News @ M-Media

Blog

  • ရုရှား၏ S-400 ဒုံးခွင်းစနစ် ၀ယ်ယူမည့်ကိစ္စအတွက် တူရကီကို အမေရိကန် သတိပေး

    ရုရှား၏ S-400 ဒုံးခွင်းစနစ် ၀ယ်ယူမည့်ကိစ္စအတွက် တူရကီကို အမေရိကန် သတိပေး

    မတ် ၆၊ ၂၀၁၉
    M-Media

    S400 ဒုံးခွင်းစနစ်

    – ရုရှားထံကနေ နောက်ဆုံးပေါ် ဒုံးခွင်းစနစ် S-400 ၀ယ်ယူဖို့ စီစဉ်နေမှုအတွက် တူရကီကို အမေရိကန်က သတိပေးလိုက်ပြီး ဒီအစီအစဉ်ဟာ သူတို့ထံက F-35 တိုက်လေယာဉ်တွေ ၀ယ်ယူမယ့်ကိစ္စကို ထိခိုက်စေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ တူရကီက S-400 ဒုံးခွင်းစနစ် ၀ယ်ယူဖို့ စီစဉ်မှုကို အဖွဲ့ဝင်နိုင်ငံတွေ အထူးသဖြင့် အမေရိကန်က ဆန့်ကျင်ကန့်ကွက်မှုတွေ ပြုလုပ်နေတာပါ။ တူရကီကတော့ ဒေသတွင်း ခြိမ်းခြောက်မှု အသစ်တွေအတွက် အခြားဒုံးခွင်းစနစ်တွေကို လိုအပ်တယ်လို့ တုန့်ပြန် ပြောကြားထားပါတယ်။

    မနေ့က အမေရိကန်ရဲ့ ဥရောပစစ်ဌာနချုပ် အကြီးအကဲ လွှတ်တော်မှာ မိန့်ခွန်ပြောကြားခဲ့ပြီးတဲ့နောက် အမေရိကန် အစိုးရရဲ့ မှတ်ချက်တွေထဲမှာ တူရကီကိစ္စ ပါဝင်လာတာ ဖြစ်ပါတယ်။

    “တူရကီက S-400 ဒုံးခွင်းစနစ်ကို ရယူဖို့ ကြိုးစားမှုဟာ F-35 ရောင်းချရေးအစီအစဉ်မှာ တူရကီပါဝင်မှုနဲ့ နောက်နောင် တူရကီထံ လက်နက်ခဲယမ်း ရောင်းချမှုကို ပြန်လည် သုံးသပ်ရမယ့် အနေအထား ဖြစ်သွားစေမယ်လို့ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သတိပေးထားပါတယ်” လို့ အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ရောဘတ် ပါလာဒီနိုက ပြောကြားခဲ့ပါတယ်။

    အမေရိကန်ဟာ သူတို့ရဲ့ နောက်ဆုံးပေါ် F-35 တိုက်လေယာဉ် အစီး ၁၀၀ တူရကီကိုရောင်းဖို့ သဘောတူထားပြီး လက်ရှိအချိန်အထိ ၂ စင်းသာ ပို့ဆောင်ထားပါတယ်။ ကျန်ရှိတဲ့ လေယာဉ်တွေ ဆက်လက်ပို့ဆောင်မယ့်ကိစ္စကို ဆိုင်းငံ့ထားဖို့ အမေရိကန်လွှတ်တော်က ပြီးခဲ့တဲ့နှစ်မှာ ဆုံးဖြတ်ခဲ့ပါတယ်။

    F-35 လို ကိုယ်ပျောက်တိုက်လေယာဉ်တွေကိုပါ ပစ်ချနိုင်စွမ်းရှိတယ်လို့ သတင်းတွေထွက်နေတဲ့ ရုရှားရဲ့ S-400 ဒုံးခွင်းစနစ်ကို တရုတ်၊ ဆော်ဒီ၊ အိန္ဒိယနဲ့ ကာတာတို့အပါအ၀င် နိုင်ငံတော်တော်များများက ၀ယ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

    Ref: Aljazeera

  • နယ်ကျော်လာသည့် ပါကစ္စတန်ဒရုန်းကို အိန္ဒိယ ပစ်ချ

    နယ်ကျော်လာသည့် ပါကစ္စတန်ဒရုန်းကို အိန္ဒိယ ပစ်ချ

    မတ် ၅၊ ၂၀၁၉
    M-Media

    ပါကစ္စတန် ဒရုန်းလေယာဉ်

    – မနေ့က နယ်ကျော်လာတဲ့ ပါကစ္စတန်ဒရုန်းတစ်စင်းကို အိန္ဒိယလေတပ်က ပစ်ချခဲ့တယ်လို့ အိန္ဒိယ ပြည်တွင်းမီဒီယာတွေက ဖော်ပြခဲ့ကြပြီး ရန်ဖက်နှစ်နိုင်ငံအကြား တင်းမာမှုတွေ ဆက်လက်ရှိနေတယ်ဆိုတဲ့ ပြယုဂ်လည်း ဖြစ်ပါတယ်။

    ပါကစ္စတန်နယ်စပ်နဲ့ သိပ်မဝေးတဲ့ ရာဂျက်စသန်ပြည်နယ်မှာ အိန္ဒိယ Sukhoi-30 တိုက်လေယာဉ်ဟာ ပါကစ္စတန် မောင်းသူမဲ့ လေယာဉ်တစ်စင်းကို ဝေဟင်က ဝေဟင်ပစ်ဒုံးကျည်နဲ့ ပစ်ချခဲ့တာဖြစ်တယ်လို့ Press Trust of India (PTI) မီဒီယာက ဖော်ပြတာပါ။

    အမည်မဖော်လိုတဲ့ ရင်းမြစ်တွေကို ကိုးကားဖော်ပြတာဖြစ်ပြီး အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံစလုံးက ဒီကိစ္စအတွက် မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကလည်း ပါကစ္စတန် ဒရုန်းတစ်စင်းကို အိန္ဒိယက ပစ်ချခဲ့တယ်လို့ PTI သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

    ဖေဖော်ဝါရီလ ၁၂ ရက်နေ့က အိန္ဒိယကထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ အသေခံ ကားဗုံးခွဲမှုတစ်ခု ဖြစ်ပွားပြီးနောက်ပိုင်း အိန္ဒိယနဲ့ ပါကစ္စတန်တို့အကြား တင်းမာမှုတွေ မြင့်တက်လာတာပါ။ အိန္ဒိယ ပြည်သူ့စစ် ၄၂ ဦးသေဆုံးခဲ့တဲ့ အဲဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ပါကစ္စတန်အခြေစိုက် သူပုန်အဖွဲ့တစ်ခုက ပြောကြားခဲ့ပါတယ်။ အိန္ဒိယက ဒီကိစ္စမှာ ပါကစ္စတန်ပါတယ်လို့ စွပ်စွဲကာ ပါကစ္စတန်က ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသဖက်ကို ကျူးကျော်ဝင်ရောက်ကာ ဗုံးကြဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    အဲဒီအဖြစ်အပျက်နောက်ပိုင်း ပါကစ္စတန်က အိန္ဒိယ တိုက်လေယယာဉ်နှစ်စင်းကို ပစ်ချနိုင်တယ်လို့ ထုတ်ပြန်ခဲ့ပြီး လေယာဉ်ပျက်ကျမှုမှာ ဖမ်းဆီးရမိတဲ့ လေယာဉ်မှူးကို အိန္ဒိယထံ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။

    ဖေဖော်ဝါရီ အလယ်ပိုင်းကစလို့ အိန္ဒိနဲ့ ပါကစ္စတန်တို့ဟာ ကက်ရှ်မီးယားဒေသက ထိန်းချုပ်စည်းမျဉ်း (LoC) နားမှာ လက်နက်ကြီးတွေ၊ မော်တာတွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် နှစ်ဖက် အရပ်သားတွေ သေဆုံးခဲ့ပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ စစ်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး ၂ ကြိမ်ဟာ ကက်ရှ်မီးယားဒေသကို ပိုင်ဆိုင်လိုမှုအတွက် ဖြစ်ပါတယ်။

    Ref: CNA

  • မြန်မာနိုင်ငံ ဆေးမှူးအသင်းက ၅ နှစ် မဟာဗျူဟာစီမံကိန်းတစ်ခု စတင်

    မြန်မာနိုင်ငံ ဆေးမှူးအသင်းက ၅ နှစ် မဟာဗျူဟာစီမံကိန်းတစ်ခု စတင်

    မတ် ၄၊ ၂၀၁၉
    M-Media

    Photo Credit – mmtimes

    – မြန်မာနိုင်ငံက ပြည်သူ့ကျန်းမာရေး ကဏ္ဍနဲ့ အထွေထွေကျန်းမာရေးစနစ် တိုးတက်စေဖို့ ရည်ရွယ်လုပ်ဆောင်မယ့် ၅ နှစ်တာ မဟာဗျူဟာစီမံကိန်းတစ်ခုကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း MHAA က တနင်္ဂနွေနေ့မှာ စတင်မိတ်ဆက်လိုက်ပါတယ်။

    စီမံကိန်းအရ အသင်းရဲ့ အဖွဲ့ဝင် ၄၇၈ ဦးဟာ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့က မြို့နယ်ပေါင်း ၇၆ မြို့နယ်မှာ စိမံကိန်းပေါင်း ၁၂ ခု ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

    ရောဂါထိန်းချုပ်ရေး၊ မျိုးဆက်ပွားကျန်းမာရေး၊ ကိုယ်ဝန်ဆောင်ကျန်းမာရေး၊ မွေးကင်းစကလေးငယ်များ ကျန်းမာရေး၊ ကလေးငယ်နဲ့ အရွယ်ရောက်ပြီးသူများ ကျန်းမာရေး၊ အဟာရပြည့်ဝရေး စတဲ့ကဏ္ဍတွေ ပါဝင်မှာပါ။

    အသင်းရဲ့ အမှုဆောင်တွေက ပြည်သူ့ကျန်းမာရေးကို မြှင့်တင်ရေးဆိုတဲ့ အဖွဲ့ရဲ့ အခန်းကဏ္ဍနဲ့အညီ ဒီ ၅ နှစ်စီမံကိန်းကို ဆောင်ရွက်တာဖြစ်ပြီး နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မြင့်တက်စေကာ၊ အဆင့်မြင့် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိစေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    “အများပြည်သူကျန်းမာရေးစနစ် အားကောင်းလာမယ်ဆိုရင် ဆေးရုံဆေးခန်းသွားသူတွေ ပိုမိုနည်းလာမှာပါ။ ဒါ့ကြောင့် ဒီ မဟာဗျူဟာ စီမံကိန်းဟာ ပြည်သူ့ကျန်းမာရေးကဏ္ဍအတွက် တော်တော်လေး အရေးကြီးပါတယ်” လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဦးမြင့်ထွေးက ပြောကြားခဲ့ပါတယ်။

    စီမံကိန်းဟာ အထောက်အထားအခြေပြု အသိပညာပေးတဲ့ ကျန်းမာရေးစနစ်၊ လူထုအခြေပြု ကျန်းမာရေးဝန်ဆောင်မှုစနစ် ဖြစ်လာရေး အဓိကထား ဆောင်ရွက်သွားမှာဖြစ်သလို၊ အသင်းနဲ့ အသင်းဝင်တွေ တစ်ဦးချင်း၊ အဖွဲ့အစည်းအလိုက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းရေး၊ ကွန်ယက်ချိတ်ဆက် ဆောင်ရွက်ရေး၊ အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ လုပ်ဆောင်နိုင်စွမ်း တိုးတက်ရေးအတွက် ဘက်စုံ ချဉ်းကပ်ဆောင်ရွက်ရေး တို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းဟာ သွားလာဖို့ ခက်ခဲတဲ့ ဒေသတွေ၊ ပဋိပက္ခဖြစ်ရာ ဒေသတွေ၊ ဆင်းရဲသားရပ်ကွက်တွေ၊ နယ်စပ်ဒေသတွေမှာ ကျန်းမာရေးစနစ်နဲ့ အရေးပေါ်စနစ်တွေ ပိုမိုကောင်းမွန်ရေးအတွက်လည်း ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။ အသင်းကို ၁၉၅၃ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး နိုင်ငံခြားနွယ်ဖွား ဆရာဝန်တွေ တိုင်းပြည်က ထွက်ခွာပြီးနောက်ပိုင်း ဆရာဝန် ရှားပါးမှုကို ပြေလည်စေဖို့၊ ကျေးလက်ဒေသ ကျန်းမာရေးစောင့်ရှောက်မှုစနစ် တိုးတက်ကောင်းမွန်စေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

    ၂၀၁၉ ခုနှစ်မှာ နိုင်ငံတစ်ဝှမ်း မြို့နယ်ပေါင်း ၃၀၇ မြို့နယ်မှာ အဖွဲ့ခွဲပေါင်း ၃၀၇ ခုနဲ့ အဖွဲ့ဝင် ၅၃၆၅ ဦး ရှိလာမှာ ဖြစ်ပါတယ်။

    Ref: mmtimes

  • ရုရှားထံမှ S-400 ဒုံးခွင်းစနစ် ၀ယ်ယူမည့်ကိစ္စ မည်သည့်နိုင်ငံနှင့်မှ မဆိုင်ဟု ကာတာပြော

    ရုရှားထံမှ S-400 ဒုံးခွင်းစနစ် ၀ယ်ယူမည့်ကိစ္စ မည်သည့်နိုင်ငံနှင့်မှ မဆိုင်ဟု ကာတာပြော

    မတ် ၄၊ ၂၀၁၉
    M-Media

    ရုရှားနှင့် ကာတာနိုင်ငံခြားရေးဝန်ကြီး

    – ရုရှားထုတ် နောက်ဆုံးပေါ် S-400 ဒုံးခွင်းစနစ် ၀ယ်ယူရေးအတွက် လေ့လာဆန်းစစ်မှုတွေ ပြုလုပ်နေပြီး ဘယ်နိုင်ငံရဲ့ ကန့်ကွက်မှုကိုမှ ဂရုစိုက်နေမှာ မဟုတ်ဘူးလို့ ကာတာက ပြောကြားလိုက်ပါတယ်။

    ကာတာနိုင်ငံခြားရေးဝန်ကြီး ရှိခ် မိုဟာမက် ဘင် အဘ်ဒူလ်ရဟ်မန် အလ် သာနီနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့ဗ်တို့ဟာ ဒီကနေ့မှာ တွေ့ဆုံခဲ့ကြပြီး ဆွေးနွေးမှုမှာ ရုရှားထုတ် စက်ပစ္စည်းတွေ ၀ယ်ယူရေးလည်း ပါဝင်ပါတယ်။

    “ရုရှားထုတ်ပြန် စစ်လက်နက်ပစ္စည်းအမျိုးမျိုးကို ၀ယ်ယူရေးကိစ္စကို ဆွေးနွေးခဲ့ပေမယ့် ဒီလက်နက်(S-400) အတွက်နဲ့ပတ်သက်ပြီး နားလည်မှု ရတာမျိုးတော့ မရှိပါဘူး” လို့ လာဗရော့ဗ်နဲ့အတူ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အလ် သာနီက ပြောကြားခဲ့ပါတယ်။

    ကာတာက ရုရှားထံကနေ ဒီလိုအဆင့်မြင့် လက်နက်တွေ ၀ယ်ယူရေးကိစ္စမှာ ဆော်ဒီက ဝေဖန်ဆန့်ကျင်မှုတွေ ရှိနေပါတယ်။ အလ် သာနီကတော့ ဒီကိစ္စဟာ ဘယ်သူနဲ့မှမဆိုင်ဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။

    “ဆော်ဒီပဲဖြစ်ဖြစ် အခြားနိုင်ငံတွေပဲဖြစ်ဖြစ် ဒီကိစ္စဟာ သူတို့အလုပ်မဟုတ်ပါဘူး။ ဒါဟာ ကာတာရဲ့ အချုပ်အခြာအာဏာနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်ပါ”

    ကာတာဟာ အကြမ်းဖက်ဝါဒကို ပံ့ပိုးပေးနေတယ်လို့ဆိုကာ ဆော်ဒီ၊ ယူအအီး၊ အီဂျစ်နဲ့ ဘာရိန်းနိုင်ငံတို့က ၂၀၁၇ ခုနှစ်မှာ ကာတာကို သံအဆက်အသွယ်နဲ့ ဆက်ဆံရေးတွေ အားလုံး ဖြတ်တောက်ပစ်ခဲ့ပါတယ်။

    ဒီကနေ့မနက် ဆွေးနွေးပွဲမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့ဗ်က ပိတ်ဆို့မှု စလုပ်ကတည်းက ကာတာနိုင်ငံဟာ ရှင်းရှင်းလင်းလင်း နေခဲ့ပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်ထားပေမယ့် ကောလဟာလတွေကြောင့် အဖြေရှာလို့မရတာဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    ရုရှားနဲ့ ကာတာနိုင်ငံခြားရေးဝန်ကြီးတို့ဟာ ဆီးရီးယားနဲ့ လစ်ဗျားကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ လာဗရော့ဗ်က သူ့ရဲ့ ပင်လယ်ကွေ့ခရီးစဉ်အဖြစ် ကာတာနိုင်ငံကို ပထမဆုံး ရောက်ရှိလာတာ ဖြစ်ပါတယ်။

    ကာတာဟာ ရုရှားနိုင်ငံရဲ့ စီးပွားရေးမှာ ဒေါ်လာ ဘီလီယံပေါင်းများစွာ ထည့်ဝင်လုပ်ဆောင်နေပြီး၊ ရုရှားနိုင်ငံပိုင် ရေနံလုပ်ငန်း Rosneft ရဲ့ ရှယ်ယာ ၂၀ ရာခိုင်နှုန်း မကြာခင်ကပဲ ကန်ဒေါ်လာ ၁၁.၅ ဘီလီယံနဲ့ ၀ယ်ယူခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကလည်း ကာတာနဲ့ ရုရှားတို့ဟာ စစ်ဖက်နဲ့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက် သဘောတူညီချက်တော်တော်များများကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

    Ref: Aljazeera

  • မြောက်ကိုရီးယားခေါင်းဆောင် လာရောက်လည်ပတ်မည်ဟု ရုရှား အတည်ပြု

    မြောက်ကိုရီးယားခေါင်းဆောင် လာရောက်လည်ပတ်မည်ဟု ရုရှား အတည်ပြု

    မတ် ၄၊ ၂၀၁၉
    M-Media

    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ဟာ ရုရှားကို လာရောက်လည်ပတ်မယ်လို့ ရုရှားသမ္မတ ပူတင်ရဲ့ ဆက်ဆံရေးအရာရှိက ဒီကနေ့မှာ အတည်ပြုခဲ့ပြီး အချိန်နဲ့နေရာ အသေးစိတ်ကို နောက်ပိုင်းမှ ထုတ်ပြန်မယ်လို့ ပြောကြားလိုက်ပါတယ်။

    ကင်ဂျုံအွန်ဟာ ပြီးခဲ့တဲ့တစ်ပတ်က ဗီယက်နမ်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံပြီး သဘောတူညီချက်မရဘဲ အိမ်ပြန်ခဲ့ရပါတယ်။ ထရမ့်က မြောက်ကိုရီးယားဟာ ပိတ်ဆို့မှုအားလုံး ရုပ်သိမ်းပေးဖို့ တောင်းဆိုတာကြောင့် သဘောတူညီချက် မရခဲ့တာဖြစ်ကြောင်း၊ ဒါပေမယ့် နောက်ထပ် ဆွေးနွေးမှုတွေ
    ဆက်လက် လုပ်ဆောင်သွားဖို့ ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

    ရုရှားလွှတ်တော်က မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို တာဝန်ယူဆောင်ရွက်နေတဲ့အဖွဲ့ရဲ့ အဖွဲ့ဝင်တွေဟာ ဧပြီလ ၁၂ ရက်နေ့မှာ ပြုံးယမ်ကို သွားဖို့ရှိတယ်လို့ ရုရှားမီဒီယာတွေက ဖော်ပြပါတယ်။ သမ္မတပူတင်ရဲ့ ဆက်ဆံရေအရာရှိ ဒီမီထရီ ပက်စ်ကော့ဗ်က ကင်ကျုံအွန် မော်စကိုကို လာဖို့ရှိတယ်လို့ ဆိုပါတယ်။

    “ဒီလိုလာရောက်မယ့်အစီအစဉ်မျိုး ရှိနေပါတယ်။ သိပ်မကြာခင်အချိန်အတွင်း သံတမန်နည်းလမ်းတွေကနေတစ်ဆင့် တွေ့မယ့်ရက်အတိအကျနဲ့ နေရာအတိအကျကို ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်”

    သုံးပွင့်ဆိုင်

    တောင်ကိုရီးယားကလည်း အမေရိကန်၊ မြောက်ကိုရီးယာနဲ့ ၃ ပွင့်ဆိုင် ဆွေးနွေးပွဲလုပ်ဖို့ ဒီကနေ့မနက် ‘နိုင်ငံတော် လုံခြုံရေးကောင်စီ’ အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။

    သမ္မတ မွန်ဂျယ်အင်က အမေရိကန်နဲ့ မြောက်ကိုရီးယားတို့အကြား နျူကလီးယားဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှု လမ်းချော်သွားတာမျိုး မဖြစ်ရေး တားဆီးဖို့ဟာ မိမိတို့ ဦးစားပေးဆုံးအရာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ကန်ကျွန်ဝါဟ်က ဆွေးနွေးပွဲမှာ အရပ်ဖက် ကျွမ်းကျင်သူတွေ ပါဝင်အောင် ဆောင်ရွက်သွားမှာဖြစ်ပြီး နျူလက်နက်ဖြန်သိမ်းရေးနဲ့ အပြန်အလှန်အားဖြင့် အမေရိကန်က မြောက်ကိုရီးယားကို ပိတ်ဆို့မှု ဘယ်လောက် လျှော့ချပေးရလဲဆိုတဲ့ သဘောထားကွဲလွဲမှုတွေကို ဒီဆွေးနွေးပွဲက ကူညီဖြေရှင်းပေးလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera