ဖေဖော်ဝါရီ ၁၇၊ ၂၀၁၉
M-Media
– ပြည်တွင်းမှာထုတ်လုပ်ပြီး နောက်ဆုံးပေါ်နည်းပညာတွေကို အသုံးပြုထားတဲ့ ရေငုပ်သင်္ဘောတစ်စီးကို ဒီကနေ့မှာ အီရန်က ထုတ်ပြလိုက်ပြီး သမ္မတရူဟာနီက တပ်တော်ဝင်အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။
Fateh (အောင်နိုင်သူ) လို့အမည်ပေးထားတဲ့ အဲဒီသင်္ဘောဟာ အီရန်ရဲ့ ပထမဆုံး semi-heavy အဆင့် ရေငုပ်သင်္ဘောဖြစ်ပြီး အလေးချိန် တန် ၆၀၀ ရှိကာ တော်ပီဒိုတွေ၊ ရေမြှုပ်မိုင်းတွ တပ်ဆင်ထားပါတယ်။ ပင်လယ်ရေမျက်နှာပြင်အောက် မီတာ ၂၀၀ ကျော်အထိ ငုပ်ကာ ၅ ပတ်တိတိ ခုတ်မောင်းနိုင်ပါတယ်။
ရေငုပ်သင်္ဘောတွေမှာ တပ်ဆင်တဲ့ ပဲ့ထိန်း ခရုဇ်ဒုံးကျည်ကို အသုံးပြုနိုင်သလို၊ အဆင့်မြင့် ရေအောက်ရေဒါစနစ်ကို တပ်ဆင်ထားကြောင်း၊ အီရန်ကာကွယ်ရေးဝန်ကြီးဌာနက အထူးကျွမ်းကျင်သူတွေရဲ့ ကြိုးပမ်းမှုရလဒ်ဖြစ်ပြီး ကမ္ဘာ့ နောက်ဆုံးပေါ် နည်းပညာတွေ ပါဝင်ကြောင်း Tasnim သတင်းဌာနက ဖော်ပြပါတယ်။
နိုင်ငံတောင်ပိုင်း ဟိုရ်မိုဇ်ဂန်ပြည်နယ် ဘန်ဒါလန်ဂီမြို့မှာ တပ်တော်ဝင်အခမ်းအနား မကျင်းပခင် ထောင်နဲ့ချီတဲ့ပြည်သူတွေကို မိန့်ခွန်းပြောကြားရာမှာ အီရန်သမ္မတ ဟာဆန်ရူဟာနီက တိုင်းပြည်အတွင်း သွေးမကွဲကြဖို့ လူထုကို တိုက်တွန်းခဲ့ပါတယ်။
“အင်အားကြီးနိုင်ငံတွေကို ကျွန်တော်တို့ ဦးညွှတ်မှာ မဟုတ်ပါဘူး။ အသက်၊ သွေး၊ ချွေးနဲ့ရင်းပြီး အီရန်နိုင်ငံကို ကာကွယ်သွားမှာ ဖြစ်ပါတယ်”
အီရန်ရေတပ်ဟာ ရေငုပ်သင်္ဘောတပ်ဖွဲ့ကို လွန်ခဲ့တဲ့နှစ် ၂၀ က စတင်ဖွဲ့စည်းခဲ့ပြီး ယခု တပ်တော်ဝင်တဲ့ Fateh ဟာ လွန်ခဲ့တဲ့ နှစ် ၄၀ အတွင်း အီရန်စစ်တပ်ရဲ့ အရေးပါဆုံး စီမံကိန်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
တီဟီရန်အခြေစိုက် လုံခြုံရေးကျွမ်းကျင်သူတစ်ဦးက Fateh ရေငုပ်သင်္ဘောမှာ ဒေါင်လိုက် ဒုံးကျည်ပစ်လွှတ်တဲ့စနစ် ပါဝင်ပြီး ကမ္ဘာ့နိုင်ငံ အနည်းငယ်သာ ဒီစနစ်ကို အသုံးပြုနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိ အီရန်ရေတပ်ဟာ တန် ၁၃၀၀ကနေ ၃၂၀၀ အထိရှိမယ့် ရေငုပ်သင်္ဘောတွေကို တည်ဆောက်နေတယ်လို့လည်း သူက ဆိုပါတယ်။
အရင်က အီရန်ဟာ ရုရှားထံကနေ ရေငုပ်သင်္ဘော ၃ စီးကို ၀ယ်ယူခဲ့ပေမယ့် နိုင်ငံရဲ့ ရေမြေနဲ့ အဆင်မပြေတာကြောင့် ၂၀၀၆ ခုနှစ်ကစလို့ ကိုယ်ပိုင် ဒီဇိုင်းထွင်ပြီး တည်ဆောက်လာတာ ဖြစ်ပါတယ်။
အီရန်ရေတပ်အကြီးအကဲ ဗိုလ်ချုပ် ဟိုစိန် ခန်ဇာဒီက Fateh ရေငုပ်သင်္ဘောကို အိုမန်ပင်လယ်မှာ ချထားမယ်လို့ ပြောကြားခဲ့ပါတယ်။
Ref: Aljazeera