News @ M-Media

ပြင်သစ်တွင်တူးဖော်ခဲ့သည့် ဒိုင်နိုဆောပေါင်ရိုးက အရေးပါသည့်တွေ့ရှိမှုဟု ပညာရှင်များပြော

ဇူလိုင် ၂၇၊ ၂၀၁၉
M-Media

-လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၄၀ လောက်က ရှင်သန်ခဲ့တယ်လို့ ယူဆရတဲ့ ဧရာမ ဒိုင်နိုဆောကြီးရဲ့ ပေါင်ရိုးတစ်ခုကို အခုတစ်ပတ်အတွင်း ပြင်သစ်နိုင်ငံမှာ တွေ့ရှိခဲ့ပြီး ‘အရေးပါတဲ့ ရှာဖွေတွေ့ရှိမှုကြီး’ လို့ သိပ္ပံပညာရှင်တွေက ကင်းပွန်းတပ်ခဲ့ပါတယ်။

အရိုးဟာ ၆ ပေလောက်ရှိပြီး နိုင်ငံအနောက်တောင်ပိုင်း ရှေးဟောင်းသုတေသန နယ်မြေဖြစ်တဲ့ Angeac-Charente မှာ တူးဖော်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ် သန်းပေါင်း ၁၄၀ ကျော် Jurassic ခေတ်က ရှင်သန်နေထိုင်ခဲ့တဲ့ အပင်စား ဒိုင်နိုဆော Sauropod ရဲ့အရိုး ဖြစ်မယ်လို့ သုတေသနပညာရှင်တွေက ပြောကြားခဲ့ပါတယ်။ ပေါင်ရိုးနဲ့အတူ တင်ပဆုံရိုးကိုပါ တွေ့ရှိခဲ့ပါတယ်။

“အရေးပါတဲ့ ရှာဖွေ တွေ့ရှိမှုကြီးဗျ။ ပေါင်ရိုးကြီး မဆွေးမမြေ့ တည်ရှိနေတာကလည်း အံ့သြဖို့ကောင်းပါတယ်။ အရိုးကိုကြည့်ရင် အဲဒီအကောင်ကြီးရဲ့ အလေးချိန်က တန် ၄၀၊ ၅၀ လောက် ရှိနိုင်တယ်ဗျ” လို့ ပဲရစ် နိုင်ငံတော် သဘာဝသမိုင်းပြတိုက်က ရှေးဟောင်းသုတေသနပညာရှင် ရိုနန် အေလိုင်က ပြောကြားခဲ့ပါတယ်။

ပြင်သစ်နိုင်ငံ Cognac မြို့အနီးမှာလည်း ဒိုင်နိုဆောမျိုးစိတ်ပေါင်း ၄၀ ကျော်က ရုပ်ကြွင်း ၇၅၀၀ ကျော်ကို ၂၀၁၀ ခုနှစ်မှာ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပြီး ဥရောပမှာ အကြီးမားဆုံး တွေ့ရှိမှုကြီး ဖြစ်ပါတယ်။

Ref: Aljazeera