News @ M-Media

Blog

  • စုန်းဟုစွပ်စွဲကာ မိသားစုတစ်ခုလုံးကို သတ်ဖြတ်မှု အိန္ဒိယတွင် ဖြစ်ပွား

    စုန်းဟုစွပ်စွဲကာ မိသားစုတစ်ခုလုံးကို သတ်ဖြတ်မှု အိန္ဒိယတွင် ဖြစ်ပွား

    ဇန်န၀ါရီ ၃၁၊ ၂၀၁၉
    M-Media

    အလောင်းများတွေ့ခဲ့သည့် ရေတွင်း

    – အိန္ဒိယနိုင်ငံအရှေ့ပိုင်း အိုရီဆာပြည်နယ်မှာ အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ် ၄ ဦးကို စုန်းတွေလို့စွပ်စွဲကာ သတ်ဖြတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူတွေကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်။

    မန်ဂရီမွန်ဒါနဲ့ ကလေး ၄ ဦးတို့ရဲ့အလောင်းကို ဇန်န၀ါရီ ၂၆ ရက်နေ့က သူတို့အိမ်အနီး ရေတွင်းထဲမှာ တွေ့ခဲ့ရတာပါ။ အမျိုးသမီးကို စုန်းမတွေလို့ စွပ်စွဲပြီး သတ်ဖြတ်တဲ့ဓလေ့ဟာ အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ အခုအချိန်အထိ ရှင်သန်နေဆဲ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က ဒီသတ်ဖြတ်မှုမှာ အဓိကပါဝင်တဲ့ ပရောဂါကုဆရာအပါအ၀င် လူ ၆ ဦးကို ဖမ်းဆီးထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    ပရောဂါဆရာက မွန်ဒါဟာ ရွာထဲက မိသားစုကို စုန်းအတတ်နဲ့ ပြုစားထားတယ်လို့ စွပ်စွဲခဲ့ပြီးတဲ့နောက် ဇန်န၀ါရီ ၂၅ ရက်နေ့  ညပိုင်းမှာ အမျိုးသားတစ်စုဟာ မွန်ဒါနေထိုင်တဲ့အိမ်ကို ဖောက်ထွင်းဝင်ရောက်ကာ အိပ်နေတဲ့ မွန်ဒါနဲ့ ကလေးငယ် ၄ ဦးကို တုတ်တွေ၊ ဓားတွေနဲ့ ရိုက်သတ်ခဲ့တာ ဖြစ်ပါတယ်။

    ကလေးငယ်တွေဟာ အသက် ၁ နှစ်၊ ၄ နှစ်၊ ၇ နှစ်နဲ့ ၁၁ နှစ် အသီးသီးရှိကြပြီး အလောင်းတွေကို ရေတွင်းထဲ ပစ်ချခဲ့ကြပါတယ်။ အိုရီဆာပြည်နယ်က လူမျိုးစုတွေအတွင်း အမျိုးသမီးတွေကို စုန်းတွေလို့စွပ်စွဲတာဟာ ရိုးရာတစ်ခုဖြစ်နေပါတယ်။

    ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲ ကာဗီတာ ဂျာလန်က ဒီသတ်ဖြတ်မှုမှာ ပါဝင်တဲ့ အခြားသူတွေကို လိုက်လံရှာဖွေနေပြီး ဒီလို သဘာဝလွန်အဖြစ်အပျက်တွေ မယုံကြည်ရေး ပြည်သူလူထုကို အသိပညာပေးဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    စုန်းအတတ်၊ မှော်အတတ်ကိစ္စတွေကို ပိတ်ပင်ထားပေမယ့် အိုရီဆာပြည်နယ်အတွင်း ဒီလို စွပ်စွဲ သတ်ဖြတ်မှုတွေဟာ အခုနှစ်တွေအတွင်း မြင့်တက်လာခဲ့ပါတယ်။

    မိသားစု ၃ ဦးကို စုန်းတွေလို့စွပ်စွဲကာ သတ်ဖြတ်ခဲ့တဲ့ လူ ၉ ဦးကို ပြီးခဲ့တဲ့နှစ်က အိုရီဆာပြည်နယ်မှာ သေဒဏ် ချမှတ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်က ပြည်နယ်အတွင်း ဒီလိုသတ်ဖြတ်မှုမျိုး ၉၉ ခုရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး ၂၀၁၆ ခုနှစ်က ၆၃ ခုသာ ရှိရာကနေ မြင့်တက်လာတာ ဖြစ်ပါတယ်။

    အာသံနဲ့ ဂျာ့ခ်ဟန်းပြည်နယ်တို့က အမျိုးသမီးတွေဟာလည်း မကြာခဏဆိုသလို စုန်းတွေလို့စွပ်စွဲကာ သတ်ဖြတ်ခံရပါတယ်။ ရိုးရာယုံကြည်မှုတွေက ဒီလိုတိုက်ခိုက်မှုတွေရဲ့ အဓိကအကြောင်းအရင်း ဖြစ်ပြီး မြေနဲ့ ပိုင်ဆိုင်မှုတွေကို လိုချင်တဲ့အတွက် မုဆိုးမတွေကို ပစ်မှတ်ထားလေ့ရှိပါတယ်။

    Ref: BBC

  • လုံခြုံရေးအားနည်းချက် ဖော်ထုတ်ပေးသည့် ဆော်ဒီပညာရှင်ကို Apple ဂုဏ်ပြု

    လုံခြုံရေးအားနည်းချက် ဖော်ထုတ်ပေးသည့် ဆော်ဒီပညာရှင်ကို Apple ဂုဏ်ပြု

    ဇန်န၀ါရီ ၃၁၊ ၂၀၁၉
    M-Media

    ဆော်ဒီပညာရှင် ဖာတီမာ အလ်-ဟာဘီ

    – သူတို့ရဲ့ ကွန်ပျူတာစနစ်က လုံခြုံရေးအားနည်းချက်ကို ထောက်ပြပြင်ဆင်ပေးခဲ့တဲ့ ဆော်ဒီ နည်းပညာရှင်တစ်ဦးက Apple ကုမ္ပဏီက ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

    ဂုဏ်ပြုခံရသူဟာ ဖာတီမာ အလ်-ဟာဘီ ဆိုသူဖြစ်ပြီး ကမ္ဘာလုံခြုံရေးအမြင့်ဆုံး ကွန်ပျူတာစနစ်တွေကို ပိုင်ဆိုင်ထားတဲ့ Apple၊ Micorsoft နဲ့ Linux တို့က လုံခြုံရေးအားနည်းချက်တွေကို ဖော်ထုတ်ပြုပြင်ပေးခဲ့သူ ဖြစ်ပါတယ်။

    အလ်-ဟာဘီဟာ လက်ရှိ ကယ်လီဖိုးနီးယားတက္ကသိုလ်မှာ ကွန်ပျူတာသိပ္ပံဒေါက်တာဘွဲ့ တက်ရောက်နေပြီး ဆော်ဒီအာရေဗျနိုင်ငံမှာရှိတဲ့ ‘တိုင်ဘာတက္ကသိုလ်’ က ကွန်ပျူတာကောလိပ်မှာ ဆရာမအဖြစ်လည်း တာဝန်ထမ်းဆောင်နေပါတယ်။

    “ကျွန်မ Apple ကို ဆက်သွယ်ပြီး သူတို့စနစ်က အားနည်းချက်တွေကို ပြောပြလိုက်တယ်။ ကွန်ပျူတာကုတ်တွေနဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း ပေးလိုက်ပါတယ်” လို့ အလ်-ဟာဘီက သူမရဲ့ လုပ်ဆောင်ချက်ကို ဖွင့်ဟခဲ့ပါတယ်။

    အဲဒီနောက်မှာ Apple က ဒီအားနည်းချက်တွေကို ပြင်ဆင်ခဲ့ပြီး အလ်-ဟာဘီကိုလည်း ဂုဏ်ပြုခဲ့ပါတယ်။

    “Apple က ချက်ခြင်းဆိုသလို ကျွန်မကို ပြန်ဆက်သွယ်ပြီး Apple ထုတ်ကိရိယာအားလုံးအတွက် Update တွေ ထုတ်ပေးလိုက်ပြီလို့ ပြောပါတယ်။ သူတို့ရဲ့ ဂုဏ်ပြုစာရင်းထဲမှာ ကျွန်မနာမည် ထည့်လို့ရမလားလို့လည်း မေးပါတယ်။ ကျွန်မက ‘ရတာပေါ့ရှင်’ လို့ ပြန်ဖြေခဲ့ပြီး ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်” လို့ အလ်-ဟာဘီကပြောကြားခဲ့ပါတယ်။

    ဂျစ်ဒါမှာမွေးဖွားတဲ့ အလ်-ဟာဘီဟာ ‘ကင်းအဘ်ဒူလ်အဇစ် တက္ကသိုလ်’ နဲ့ ‘ကယ်လီဖိုးနီးယားပြည်နယ် တက္ကသိုလ်’ တို့ကနေ ကွန်ပျူတာသိပ္ပံဘွဲ့၊ မဟာဘွဲ့တွေ ရရှိခဲ့ပါတယ်။

    Apple ရဲ့စနစ်မှာ သူမဖော်ထုတ်ခဲ့တဲ့ အားနည်းချက်ဟာ ဟက်ကာတွေ အသုံးချလို့ကောင်းတဲ့ အားနည်းချက်မျိုးဖြစ်တယ်လို့ အလ်-ဟာဘီက ပြောပါတယ်။

    “အသုံးပြုသူတွေက လုံခြုံတယ်လို့ထင်ပြီး ဟက်ကာတွေထိန်းချုပ်ထားတဲ့ ၀ဘ်ဆိုဒ်ကို ၀င်ရောက်အောင်လုပ်နိုင်တဲ့ အားနည်းချက်ကို ကျွန်မတွေ့ခဲ့တာပါ။ အသုံးပြုသူက login အချက်အလက်တွေကို ရိုက်ထည့်လိုက်မယ်ဆိုရင် ဟက်ကာတွေက ဒါကို ရသွားပြီး နောက်ပိုင်းမှာ အမြတ်ထုတ်သွားမှာပါ”

    လက်ရှိမှာ ကွန်ပျူတာကွန်ယက်တွေရဲ့ အားနည်းချက်ကို ရှာဖွေဖော်ထုတ်ရေး နယ်ပယ်ကို အာရုံစိုက် လေ့လာနေတယ်လို့လည်း အလ်-ဟာဘီက ပြောကြားခဲ့ပါတယ်။

    Ref: Arab News

  • အာရပ်စော်ဘွားများပြည်ထောင်စုမှာ ရှင်သန်နေတဲ့ ဗုဒ္ဓသာသနာ

    အာရပ်စော်ဘွားများပြည်ထောင်စုမှာ ရှင်သန်နေတဲ့ ဗုဒ္ဓသာသနာ

    ဇန်န၀ါရီ ၃၁၊ ၂၀၁၉
    M-Media

    ဒူဘိုင်းရှိ Mahamevnawa ဘုန်းကြီးကျောင်းတွင် တရားထိုင်နေသည့် သီရိလင်္ကာဘုန်းကြီးများ

    – အင်္ဂါနေ့တစ်မနက် ဂျူမိုင်ရာဟ် အိမ်ယာ တိုက်တစ်လုံးမှာ အမျိုးသား၊ အမျိုးသမီး၊ ကလေးငယ်တွေပါဝင်တဲ့ သီရိလင်္ကာအဖွဲ့တစ်ခုဟာ အဖြူရောင်ဝတ်စုံဝတ်ကာ တရားဘ၀နာ စီးဖြန်းနေကြပါတယ်။ ဦးညွှတ် လက်အုပ်ချီကာ ဈာန်ဝင်စားနေတဲ့သူတို့ဟာ ဘုရားစာတွေကို သံပြိုင် ရွတ်ဆိုနေပါတယ်။

    ပျားပန်းခတ်မျှ စည်ကားလှတဲ့ ဒူဘိုင်းမြို့ရဲ့ အလယ်တည်တည်မှာရှိတဲ့ ၂ ထိပ်တိုက်ဟာ ၂၀၁၂ ခုနှစ် မေလကနေစပြီး ဗုဒ္ဓဘာသာ Mahamevnawa ဂိုဏ်းရဲ့ အချက်အခြာနေရာ ဖြစ်လာပါတယ်။ ဒီနေရာဟာ ဒေသအတွင်း တစ်ခုတည်းသော ဗုဒ္ဓဘာသာဘုရားကျောင်းဖြစ်တယ်လို့ သီရိလင်္ကာရွှေ့ပြောင်းလုပ်သား ရူဘက်ရှ် ပီလိုင်းက ဆိုပါတယ်။ ပီလိုင်းဟာ ဒီဘုရားကျောင်းကို ထိန်းသိန်းစောင့်ရှောက်နေသူလည်း ဖြစ်ပါတယ်။

    ခရစ်ယာန်၊ အစ္စလာမ်နဲ့ ဟိန္ဒူဘာသာတွေပြီးရင် ဗုဒ္ဓသာသနာဟာ ကမ္ဘာပေါ်မှာ စတုတ္တမြောက် ကိုးကွယ်မှုအများဆုံး ဘာသာတရားတစ်ခုလို့ သတ်မှတ်ခံထားရပါတယ်။ ပီလိုင်းက ဒူဘိုင်းမှာ ဗုဒ္ဓဘာသာဝင်ဦးရေ ၃ သိန်းနီးပါးလောက်ရှိပြီး ဆယ်စုနှစ်ပေါင်းများစွာ အေးချမ်းစွာ နေထိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။ အဲဒီအထဲက ၂ သိန်းခွဲလောက်ဟာ သီရိလင်္ကာက ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

    “ယူအေအီးဟာ ဘာသာရေးသည်းခံနိုင်မှု ရှိယုံတင်မကဘဲ အခြားဘာသာတရားတွေကို လက်ကမ်းကြိုဆိုနေတယ်ဆိုတာကို ဒါက သက်သေပြနေတာပါ။ မကြာခင်လာရောက်မယ့် ပုပ်ရဟန်းမင်းကြီးလည်း ယူအေအီးရဲ့ နွေးနွေးထွေးထွေး ကြိုဆိုမှုကို တအံ့တသြ မြင်ရမှာ သေချာပါတယ်”

    “ယဉ်ကျေးမှု၊ ဘာသာတရားနဲ့ ရိုးရာမတူတဲ့သူတွေအပေါ် ယူအေအီးရဲ့ဆက်ဆံမှုကို သည်းခံတယ်ဆိုတဲ့စကားတစ်လုံးတည်းနဲ့ ဖော်ပြလို့ မလုံလောက်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ သည်းခံတယ်ဆိုတာမျိုးက မကြိုက်ပေမယ့်လည်း လက်ခံတာမျိုးပါ။ တကယ်တော့ ယူအေအီးဟာ လူတိုင်းလူတိုင်းကို တန်ဖိုးထားပြီး ချီးမြှောက်အားပေးတဲ့ နိုင်ငံမျိုး ဖြစ်ပါတယ်။ ယူအေအီးဟာ ကျွန်တော်တို့ကို စောင့်ရှောက်ထားသလို ကျွန်တော်တို့ရဲ့ ယုံကြည်မှုကိုလည်း လွတ်လပ်စွာ ကျင့်သုံးခွင့် ပေးထားပါတယ်”

    Mahamevnawa ဂိုဏ်းရဲ့ ပထမဆုံး ဘုရားကျောင်းကို ၂၀၀၈ ခုနှစ်က ဆတ္တ၀ါမြို့က အခန်းငယ်လေးတစ်ခုမှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်ရာချီနဲ့ စတင်ခဲ့တဲ့ ဒီဘုရားကျောင်းဟာ လာရောက်သူ များလာတာကြောင့် ၂၀၁၀ ခုနှစ်မှာ ဂါဟုဒ်ရပ်ကွက်က ပိုကြီးတဲ့နေရာကို ပြောင်းရွှေ့ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့
    လက်ရှိအသုံးပြုနေတဲ့ ဂျူမိုင်ရာဟ်အိမ်ယာကို ရွှေ့ပြောင်းခဲ့တာ ဖြစ်ပါတယ်။

    တရားဘ၀နာစီးဖြန်းချင်တဲ့သူတွေအတွက် ဘုရားကျောင်းကို နေ့စဉ် ဖွင့်လှစ်ပေးထားပါတယ်။ အပြင်ကနေကြည့်မယ်ဆိုရင် ဂျူမိုင်ရာက အခြားတိုက်တွေလို ဆေးအဖြူသုတ်ထားတာကိုပဲ မြင်ရမှာပါ။

    ဘုရားကျောင်းရဲ့ မျက်နှာစာမှာ အထူးအမှတ်အသားတွေ မရှိပါဘူး။ အထဲကိုဝင်သွားလိုက်တာနဲ့ ပန်းပေါင်းစုံ အမွှေးရနံ့တွေက ဆီးကြိုနေပြီး အစိမ်းရောင်ဘောဓိညောင်ပင်တွေက ပြီးပြည့်စုံတဲ့ တရားထိုင်ခြင်းအရသာကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

    “မွတ်စလင်၊ ခရစ်ယာန်၊ ဟိန္ဒူနဲ့ အခြား ဘာသာတွေက ဘယ်သူမဆို ဒီကိုလာနိုင်ပါတယ်။ ကျွန်တော်တို့က အမြဲတမ်းကြိုဆိုနေပါတယ်။ လူအများဆုံးနေ့က သောကြာနေ့ဖြစ်ပြီး လူထောင်ချီ ရှိတတ်ပါတယ်။ ယူအေအီးနိုင်ငံတစ်ဝှမ်းက ဗုဒ္ဓဘာသာဝင်တွေ ဒီကိုလာပြီး တရားထိုင်ကြတယ်၊ ဘုရားရှင်ကို ပူဇော်ကြတယ်။ ဘုန်းကြီးတွေဆီကနေ တရားနာကြပါတယ်”

    ဘုန်းကြီးတွေအတွက် ဆွမ်း၊ ကွမ်းကို လာရောက်ဖူးမျှော်သူတွေက လှူဒါန်းကြသလို ဘုရားကျောင်း ငှားရမ်းစားရိတ်၊ ထိန်းသိမ်းစားရိတ် တွေကို ယူအေအီးမှာ အလုပ်လာလုပ်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေက မျှဝေကျခံပေးပါတယ်။ ဒူဘိုင်းမှာ ဒီထက်ပိုကြီး ဘုန်းကြီးကျောင်းတစ်ခု ဆောက်လုပ်ဖို့အတွက် နေရာရှာနေတယ်လို့ ပီလိုင်းက ပြောပါတယ်။

    ဗုဒ္ဓသာသနာဟာ ဘာသာတရားသက်သက်တစ်ခုသာ မဟုတ်ဘဲ ဘ၀တည်ဆောက်မှု ဒဿနဖြစ်တယ်လို့လည်း ပီလိုင်းက ဆိုပါတယ်။

    “ဗုဒ္ဓဘာသာမှာ အကန့်အသတ်ဆိုတာ မရှိပါဘူး။ တစ်ခုခုလုပ်မယ်ဆိုရင် အဲဒီရဲ့ ကောင်းကျိုးဆိုးကျိုးကို ခံစားရမယ်လို့ သွန်သင်ပါတယ်။ ကံ၊ ကံ၏အကျိုးကို ရှင်းပြတဲ့ ဒဿနပါ”

    ဒူဘိုင်းမှာနေထိုင်တဲ့ အခြား သီရိလင်္ကာနိုင်ငံသား အသက် ၃၆ နှစ်အရွယ် ဂါယန် သူရှာရာက “ဗုဒ္ဓက ဘုရားမဟုတ်ဘူး။ လူသားတွေကို သူချပြခဲ့တဲ့လမ်းကြောင်းကို ကျွန်တော်တို့က လိုက်နာတာပါ” ပြောကြားခဲ့ပါတယ်။

    “တရားထိုင်တာက ကောင်းတယ်ဗျ။ စိတ်ဖိစီးမှု ရှိလာတဲ့အချိန်မျိုးဆိုရင် ကျွန်တော် တရားဘာဝနာပွားများတယ်။  တရားထိုင်တာဟာ ခန္ဓာကိုအတွက် ကောင်းမွန်တယ်ဆိုတာကို သိပ္ပံကလည်း သက်သေပြထားပါတယ်။ စိတ်ကို ပိုမိုကြည်လင်စေတယ်။ ဘ၀မှာလည်း ပိုပြီး အဓိပ္ပါယ်ရှိလာပါတယ်”

    Ref: Khaleej Times

  • NGO များ လျော့သွားသောကြောင့် တိုင်းရင်းသားဒေသများတွင် ကျန်းမာရေးကဏ္ဍ အခက်တွေ့

    NGO များ လျော့သွားသောကြောင့် တိုင်းရင်းသားဒေသများတွင် ကျန်းမာရေးကဏ္ဍ အခက်တွေ့

    ဇန်န၀ါရီ ၃၀၊ ၂၀၁၉
    M-Media

    ထိုင်း-မြန်မာနယ်စပ်ရှိ Mae Tao ဆေးခန်း

    – နိုင်ငံတကာအလှူရှင်တွေ ဆက်လက်မထောက်ပံ့တော့တာကြောင့် ပဋိပက္ခဖြစ်ပွားတဲ့ တိုင်းရင်းသားဒေသတွေက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းမှာ အခက်အခဲတွေ ပိုမိုရင်ဆိုင်လာရတယ်လို့ တိုင်းရင်းသား ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တွေက ပြောကြားလိုက်ပါတယ်။

    ပဋိပက္ခဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေတဲ့ ကရင်၊ ရှမ်း၊ မွန်၊ ကရင်နီနဲ့ ဗမာလူမျိုးစု ကျန်းမာရေးအဖွဲ့တွေဟာ မကြာသေးခင်က ထိုင်း-မြန်မာ နယ်စပ်မှာ ၃ ရက်ကြာအစည်းအဝေးတစ်ခု လုပ်ခဲ့ပြီး သူတို့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးခဲ့ကြပါတယ်။

    ဆွေးနွေးပွဲအတွင်း အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေပါဝင်တဲ့ ‘တိုင်းရင်းသားဒေသ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ခိုင်မာရေးအဖွဲ့’ (Ethnic Health System Strengthening Group) ကို ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသားလူ့အဖွဲ့အစည်းတွေက ကျန်းမာရေး ပေါ်လစီနဲ့ သတင်းအချက်အလက်ကိစ္စတွေကို ပိုမိုတိုင်းတက်အောင် လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။

    “ကျွန်တော်တို့ အဖွဲ့အစည်းတွေ ရင်ဆိုင်နေရတဲ့အခက်အခဲတွေအကြောင်း ဆွေးနွေးခဲ့ပြီး အဖြေရှာဖို့ ကြိုးစားခဲ့ပါတယ်” လို့ မြန်မာနိုင်ငံ ဆရာဝန်များအသင်း အဖွဲ့ဝင် ဦးစာနေထူးက ပြောကြားခဲ့ပါတယ်။

    ၂၀၁၀ ခုနှစ် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ခဲ့ပြီးတဲ့နောက်ပိုင်း နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေကို ပြည်မမှာ ၀င်ရောက်ဆောင်ရွက်ဖို့ အစိုးရက ခွင့်ပြုခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်က စစ်ရှောင်ပြည်သူတွေကို ကျန်းမာရေးကူညီစောင့်ရှောက်မှုကလည်း သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။

    နယ်စပ်က ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တွေက လက်ရှိမှာ ဆေးဝါးရရှိမှု နည်းလာပြီး၊ ဒေသတွင်း ဆက်ရှိနေတဲ့ NGO တွေထံကနေ အကူအညီရဖို့ ပိုကြာလာတယ်လို့ ဆိုပါတယ်။

    ဦးစောနေထူးက မြန်မာနိုင်ငံမှာ ရရှိဖို့မလွယ်တဲ့ ဆေးဝါးတွေကို အရင်က နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေကနေ ရရှိပေမယ့် အခုအချိန်မှာ လွယ်လွယ်မရတော့ဘူးလို့ ပြောပါတယ်။

    တိုင်းရင်းသားကျန်းမာရေးအဖွဲ့တွေဟာ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ပြဿနာတွေ၊ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးလွှမ်းခြုံမှု စီမံကိန်းမှာ ပါဝင်ဖို့အတွက် မြန်မာနိုင်ငံက ၂၀၁၇ ခုနှစ်မှာ ရည်မှန်းချက် ချမှတ်ထားတဲ့ကိစ္စတွေကိုလည်း ၃ ရက်တာအစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။

    တိုက်တွန်း

    နယ်စပ်တစ်လျှောက်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ အဖွဲ့တွေဟာ လက်ရှိမှာ မြန်မာအစိုးရထံကနေ ဘာအထောက်အပံ့မှမရဘဲ၊ နည်းပါးလာတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအပေါ်မှာသာ ဆက်လက် မှီခိုနေရပါတယ်။

    အစည်းအဝေးတက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက မြန်မာအစိုးရအနေနဲ့ ကျန်းမာရေးကဏ္ဍမှာ ထိထိရောက်ဖြစ်ချင်ရင် ဗဟိုချုပ်ကိုင်မှုကို ဖြေလျှော့ပေးဖို့ လိုတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဖယ်ဒရယ်ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အကောင်အထည်မဖော်နိုင်ဘူးဆိုရင် အစိုးရအနေနဲ့ သူတို့ရဲ့ စီမံကိန်းကို အကောင်အထည်ဖော်နိုင်မှာ မဟုတ်ပါဘူး’ လို့ ဦးစောနေထူးက ပြောပါတယ်။

    မြန်မာနိုင်ငံက နိုင်ငံရေး အသွင်ကူးပြောင်းမှု အခြေအနေမှန်ကို နားလည်ဖို့၊ လှူဒါန်းတဲ့အခါမှာ ဘက်မလိုက်ဖို့၊ မြန်မာပြည်မနဲ့ တိုင်းရင်းသားဒေသတွေမှာ
    ဟန်ချက်ညီညီကူညီပေးဖို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေကို ဦးစောနေထူးက တိုက်တွန်းခဲ့ပြီး ပြည်မမှာသာ ကူညီပေးနေရင် တိုင်းရင်းသားဒေသက ကျန်းမာရေးစနစ် ပြိုလဲသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ethnic Health System Strengthening Group အဖွဲ့ရဲ့ ဒုတိယဥက္ကဌဖြစ်ပြီး ‘မွန်အမျိုးသား ကျန်းမာရေးစောင့်ရှောက်မှုကော်မတီ’ ရဲ့ အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးနိုင်ဗညားမွန်က နိုင်ငံရေး အသွင်ကူးပြောင်းမှုအယူအဆပေါ်အခြေခံကာ အလျင်စလို ဆောင်ရွက်တာမျိုး မလုပ်ဖို့ NGO တွေကို တိုက်တွန်းခဲ့ပါတယ်။

    “ကျွန်တော်တို့လို ကျန်းမာရေးအဖွဲ့တွေအတွက် အခုအချိန်က ကြားဖြတ်ကာလတစ်ခုပါ။ အဲဒီကြားဖြတ်ကာလကနေတစ်ဆင့် အသွင်ကူးပြောင်းရေးကို သွားနိုင်မှာပါ။ အသွင်ကူပြောင်းရေးကနေတစ်ဆင့် ဖက်ဒရယ်စနစ်ကို သွားနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတကာ NGO တွေက အခုအချိန်ကို အသွင်ကူးပြောင်းရေးကာလလို့ ထင်နေကြပါတယ်”

    NGO အဖွဲ့တွေနဲ့ တိုင်းရင်းသားဒေသတွေကို လစ်လျူရှုပြီး မြန်မာအစိုးရနဲ့ပူးပေါင်းကာ ပြည်မမှာပဲ လုပ်ဆောင်ပေးနေတယ်လို့ ခံစားရကြောင်း ဦးနိုင်ဗညားမွန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ဖို့အတွက် အချိန်အတော်ကြာမှာဖြစ်တာကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေဟာ နယ်စပ်က
    ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆက်လက် လုပ်ဆောင်ပေးရမယ်လို့လည်း သူက ပြောပါတယ်။

    Ref: Irrawaddy

    (ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းမှ သတင်းဆောင်းပါးကို ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)

  • ဖိလစ်ပိုင်တောင်ပိုင်းရှိ ဗလီတစ်လုံး လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ

    ဖိလစ်ပိုင်တောင်ပိုင်းရှိ ဗလီတစ်လုံး လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ

    ဇန်န၀ါရီ ၃၀၊ ၂၀၁၉
    M-Media

    ဗုံးကွဲပြီးနောက်မြင်ကွင်း

    – ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဇမ်ဘိုအာဂါကျွန်းက ဗလီဝတ်ကျောင်းတော်တစ်လုံးမှာ ဒီကနေ့မနက်ပိုင်းက လက်ပစ်ဗုံးနဲ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    အနီးအနား ဂျိုလိုကျွန်းက ခရစ်ယာန်ဘုရားကျောင်းမှာ ဗုံးခွဲခံရပြီး ရက်ပိုင်းအကြာမှာ ဒီတိုက်ခိုက်မှု ပေါ်ထွက်လာတာပါ။ သေဆုံး ဒဏ်ရာရသူတွေဟာ ဘုရားဝတ်ပြုကြသူတွေဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

    တိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ မသိရသေးပါဘူး။

    ပြည်နယ်အုပ်ချုပ်ရေးမှူး မူဂျစ်ဗ် ဟာတာမန်က ဒါဟာ သူရဲဘောကြောင်တဲ့၊ ရိုင်းစိုင်းတဲ့လုပ်ရပ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဘာသာပေါင်းစုံက ပြည်သူတွေအနေနဲ့ ငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးကြဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်”

    ဖိလစ်ပိုင်စစ်တပ်က တောင်ပိုင်း မင်ဒါနာအိုကျွန်းမှာရှိတဲ့ လူ့အဖွဲ့အစည်းအတွေအနေနဲ့ ညီညွတ်ကြဖို့၊ ဆိုရှယ်မီဒီယာတွေမှာ သတင်းအမှားတွေ ကောလဟာလတွေကို သတိပြုကြဖို့ တိုက်တွန်းထားပါတယ်။ ပြည်နယ်စစ်ရေးချုပ် ကာနယ် လီယွန်နယ် နီကိုလက်စ်က ဗလီကိုတိုက်ခိုက်မှုဟာ ဘုရားကျောင်းတိုက်ခိုက်မှုအတွက် လက်တုန့်ပြန်တာမျိုး မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    အကြမ်းဖက်များအား ချေမှုန်းမည်

    ဆူးလူးပြည်နယ် ဂျိုလိုမြို့က ခရစ်ယာန်ကက်သလစ်ဘုရားကျောင်းမှာ တနင်္ဂနွေနေ့က ၀တ်ပြုဆုတောင်းနေစဉ်အတွင်း ဗုံးပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့တာကြောင့် လူ ၂၁ ဦးသေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

    IS အကြမ်းဖက်အဖွဲ့က ဒီတိုက်ခိုက်မှုဟာ သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးက တောင်ပိုင်းမှာအခြေစိုက်တဲ့ အဘူဆယက်ဖ် စစ်သွေးကြွအဖွဲ့ကို အပြစ်တင်ခဲ့ပြီး ချေမှုန်းသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ အဘူဆယက်ဖ်အဖွဲ့ဟာ ဗုံးခွဲမှုတွေ၊ ပြန်ပေးဆွဲမှုတွေ၊ ခေါင်းဖြတ်သတ်ဖြတ်မှုတွေကို လုပ်ဆောင်နေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

    တောင်ပိုင်းက လူမျိုးစုတွေကို အာဏာနဲ့ သယံဇာတခွဲဝေပေးမယ့် အစိုးရရဲ့ ဥပဒေတစ်ခုကို ဇန်န၀ါရီ ၂၁ ရက်နေ့မှာ ပြည်သူ့ဆန္ဒခံယူခဲ့ပြီး မိုရိုလူမျိုးစုတွေက အတည်ပြု လက်ခံခဲ့ပြီးတဲ့နောက် ဒီလို တိုက်ခိုက်မှုတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    Ref: Ajazeera