုဘာက
    NHK သတင်းဌာနက အေအိုဘာဟာ စိတ်ဝေဒနာကြောင့် ဆေးကုသမှု ခံယူခဲ့ဖူးတယ်လို့ ဖော်ပြခဲ့ပါတယ်။
    ဖမ်းဆီးမှုကို မျက်မြင်တွေ့ခဲ့ရတဲ့ အမျိုးသမီးတစ်ဦးက အေအိုဘာဟာ အလွန်ဒေါသထွက်နေပြီး၊ သူ့ဝတ္ထု ခိုးခံရတဲ့အကြောင်းကိုပဲ ထပ်ခါတလဲလဲ ပြောနေကြောင်း ပြည်တွင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
    ဂျပန်နိုင်ငံဟာ ကမ္ဘ္ဘာပေါ်မှာ ရာဇ၀တ်မှုဖြစ်ပွားမှု အနိမ့်ဆုံး နိုင်ငံတွေထဲမှာပါဝင်ပြီး ၂၀၀၁ ခုနှစ်က လူ ၄၄ ဦး သေဆုံးခဲ့တဲ့ တိုကျိုက မီးလောင်မှုတစ်ခုနောက်ပိုင်း မနေ့ကအဖြစ်အပျက်ဟာ နှစ် ၂၀ အတွင်း အဆိုးဝါဆုံး လူအစုလိုက်အပြုံလိုက် သေဆုံးမှု ဖြစ်ပါတယ်။
    Ref : Reuters
  • ဒရုန်းပစ်ချခံရသည့်သတင်း မဟုတ်ကြောင်း သက်သေပြမည်ဟု အီရန်ပြော
    ဒရုန်းပစ်ချခံရသည့်သတင်း မဟုတ်ကြောင်း သက်သေပြမည်ဟု အီရန်ပြော
    ဇူလိုင် ၁၉၊ ၂၀၁၉
    M-Media
    အမေရိကန်၏ USS Boxer သင်္ဘော
    -ဟော်မုဇ်ရေလက်ကြားမှာ အီရန် မောင်းသူမဲ့ ဒရုန်းလေယာဉ်တစ်စင်းကို ပစ်ချခဲ့တယ်လို့ အမေရိကန်ရဲ့ ထုတ်ပြန်မှုဟာ မမှန်ကန်ဘဲ အဲဒီဒရုန်းက ရိုက်လာတဲ့ ပုံရိပ်ကို ထုတ်ပြသွားမယ်လို့ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC က ကြေငြာလိုက်ပါတယ်။
    တိုက်သင်္ဘော USS Boxer နားကို ကပ်လာတဲ့ အီရန်ဒရုန်းလေယာဉ်ဟာ အကြိမ်ကြိမ် သတိပေးမှုကို နားမထောင်တာကြောင့် ဒုံးကျည်နဲ့ ပစ်ခတ်ဖျက်ဆီးခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါဟာ အီရန်ရဲ့ ရန်စတဲ့လုပ်ရပ်တွေထဲက တစ်ခု ဖြစ်တယ်လို့လည်း ထရမ့်က ဆိုပါတယ်။
    အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အေရက်ချီက ဟော်မုဇ်ရေလက်ကြားမှာရော၊ တစ်ခြား ဘယ်ဒေသမှာမှ မိမိတို့ ဒရုန်းလေယာဉ် ဆုံးရှုံးမှုမကြောင်း၊ USS Boxer ဟာ အမေရိကန်ဒရုန်းကိုပဲ မှားယွင်းပစ်ချတာ ဖြစ်နိုင်ကြောင်း ဒီကနေ့မနက် Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
    ကုလအစည်းအဝေးတက်ဖို့ နယူးယောက်ကို ရောက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်ကလည်း မိမိတို့စစ်တပ်က ဒရုန်းဆုံးရှုံးသွားတယ်ဆိုတဲ့ သတင်းမျိုး မကြားရဘူးလို့ ပြောကြားခဲ့ပါတယ်။
    USS Boxer တိုက်သင်္ဘောဟာ အာရေဗျပင်လယ်မှာ တပ်ဖြန့်ချထားတဲ့ အမေရိကန်ရေတပ်အုပ်စုက တစ်စီးဖြစ်ပြီး၊ လေယာဉ်တင်သင်္ဘော USS Abraham Lincoln လည်း အဲဒီဒေသမှာ လှုပ်ရှားနေပါတယ်။
    ဗီဒီယို ထုတ်ပြန်မည်
    အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ကလည်း အမေရိကန်ရဲ့ ထုတ်ပြန်မှုကို ငြင်းဆိုခဲ့ပြီး ဒေသတွင်းမှာ လှုပ်ရှားနေတဲ့ ဒရုန်းလေယာဉ်တွေအားလုံး တပ်စခန်းကို အန္တရယ်ကင်းကင်း ပြန်ရောက်တယ်လို့ ထုတ်ပြန်ပါတယ်။
    ဒါ့အပြင် အမေရိကန်က ပစ်ချလိုက်တယ်လို့ပြောတဲ့ ဒရုန်းလေယာဉ်က ရိုက်ကူးရယူခဲ့တဲ့ USS Boxer တိုက်သင်္ဘော ပုံရိပ်တွေကို မကြာခင် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
    “USS Boxer ကို ဒရုန်းက ရိုက်ယူလာတဲ့ ပုံရိပ်ကို မကြာခင် ထုတ်ပြသွားမှာပါ။ ဟော်မုဇ်ရေလက်ကြားမှာ အဲဒီသင်္ဘောက အီရန်ဒရုန်းကို ပစ်ချလိုက်တယ်ဆိုတဲ့ ထရမ့်ရဲ့ပြောကြားမှုဟာ အခြေအမြစ်မရှိတဲ့ လိမ်လည်မှုဆိုတာ ကမ္ဘ္ဘာ့ပြည်သူလူထု သိရှိစေဖို့အတွက် ထုတ်ပြန်မှာ ဖြစ်ပါတယ်။ အမေရိကန်စစ်သင်္ဘော ဟော်မုဇ်ရေလက်ကြားကို မ၀င်ခင်ကတည်းက IRGC ရဲ့ ဒရုန်း ဆောင်ရွက်နေတဲ့ လှုပ်ရှားမှုတွေကို ဒီဗီဒီယိုမှာ တွေ့ရမှာပါ” လို့ IRGC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
    အမေရိကန်က ပစ်ချလိုက်တယ်လို့ မထုတ်ပြန်ခင်နဲ့ ထုတ်ပြန်ပြီးအချိန်တွေမှာ ရိုက်ကူးထားတဲ့ ပုံရိပ်တွေလည်း ပါဝင်မယ်လို့ IRGC က ဆိုပါတယ်။
    နိုင်ငံတကာ စည်းမျဉ်းဥပဒေတွေကို ချိုးဖောက်ပြီး ကျူးကျော်ရန်စတဲ့ ဘယ်လို နိုင်ငံခြားတပ်ဖွဲ့မျိုးကိုမဆို သင့်တော်တဲ့ တုန့်ပြန်မှုတွေ လုပ်ဆောင်ဖို့ သန္ဓိဌာန်ချထားကြောင်းလည်း IRGC ရဲ့ ကြေငြာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။
    အီရန်ဟာ ဇွန်လအတွင်းက အမေရိကန် ထောက်လှမ်းရေး ဒရုန်းလေယာဉ်တစ်စင်းကို ပစ်ချခဲ့ပြီး မိမိတို့လေပိုင်နက်ထဲ ၀င်လာတဲ့အတွက်
    ပစ်ချခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။ သမ္မတထရမ့်က ဒီအတွက် အီရန်ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ပေမယ့် နောက်ဆုံးမိနစ်ရောက်မှ
    ဒီအမိန့်ကို ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။
    Ref: Ajazeera, Press TV
  • “လက်နက်ရောင်းပြီး အရှေ့အလယ်ပိုင်းကို အမေရိကန်က ဖြိုခွဲနေတယ်” –  အီရန်နိုင်ငံခြားရေးဝန်ကြီး
    “လက်နက်ရောင်းပြီး အရှေ့အလယ်ပိုင်းကို အမေရိကန်က ဖြိုခွဲနေတယ်” – အီရန်နိုင်ငံခြားရေးဝန်ကြီး
    ဇူလိုင် ၁၇၊ ၂၀၁၉
    M-Media
    -နျူအရေး ထပ်မံဆွေးနွေးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကမ်းလှမ်းမှုကို အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က ရှုတ်ချခဲ့ပြီး အမေရိကန်ဟာ ပင်လယ်ကွေ့နိုင်ငံတွေကို လက်နက်ရောင်းကာ အရှေ့အလယ်ပိုင်းကို ပြိုကွဲအောင် လုပ်ဆောင်နေတယ်လို့ ပြောကြားလိုက်ပါတယ်။
    အခုတစ်ပတ် ကုလသမဂ္ဂ အစည်းအဝေးကို တက်ဖို့ နယူးယောက်မြို့ကို ရောက်ရှိနေစဉ် အမေရိကန်ရုပ်သံ NBC နဲ့ အင်တာဗျူးမှာ ဇာရစ်ဖ်ကအမေရိကန်နဲ့ အီရန်တို့အကြား ကိစ္စရပ်တွေကို သုံးသပ်ပြောကြားခဲ့ပါတယ်။
    ၂၀၁၅ ခုနှစ်က အီရန်နဲ့ အင်အားကြီး ၆ နိုင်ငံအကြား ရရှိခဲ့တဲ့ နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း သမ္မတထရမ့်က ပြီးခဲ့တဲ့နှစ်မေလမှာ ကြေငြာခဲ့ပြီး၊ နောက်ပိုင်းမှာတော့ နျူအရေး ပြန်ဆွေးနွေးမယ်လို့ အမေရိကန်အစိုးရက ကမ်းလှမ်းခဲ့ပေမယ့် ဆွေးနွေးမှုမှာ အီရန်ရဲ့ ဒုံးကျည်အစီအစဉ်ကိုပါ ထည့်သွင်းဖို့ လိုလားနေတာပါ။
    ဇာရစ်ဖ်ကတော့ ၂၀၁၅ စာချုပ်က နှုတ်ထွက်ပြီးနောက်ပိုင်း အီရန်အပေါ် ပြန်လည်လုပ်ဆောင်ခဲ့တဲ့ ပိတ်ဆို့မှုတွေကို ဖယ်ရှားမှသာလျှင် အမေရိကန်နဲ့ ညှိနှိုင်းမယ်လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်တွေဖြစ်တဲ့ ဆော်ဒီ၊ ယူအေအီးတို့ကိုလည်း ဇာရစ်ဖ်က ဝေဖန်ခဲ့ပါတယ်။
    “ကျွန်တော်တို့ ဒုံးကျည်စီမံကိန်းအကြောင်း ပြောချင်ရင်၊ အမေရိကန်က ကျွန်တော်တို့ဒေသမှာ ရောင်းချတဲ့ လက်နက်တွေရဲ့ ပမာဏကိုလည်း ထည့်ပြောဖို့ လိုလိမ့်မယ်။ လူဦးရေ သန်း ၈၀ ရှိတဲ့ အီရန်ဟာ ပြီးခဲ့တဲ့နှစ်က စစ်တပ်အတွက် ကန်ဒေါ်လာ ၁၆ ဘီလီယံ သုံးခဲ့တယ်။ လူတစ်သန်းလောက်သာရှိတဲ့ ယူအေအီးက ၂၂ ဘီလီယံသုံးတယ်။ ကျွန်တော့်ရဲ့ တစ်ဝက်လောက်ပဲ
    လူရှိတဲ့ ဆော်ဒီက ၆၇ ဘီလီယံသုံးတယ်။ အများစုက အမေရိကန်ထံကနေ လက်နက်တွေဝယ်တာ”
    အမေရိကန်ရဲ့ လက်နက်တွေကြောင့် အရှေ့အလယ်ပိုင်းဒေသဟာ ပေါက်ကွဲလုနီးနီး ဖြစ်နေပြီလို့လည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    “အဲဒီတော့ ကျွန်တော်တို့ရဲ့ ဒုံးကျည်အစီအစဉ်တွေအကြောင်း ပြောချင်ရင် ပထမဆုံး ဒုံးကျည်တွေအပါအ၀င် ကျွန်တော်တို့ဒေသမှာ လက်နက်ရောင်းတာတွေအားလုံးကို ပထမဆုံး ရပ်ဖို့ လိုပါလိမ့်မယ်”
    အင်္ဂါနေ့ အိမ်ဖြူတော်က အစည်းအဝေးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက အီရန်ဟာ ဒုံးကျည်ကိစ္စအတွက် ဆွေးနွေးမှုလုပ်ဖို့ အဆင်သင့်ရှိနေပြီလို့ ပြောကြားခဲ့သလို၊ သမ္မတ ထရမ့်ကလည်း တိုးတက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
    ဒါပေမယ့် အီရန်အစိုးရ တာဝန်ရှိသူတွေကတော့ အမေရိကန်ရဲ့ ဒီပြောဆိုချက်တွေကို ငြင်းဆိုခဲ့ပါတယ်။
    တံခါးဖွင့်ထားတယ်
    NBC သတင်းထောက်က အရှေ့အလယ်ပိုင်းဒေသအတွင်း လက်နက်ကိုင်တပ်ဖွဲ့အချို့ကို အီရန်က ထောက်ပံ့နေမှုနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဇာရစ်ဖ်က အမေရိကန်ရဲ့ အဓိကမဟာမိတ်ဖြစ်တဲ့ ဆော်ဒီရဲ့ လုပ်ရပ်တွေကို ထောက်ပြခဲ့ပါတယ်။
    “ကျွန်တော် မေးကြည့်အုံးမယ်။ ယီမင်ကို ဘယ်သူဗုံးကြဲနေတာလဲ။ ဘာရိန်းကို ဘယ်သူ ကျူးကျော်တာလဲ။ တစ်ခြားတိုင်းပြည်ရဲ့ ၀န်ကြီးချုပ်တစ်ယောက်ကို အကျဉ်းချထားတာရော ဘယ်သူလဲ။ မြောက်အာဖရိကပြဿနာမှာ အီရန်ပါလား။ လစ်ဗျားက ပြဿနာရော ဘယ်သူလုပ်တာလဲ။ အီရန်က လစ်ဗျားကိစ္စမှာ ပါလို့လည်း။ ဆူဒန်မှာရော … အလ်ဂျီးရီးယားမှာရော … မတည်ငြိမ်မှုတွေ ဘာ့ကြောင့်ဖြစ်နေတာလဲ။ ကျွန်တော်တို့ဒေသမှာ မလိုမုန်းထားလုပ်ရပ်တွေကို ဘယ်သူလုပ်နေတာလဲဆိုတာ မှန်မှန်ကန်ကန်ကြည့်ဖို့ လိုပါတယ်။ အမေရိကန်အနေနဲ့ အီရန်ကို ပြစ်တင်နေမယ့်အစား ကိုယ့်ရဲ့မဟာမိတ်တွေကို ဆန်းစစ်ဖို့ လိုပါတယ်”
    အီရန်ဟာ အမေရိကန်နဲ့ စစ်ဖြစ်ဖို့ မလိုလားဘူးလို့ ဇာရစ်ဖ်က ထည့်သွင်းပြောဆိုခဲ့ပြီး၊ ပိတ်ဆို့ထားမှုတွေကို ဖယ်ရှားကာ ဆွေးနွေးပွဲလုပ်ဖို့ ထရမ့်ကို တိုက်တွန်းခဲ့ပါတယ်။
    “ပိတ်ဆို့မှုတွေကို ဖယ်ရှားလိုက်ရင် ညှိနှိုင်းဖို့အတွက် တံခါးလည်း ကျယ်ကျယ်ပွင့်သွားမှာပါ။ စားပွဲဝိုင်းကနေထွက်သွားတာက အမေရိကန်ပါ။ ပြန်လာဖို့ အမြဲတမ်း ကြိုဆိုနေပါတယ်”
    ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်မယ်
    အမေရိကန်ရဲ့ ထောက်လှမ်းရေးဒရုန်း တစ်စင်းကို အီရန် ဇွန်လအတွင်းမှာ ပစ်ချခဲ့ပြီးတဲ့နောက် သမ္မတထရမ့်က လက်တုန့်ပြန်တဲ့ အနေနဲ့ အီရန်ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒါပေမယ့် တိုက်ခိုက်ဖို့ နာရီပိုင်းအလိုမှာ အမိန့်ကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။
    ဒီလို ရုပ်သိမ်းမှုဟာ သံတမန်နည်းလမ်းနဲ့ သွားမယ်ဆိုတဲ့ သတင်းစကားတစ်ခု ဖြစ်မလားလို့ NBC သတင်းဌာနက မေးမြန်းရာမှာ ဇာရစ်ဖ်က သူ့အနေနဲ့ ဒီလိုမယူဆဘဲ မိမိကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ တိုင်းပြည်တစ်ခုအပေါ် ရန်စကျူးကျော်မှု မလုပ်ဖို့ ဆုံးဖြတ်ချက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။
    “အီရန်ဟာ ကိုယ်ပိုင်ရင်းမြစ်တွေ၊ လုပ်နိုင်စွမ်းတွေနဲ့ ကိုယ်ပိုင်ပါရမီတွေကို အားကိုးပြီး တစ်ဖက်လှည့် ဖိအားတွေ၊ ကျူးကျော်မှုတွေကို ရင်ဆိုင်ဖို့ နည်းလမ်းရှာသွားမှာပါ”
    ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကနေ နှုတ်ထွက်ပြီးတဲ့နောက် အမေရိကန်ဟာ အီရန်အပေါ် အရင်ကထက် ပိုမိုပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ခဲ့တာကြောင့် အီရန်စီးပွားရေး ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့သလို၊ အရေးပါတဲ့ ဆေးဝါး ပြတ်လတ်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။
    ဇာရစ်ဖ်ကတော့ ဒီဆောင်ရွက်မှုဟာ အီရန်ပြည်သူတွေအပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာဖိအားတွေ ပေးလိုက်တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “သူတို့ဟာ ကျွန်တော်တို့ရဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်နေတာပါ။ သာမန် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားနေတာဖြစ်ပြီး ဒါဟာ စစ်တိုက်တာထက် ဆိုးပါတယ်”
    လေသံပျော့
    ထရမ့်က အမေရိကန်အနေနဲ့ အီရန်အစိုးရ ပြုတ်ကျအောင် ဆောင်ရွက်နေတာ မဟုတ်ဘဲ နျူလက်နက်မရအောင် ဆောင်ရွက်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါဟာ အီရန်နဲ့ အမေရိကန်တို့ရဲ့ လတ်တလောတင်းမာမှုမှာ ထရမ့်ရဲ့လေသံ ပျော့သွားတာလည်း ဖြစ်ပါတယ်။
    အီရန်အဓိပတိ အယာတိုလာ အလီ ခါမေနီက ဗြိတိန်၊ ဂျာမနီနဲ့ ပြင်သစ်တို့ဟာ ၂၀၁၅ သဘောတူညီချက်မှာပါတဲ့ သတ်မှတ်ချက်တွေကို လိုက်နာမှု မရှိတာကြောင့်၊ မိမိတို့လည်း စာချုပ်ပါ ကန့်သတ်ချက်တွေကို လိုက်နာတော့မှာ မဟုတ်ဘူးလို့ အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
    “ဥရောပနိုင်ငံတွေဟာ သဘောတူညီချက် ၁၁ ချက်မှာ တစ်ခုမှ လိုက်နာခြင်းမရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ကျွန်တော်တို့ကတော့ သူတို့လိုမဟုတ်ဘဲ ကတိက၀တ်တွေကို လိုက်နာပါတယ်။ အခုတော့ အဲဒီ ကတိက၀တ်တွေကို လိုက်နာတော့မှာ မဟုတ်ဘူးလို့ပြောတော့ သူတို့က လက်မခံဘူး။ လေးစားမှုမရှိတဲ့သူတွေ။ သူတို့ကြတော့ ကတိမတည်ကြဘူး”
    နျူလက်နက် ထုတ်လုပ်နေတယ်ဆိုတဲ့ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ စွပ်စွဲချက်တွေကို အီရန်က တစ်စိုက်မတ်မတ် ငြင်းဆိုထားပါတယ်။ ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ပါ သတ်မှတ်ချက်တွေ လိုက်နာမှုကို တစ်ဖြည်းဖြည်း လျော့ချသွားပေမယ့် အမေရိကန် စာချုပ်ထဲ ပြန်ပါလာရင် မိမိတို့လည်း စာချုပ်အတိုင်း ဆက်သွားမယ်လို့လည်း အီရန်က ပြောကြားထားပါတယ်။
    Ref: Aljazeera
  • ခရိုက်ချက်မြို့မှ အကြမ်းဖက်ခံ မိသားစုများကို ဟဂ်ျဘုရားဖူးရန် ဆော်ဒီက ဖိတ်ကြား
    ခရိုက်ချက်မြို့မှ အကြမ်းဖက်ခံ မိသားစုများကို ဟဂ်ျဘုရားဖူးရန် ဆော်ဒီက ဖိတ်ကြား
    ဇူလိုင် ၁၇၊ ၂၀၁၉
    M-Media
    -နယူးဇီလန်နိုင်ငံ ခရိုက်ချက်မြို့က ဗလီနှစ်လုံး အကြမ်းဖက်တိုက်ခိုက်ခံရမှုမှာ ထိခိုက်သေဆုံးသွားခဲ့သူတွေရဲ့ မိသားစုဝင် ၂၀၀ ကို ဆော်ဒီဘုရင် ဆလ်မန်က ဟဂ်ျဘုရားဖူးခရီးစဉ် လာရောက်ဖို့ ဖိတ်ခေါ်ထားပါတယ်။
    ကမ္ဘ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်အချို့ကို အစိုးရစားရိတ်နဲ့ ဟဂ်ျဘုရားဖူးခရီးစဉ် ခေါ်ဆောင်တဲ့ အစီအစဉ်ကို ဆော်ဒီအစိုးရက နှစ်စဉ် ဆောင်ရွက်နေပြီး ဆော်ဒီ အစ္စလာမ့်ရေးရာ ၀န်ကြီးဌာနက တာဝန်ယူတာ ဖြစ်ပါတယ်။
    ခရိုက်ချက်က အကြမ်းဖက်ခံ မိသားစုဝင်တွေကို ဟဂ်ျဘုရားဖူးခရီးစဉ် ခေါ်ယူတာဟာ ဆော်ဒီရဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အစီအစဉ်၊ ဘာသာတရားအားလုံးက တားမြစ်ထားတဲ့ အကြမ်းဖက်မှုကြောင့် ထိခိုက်ခံစားရသူတွေကို ကူညီထောက်ပံ့ရေး အစီအစဉ် တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ အစ္စလာမ့်ရေးရာဝန်ကြီး အဘ်ဒူလ် လတစ်ဖ် ဘင် အဘ်ဒူလ်အဇစ် အလ်-ရှိခ်က ပြောကြားခဲ့ပါတယ်။
    မိသားစုဝင် ၂၀၀ ကို ဟဂ်ျဘုရားဖူးခရီးစဉ် ခေါ်ယူရေးအတွက် နယူးဇီလန်က ဆော်ဒီသံရုံးနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမှာဖြစ်ပြီး၊ ကုန်ကျစားရိတ်အားလုံးကို ဆော်ဒီအစိုးရက တာဝန်ယူသွားမယ်လို့ ၀န်ကြီး ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    မတ်လအတွင်း ခရိုချက်မြို့က ဗလီနှစ်လုံးမှာ သောကြာနေ့ ဘုရားဝတ်ပြုနေစဉ် လူဖြူအစွန်းရောက်တစ်ဦးက သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတွေ၊ ကလေးငယ်တွေ အပါအ၀င် လူ ၅၀ လောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။
    Ref: Alarabiya
  • ကမ္ဘာတစ်ဝှမ်း ဘာသာရေးဖိနှိပ်သည့် နိုင်ငံအရေအတွက် ပိုမိုမြင့်တက်
    ကမ္ဘာတစ်ဝှမ်း ဘာသာရေးဖိနှိပ်သည့် နိုင်ငံအရေအတွက် ပိုမိုမြင့်တက်
    ဇူလိုင် ၁၇၊ ၂၀၁၉
    M-Media
    -ကမ္ဘာတစ်ဝှမ်း ဘာသာရေး ကန့်သတ်ချုပ်ချယ်မှုတွေ မြင့်တက်လာသလို၊ ဘာသာဝင်တွေအပေါ် အကြမ်းဖက်တာ အရှက်ရအောင် လုပ်တာတွေလည်း ပိုမိုဖြစ်ပွားလာတယ်လို့ နိုင်ငံတကာ ဘာသာရေး လေ့လာဆန်းစစ်မှုအဖွဲ့ Pew Research Center က ပြောကြားလိုက်ပါတယ်။
    အာဏာရှင်နိုင်ငံတွေသာမကဘဲ ဥရောပက လစ်ဘရယ်ဒီမိုကရေစီ နိုင်ငံတွေမှာပါ ဘာသာရေးကန့်သတ် ချုပ်ချယ်မှုဟာ ၂၀၀၇ ခုနှစ်ကစလို့ မြင့်တက်လာတယ်လို့ တနင်္လာနေ့က ထုတ်ပြန်တဲ့ အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
    ခရစ်ယာန်ဘာသာဝင်တွေကို ဖိနှိပ်တဲ့ နိုင်ငံအရေအတွက်ဟာ ၂၀၁၇ ခုနှစ်မှာ ၁၄၃ နိုင်ငံအထိ မြင့်တက်လာခဲ့ပြီး၊ အစ္စလာမ်ဘာသာဝင်တွေကို ဖိနှိပ်တဲ့ နိုင်ငံတွေကတော့ ၁၄၀ လောက်အထိ ရှိလာခဲ့ပါတယ်။ အဲဒီလိုဖိနှိပ်မှုတွေမှာ အကြမ်းဖက်တာ၊ အရှက်ရအောင်လုပ်တာတွေ ပါဝင်ပြီး လူတစ်ဦးချင်းဖြစ်စေ၊ အသင်းအဖွဲ့တွေကဖြစ်စေ လုပ်ဆောင်ကြတာလို့ Pew Research Center က ပြောပါတယ်။
    ဘာသာတရားတွေကို ကန့်သတ်ချုပ်ချယ်တဲ့ နိုင်ငံအရေအတွက်ဟာ ၂၀၀၇ ခုနှစ်က ၄၀ သာ ရှိခဲ့ရာကနေ ၂၀၁၇ ခုနှစ်မှာ ၅၂ နိုင်ငံအထိ မြင့်တက်လာခဲ့ပြီး အဲဒီအထဲမှာ တရုတ်၊ အင်ဒိုနီးရှားနဲ့ ရုရှားတို့လည်း ပါဝင်ပါတယ်။
    ဘာသာရေး ကန့်သတ်ချုပ်ချယ်မှု အနည်းဆုံးနိုင်ငံတွေကတော့ တောင်အာဖရိက၊ ဂျပန်၊ ဖိလစ်ပိုင်၊ ဘရာဇီးလ်နဲ့ တောင်ကိုရီးယားတို့ ဖြစ်ပါတယ်။
    ပိုမိုမြင့်တက်
    ၂၀၀၇ ခုနှစ်နောက်ပိုင်း ဘာသာရေးကန့်သတ်ချုပ်ချယ်မှု ပိုမိုမြင့်တက်လာတဲ့ နိုင်ငံတွေဟာ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမြောက်ပိုင်းဒေသတွေက ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်က ဥရောပမှာ ဘာသာရေးချုပ်ချယ်တဲ့နိုင်ငံအရေအတွက်ဟာ ၂၁ နိုင်ငံ ရှိရာကနေ ၂၀၁၇ ခုနှစ် ၃၃ နိုင်ငံအထိ မြင့်တက်လာခဲ့ပါတယ်။
    မွတ်စလင်အမျိုးသမီးတွေ မျက်နှာအုပ်တာကို ပိတ်ပင်တဲ့ ဥရောပတိုင်းပြည်အရေအတွက်ဟာ ၁၀ နှစ်တာကာလအတွင်း ၅ နိုင်ငံကနေ နိုင်ငံ ၂၀ အထိတိုးလာတယ်လို့ Pew Research Center ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
    စစ်ပွဲတွေကြောင့် အရှေ့အလယ်ပိုင်းကနေ ထွက်ပြေးလာတဲ့ အစ္စလာမ်ဘာသာဝင်တွေကို ဘာသာမပြောင်းရင် မောင်းထုတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုးနဲ့ ခရစ်ယာန်ဘာသာထဲဝင်ဖို့ ဖိအားပေးတာတွေလည်း ဂျာမနီမှာ ရှိနေပါတယ်။ ဘာသာပြောင်းရင် အစားအသောက်ထောက်ပံ့တာ၊ ခရီးသွားစရိတ် ထုတ်ပေးတာမျိုးတွေလို မက်လုံးပေးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
    အာရှမှာတော့ တရုတ်နိုင်ငံက အစ္စလာမ်ဘာသာဝင် ၀ီဂါလူမျိုးတွေ ဖိနှိပ်ချုပ်ချယ်ခံရမှု၊ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ ဖိနှိပ်၊ မောင်းထုတ်ခံရမှုတွေ ရှိနေတယ်လို့ အစီရင်ခံစာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။
    Ref: Anadolu News Agency