News @ M-Media

Blog

  • ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်ဒေသမှ တရားမ၀င်အိမ်ယာကို အစ္စရေးက ထရမ့်အမည်ပေး

    ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်ဒေသမှ တရားမ၀င်အိမ်ယာကို အစ္စရေးက ထရမ့်အမည်ပေး

    ဇွန် ၁၇၊ ၂၀၁၉
    M-Media

    – ဆီးရီးယားပိုက်နက် ဂိုလန်ကုန်းမြင့်ဒေသက တရားမ၀င်အိမ်ယာတစ်ခုကို အစ္စရေးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့အမည် ပေးလိုက်ပြီး၊ ဂိုလန်တောင်ကုန်းကို အစ္စရေးပိုင်နက်အဖြစ် ထရမ့်က အသိအမှတ်ပြုမှုအတွက် ကျေးဇူးတုန့်ပြန်တာ ဖြစ်ပါတယ်။

    မနေ့က အမည်ပေးပွဲအခမ်းအနားကို တက်ရောက်ခဲ့တဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ထရမ့်ဟာ အစ္စရေးရဲ့ ‘ကြီးကျယ်တဲ့မိတ်ဆွေ’ ဖြစ်တယ် လို့ပြောကြားခဲ့ပြီး အစ္စရေးမြောက်ပိုင်းမှာရှိနေတဲ့ ဂိုလန်တောင်ကုန်းဟာ မဟာဗျူဟာကျတဲ့ နေရာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

    “ဂိုလန်ကုန်းမြင့်ဒေသဟာ ကျွန်တော်တို့တိုင်းပြည် အမိမြေနဲ့ အမြဲတမ်း ယှဉ်တွဲတည်ရှိနေတဲ့ ဒေသ ဖြစ်ပါတယ်”

    လူဦးရေ ၁၀ ဦးရှိပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က စတင်ပေါ်ပေါက်လာခဲ့တဲ့ အဲဒီ တရားမ၀င်အိမ်ယာကို အစ္စရေးက ဟီဘရူးဘာသာစကားနဲ့ ‘Ramat Trump’ လို့ အမည်ပေးထားပြီး ‘Trump Heights’ လို့ အဓိပ္ပါယ်ထွက်ပါတယ်။ အခုလို အမည်ပေးခြင်းအားဖြင့် အဲဒီအိမ်ယာမှာ လူတွေ ပိုမိုနေထိုင်ကာ ချဲ့ထွင်နိုင်ဖို့ အစ္စရေးက မျှော်လင့်နေပါတယ်။

    ထရမ့်ကတော့ သူ့ကို ဒီလိုဂုဏ်ပြုတဲ့အတွက် နေတန်ယာဟုနဲ့ အစ္စရေးနိုင်ငံကို ကျေးဇူးတင်တယ်လို့ မနေ့က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အမည်ပေးပွဲအခမ်းအနားကို တက်ရောက်ခဲ့တဲ့ အစ္စရေးဆိုင်ရာ အမေရိကန်သံအမတ် ဒေးဗစ် ဖရီးဒ်မန်က ‘အရမ်းလှပတဲ့အမည်’ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကျူးကျော်မှု

    အစ္စရေးဟာ ၁၉၆၇ ခုနှစ် စစ်ပွဲမှာ ဆီးရီးယားနိုင်ငံကို ကျူးကျော်ကာ ဂိုလန်တောင်ကုန်းကို သိမ်းပိုက်ခဲ့ပြီး ၁၉၈၁ ခုနှစ်မှာ သူတို့ရဲ့ပိုင်နက်ထဲ သွတ်သွင်းခဲ့ပါတယ်။ ဒီလိုသွတ်သွင်းမှုဟာ နိုင်ငံတကာ ဥပဒေနဲ့ မညီညွတ်ဘူးလို့ ကမ္ဘ္ဘာ့နိုင်ငံအများစုက သတ်မှတ်ထားပါတယ်။

    ပြီးခဲ့တဲ့မတ်လ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုရဲ့ အမေရိကန်ခရီးစဉ်အတွင်း သမ္မတ ဒေါ်နယ်ထရမ့်က ဂိုလန်ကုန်းမြင့်ဒေသကို အစ္စရေးပိုင်နက်အဖြစ် အသိအမှတ်ပြုခဲ့ပြီး ၁၀ စုနှစ်ချီ ရှိခဲ့တဲ့ အမေရိကန်ရဲ့ ပေါ်လစီကို ပြောင်းလဲလိုက်တာလည်း ဖြစ်ပါတယ်။

    အစ္စရေးရဲ့ မှတ်တမ်းတွေအရ ဂိုလန်ကုန်းမြင့်ဒေသမှာ လူ ၅ သောင်းနေထိုင်ပြီး အစ္စရေးက ဂျူးလူမျိုး ၂၂၀၀၀ နဲ့ ဒေသခံ အာရပ် ဒရုဇ်လူမျိုး ၂၅၀၀၀ လောက် ရှိနေပါတယ်။

    Ref: Aljazeera

  • ကမ္ဘ္ဘာ့ စီးပွားရေး ယှဉ်ပြိုင်နိုင်မှုအရှိဆုံး စာရင်းတွင် စင်ကာပူ ထိပ်ဆုံးရောက်

    ကမ္ဘ္ဘာ့ စီးပွားရေး ယှဉ်ပြိုင်နိုင်မှုအရှိဆုံး စာရင်းတွင် စင်ကာပူ ထိပ်ဆုံးရောက်

    ဇွန် ၁၇၊ ၂၀၁၉
    M-Media

    -ကမ္ဘ္ဘာပေါ်က စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်းအရှိဆုံး နိုင်ငံများစာရင်းမှာ စင်ကာပူဟာ ဟောကောင်နဲ့ အမေရိကန်တို့ကို ကျော်ကာ ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။

    နည်းပညာဆိုင်ရာ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်မှု၊ ကျွမ်းကျင်လုပ်သား လုံလုံလောက်လောက် ရရှိနိုင်မှု၊ ပြောင်းရွှေ့အခြေချမှုအတွက် သင့်လျော်တဲ့ ဥပဒေများ ပြဌာန်းနိုင်မှု၊ စီးပွားရေး စတင်လုပ်ဆောင်ဖို့ လွယ်ကူမှုတွေကြောင့် ဒီလို အဆင့် ၁ နေရာကို ရရှိခဲ့တာဖြစ်တယ်လို့ သုတေသနပြု ထုတ်ပြန်တဲ့ ဆွစ်ဇာလန်အခြေစိုက် IMD Business School က ပြောကြားခဲ့ပါတယ်။

    အခွန်လျှော့ချမှု နောက်ဆက်တွဲနဲ့ ကိစ္စတွေနဲ့ အဆင့်မြင့်နည်းပညာ တင်ပို့မှု အားနည်းသွားတာတွေကြောင့် အမေရိကန်ဟာ စာရင်းမှာ ၂ ဆင့် လျော့ကျသွားပါတယ်။ စာရင်းမှာပါဝင်တဲ့ အာရှ စီးပွားရေးထိပ်တန်း ၁၄ နိုင်ငံမှာ ၁၁ နိုင်ငံက ပြီးခဲ့တဲ့နှစ် အဆင့်ကနေ မကျအောင်၊ ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

    ၂၀၁၉ နှင့် ၂၀၁၈ ခုနှစ် ထိပ်ဆုံး ၁၀ နိုင်ငံ အဆင့် နှိုင်းယှဉ်ချက်

    ကမ္ဘ္ဘာ့ စီးပွားရေး ယှဉ်ပြိုင်နိုင်မှု အရှိဆုံး နိုင်ငံများ စာရင်းကို IMD World Competitiveness Center က ၁၉၈၉ ကနေစတင်ကာ ထုတ်ပြန်ခဲ့တာပါ။ စီးပွားရေး အင်အားကြီး နိုင်ငံပေါင်း ၆၃ နိုင်ငံကို သတ်မှတ်ချက်ပေါင်း ၂၃၅ ခုနဲ့ ချိန်ထိုး ဆန်းစစ်တာ ဖြစ်ပါတယ်။ အဲဒီ သတ်မှတ်ချက်တွေထဲမှာ စာရင်းရယူရခက်တဲ့ အလုပ်လက်မဲ့နှုန်း၊ စီးပွားရေးတိုးတက်မှု၊ ကျန်းမာရေးနဲ့ ပညာရေးမှာ အစိုးရရဲ့ သုံးစွဲမှုတွေ၊ ကမ္ဘ္ဘာ့အသိုင်းအဝိုင်းမှာ ၀င်ဆံ့မှု၊ လူမှုအစေးကပ်မှုနဲ့ ခြစားမှုအချက်အလက်တွေ ပါဝင်တယ်။ အဓိက စဉ်းစားတဲ့ သတ်မှတ်ချက် ၄ ခုက စီးပွားရေးစွမ်းဆောင်နိုင်မှု၊ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်မှု၊ အစိုးရရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ စီးပွားရေး လွယ်ကူမှုတွေ ဖြစ်ပါတယ်။

    အခုနှစ်စာရင်းမှာ အတိုးတက်ဆုံး အာရှနိုင်ငံဟာ အရှေ့တောင်အာရှက စီးပွားရေးအကြီးဆုံး အင်ဒိုနီးရှားနိုင်ငံဖြစ်ပြီး အဆင့် ၁၁ ဆင့်တက်ကာ ၃၂ နေရာမှာ ရှိနေပါတယ်။ ထိုင်းနိုင်ငံက ၅ ဆင့်တက်ကာ အဆင့် ၂၅ နေရာ ရောက်လာပြီး၊ စီးပွားရေး တိုးတက်မှုကျဆင်းတာ၊ အစိုးရရဲ့အကြွေး မြင့်တက်လာတာ၊ စီးပွားရေး လုပ်ဆောင်နိုင်မှုအခြေအနေ အားနည်းတာတွေကြောင့် ဂျပန်နိုင်ငံက ၅ ဆင့် လျော့ကျသွားပါတယ်။

    ဥရောပနိုင်ငံတွေမှာ ယူကေက အဆင့် ၂၀ ကနေ ၂၃ နေရာ ကျဆင်းသွားပြီး နော်ဝေ၊ ဒိန်းမတ်၊ နယ်သာလန်တို့ကလည်း အဆင့်တွေ အသီးသီး ကျဆင်းသွားပါတယ်။ အိုင်ယာလန်နိုင်ငံက ၅ ဆင့်တက်ကာ ဆွစ်ဇာလန်ကလည်း အဆင့်တက်ပြီး ဥရောပတိုက်မှာ စီးပွားရေး ယှဉ်ပြိုင်နိုင်စွမ်း
    အရှိဆုံး တိုင်းပြည် ဖြစ်နေပါတယ်။

    ၂၀၁၉ ခုနှစ်စာရင်းမှာ ဆော်ဒီအာရေဗျက အဆင့်အများဆုံးတက်တဲ့ တိုင်းပြည် ဖြစ်လာခဲ့ပြီး ၁၃ ဆင့်တက်ကာ အဆင့် ၂၆ နေရာကို ရောက်လာပါတယ်။ ဒါဟာ ပညာရေးမှာ ရင်းနှီးမြှုပ်နှံမှု ပိုမိုလုပ်ဆောင်တဲ့အတွက် ဖြစ်တယ်လို့ IMD Business School က ဖော်ပြထားပါတယ်။
    နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေ ဖြစ်နေတဲ့ ဗင်နီဇွဲလားနိုင်ငံကတော့ စာရင်းမှာ အောက်ဆုံးကို ရောက်ရှိနေပါတယ်။

    Ref: Bloomberg

  • နိုင်ငံပေါင်း ၃၂ ခု ၀င်ဆံ့နိုင်တဲ့ အိန္ဒိယ

    နိုင်ငံပေါင်း ၃၂ ခု ၀င်ဆံ့နိုင်တဲ့ အိန္ဒိယ

    ဇွန် ၁၇၊ ၂၀၁၉
    M-Media

    -အိန္ဒိယနိုင်ငံမှာ လူဦးရေ ၁.၃ ဘီလီယံ (သန်း ၁၃၀၀) ကျော်ရှိပြီး တရုတ်နိုင်ငံပြီးရင် ကမ္ဘ္ဘာမှာ ဒုတိယ လူဦးရေအများဆုံး တိုင်းပြည်ဖြစ်ပါတယ်။

    နိုင်ငံအတွင်း ပြည်နယ်ပေါင်း ၂၉ ခုနဲ့ ပြည်ထောင်စုနယ်မြေ ၇ ခု ရှိပြီး တစ်ချို့ပြည်နယ်တွေဟာ ကမ္ဘ္ဘာပေါ်က အခြားနိုင်ငံတွေရဲ့ လူဦးရေပမာဏလောက်အထိ ရှိကြပါတယ်။ ဥပမာအားဖြင့် အိန္ဒိယရဲ့ အကြီးဆုံး ပြည်နယ် အူတာ ပရာဒက်ရှ်ဟာ ဘရာဇီးလ်နိုင်ငံရဲ့ လူဦးရေထက် ပိုများပြီး မဟာရက်ရှ်ထရာ ပြည်နယ်ကတော့ ဂျပန်နိုင်ငံရဲ့ လူဦးရေထက် ပိုများပါတယ်။

    နိုင်ငံမှာ အသေးဆုံးဖြစ်တဲ့ အာသံဆိုရင်တောင် ဆော်ဒီအာရေဗျနိုင်ငံရဲ့ လူဦးရေထက် ပိုမိုများပါတယ်။

    အိန္ဒိယနိုင်ငံမှာ အခြား ကမ္ဘ္ဘာ့နိုင်ငံတွေ ထည့်သွင်းမယ်ဆိုရင် နိုင်ငံပေါင်း ၃၀ ကျော်လောက် ၀င်ဆံ့နိုင်မှာ ဖြစ်ပါတယ်။

    ref: gzeromedi.com

  • ကမ္ဘ္ဘာ့အကြီးဆုံး ရေအောက် အပန်းဖြေစခန်းကို ဘာရိန်း၌ မကြာမီ ဖွင့်လှစ်မည်

    ကမ္ဘ္ဘာ့အကြီးဆုံး ရေအောက် အပန်းဖြေစခန်းကို ဘာရိန်း၌ မကြာမီ ဖွင့်လှစ်မည်

    ဇွန် ၁၅၊ ၂၀၁၉
    M-Media

    ရေအောက်အပန်းဖြေစခန်း မြင်ကွင်း

    -Boeing 747 လေယာဉ် ပါဝင်ပြီး ကမ္ဘ္ဘာ့အကြီးဆုံး ရေအာက်အပန်းဖြေစခန်းဖြစ်လာမယ့် နေရာတစ်ခုကို လာမယ့် သြဂုတ်လမှာ ဖွင့်လှစ်တော့မယ်လို့ ဘာရိန်းနိုင်ငံက ကြေငြာလိုက်ပါတယ်။

    အဲဒီ ရေအောက်အပန်းဖြေစခန်းဟာ နိုင်ငံအနောက်မြောက်ပိုင်း ကျွန်းစုမြို့တော် ဒီယာအလ်မူဟာရက်မှာ တည်ရှိမှာပါ။ ဒီယာအလ်မူဟာရက် မြို့ကို လူလုပ်ကျွန်း ၇ ခုနဲ့ ဖွဲ့စည်းထားပြီး လက်ရှိ ခရီးသွားနေရာတစ်ခု ဖြစ်နေပါတယ်။ ကမ္ဘ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားပြီး နိုင်ငံရဲ့ ခရီးသွားဝင်ငွေ တိုးတက်စေဖို့ ရည်ရွယ်ကာ ရေအောက် အပန်းဖြေစခန်း စီမံကိန်းကို ဖော်ဆောင်တာ ဖြစ်ပါတယ်။

    အပန်းဖြေစခန်းရဲ့ အကျယ်အ၀န်းဟာ စကွဲယားမီတာ ၁ သိန်း ရှိပြီး၊ အဲဒီမှာပါဝင်မယ့် မီတာ ၇၀ ရှည် Boeing 747 လေယာဉ်ကြီးကတော့ ကမ္ဘ္ဘာပေါ်မှာ ရေအောက်မြှုပ်ထားတဲ့ အကြီးဆုံး လေယာဉ်အဖြစ် မှတ်တမ်းဝင်မယ်လို့ ဘာရိန်း ခရီးသွားလာရေးဝန်ကြီး ဇာယစ် ဘင် ရာရှစ် အလ် ဇာယာနီက ပြောကြားခဲ့ပါတယ်။

    ဘာရိန်းရဲ့ နာမည်ကျော် ပုလဲရောင်းဝယ်ရေးစင်တာ ပုံတူလည်း အဲဒီရေအောက် အပန်းဖြေစခန်းမှာ ပါဝင်သလို၊ လူလုပ်သန္တာကျောက်တန်း၊ အနုပညာလက်ရာတွေကိုလည်း ဖန်တီးထည့်သွင်းထားပါတယ်။ ၂၀၁၉ ခုနှစ် သြဂုတ်လကနေစပြီး ခရီးသွားတွေဟာ အပန်းဖြေစခန်းကို လာရောက်ဖို့ ဘိုကင်လုပ်နိုင်မယ်လို့လည်း ၀န်ကြီး အလ် ဇယာနီက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    “သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ ဒီလိုစီမံကိန်းကြီးတစ်ခုကို ဖော်ဆောင်ခွင့်ရတဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူမိပါတယ်”

    ရေအောက်အပန်းဖြေစခန်း စီမံကိန်းကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး စံနှုန်းတွေနဲ့အညီ ဖော်ဆောင်ထားပြီး ရေနေသတ္တဝါတွေ ရှင်သန်ကြီးထွားရေး၊ ဇီဝစနစ် ကောင်းမွန်ရေးတွေကို အထောက်အကူ ပြုလိမ့်မယ်လို့လည်း ဘာရိန်းအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

    အခု ရေအောက်အပန်းဖြေစခန်းမှာ နှစ်မြှုပ်ထားတဲ့ Boeing 747 လေယာဉ်ကို ကြာရှည်ခံအောင် အထူး ပြင်ဆင်မွမ်းမံထားပြီး ခရီးသွားတွေဟာ လေယာဉ်အတွင်းပိုင်းအထိ ၀င်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

    ရေအောက် မြင်ကွင်းတွေကို ပြသကာ ခရီးသွားတွေကို စွဲဆောင်တဲ့ လုပ်ငန်းဟာ ပြီးခဲ့တဲ့နှစ်အနည်းကစလို ကြီးထွားလာခဲ့ပြီး မော်လ်ဒိုက်နိုင်ငံက ရေအောက်ဟိုတယ်၊ အမေရိကန်နိုင်ငံက ရေအောက် ပြတိုက်တွေက နာမည်ကျော်ပါတယ်။

    တူရကီကလည်း သန္တရာကျောက်တန်းအတု ဖန်တီးဖို့အတွက် လွန်ခဲ့တဲ့ ၂ နှစ်က Airbus လေယာဉ်တစ်စီးကို အေဂျီယံ ကမ်းရိုးတန်းမှာ နှစ်မြုပ်ခဲ့ပါတယ်။ မကြာသေးခင်ကပဲ နိုင်ငံ အနောက်မြောက်ပိုင်း ဂါလီပိုလီ ကျွန်းဆွယ်မှာ Airbus လေယာဉ်တစ်စီးကို တူရကီက ထပ်မံနှစ်မြှုပ်ခဲ့ပြီး အခုတစ်ကြိမ်မှာတော့ ရေငုပ်ဝါသနာပါသူတွေကို စွဲဆောင်ဖို့ ဖြစ်ပါတယ်။

    အရှေ့အလယ်ပိုင်း ပါရှန်ပင်လယ်ကွေ့မှာတည်ရှိတဲ့ ဘာရိန်းနိုင်ငံဟာ ကျွန်းစုနိုင်ငံဖြစ်ပြီး လူဦးရေ ၁ သန်းကျော်သာ တည်ရှိတဲ့ ဘုရင့်နိုင်ငံငယ်လေး ဖြစ်ပါတယ်။ အရင်က ကမ္ဘ္ဘာမှာ နာမည်ကျော်ပုလဲတွေ ထွက်ရှိရာဒေသဖြစ်သလို၊ အခုအချိန်မှာတော့ ရေနံကြွယ်ဝကာ ချမ်းသာတဲ့ နိုင်ငံတစ်ခု ဖြစ်လာပါတယ်။

    Ref: CNN

  • Touch-screen ခေါက်ဖုန်း ဈေးကွက်တင်မည့်ရက်ကို Huawei က ၃ လနောက်ရွှေ့

    Touch-screen ခေါက်ဖုန်း ဈေးကွက်တင်မည့်ရက်ကို Huawei က ၃ လနောက်ရွှေ့

    ဇွန် ၁၅၊ ၂၀၁၉
    M-Media

    -Touch-screen ခေါက်ဖုန်း Mate X စတင်ရောင်းချမယ့် ကာလကို ၃ လနောက်ဆုတ်လိုက်တယ်လို့ Huawei က မနေ့မှာ ကြေငြာခဲ့ပြီး ဒါဟာ အမေရိကန်ရဲ့ ပိတ်ပင်မှုကြောင့် မဟုတ်ဘူးလို့ ဆိုပါတယ်။

    ဆမ်ဆောင်းရဲ့ touch-screen ခေါက်ဖုန်း Galaxy Fold ကို ယှဉ်ပြိုင်နိုင်ပြီး ဈေးကွက်က မျှော်လင့်ထားတဲ့ Mate X ကို အခုလအတွင်း ဈေးကွက်တင်ရောင်းချဖို့ Huawei စီစဉ်ထားတာပါ။ ကုမ္ပဏီရဲ့ တာဝန်ရှိသူ ဗင်းဆင့်ပန်က ဈးကွက်တင်မယ့်ရက်ကို စက်တင်ဘာလအထိ ရွှေ့ဆိုင်းလိုက်တယ်လို့ ဟောင်ကောင်မှာပြုလုပ်တဲ့ WSJ Tech D.Live အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

    တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးတယ်လို့ဆိုကာ အမေရိကန်က Huawei ကို မေလမှာ အမည်ပျက်စာရင်းသွင်းခဲ့ပြီး အမေရိကန် ကုမ္ပဏီတွေအနေနဲ့ စီးပွားရေး ဆက်သွယ်ဆောင်ရွက်မှုတွေ မလုပ်ဖို့ တားမြစ်ခဲ့ပါတယ်။

    ဗင်းဆင့်ပန်က Mate X ဈေးကွက်တင်မယ့် ရက်ကို နောက်ဆုတ်လိုက်တာဟာ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကြောင့် မဟုတ်ဘဲ ဖြန့်ချီမယ့်ကုမ္ပဏီတွေထံကနေ အသိအမှတ်ပြုလက်မှတ်ရရေး စမ်းသပ်သုံးစွဲမှုကို စောင့်ဆိုင်းနေတာကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီစမ်းသပ်မှုဟာ သြဂုတ်လကုန်မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။

    အစိုးရက အမည်ပျက်စာရင်း သွင်းခဲ့တာကြောင့် Google အပါအ၀င် အမေရိကန် နည်းပညာကုမ္ပဏီ တော်တော်များများဟာ Huawei နဲ့ ဆက်သွယ်ဆောင်ရွက်မှာ မဟုတ်တော့ဘူးလို့ ကြေငြာခဲ့ပါတယ်။ ဒ့ါကြောင့် ဖုန်းအသစ်တွေအတွက် Huawei ဟာ Andoriod စနစ်ကို အသုံးပြုလို့ရမှာ မဟုတ်သလို၊ ဖုန်းတွေအတွက် လိုအပ်တဲ့ ချစ်ပ်ပြားတွေကိုလည်း အမေရိကန်ကနေ တင်သွင်းခွင့် ရတော့မှာ မဟုတ်ပါဘူး။

    Huawei ကတော့ လက်ရှိမှာ သူတို့ရဲ့ ကိုယ်ပိုင် ဖုန်း Operating System ဖြစ်တဲ့ Hongmeng ကို စမ်းသပ်နေပြီး ၉ လအတွင်းမှာ အသုံးပြုနိုင်မှာဖြစ်ကြောင်း၊ တစ်ခြားသောဖုန်းတွေမှာလည်း အသုံးပြုနိုင်မှာကြောင်း ထုန်ပြန်ခဲ့ပါတယ်။ လက်တော့ ကွန်ပျူတာအသစ် ဈေးကွက်တင်ရောင်းချမယ့် အစီအစဉ်ကို Huawei က ရွှေ့ဆိုင်းလိုက်တယ်ဆိုတဲ့ မီဒီယာတွေရဲ့
    ဖော်ပြမှုကို ဗင်းဆင့်ပန်က ငြင်းဆိုခဲ့ပြီး မကြာခင်မှာ ထုတ်ပြန် ကြေငြာသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Reuters