News @ M-Media

Blog

  • အွန်လိုင်းတွင် ရောင်းနေသည့် တုပ်ကွေးကာကွယ်ဆေး စိတ်မချရဟု FDA ထုတ်ပြန်

    အွန်လိုင်းတွင် ရောင်းနေသည့် တုပ်ကွေးကာကွယ်ဆေး စိတ်မချရဟု FDA ထုတ်ပြန်

    ဇူလိုင် ၃၀၊ ၂၀၁၉
    M-Media

    Photo Credit – mmtimes

    -အွန်လိုင်းမှာ ရောင်းချနေတဲ့ တုပ်ကွေးကာကွယ်ဆေး Vaxigrip Tetra ဟာ တရားဝင် မှတ်ပုံတင်ထားခြင်းမရှိတာကြောင့် ပြည်သူလူထုအနေနဲ့ ၀ယ်ယူသုံးစွဲခြင်းမပြုဖို့ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှု ဦးစီးဌာနရုံး FDA က ထုတ်ပြန်ထားပါတယ်။

    ကာကွယ်ဆေးတွေဟာ သတ်မှတ်ထားတဲ့ အပူချိန်ထိန်းညှိခန်းတွေမှာ စနစ်တကျ သိမ်းဆည်းထားရတာဖြစ်ပြီး အွန်လိုင်းမှာရောင်းနေတဲ့ ဆေးတွေက ဒီလို မသိမ်းထားနိုင်ဘူးလို့ FDA က ပြောပါတယ်။

    “ဒီကာကွယ်ဆေးဟာ ပြည်ပက တင်သွင်းတဲ့ ဆေးတွေအဖြစ် FDA မှာ မှတ်ပုံတင်ထားခြင်း မရှိသေးပါဘူး။ ဒီဆေးဝါးတွေကို ကိုင်တွယ်စီမံမယ်လို့ မှတ်ပုံတင်ထားတဲ့ ဆေးဝါးလုပ်ငန်းလည်း မရှိပါဘူး” လို့ FDA ရန်ကုန်ဌာနခွဲက ညွှန်ကြားရေးမှူး ဦးမင်းဝန်က ပြောကြားခဲ့ပါတယ်။

    Vaxigrip Tetra ဆေးဟာ ရာသီတုပ်ကွေး ကာကွယ်ဆေးဖြစ်ပြီး တုပ်ကွေး A/H1N1 နဲ့ A/H3N2 တို့ အပါအ၀င် တုပ်ကွေးအမျိုးအစား ၄ မျိုးကို ကာကွယ်ပေးနိုင်ပါတယ်။

    ဆေးဝါးလုပ်ငန်းတွေ၊ ဆေးဝါးတင်သွင်းသူတွေနဲ့ တစ်ဆင့် ပြန်လည်ရောင်းချသူတွေဟာ FDA မှတ်ပုံတင်ရပြီး၊ Vaxigrip Tetra ထိုးဆေးကတော့ မှတ်ပုံတင်ထားခြင်း မရှိသေးပါဘူး။

    ဦးမင်းဝန်က မှတ်ပုံမတင်ထားတဲ့ ဆေးဝါးတွေဟာ လူထုအတွက် အန္တရာယ်မကင်းဘူးလို့
    ပြောကြားခဲ့ပါတယ်။

    နိုင်ငံတစ်ဝှမ်း ဖြန့်ဖြူးဖို့ FDA မှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံခြားဆေးဝါး ၉၄ မျိုး ရှိနေပါတယ်။

    Ref: Myanmar Times

    (Myanmar Times အင်္ဂလိပ်ပိုင်းမှ သတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)

  • ပြန်ပေးဆွဲခံရသူကို အချိန်မီ မကယ်တင်နိုင်မှုအတွက် ရိုမေးနီးယားရဲချုပ် ရာထူးမှ ထုတ်ပယ်ခံရ

    ပြန်ပေးဆွဲခံရသူကို အချိန်မီ မကယ်တင်နိုင်မှုအတွက် ရိုမေးနီးယားရဲချုပ် ရာထူးမှ ထုတ်ပယ်ခံရ

    ဇူလိုင် ၂၈၊ ၂၀၁၉
    M-Media

    – ပြန်ပေးဆွဲခံရတဲ့ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်ကို ရဲတပ်ဖွဲ့က အချိန်မီ ကယ်တင်နိုင်ခြင်း မရှိတဲ့အတွက် ရိုမေးနီးယား ပြည်ထဲရေးဝန်ကြီးက ရဲချုပ်ကို ထုတ်ပယ်လိုက်ပြီး၊ ပြည်သူလူထုက ရဲတပ်ဖွဲ့အပေါ် ဝေဖန်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။

    နိုင်ငံတောင်ပိုင်း ကာရာကာလ်မြို့က အလက်ဇန်ဒရာလို့ အမည်ရတဲ့ အဲဒီ မိန်းကလေးငယ်ဟာ ဗုဒ္ဓဟူးနေ့က ပြန်ပေးဆွဲ ခံခဲ့ရတာဖြစ်ပြီးရဲတပ်ဖွဲ့ကို ၃ ကြိမ်တိုင်တိုင် ဖုန်းခေါ်ကာ ပြန်ပေးဆွဲခံရတဲ့ အသေးစိတ်အချက်အလက်တွေကို ပြောပြခဲ့ပါတယ်။

    ရဲတွေဟာ ဒီဖုန်းခေါ်ဆိုမှုတွေကို သေသေချာချာ ကိုင်တွယ်ဆောင်ရွက်ခြင်း မရှိဘူးလို့ မိန်းကလေးငယ်ရဲ့ မိဘတွေက ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

    စနေနေ့မှာတော့ မိန်းကလေးငယ်ရဲ့ ရုပ်အလောင်းနဲ့ သူဝတ်သွားတဲ့ လက်ဝတ်လက်စားတွေကို ပြန်တွေ့ခဲ့ပြီး ပြန်ပေးဆွဲသူက သတ်ဖြတ်သွားတယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

    မိန်းကလေးငယ်ဟာ အရေးပေါ်ဖုန်းလိုင်း 112 ကို ကြာသာပတေးနေ့မှာ ၃ ကြိမ်တိုင်တိုင် ခေါ်ဆိုခဲ့ပါတယ်။

    ဖုန်းခေါ်မှုကို လက်ခံရရှိခဲ့ပေမယ့် ဘယ်နေရာလဲဆိုတာ ခြေရာခံလို့ မရကြောင်း၊ သူမဖမ်းဆီးခံထားရတဲ့အိမ်ကို သောကြာနေ့မှာ ဖော်ထုတ်နိုင်ခဲ့ပေမယ့် ၀ရမ်းစောင့်နေတာကြောင့် စနေနေ့ မနက်ပိုင်းမှ ၀င်ရောက်နိုင်ခဲ့ကြောင်း ရိုမေးနီးယား ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် ဒီလိုဝင်ရောက်ရှာဖွေမှုအတွက် ဖမ်းဝရမ်းမလိုဘဲ၊ မိန်းကလေးငယ် ဖုန်းခေါ်ဆိုပြီး ၁၉ နာရီ ကြာတဲ့အထိ ထိထိရောက်ရောက် တုန့်ပြန်ဆောင်ရွက်မှု မရှိတဲ့အပေါ် ရဲတပ်ဖွဲ့ကို ပြည်သူတွေက ဝေဖန်လာကြပါတယ်။

    လက်ရှိအချိန်မှာ ဒီအဖြစ်အပျက်အတွက် အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဒီအမျိုးသားဟာ ဧပြီလက အသက် ၁၈ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးမှုမှာလည်း ပါဝင်ပတ်သက်သူ ဖြစ်မယ်လို့ ရဲတပ်ဖွဲ့က ယူဆထားပါတယ်။

    ရိုမေးနီးယား ပြည်ထဲရေးဝန်ကြီး နီကိုလာ မိုဂါက ထိရောက်တဲ့ ဆောင်ရွက်ချက်တွေ လိုအပ်တာကြောင့် ရဲချုပ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ရတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: BBC

  • ဟဂ်ျကာလအတွင်း အရေးပေါ်ဖုန်းလိုင်း 911 ကို ဘာသာစကားမျိုးစုံဖြင့် အသုံးပြုနိုင်မည်

    ဟဂ်ျကာလအတွင်း အရေးပေါ်ဖုန်းလိုင်း 911 ကို ဘာသာစကားမျိုးစုံဖြင့် အသုံးပြုနိုင်မည်

    ဇူလိုင် ၂၈၊ ၂၀၁၉
    M-Media

    -ကမ္ဘ္ဘာတစ်ဝှမ်းက ဟဂ်ျဘုရားဖူးခရီး လာရောက်ကြတဲ့သူတွေ အရေးပေါ်အခြအနေမျိုးကြုံရရင်
    ဖုန်းနံပါတ် 911 ကို ခေါ်ဆိုနိုင်ပြီး သိချင်တာတွေကို ဘာသာစကားမျိုးစုံနဲ့ မေးမြန်းနိုင်တယ်လို့ သိရပါတယ်။

    လမ်းပျောက်သွားတာ၊ ပစ္စည်းပျောက်တာ၊ အကူအညီလိုအပ်တာ စတဲ့ အရေးပေါ်အခြေအနေမျိုးတွေမှာ ၂၄ နာရီပတ်လုံး ဒီဖုန်းလိုင်းကို အသုံးပြုနိုင်ပြီး အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ အင်ဒိုနီးရှားနဲ့ အူရဒူအပါအ၀င် ဘာသာစကား တော်တော်များများနဲ့ မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

    သွက်သွက်လက်လက် မြန်မြန်ဆန်ဆန် ဖုန်းလက်ခံဖြေကြားဖို့အတွက် လူငယ်တွေကို ခန့်အပ်ထားတယ်လို့လည်း ဆော်ဒီအာဏာပိုင်တွေက ပြောပါတယ်။

    911 ဖုန်းစင်တာတွေကို လွန်ခဲ့တဲ့ ၅ နှစ်က မက္ကာမှာ စတင် ဖော်ဆောင်ခဲ့ပြီး အခုအချိန်မှာတော့
    ရီယာ့ဒ် ရှာဂျီယာနဲ့ မဒီနာတို့မှာပါ အသုံပြုနိုင်ပြီဖြစ်ပါတယ်။ Twitter စာမျက်မှာလည်း
    ဒီဝန်ဆောင်မှုအတွက် အကောင့်တစ်ခုဖွင့်ကာ ဟဂ်ျနဲ့ပတ်သက်တဲ့ နောက်ဆုံးရ သတင်းတွေကို လွှင့်တင်ပေးနေပါတယ်။

    လုံခြုံရေး တိုးမြှင့်ချထား

    လာမယ့်လမှာ ကျရောက်မယ့် ဟဂ်ျဘုရားဖူးရာသီမှာ လုံခြုံဘေးကင်းဖို့အတွက် လုံခြုံရေးဝန်ထမ်း ၁၇၀၀၀ နဲ့ မော်တော်ယာဉ် ၃၀၀၀ ကိုလည်း ဆော်ဒီက စီမံထားပါတယ်။

    ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဌာနစုံပါဝင်တဲ့ လေ့ကျင့်မှုကိုလည်း ဆော်ဒီက ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

    မက္ကာ စည်ပင်သာယာရေးအဖွဲ့က ဘုရားဖူးခရီးသွားတွေကို ၀န်ဆောင်မှုပေးနိုင်ဖို့အတွက် ၀န်ထမ်း ၂၃၀၀၀ ကို ခန့်အပ်ထားပြီး နေ့ဆိုင်း၊ ညဆိုင်း ခန့်အပ်တာဝန်ပေးထားတယ်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့နှစ် ဟဂ်ျဘုရားဖူးရာသီမှာ ကမ္ဘ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင် ၁.၇၅ သန်း လာရောက်ခဲ့တယ်လို့ ဆော်ဒီအစိုးရက ထုတ်ပြန်ထားပါတယ်။

    Ref: Arab

  • ပြင်သစ်တွင်တူးဖော်ခဲ့သည့် ဒိုင်နိုဆောပေါင်ရိုးက အရေးပါသည့်တွေ့ရှိမှုဟု ပညာရှင်များပြော

    ပြင်သစ်တွင်တူးဖော်ခဲ့သည့် ဒိုင်နိုဆောပေါင်ရိုးက အရေးပါသည့်တွေ့ရှိမှုဟု ပညာရှင်များပြော

    ဇူလိုင် ၂၇၊ ၂၀၁၉
    M-Media

    -လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၄၀ လောက်က ရှင်သန်ခဲ့တယ်လို့ ယူဆရတဲ့ ဧရာမ ဒိုင်နိုဆောကြီးရဲ့ ပေါင်ရိုးတစ်ခုကို အခုတစ်ပတ်အတွင်း ပြင်သစ်နိုင်ငံမှာ တွေ့ရှိခဲ့ပြီး ‘အရေးပါတဲ့ ရှာဖွေတွေ့ရှိမှုကြီး’ လို့ သိပ္ပံပညာရှင်တွေက ကင်းပွန်းတပ်ခဲ့ပါတယ်။

    အရိုးဟာ ၆ ပေလောက်ရှိပြီး နိုင်ငံအနောက်တောင်ပိုင်း ရှေးဟောင်းသုတေသန နယ်မြေဖြစ်တဲ့ Angeac-Charente မှာ တူးဖော်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

    လွန်ခဲ့တဲ့နှစ် သန်းပေါင်း ၁၄၀ ကျော် Jurassic ခေတ်က ရှင်သန်နေထိုင်ခဲ့တဲ့ အပင်စား ဒိုင်နိုဆော Sauropod ရဲ့အရိုး ဖြစ်မယ်လို့ သုတေသနပညာရှင်တွေက ပြောကြားခဲ့ပါတယ်။ ပေါင်ရိုးနဲ့အတူ တင်ပဆုံရိုးကိုပါ တွေ့ရှိခဲ့ပါတယ်။

    “အရေးပါတဲ့ ရှာဖွေ တွေ့ရှိမှုကြီးဗျ။ ပေါင်ရိုးကြီး မဆွေးမမြေ့ တည်ရှိနေတာကလည်း အံ့သြဖို့ကောင်းပါတယ်။ အရိုးကိုကြည့်ရင် အဲဒီအကောင်ကြီးရဲ့ အလေးချိန်က တန် ၄၀၊ ၅၀ လောက် ရှိနိုင်တယ်ဗျ” လို့ ပဲရစ် နိုင်ငံတော် သဘာဝသမိုင်းပြတိုက်က ရှေးဟောင်းသုတေသနပညာရှင် ရိုနန် အေလိုင်က ပြောကြားခဲ့ပါတယ်။

    ပြင်သစ်နိုင်ငံ Cognac မြို့အနီးမှာလည်း ဒိုင်နိုဆောမျိုးစိတ်ပေါင်း ၄၀ ကျော်က ရုပ်ကြွင်း ၇၅၀၀ ကျော်ကို ၂၀၁၀ ခုနှစ်မှာ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပြီး ဥရောပမှာ အကြီးမားဆုံး တွေ့ရှိမှုကြီး ဖြစ်ပါတယ်။

    Ref: Aljazeera

  • အီဘိုလာ စိုးရိမ်မှုကြောင့် ကွန်ဂိုမှ ဟဂ်ျခရီးသွားများကို ဆော်ဒီပိတ်ပင်

    အီဘိုလာ စိုးရိမ်မှုကြောင့် ကွန်ဂိုမှ ဟဂ်ျခရီးသွားများကို ဆော်ဒီပိတ်ပင်

    ဇူလိုင် ၂၇၊ ၂၀၁၉
    M-Media

    -လာမယ့်လမှာ စတင်မယ့် ဟဂ်ျဘုရားဖူးကာလမှာ အီဘိုလာရောဂါ ကူးစက်ဖြစ်ပွားမှာကို
    စိုးရိမ်တဲ့အတွက် ကွန်ဂိုနိုင်ငံက ဟဂ်ျဘုရားဖူးလာရောက်မှုကို ဆော်ဒီက ပိတ်ပင်လိုက်ပါတယ်။

    ကွန်ဂိုနိုင်ငံ အရှေ့မြောက်ပိုင်းက ပြည်နယ်နှစ်ခုမှာ ကမ္ဘ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အီဘိုလာ အရေးပေါ်အခြေအနေ ကြေငြာပြီးတဲ့နောက်ပိုင်း ဆော်ဒီက ဒီလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

    “ကွန်ဂိုနိုင်ငံကလာတဲ့သူတွေအပေါ် ဆိုက်ရောက်ဗီဇာ ထုတ်ပေးတာကို ရပ်ဆိုင်းလိုက်ပါပြီ။
    ဘုရားဖူးခရီးသည်တွေ ဘေးကင်းစေဖို့အတွက် ဒီလို ဆောင်ရွက်ရတာ ဖြစ်ပါတယ်” လို့ ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဒီလို ပိတ်ပင်လိုက်တာကြောင့် လူ ဘယ်လောက်များများ ထိခိုက်မယ်ဆိုတာ မသိရပါဘူး။

    ကွန်ဂိုနိုင်ငံမှာ အစ္စလာမ်ဝင်ဟာ နိုင်ငံလူဦးရေရဲ့ ၃ ရာခိုင်နှုန်းသာ ရှိပါတယ်။ ဆော်ဒီကို ဟဂ်ျဘုရားဖူးလာရောက်ကြတဲ့ ကမ္ဘ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေဟာ နှစ်စဉ် ၂ သန်းလောက် ရှိနေပြီး အဲဒီအထဲက ၁၀ ရာခိုင်နှုန်းလောက်က အာဖရိကရဲ့ ဆဟာရဒေသ နိုင်ငံတွေက ဖြစ်ပါတယ်။

    ကွန်ဂိုမြောက်ပိုင်းမှာ အရေးပေါ်အခြေအနေ ကြေငြာထားပေမယ့် တစ်ခြားနိုင်ငံတွေအနေနဲ့
    အစိုးရိမ်လွန်ပြီး နယ်စပ်တွေ မပိတ်ကြဖို့လည်း WHO ကို တိုက်တွန်းထားပါတယ်။

    သြဂုတ်လက တစ်ကျော့ပြန်ဖြစ်ပွားခဲ့တဲ့ အီဘိုလာရောဂါကြောင့် ကွန်ဂိုနိုင်ငံမှာ လူ ၁၇၀၀ ကျော် သေဆုံးခဲ့ပြီး ဒါဟာ ကူးစက်ခံရသူ အရေအတွက်ရဲ့ ၃ ပုံ ၂ ပုံကျော် ဖြစ်ပါတယ်။ ဒါဟာ ကွန်ဂိုနိုင်ငံရဲ့ ဒုတိယမြောက် အဆိုးဝါးဆုံး အီဘိုလာ ပြန့်နှံ့မှုလည်း ဖြစ်ပါတယ်။

    Ref: Aljazeera