News @ M-Media

Blog

  • ဗလီတွင်လုပ်သည့် တရုတ်နှစ်သစ်ကူးပွဲ လူ ၃၀၀ ခန့် တက်ရောက်

    ဗလီတွင်လုပ်သည့် တရုတ်နှစ်သစ်ကူးပွဲ လူ ၃၀၀ ခန့် တက်ရောက်

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၉
    M-Media

    အခမ်းအနားမြင်ကွင်း

    – မလေးရှားနိုင်ငံ ပီနန်မြို့က ဗလီဝတ်ကျောင်းတော်တစ်လုံးမှာ တရုတ်လူမျိုးတွေရဲ့ နှစ်သစ်ကူးအခမ်းအနားကို ကျင်းပခဲ့ပြီး ဘာသာပေါင်းစုံက ပြည်သူ ၃၀၀ လောက် တက်ရောက်ခဲ့ပါတယ်။

    ‘မလေးရှား တရုတ်မွတ်စလင်အသင်း’ ရဲ့ ပီနန်ဌာနခွဲ၊ Abdullah Fahim ဗလီဝတ်ကျောင်းတော်၊ ပြည်နယ် အစ္စလာမ့်ရေးရာ ဦးစီးဌာနတို့က ဒီအခမ်အနားကို ပူးပေါင်းကျင်းပတာ ဖြစ်ပါတယ်။

    “ဒီ ပွဲတော်ကို ပီနန်ကျွန်းမှာ လွန်ခဲ့တဲ့နှစ် တော်တော်အကြာကတည်းက ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ကျွန်းမကြီးဖြစ်တဲ့ ကပါလာဘာတက်စ်မှာ လုပ်ဖြစ်ပါတယ်။ ဒီပတ်ဝန်းကျင်က မွတ်စလင်နဲ့ မွတ်စလင်မဟုတ်သူတွေ ပိုမိုရင်းနှီးပြီး နားလည်မှုရှိဖို့အတွက် ဒီပွဲက အခွင့်အလမ်းကောင်းတစ်ခုပါပဲ” လို့ တရုတ်မွတ်စလင်အသင်း ဥက္ကဌ မိုဟာမက် ဖာအစ်ဇ် ဂန် အဘ်ဒူလာက ပြောကြားခဲ့ပါတယ်။

    ဖာအစ်ဇ်ဟာ အစ္စလာမ်ဘာသာကို ပြောင်းလဲသက်ဝင်ခဲ့တဲ့ တရုတ်လူမျိုးတစ်ယောက် ဖြစ်ပါတယ်။ အတိတ်ကထက်စာရင် လက်ရှိကာလမှာ ဘာသာလူမျိုးမတူသူတွေဟာ ပိုမိုဝေးကွာလာတာကြောင့် ဒီလို တွေ့ဆုံပွဲတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ လိုတယ်လို့လည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    တရုတ်နှစ်သစ်ကူးအခမ်းအနား တက်ရောက်လာသူတွေကို တရုတ်၊ မလေး အစားအစာတွေနဲ့ ဧည်ခံခဲ့ပါတယ်။

    အသက် ၂၇ နှစ်အရွယ် အရောင်းစာရေး လင်ဆွေချင်က ဒီလိုပွဲမှာ ပါဝင်ရတဲ့အတွက် ပျော်ရွှင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဗလီမှာ ဒီလိုပွဲတော်မျိုး လုပ်တာကိုမြင်ရတော့ ကျွန်တော် တော်တော်ပျော်ရွှင်ပြီး ပါဝင်ဆင်နွှဲခဲ့ပါတယ်”

    အသက် ၃၀ အရွယ် စက်ပြင်ဆရာ ကေ ကူးမာရ်နဲ့ အသက် ၄၂ နှစ်အရွယ် မိုဟာမက် ဆဘ်ရီ အစ္စမာအီလ်တို့ကလည်း ဒီလိုပွဲတော်မျိုးကို ထောက်ခံခဲ့ပါတယ်။

    “ဟာရီရာယာ (၀ါကျွတ်အီးဒ်) နေ့မှာလည်း ဗလီက ဒီလိုပွဲမျိုးလုပ်ပြီး မွတ်စလင်မဟုတ်သူတွေ ပါဝင်ဆင်နွှဲစေဖို့ ဖိတ်ခေါ်တာမျိုးကို လုပ်ဖို့ ကျွန်တ်ာမျှော်လင့်ပါတယ်” လို့ မိုဟာမက် ဆဘ်ရီက ပြောကြားခဲ့ပါတယ်

    Abdullah Fahim ဗလီက တရုတ်နှစ်ကူးအခမ်းအနားကို ပီနန် ဒုတိယ၀န်ကြီးချုပ် ဒါတွတ် အဟ်မဒ် ဇာကီယူဒင် အဘ်ဒူလ် ရဟ်မန်၊ မလေးရှား တရုတ်မွတ်စလင်အသင်း ပီနန်ဌာနခွဲက ဥက္ကဌဟောင်း အက်ရှ်ရက်ဖ် တန်ဟွေမင်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

    Ref: The Star

  • နောက်ဆုံးပေါ်နည်းပညာသုံး ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောတစ်စီးကို အီရန် ထုတ်ပြ

    နောက်ဆုံးပေါ်နည်းပညာသုံး ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောတစ်စီးကို အီရန် ထုတ်ပြ

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၉
    M-Media

    – ပြည်တွင်းမှာထုတ်လုပ်ပြီး နောက်ဆုံးပေါ်နည်းပညာတွေကို အသုံးပြုထားတဲ့ ရေငုပ်သင်္ဘောတစ်စီးကို ဒီကနေ့မှာ အီရန်က ထုတ်ပြလိုက်ပြီး သမ္မတရူဟာနီက တပ်တော်ဝင်အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

    Fateh (အောင်နိုင်သူ) လို့အမည်ပေးထားတဲ့ အဲဒီသင်္ဘောဟာ အီရန်ရဲ့ ပထမဆုံး semi-heavy အဆင့် ရေငုပ်သင်္ဘောဖြစ်ပြီး အလေးချိန် တန် ၆၀၀ ရှိကာ တော်ပီဒိုတွေ၊ ရေမြှုပ်မိုင်းတွ တပ်ဆင်ထားပါတယ်။ ပင်လယ်ရေမျက်နှာပြင်အောက် မီတာ ၂၀၀ ကျော်အထိ ငုပ်ကာ ၅ ပတ်တိတိ ခုတ်မောင်းနိုင်ပါတယ်။

    ရေငုပ်သင်္ဘောတွေမှာ တပ်ဆင်တဲ့ ပဲ့ထိန်း ခရုဇ်ဒုံးကျည်ကို အသုံးပြုနိုင်သလို၊ အဆင့်မြင့် ရေအောက်ရေဒါစနစ်ကို တပ်ဆင်ထားကြောင်း၊ အီရန်ကာကွယ်ရေးဝန်ကြီးဌာနက အထူးကျွမ်းကျင်သူတွေရဲ့ ကြိုးပမ်းမှုရလဒ်ဖြစ်ပြီး ကမ္ဘာ့ နောက်ဆုံးပေါ် နည်းပညာတွေ ပါဝင်ကြောင်း Tasnim သတင်းဌာနက ဖော်ပြပါတယ်။

    နိုင်ငံတောင်ပိုင်း ဟိုရ်မိုဇ်ဂန်ပြည်နယ် ဘန်ဒါလန်ဂီမြို့မှာ တပ်တော်ဝင်အခမ်းအနား မကျင်းပခင် ထောင်နဲ့ချီတဲ့ပြည်သူတွေကို မိန့်ခွန်းပြောကြားရာမှာ အီရန်သမ္မတ ဟာဆန်ရူဟာနီက တိုင်းပြည်အတွင်း သွေးမကွဲကြဖို့ လူထုကို တိုက်တွန်းခဲ့ပါတယ်။

    “အင်အားကြီးနိုင်ငံတွေကို ကျွန်တော်တို့ ဦးညွှတ်မှာ မဟုတ်ပါဘူး။ အသက်၊ သွေး၊ ချွေးနဲ့ရင်းပြီး အီရန်နိုင်ငံကို ကာကွယ်သွားမှာ ဖြစ်ပါတယ်”

    အီရန်ရေတပ်ဟာ ရေငုပ်သင်္ဘောတပ်ဖွဲ့ကို လွန်ခဲ့တဲ့နှစ် ၂၀ က စတင်ဖွဲ့စည်းခဲ့ပြီး ယခု တပ်တော်ဝင်တဲ့ Fateh ဟာ လွန်ခဲ့တဲ့ နှစ် ၄၀ အတွင်း အီရန်စစ်တပ်ရဲ့ အရေးပါဆုံး စီမံကိန်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

    တီဟီရန်အခြေစိုက် လုံခြုံရေးကျွမ်းကျင်သူတစ်ဦးက Fateh ရေငုပ်သင်္ဘောမှာ ဒေါင်လိုက် ဒုံးကျည်ပစ်လွှတ်တဲ့စနစ် ပါဝင်ပြီး ကမ္ဘာ့နိုင်ငံ အနည်းငယ်သာ ဒီစနစ်ကို အသုံးပြုနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိ အီရန်ရေတပ်ဟာ တန် ၁၃၀၀ကနေ ၃၂၀၀ အထိရှိမယ့် ရေငုပ်သင်္ဘောတွေကို တည်ဆောက်နေတယ်လို့လည်း သူက ဆိုပါတယ်။

    အရင်က အီရန်ဟာ ရုရှားထံကနေ ရေငုပ်သင်္ဘော ၃ စီးကို ၀ယ်ယူခဲ့ပေမယ့် နိုင်ငံရဲ့ ရေမြေနဲ့ အဆင်မပြေတာကြောင့် ၂၀၀၆ ခုနှစ်ကစလို့ ကိုယ်ပိုင် ဒီဇိုင်းထွင်ပြီး တည်ဆောက်လာတာ ဖြစ်ပါတယ်။

    အီရန်ရေတပ်အကြီးအကဲ ဗိုလ်ချုပ် ဟိုစိန် ခန်ဇာဒီက Fateh ရေငုပ်သင်္ဘောကို အိုမန်ပင်လယ်မှာ ချထားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • နှစ်များစွာ ခွဲခြားဆက်ဆံခံခဲ့ရသည့် လူမျိုးစုတစ်ခုကို ဂျပန် အသိအမှတ်ပြုတော့မည်

    နှစ်များစွာ ခွဲခြားဆက်ဆံခံခဲ့ရသည့် လူမျိုးစုတစ်ခုကို ဂျပန် အသိအမှတ်ပြုတော့မည်

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၉
    M-Media

    အိုင်နူလူမျိုး အမျိုးသမီးတစ်ချို့

    – ဂျပန်နိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ ခွဲခြားဆက်ဆံခံခဲ့ရတဲ့ အိုင်နူ (Ainu) လူမျိုးတွေကို တရားဝင်အသိအမှတ်ပြုကာ အခွင့်အရေးတွေပေးမယ့် ဥပေဒမူကြမ်းတစ်ခုကို ဂျပန်အစိုးရက အတည်ပြုလိုက်ပြီး၊ တန်းတူညီမျှဝါဒ အောင်မြင်ရေးအတွက် ပထမခြေလှမ်းအဖြစ် တက်ကြွလှုပ်ရှားသူတွေက ယူဆနေကြပါတယ်။

    ဟိုကိုင်းဒိုးကျွန်းမှာ နေထိုင်တဲ့ အိုင်နူလူမျိုးစုတွေဟာ အမဲလိုက်၊ ငါဖမ်း အသက်မွေးဝမ်းကြောင်းကို လုပ်ကိုင်ကြပြီး အစိုးရရဲ့ ဂျပန်လူမျိုးတစ်မျိုးတည်းဝါဒအောက်မှာ ဆယ်စုနှစ်များစွာ ခွဲခြားဆက်ဆံ ခံခဲ့ရတာကြောင့် ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ ပပျောက်လုနီးနီး ဖြစ်နေပါတယ်။

    လက်ရှိအချိန်မှာ ဒီလိုခွဲခြားဆက်ဆံမှုတွေ တစ်ဖြည်းဖြည်း နည်းလာခဲ့ပေမယ့် ၀င်ငွေ၊ ပညာရေးအဆင့်အတန်းတွေမှာ ဂျပန်က အခြားလူ့အဖွဲ့အစည်းတွေနဲ့ ကွာဟချက် တော်တော်လေး ကြီးမားနေပါတယ်။

    “အိုင်နူလူမျိုးတွေရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့၊ မတူကွဲပြားတဲ့ တန်ဖိုးတွေကို အသိအမှတ်ပြုတဲ့ ညီညွတ်တဲ့လူ့အဖွဲ့အစည်းဝါဒ နောက်မျိုးဆက်ကို လက်ဆင့်ကမ်းဖို့ အရေးကြီးပါတယ်။ အိုင်နူလူမျိုးတွေရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ထိန်းသိမ်းပေးမယ့် ပေါ်လစီမူကြမ်းကို ဒီကနေ့ အစိုးရအဖွဲ့က သဘောတူလိုက်ပါတယ်” လို့ ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ယိုရှီဟီဒီ ဆူဂါက သောကြာနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    အိုင်နူလူမျိုးတွေကို ပထမဆုံး အသိအမှတ်ပြုမယ့် အဲဒီမူကြမ်းမှာ သူတို့လူ့အဖွဲ့အစည်းကို ထောက်ပံ့ဖို့၊ သူတို့ဒေသ စီးပွားရေး ကောင်းမွန်အောင် ဆောင်ရွက်ပေးဖို့၊ ခရီးသွားလုပ်ငန်း တိုးတက်အောင် ဆောင်ရွက်ပေးဖို့ စတဲ့ ပေါ်လစီတွေ ချမှတ်နိုင်ရေး တိုက်တွန်းအားပေးထားပါတယ်။

    ၁၉ ရာစုနှောင်းပိုင်းမှာ ခေတ်သစ်ဂျပန်အစိုးရဟာ အိုင်နူတွေရဲ့ဒေသကို ဂျပန်နိုင်ငံထဲ သွတ်သွင်းခဲ့ပြီး သူတို့ရဲ့ ဓလေ့ထုံးတမ်း၊ ဘာသာစကားတွေ အသုံးပြုမှုကို တားမြစ် ပိတ်ပင်ခဲ့ပါတယ်။

    အိုင်နူတွေဟာ နတ်ကိုးကွယ်သူတွေဖြစ်ပြီး အမျိုးသားတွေက မုတ်ဆိတ်ထားကာ၊ အမျိုးသမီးတွေက လက်မထပ်ခင် မျက်နှာမှာ မင်ကြောင်ထိုးလေ့ ရှိပါတယ်။

    ၂၀၁၇ ခုနှစ် စစ်တမ်းအရ ဂျပန်နိုင်ငံမှ အိုင်နူလူမျိုး စုစုပေါင်း ၁၂၃၀၀ လောက်သာ ရှိတယ်လို့ တွေ့ရပေမယ့် တိုင်းပြည်ရဲ့ အဓိက လူ့အဖွဲ့အစည်းထဲကို ၀င်ရောက်သွားတာ၊ တစ်ချို့တွေဟာ ရိုးရာနဲ့ အဆက်ပြတ်သွားတာတွေရှိတာကြောင့် အမှန်တကယ် အရေအတွက်ဟာ ဒီထက်ပိုများနိုင်မယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။

    ၂၀၀၀ ပြည့်နှစ်အစောပိုင်း စစ်တမ်းတွေရ အိုင်နူလူမျိုးအရေအတွက် ၂၅၀၀၀ လောက် ရှိတယ်လို့ ဆိုပါတယ်။

    ဂျပန်အစိုးရရဲ့ ဒီဆောင်ရွက်ချက်ကို အိုင်နူလူမျိုးတွေက ကြိုဆိုကြပါတယ်။

    “ဥပဒေအောက်မှာ အားလုံး တန်းတူညီမျှဖြစ်ဖို့ ဒါဟာ ပထမခြေလှမ်းပါ။ လုပ်စရာတွေအများကြီး ရှိနေပါတယ်။ ဥပမာအားဖြင့် ကလေးတွေကို ကျောင်းပို့ဖို့ ရုန်းကနေရတဲ့ မိသားစုတွေကို ပညာသာဆုပေးတာမျိုးပါ” လို့ တိုကျိုအခြေစိုက် အိုင်နူအရေးလှုပ်ရှားသူ မီကီကို မာရူကိုက ပြောကြားခဲ့ပါတယ်။

    ဥပဒေအသစ်အရ အိုင်နူလူမျိုးတွေ ရိုးရာပွဲတော် ကျင်းပနိုင်ရေးအတွက် အစိုးရက သစ်ပင်ခုတ်ခွင့်ပေးဖို့လည်း ပါဝင်ပါတယ်။

    Ref: Aljazeera

  • မလေးရှားမှ ၇ နှစ်အရွယ် စကိတ်အားကစားသမား နိုင်ငံတကာပြိုင်ပွဲတွင် ရွှေတံဆိပ် ၃ ခုရ

    မလေးရှားမှ ၇ နှစ်အရွယ် စကိတ်အားကစားသမား နိုင်ငံတကာပြိုင်ပွဲတွင် ရွှေတံဆိပ် ၃ ခုရ

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၉
    M-Media

    အဘူဒါဘီပြိုင်ပွဲတွင် ရွှေတံဆိပ် ၃ ခု ရယူနိုင်သည့် စီ ဆရီ အဘီရာမီ

    – မလေးရှားနိုင်ငံက အသက် ၇ နှစ်အရွယ် ရေခဲပြင် စကိတ်အားကစားသမားလေးဟာ ယူအေအီးနိုင်ငံ အဘူဒါဘီမှာပြုလုပ်တဲ့ နိုင်ငံတကာ စကိတ်အားကစားပြိုင်ပွဲမှာ ရွှေတံဆိပ် ၃ ခု ရရှိခဲ့ပါတယ်။

    စီ ဆရီ အဘီရာမီလို့ခေါ်တဲ့ အဲဒီသမီးငယ်လေးဟာ သောကြာနေ့က ယှဉ်ပြိုင်တဲ့ ၇-၈ နှစ် Freestyle ပြိုင်ပွဲ၊ Solo Camp Freestyle ပြိုင်ပွဲနဲ့ ၇-၈ နှစ် Speed Skating ပြိုင်ပွဲတွေမှာ ရွှေတံဆိပ်တွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

    ISI International Figure Skating အမည်နဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ အဘူဒါဘီက Zayed Sports City မှာ ကျင်းပတဲ့ ရေခဲပြင်စကိတ်စီးပြိုင်ပွဲဟာ နိုင်ငံတကာ စကိတ်အားကစားအဖွဲ့ ISI ရဲ့ ၄ ကြိမ်မြောက် အရှေ့အလယ်ပိုင်း ရေခဲပြင်စကိတ်ပြိုင်ပွဲ ဖြစ်ပါတယ်။

    ဆရီအဘီရာမီဟာ ဒီဇင်ဘာလဆန်းပိုင်းက တရုတ်နိုင်ငံ ရှန်ဇန်းမြို့မှာ ကျင်းပခဲ့တဲ့ အာရှ ရေခဲပြင်စကိတ်ပြိုင်ပွဲ ISI Asia Skate Shenzhen 2018 Championships မှာ ရွှေတံဆိပ် ၄ ခု ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

    အဲဒီပြိုင်ပွဲအပြီး မလေးရှားသတင်းစာ The Star နဲ့ အင်တာဗျူးမှာ သူမက အိုလံပစ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့အထိ ရည်မှန်းထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆရီအဘီရာမီဟာ အသက် ၃ နှစ်အရွယ်ကစတင်ပြီး ရေခဲပြင်စကိတ် အားကစားနည်းကို ကစားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဒဏ်ရာကြောင့် အနားယူခဲ့ရပေမယ့် ၂၀၁၇ ခုနှစ်ကစလို့ ကမ္ဘာ့ပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်လာခဲ့တာ ဖြစ်ပါတယ်။

    Ref: The Star

  • အိန္ဒိယပိုင် ကက်ရှ်မီးယားဒေသတွင် အသေခံဗုံးခွဲမှုဖြစ်၊ စစ်သား ၄၀ ကျော် သေဆုံး

    အိန္ဒိယပိုင် ကက်ရှ်မီးယားဒေသတွင် အသေခံဗုံးခွဲမှုဖြစ်၊ စစ်သား ၄၀ ကျော် သေဆုံး

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၉
    M-Media

    တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် မြင်ကွင်း

    – အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသ တောင်ပိုင်းမှာ မနေ့က အသေခံကားဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် အိန္ဒိယစစ်သား အနည်းဆုံး ၄၂ ဦး သေဆုံးခဲ့ပြီး နှစ် ၂၀ အတွင်း အဲဒီဒေသမှာ အဆိုးရွားဆုံး တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။

    လေထီးတပ်သားတွေဟာ ဒေသရဲ့ အဓိကမြို့တော် ဆရီနာဂါကို ဘတ်စ်ကားတွေနဲ့ပြန်လာစဉ် ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်ထာတဲ့ Scorpio ကားက ဘတ်စ်ကားတစ်စီးကို ၀င်တိုက် ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၄၂ ဦးရှိပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ အိန္ဒိယအစိုးရ တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။

    အသေခံတိုက်ခိုက်သူဟာ ဒေသခံတစ်ဦးဖြစ်ပြီး ပါကစ္စတန်အခြေစိုက် သူပုန်အဖွဲ့ JeM က ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီက ဒီတိုက်ခိုက်မှုဟာ စက်ဆုပ်ဖွယ်ကောင်းပြီး ကြမ်းကြုတ်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ပြည်ထဲရေးဝန်ကြီး ရက်ဂ်ျနသ်ဆင်းလည်း ဒီကနေ့ တိုက်ခိုက်မှုဖြစ်ပွားရာနေရာကို သွားရောက်ဖို့ ရှိနေပါတယ်။

    ဒီအဖြစ်အပျက်အတွက် ပါကစ္စတန်အစိုးရဲ့ မနေ့က ကြေငြာချက်မှာ တိုက်ခိုက်မှုကိုရှုတ်ချကြောင်း၊ အိန္ဒိယမီဒီယာ၊ အစိုးရအဖွဲ့အစည်းတွေအနေနဲ့ စုံစမ်းစစ်ဆေးမှုမရှိဘဲ ပါကစ္စတန်ကို စွပ်စွဲပြောဆိုတာမျိုးတွေကို လက်မခံနိုင်ကြောင်း ဖော်ပြထားပါတယ်။

    ကက်ရှ်မီးယားဒေသအတွက် အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ စစ်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး အိန္ဒိယကထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ ဒေသခံတွေက ခွဲထွက်ရေး ဒါမှမဟုတ် ပါကစ္စတန်နဲ့ပေါင်းစည်းရေးအတွက် ၁၉၈၉ ခုနှစ်ကစလို လက်နက်စွဲကိုင် တိုက်ပွဲဝင်ခဲ့ကြပါတယ်။

    Ref: Aljazeera