News @ M-Media

Blog

  • Apple ၏ မောင်းသူမဲ့ကား လျှို့ဝှက်ချက်များ ခိုးယူမှုဖြင့် တရုတ်အင်ဂျင်နီယာ တရားစွဲခံရ

    Apple ၏ မောင်းသူမဲ့ကား လျှို့ဝှက်ချက်များ ခိုးယူမှုဖြင့် တရုတ်အင်ဂျင်နီယာ တရားစွဲခံရ

    ဖေဖော်ဝါရီ ၁၊ ၂၀၁၉
    M-Media

    – Apple ကုမ္ပဏီရဲ့ မောင်းသူမဲ့ကား စီမံကိန်းက အချက်အလက်တွေ ခိုးယူတယ်လို့ စွပ်စွဲကာ တရုတ်အင်ဂျင်နီယာတစ်ယောက်ကို အမေရိကန်က တရားစွဲဆိုလိုက်ပြီး ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရဖွယ် ရှိနေပါတယ်။

    ဖမ်းဆီးခံရသူဟာ လျှပ်စစ်အင်ဂျင်နီယာ ချန်ဂျီကျုံးဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဇွန်လမှာ Apple ရဲ့ မောင်းသူမဲ့ကား Hardware ဒီဇိုင်းအဖွဲ့မှာ အလုပ်ဝင်ခဲ့သူ ဖြစ်ပါတယ်။

    ချန်ဟာ စီမံကိန်းဆောင်ရွက်ရာ အဆောက်အဦးထဲကို ၀င်ရောက်ခွင့်ရတဲ့ ၀န်ထမ်း ၁၂၀၀ ထဲက တစ်ဦးဖြစ်ပြီး အချက်အလက်တွေကို မိမိတို့ရဲ့ မိသားစုဝင်တွေကိုတောင် အသိပေးခြင်းမပြုဖို့ လေ့ကျင်သင်ကြားပေးခံထားရသူလည်း ဖြစ်ပါတယ်။

    ဇန်န၀ါရီလအတွင်း တရုတ်ပြည်ကိုပြန်ဖို့ လေယာဉ်ပေါ်မတက်ခင် တစ်ရက်အလိုမှာ ဖမ်းဆီးခံခဲ့ရကာ ကုန်သွယ်ရေးလျှို့ဝှက်ချက် ခိုးယူမှုစွဲချက်နဲ့ တရားစွဲ ခံခဲ့ရပါတယ်။

    ရုံးတွင်း စုံစမ်းစစ်ဆေးမှုအရ ချန်ဟာ စီမံကိန်းနဲ့ပတ်သက်တဲ့ ဓာတ်ပုံတွေကို လျှို့ဝှက်ရိုက်ကူးခဲ့သလို၊ လုပ်ငန်းသုံးကွန်ပျူတာမှာရှိတဲ့ အချက်အလက်တွေကို ကိုယ်ပိုင်ကွန်ပျူတာထဲ ကူးထည့်ခဲ့တယ်လို့ ကယ်လီဖိုးနီးယားတရားရုံးကိုတင်တဲ့ အမှုတွဲမှာ ဖော်ပြထားပါတယ်။

    ချန်ယူခဲ့တဲ့ အချက်အလက်တွေထဲမှာ ပုံကြမ်းတွေ၊ အသုံးပြုနည်းတွေနဲ့ ဒီဇိုင်းတွေအပါအ၀င် ဖိုင်ပေါင်း ၂ ထောင်ကျော် ပါဝင်တယ်လို့ ဆိုပါတယ်။ ချန်ကတော့ သူ ဒီလိုကူးထည့်ခဲ့တာဟာ အာမခံပေါ်လစီအရဖြစ်တယ်လို့ ကာကွယ်ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် ဇူလိုင်လကလည်း Apple မှာအလုပ်လုပ်ခဲ့တဲ့ တရုတ်အင်ဂျင်နီယာတစ်ယောက်ကို မောင်းသူမဲ့ကား နည်းပညာစီမံကိန်းက လျှို့ဝှက်အချက်အလက်တွေခိုးယူမှုနဲ့ အမေရိကန်က တရားစွဲဆိုခဲ့ပါတယ်။ အဲဒီအင်ဂျင်နီယာဟာ Apple ကနေ အလုပ်ထွက်ပြီး တရုတ် နည်းပညာ ကုမ္ပဏီသစ်တစ်ခုနဲ့ သွားရောက်ပူးပေါင်းဖို့ စီစဉ်နေစဉ် ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

    Ref: CNA

  • အမေရိကန်တွင် အအေးလွန်ကဲမှုဖြစ်၊ အနည်းဆုံး ၁၆ ဦးသေဆုံး

    အမေရိကန်တွင် အအေးလွန်ကဲမှုဖြစ်၊ အနည်းဆုံး ၁၆ ဦးသေဆုံး

    ဖေဖော်ဝါရီ ၁၊ ၂၀၁၉
    M-Media

    – အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်းမှာ ရာသီဥတု အလွန်အမင်းအေးခဲမှုနဲ့ ကြုံတွေ့နေရပြီး သေဆုံးသူ ၁၆ ဦးအထိ ရှိလာပါတယ်။

    ပြီးခဲ့တဲ့ ရက်အနည်းက စတင်ခဲ့တဲ့ အအေးလွန်မှုဒဏ်ကို မင်နီဆိုတာ၊ အီလီနွိုက်၊ အိုင်အိုဝါ နယူးယောက်နဲ့ ပင်ဆဲလ်ဗားနီးယားတို့ အပါအ၀င် ပြည်နယ် ၁၁ ခုက ခံစားနေရတာဖြစ်ပြီး ကြာသာပတေးနေ့က အေးခဲမှုဟာ အမြင့်ဆုံးအထိ ရောက်ခဲ့ပါတယ်။ ဒါပေမယ့် အခုသီတင်းပတ်အကုန်မှာ အအေးလျော့မယ်လို့
    ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

    ရာသီဥတုနဲ့ ဆိုးရွားမှုနဲ့ဆက်စပ်ပြီး သေဆုံးသူအရေအတွက်ဟာ ၁၆ ဦးအထိ မြင့်တက်လာခဲ့ကာ ၈ ဦးက အိုင်အိုဝါပြည်နယ်မှာ သေဆုံးတာ ဖြစ်ပါတယ်။ အာဏာပိုင်တွေက နှင်းမုန်တိုင်းနဲ့ ကားမတော်တဆဖြစ်မှုတွေကြောင့် သေဆုံးရတာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    အပူအချိန်ဟာ ရေခဲအမှတ်အောက်အထိ ကျဆင်းနေတာကြောင့် ပြည်နယ်တစ်ချို့မှာ အစိုးရရုံးတွေ၊ ကျောင်းတွေနဲ့ ပို့ဆောင်ရေးလုပ်ငန်းတွေ ပိတ်ထားရသလို ရထားသွားနိုင်ဖို့အတွက် ရထားလမ်းတွေမှာ မီးဖိုပေးထားရပါတယ်။ လေယာဉ်ခရီးစဉ် တော်တော်များများကိုလည်း ဖျက်သိမ်းခဲ့ရပြီး လမ်းတွေ၊ အဆောက်အဦးတွေလည်း နှင်းတွေနဲ့ ဖုံးလွှမ်းနေပါတယ်။

    အအေးလွန်ကဲမှုကြောင့် တစ်ချို့ပြည်နယ်တွေမှာ အရေးပေါ်အခြေအနေ ကြေငြာထားရသလို ပြည်သူတွေအတွက် သတိပေးချက်တွေကိုလည်း အာဏာပိုင်တွေက အဆက်မပြတ် ထုတ်ပြန်နေပါတယ်။

    ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် လာမယ့်နှစ်တွေမှာလည်း ဒီလိုအခြေအနေမျိုးတွေ ထပ်မံကြုံတွေ့ရဖွယ် ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    Ref: CNN

  • နျူကိစ္စ မြောက်ကိုရီးယား၏ ကတိက၀တ်ကို အမေရိကန်ထုတ်ပြော

    နျူကိစ္စ မြောက်ကိုရီးယား၏ ကတိက၀တ်ကို အမေရိကန်ထုတ်ပြော

    ဖေဖော်ဝါရီ ၁၊ ၂၀၁၉
    M-Media

    မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုမြင်ကွင်း

    – မြောက်ကိုရီးယားဟာ သူတို့ရဲ့ ယူရေနီယံသန့်စင်ရေး အဆောက်အဦးတွေအားလုံးကို ဖျက်ဆီးဖို့ သဘောတူထားပြီး မိမိတို့အနေနဲ့လည်း ကျူးကျော်တိုက်ခိုက်ဖို့ မရှိဘူးလို့ မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် စတီဖင် ဘီဂွန်က ပြောကြားလိုက်ပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လက စင်ကာပူနိုင်ငံမှာ တွေ့ဆုံခဲ့ပြီး နျူအရေး ဆွေးနွေးခဲ့ကြကာ ထရမ့်က သိသာတဲ့ တိုးတက်မှုတွေ ရှိခဲ့တယ်လို့ အရင်က ပြောကြားဖူးပါတယ်။

    ထရမ့်နဲ့ ကင်ဂျုံအွန်တို့ဟာ အခုနှစ်အတွင်း ထပ်မံတွေ့ဆုံဖို့နေပြီး အချိန်နဲ့နေရာကို မကြာခင်ထုတ်ပြန်ဖို့ အမေရိကန် အာဏာပိုင်တွေက စီစဉ်ထားပါတယ်။

    မနေ့က စတန်းဖို့ဒ်တက္ကသိုလ်မိန့်ခွန်းမှာ ဘီဂွန်က မြောက်ကိုရီးယားဟာ ယူရေနီယံသန့်စင်ရေး နေရာတွေအားလုံးကို ဖျက်ဆီးပစ်မယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုတို့ကို ကတိပြုထားတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဒါပေမယ့် ဒီလုပ်ငန်းကို အမေရိကန်က အရင်ဆုံး စောင့်ကြည့်သွားမှာဖြစ်သလို၊ ကိုရီးယားကျွန်းဆွယ်မှာ နျူကင်းစင်မှု မရှိမခြင်း မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုကို ဖယ်ရှားပေးမှာမဟုတ်ဘူးလို့ သူက ဆိုပါတယ်။

    “သမ္မတထရမ့်ဟာ စစ်ပွဲကို အဆုံးသတ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ မြောက်ကိုရီးယားကို ကျွန်တော်တို့ ကျူးကျော် တိုက်ခိုက်မှာမဟုတ်သလို၊ အစိုးရကိုလည်း ဖြုတ်ချဖို့ကြိုးစားမှာ မဟုတ်ပါဘူး”

    ဘီဂွန်ဟာ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ မြောက်ကိုရီးယားကိုယ်စားလှယ်နဲ့ တောင်ကိုရီးယားမှာ တွေ့ဆုံဖို့ ရှိနေပါတယ်။

    ဆွေးနွေးမှုတွေ ဖြစ်ခဲ့ပေမယ့် အမေရိကန်က ဆက်လက်ပိတ်ဆို့ထားမှု၊ ဆက်ဆံရေးပြောင်းလဲမှု နှေးကွေးမှုတွေအတွက် မြောက်ကိုရီးယားက ထရမ့်အစိုးရကို ပြစ်တင်ပြောဆိုထားပါတယ်။

    Ref: BBC

  • ဆော်ဒီ၏ ခြစားမှုတိုက်ဖျက်ရေး ကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်ပြန်ရ

    ဆော်ဒီ၏ ခြစားမှုတိုက်ဖျက်ရေး ကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်ပြန်ရ

    ဖေဖော်ဝါရီ ၁၊ ၂၀၁၉
    M-Media

    ခြစားမှုတိုက်ဖျက်ရေးကို ဦးဆောင်ခဲ့သည့် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်

    – တစ်နှစ်ကျော်ကြာမြင့်ခဲ့တဲ့ ခြစားမှုတိုက်ဖျက်ရေးလုပ်ငန်းမှာ ကန်ဒေါ်လာ ၁၀၆ ဘီလီယံ ပြန်ရခဲ့ပြီး လူတစ်ချို့ကို ခြစားမှုနဲ့ တရားစွဲဆိုထားတယ်လို့ ဆော်ဒီတော်ဝင်နန်းတော်က ထုတ်ပြန်ခဲ့ပါတယ်။

    အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် ဦးဆောင်တဲ့ အဲဒီခြစားမှုတိုက်ဖျက်ရေးလုပ်ငန်းကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ စတင်ခဲ့တာဖြစ်ပြီး တော်ဝင်မင်းသားတွေ၊ ၀န်ကြီးတွေနဲ့ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်တွေကို ထိန်းသိမ်းစစ်ဆေးခဲ့တာပါ။

    ဗုဒ္ဓဟူးနေ့ နန်းတော်ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ လူပေါင်း ၃၈၁ ဦးကို ဆင့်ခေါ်စစ်ဆေးခဲ့ပြီး ၈၇ ဦးက သူတို့အပေါ် ပြုလုပ်ထားတဲ့ စွဲချက်တွေအတွက် ၀န်ခံခဲ့ကာ ငွေကြေးနဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ပေးပြီး ဖြေရှင်းဖို့ သဘောတူခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် ဘယ်သူဘယ်ဝါတွေလဲဆိုတာကို အတိအကျ မရေးထားပါဘူး။

    ၅၆ ဦးကို ရှိပြီးသား ရာဇ၀တ်မှုစွဲချက်တွေကြောင့် ရှေ့နေချုပ်က ဖြေရှင်းမှုကို လက်မခံခဲ့ဘဲ၊ ပိုင်ဆိုင်မှု ပြန်မအပ်တဲ့ ၈ ဦးကို ခြစားမှုနဲ့ တရားစွဲဆိုထားတယ်လို့ ကြေငြာချက်က ဆိုပါတယ်။

    တရားစွဲဆိုခြင်းမရှိသူတွေကို လွှတ်ပေးခဲ့တယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပေမယ့် ခရီးသွားခွင့်ပိတ်ထားတာ၊ ဘဏ်က ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ထားတာ၊ စောင့်ကြည့်မှုတွေ ရှိနေလားဆိုတာကို ရှင်းရှင်းလင်းလင်း မသိရပါဘူး။

    အဲဒီခြစားမှုတိုက်ဖျက်ရေးလုပ်ငန်းမှာ ဖမ်းဆီးထားသူတွေကို နှိပ်စက်မှုရှိတယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် အာဏာပိုင်တွေက ဒီစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။

    ဒီလုပ်ရပ်ဟာ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ရဲ့ အာဏာပြမှုတစ်ခု ဖြစ်တယ်လို့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ ဘင် ဆလ်မန်ကတော့ ဒါဟာ စီးပွားရေး ကောင်းမွန်လာအောင် ဆောင်ရွက်တဲ့ ‘ဆေးမြီတို’ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • အာဆီယံ အများသုံးသန့်စင်ခန်းဆုကို မန္တလေးနှင့် နေပြည်တော်တို့မှ ရရှိ

    အာဆီယံ အများသုံးသန့်စင်ခန်းဆုကို မန္တလေးနှင့် နေပြည်တော်တို့မှ ရရှိ

     

    ဇန်န၀ါရီ ၃၁၊ ၂၀၁၉
    M-Media

    ချမ်းအေးသာဇံမှ သန့်စင်ခန်း (Photo Credit – mmtimes)

    – အာဆီယံဒေသ အကောင်းဆုံး အများဆုံးသန့်စင်ခန်းဆုကို မန္တလေးနဲ့ နေပြည်တော်တို့မှာရှိတဲ့ အများသုံးသန့်စင်ခန်းတွေက ရရှိသွားခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်တစ်ပတ် ဗီယက်နမ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အာဆီယံ ခရီးသွားဖိုရမ်မှာ ဒီဆုကို ပေးအပ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ ဆုရသွားတဲ့ သန့်စင်ခန်းတွေက မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် ၂၆ လမ်းနဲ့ လမ်း ၇၀ ထောင့်မှာရှိတဲ့ သန့်စင်ခန်း၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် Ocean စူပါစင်တာနားမှာရှိတဲ့ သန့်စင်ခန်းတွေ ဖြစ်ပါတယ်။

    “အာဆီယံပေးတဲ့ ဒီဆုကို ကျွန်တော်တို့ ပထမဆုံးအကြိမ် ရရှိတာပါ။ သူတို့ရဲ့ သတ်မှတ်ချက်တွေနဲ့ ညီတဲ့အတွက် ရရှိတာဖြစ်ပါတယ်။ ဒီလိုအသိအမှတ်ပြုမှုအတွက်လည်း ကျေးဇူးတင်ပါတယ်” လို့ မန္တလေး မြို့တော်စည်ပင်က ဦးကျော်ဇံမြင့် ပြောကြားခဲ့ပါတယ်။

    ဆုရသွားတဲ့ သန့်စင်ခန်းလိုပဲ နောက်ထပ် အနည်းဆုံး ၅ ခုလောက် ထပ်မံဆောက်လုပ်သွားမယ်လို့လည်း သူက ပြောပါတယ်။ ဒီသန့်စင်ခန်း ဆောက်လုပ်မှုအတွက် စုစုပေါင်း ကျပ်ငွေ သန်း ၄၀၀ ကုန်ကျခဲ့ပါတယ်။

    ချမ်းအေးသာဇံက အဲဒီသန့်စင်ခန်းကို ပြီးခဲ့တဲ့နှစ်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး သန့်ရှင်းရေးသမားတွေ၊ လုံခြုံရေးတွေကို ၂ ဆိုင်းခွဲထားပေးထားကာ အသုံးပြုခ ၂၀၀ ကျပ် ကောက်ခံပါတယ်။ ဦးကျော်ဇံမြင့်က ဒီသန့်စင်ခန်းကို မသန်စွမ်းသူတွေလည်း အသုံးပြုလို့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: mmtimes

    (Myanmar Times အင်္ဂလိပ်ပိုင်းတွင် ဖော်ပြသည့် သတင်းကို ကောက်နှုတ်ပြန်ဆိုပါသည်။)