News @ M-Media

Blog

  • တော်ဝင်မင်းသမီး ၀န်ကြီးချုပ်လောင်းအဖြစ် အမည်တင်သွင်းမှု ထိုင်းရွေးကောက်ပွဲကော်မရှင် ပယ်ချဖွယ်ရှိနေ

    တော်ဝင်မင်းသမီး ၀န်ကြီးချုပ်လောင်းအဖြစ် အမည်တင်သွင်းမှု ထိုင်းရွေးကောက်ပွဲကော်မရှင် ပယ်ချဖွယ်ရှိနေ

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၉
    M-Media

    တော်ဝင်မင်းသမီး၏ ၀န်ကြီးချုပ်လောင်း လျှောက်လွှာ

    – တော်ဝင်မင်းသမီးဟောင်း ၀န်ကြီးချုပ်နေရာ ၀င်ရောက်ယှဉ်ပြိုင်မယ့်ကိစ္စဟာ အခြေခံဥပဒေနဲ့ ညီညွတ်မှု ရှိ၊ မရှိ သုံးသပ်သွားမယ်လို့ ထိုင်း ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့မှာ ပြောကြားလိုက်ပြီး မင်းသမီးကို အမည်စာရင်းတင်သွင်းတဲ့ ပါတီကိုလည်း စစ်ဆေးဖို့ ရှိနေပါတယ်။

    လက်ရှိ ထိုင်းဘုရင် ၀ိဇယလောင်ကွန်ရဲ့ အမတော် အူဘိုလ်ရတ္တနာ ရာဇကန်ယာ သီရိဝဒ်ဟာနာဟာ Thai Raksa Chart ပါတီကို ကိုယ်စားပြုပြီး ၀န်ကြီးချုပ်နေရာ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ကြေငြာခဲ့ပြီး ဒီသတင်းဟာ ထိုင်းနိုင်ငံရေးလောကမှာ အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။

    မတ်လအတွင်း ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ၂၀၁၄ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။ Thai Raksa Chart ပါတီဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံသူတွေက ပူးပေါင်း တည်ထောင်ထားတာဖြစ်ပြီး မင်းသမီး အူဘိုလ်ရတ္တနာကလည်း သက်ဆင်မိသားစုနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိပါတယ်။

    မင်းသမီး ၀န်ကြီးချုပ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ သတင်းထွက်လာပြီး နာရီးပိုင်းအကြာမှာပဲ ထိုင်းဘုရင် ၀ိဇယလောင်ကွန်က ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး တော်ဝင်မိသားစုဝင်တွေ နိုင်ငံရေးမှာ ပါဝင်ပတ်သက်တာဟာ ‘သင့်လျော်မှုမရှိဘူး’ လို့ ကန့်ကွက်ခဲ့ပါတယ်။

    ရွေးကောက်ပွဲကော်မရှင်က ၀န်ကြီးချုပ်လောင်းအဖြစ် မင်းသမီးရဲ့လျှောက်ထားမှုဟာ ဥပဒေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ သောကြာနေ့ နောက်ဆုံးထားကာ သုံးသပ်သွားမှာဖြစ်ပြီး ဘုရင်ဆန္ဒကို လွန်ဆန်ဖွယ်မရှိဘူးလို့ သတင်းတွေထွက်နေပါတယ်။

    ပါတီဖျက်သိမ်းရန်တောင်းဆို

    မင်းသမီး အူဘိုလ်ရတ္တနာကို ၀န်ကြီးချုပ်အမည်စာရင်းတင်သွင်းတဲ့ Thai Raksa Chart ပါတီကို ဖျက်သိမ်းပေးဖို့ တောင်းဆိုမှုတွေ ပေါ်ပေါက်လာခဲ့ပြီး ထိုင်းရွေးကောက်ပွဲကော်မရှင်က ဒီကိစ္စကိုလည်း သုံးသပ်သွားဖို့ ရှိနေပါတယ်။

    နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆွယ်ရေးလှုပ်ရှားမှုတွေမှာ တော်ဝင်အသိုင်းအ၀ိုင်းကလူတွေကို အသုံးပြုခွင့်မရှိဘူးလို့ ထိုင်းရွေးကောက်ပွဲ ဥပဒေမှာ တားမြစ်ထားပါတယ်။

    သက်တော် ၆၇ နှစ်အရွယ် ရှိပြီဖြစ်တဲ့ မင်းသမီး အူလ်ဘိုရတ္တနာဟာ အမေရိကန်နိုင်ငံသားတစ်ဦးကို လက်ထက်ခဲ့တာကြောင့် ထီးမွေ၊ နန်းမွေနဲ့ တော်ဝင် အမှတ်သညာကို စွန့်လွှတ်ခဲ့ရပါတယ်။ ခင်ပွန်းသည်နဲ့ ကွာရှင်းခဲ့ပြီးတဲ့နောက် သူမဟာ ထိုင်းနိုင်ငံကို ပြန်လာခဲ့ပါတယ်။

    စစ်ခေါင်းဆောင်အဖြစ် အာဏာသိမ်းပြီး လက်ရှိ ၀န်ကြီးချုပ်တာဝန်ကို ထမ်းဆောင်နေတဲ့ ပရာယွတ်ချန်အိုချာလည်း လာမယ့်ရွေးကောက်ပွဲမှာ ၀န်ကြီးချုပ်နေရာ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

    Ref: CNA

  • ရေနစ်သေဆုံးသွားသည့် ဆီးရီးယားကလေးငယ်တစ်ဦးကို ဥရောပကယ်ဆယ်ရေးအဖွဲ့ ဂုဏ်ပြု

    ရေနစ်သေဆုံးသွားသည့် ဆီးရီးယားကလေးငယ်တစ်ဦးကို ဥရောပကယ်ဆယ်ရေးအဖွဲ့ ဂုဏ်ပြု

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၉
    M-Media

    သင်္ဘောအမည်ပြောင်းပွဲကို တက်ရောက်လာသည့် အဘ်ဒူလာကာဒီနှင့် ၎င်း၏ ညီမ

    – လွန်ခဲ့တဲ့ ၃ နှစ်က ပင်လယ်ပြင်မှာ ကွယ်လွန်သွားခဲ့တဲ့ အသက် ၃ နှစ်အရွယ် ဆီးရီးယားကလေးငယ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဥရောပ ကယ်ဆယ်ရေးအဖွဲ့တစ်ခုက သူ့တို့ရဲ့ သင်္ဘောအမည်ကို ‘အလန်ကာဒီ’ လို့ ပြောင်းလဲ မှည့်ခေါ်ခဲ့ပါတယ်။

    စစ်ပွဲတွေကြောင့် ဆီးရီးယားကနေ ထွက်ပြေးလာတဲ့ ကာဒီတို့မိသားစုဟာ ဂရိကိုအသွား အေဂျီယံပင်လယ်ထဲမှာ လှေမှောက်ခဲ့တာဖြစ်ပြီး ကာဒီရဲ့မိခင် ရီဟန်၊ အသက် ၄ နှစ်အရွယ်အစ်ကိုတို့ သေဆုံးကာ ဖခင်ဖြစ်သူ အဘ်ဒူလာကာဒီ တစ်ဦးတည်းသာ အသက်ရှင် ကျန်ရစ်ခဲ့ပါတယ်။

    အလန်ကာဒီလေးရဲ့အလောင်း တူရကီကမ်းခြေမှာ လာတင်နေတဲ့ ပုံရိပ်ဟာ ဆိုရှယ်မီဒီယာမှာ အလျင်အမြန် ပြန့်နှံ့သွားပြီး စစ်ကြောင့် ထွက်ပြေးလာရတဲ့ ဆီးရီးယားပြည်သူတွေကို ကမ္ဘာတစ်ဝှမ်းက ဂရုဏာ သက်ခဲ့ကြပါတယ်။

    ပင်လယ်ကို ဖြတ်လာတဲ့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ အကျိုးအမြတ်မယူတဲ့အဖွဲ့ Sea-Eye က သူတို့ဆီက ကယ်ဆယ်ရေးသင်္ဘောတစ်စီးကို Alan Kurdi လို့ အမည်ပေးခဲ့ပါတယ်။

    Sea-Eye အဖွဲ့က တာဝန်ရှိသူ ဂေါ်ဒန် အိုင်လာက ၂၀၁၅ ခုနှစ် စက်တင်ဘာလအတွင်း ကာဒီရဲ့အလောင်း တူရကီကမ်းခြေမှာ လာတင်နေတဲ့ပုံကို တွေ့မြင်ရတဲ့အချိန်မှာ အလွန်အမင်း စိတ်ထိခိုက်ခံစားခဲ့ရကြောင်း၊ ကာဒီလေးကို အောက်မေ့သတိရတဲ့အနေနဲ့ အဖွဲ့က သင်္ဘောတစ်စီးကို ဒီလို အမည်ပြောင်းခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    သင်္ဘောအမည်ပြောင်းပွဲအခမ်းအနားကို တနင်္ဂနွေနေ့က စပိန်နိုင်ငံ မာယော့ကာမြို့ ပါလ်မာဆိပ်ကမ်းမှာ ကျင်းပပြုလုပ်ခဲ့ပြီး ကာဒီရဲ့ ဖခင်ဖြစ်သူ အဘ်ဒူလာ ကာဒီ တက်ရောက်ခဲ့ပါတယ်။

    “ဒီနေ့ဟာ ကျွန်တော့်အတွက် သိပ်ကို ခက်ခဲတဲ့နေ့ပါ။ အတိတ်ဟောင်းကို ပြန်ခံစားရတာပေါ့လေ။ ဒါပေမယ့် Sea-Eye အဖွဲ့ကို ကျွန်တော် ကူညီချင်ပါတယ်။ အဖွဲ့က ကျွန်တော့်သားအမည်ကို ရွေးချယ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီအဖွဲ့ကလူတွေဟာ နှလုံးသားကြီးကြသူတွေပါ။ ကျွန်တော့်သားအမည်ဟာ ကောင်းမွန်တဲ့ပုံစံနဲ့ ရှိနေမှာဖြစ်ပြီး တမလွန်က ကျွန်တော့်သားလေးလည်း ကျေနပ်မှာပါ” လို့ အဘ်ဒူလာကာဒီက ပြောကြားခဲ့ပါတယ်။

    ကာဒီတို့မိသားစုဟာ ဆီးရီးယားက ကာ့ဒ်လူမျိုးတွေဖြစ်ပြီး အဘ်ဒူလာက လက်ရှိ ဆီးရီးယားနိုင်ငံ အီရ်ဘီလ်မြို့မှာ နေထိုင်နေပါတယ်။ ကာဒီတို့မိသားစု လှေမှောက်မှုနဲ့ပတ်သက်ပြီး တူရကီက ဆီးရီးယားနိုင်ငံသား ၂ ဦးကို ထောင်ဒဏ် ၄ နှစ်စီ ချမှတ်ခဲ့ပါတယ်။

    Ref: CNN

  • ပါကစ္စတန်တွင် သေဒဏ်မှ တရားသေလွတ်လာသည့် ခရစ်ယာန်အမျိုးသမီး နိုင်ငံအတွင်း ပိတ်မိနေ

    ပါကစ္စတန်တွင် သေဒဏ်မှ တရားသေလွတ်လာသည့် ခရစ်ယာန်အမျိုးသမီး နိုင်ငံအတွင်း ပိတ်မိနေ

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၉
    M-Media


    – သာသနာညှိုးနွမ်းစေမှုနဲ့ သေဒဏ်ချမှတ်ခံရပြီးတဲ့နောက် တရားရုံးချုပ်ရဲ့ ပြန်လည်ကြားနာမှုကနေတစ်ဆင့် လွတ်မြောက်လာခဲ့တဲ့ ပါကစ္စတန်က ခရစ်ယာန်အမျိုးသမီး အာဆီယာဘီဘီဟာ နိုင်ငံအတွင်းကနေ မထွက်ခွာနိုင်သေးဘဲ လျှို့ဝှက်နေရာတစ်ခုမှာ နေထိုင်နေရဆဲဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

    အာဆီယာဘီဘီနဲ့ သောကြာနေ့က ဖုန်းပြောခဲ့သူ မိတ်ဆွေ အေမန်အွလ္လာက သူမဟာ ကရာချီမြို့က နေရာတစ်ခုမှာ နေထိုင်နေရတယ်လို့ ဆိုပါတယ်။

    အိမ်နီးချင်းတစ်ဦးနဲ့ စကားများရာကနေ အစ္စလာမ်ဘာသာကို စော်ကားတယ်စွဲချက်နဲ့ အာဆီယာဘီဘီတစ်ယောက် ၂၀၀၉ ခုနှစ်မှာ ဖမ်းဆီးတရားစွဲဆိုခံရပြီး သေဒဏ် ချမှတ်ခံခဲ့ရတာပါ။

    ဒါပေမယ့် ပါကစ္စတန်တရားရုံးချုပ်က ပြန်လည်စစ်ဆေးရာမှာ အာဆီယာဘီဘီဟာ ကြားနားမှုတစ်လျှောက်လုံး တရားမျှတစွာ ဆက်ဆံခံရခြင်းမရှိသလို၊ သူမကို စွဲချက်တင်သူတွေရဲ့ ထွက်ဆိုချက်တွေကလည်း ကွဲလွဲမှုရှိတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ တရားရုံးချုပ်က အာဆီယာဘီဘီကို တရားသေ လွှတ်ပေးခဲ့ပြီး ဒီအမိန့်ကို ဇန်န၀ါရီလမှာ ထပ်မံ အတည်ပြုခဲ့ပါတယ်။

    ဆုံးဖြတ်ချက်ကို မကျေနပ်သူတွေက ပါကစ္စတန်နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အာဆီယာဘီဘီ၊ သူမရဲ့ရှေ့နေနဲ့ သူမကို ကူညီသူတွေကို အသက်အန္တရာယ် ခြိမ်းခြောက်တာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

    သမီးတွေရှိတဲ့ ကနေဒါမှာ အာဆီယာဘီဘီ အခြေချနိုင်ရေး သံတမန်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးနေတဲ့ အေမန်အွလ္လာက အာဆီယာဘီဘီဟာ ကြောက်ရွံ့ စိတ်ပျက်နေပြီး ပါကစ္စတန်ကနေ ဘယ်တော့မှ ထွက်သွားခွင့်ရမလဲဆိုတာ မသေချာတဲ့အနေအထား ဖြစ်နေတယ်လို့ ပြောပါတယ်။

    အေမန်အွလ္လာကတော့ အသက်အန္တရာယ် ခြိမ်းခြောက်ခံရတာကြောင့် ပြီးခဲ့တဲ့သောကြာနေ့က ပါကစ္စတန်ကနေ နိုင်ငံခြားကို ထွက်သွားခဲ့ပါတယ်။

    အာဆီယာဘီဘီဟာ ကရာချီမြို့က အခန်းတစ်ခုမှာ ခင်ပွန်းဖြစ်သူနဲ့အတူ နေထိုင်နေရပြီး အခန်းတံခါးကို အမြဲတမ်းပိတ်ထားကာ အစားအသောက် လာပိုတဲ့အချိန်သာ ဖွင့်တယ်လို့ အေမန်အွလ္လာက ပြောပါတယ်။

    ပါကစ္စတန်ပြန်ကြားရေးဝန်ကြီး ဖာဝဒ် ချောင်ဒရီက အာဆီယာဘီဘီနဲ့ သူမရဲ့မိသားစုကို ကာကွယ်ဖို့ အစိုးရက တာဝန်အပြည့်အ၀ယူထားကြောင်း၊ တရားသေလွတ်မြောက်သွားတဲ့သူမဟာ လွတ်လပ်တဲ့နိုင်ငံသားတစ်ယောက်ဖြစ်ပြီး ပြည်တွင်းနဲ့ ပြည်ပ ဘယ်နေရာကိုမဆို လွတ်လပ်စွာ သွားလာနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

    အာဆီယာဘီဘီက သူမ ဘာ့ကြောင့် ဒီလိုပိတ်လှောင်ခံနေရလဲဆိုတာ လုံခြုံရေးအစောင့်တွေကို မေးခဲ့ပေမယ့် အဖြေမရခဲ့ဘူးလို့ အေမန်အွလ္လာကို ပြောကြားခဲ့ပါတယ်။

    အမြင့်ဆုံး သေဒဏ်အထိ ပေးလို့ရတဲ့ ပါကစ္စတန်ရဲ့ ဘာသာသာသနာညှိုးနွမ်းစေမှုဥပဒေကို တစ်လွဲအသုံးချမှုတွေ ရှိတာကြောင့် ပြည်တွင်းနဲ့ ပြည်ပက ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

    Ref: Aljazeera

  • ပါလက်စတိုင်းဒေသများကို မွေးရပ်အဖြစ် နယ်သာလန်က ထည့်ခွင့်ပြု

    ပါလက်စတိုင်းဒေသများကို မွေးရပ်အဖြစ် နယ်သာလန်က ထည့်ခွင့်ပြု

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၉
    M-Media

    – တိုင်းပြည်အတွင်းက ပါလက်စတိုင်းနွယ်ဖွားတွေရဲ့ မွေးရပ်ကို ပါလက်စတိုင်းပိုင်နက်အမည်တွေ ထည့်ခွင့်ပေးမယ်လို့ နယ်သာလန်နိုင်ငံက ကြေငြာလိုက်ပါတယ်။

    နယ်သာလန်နိုင်ငံဟာ ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ် မပြုသေးပါဘူး။ ဒါပေမယ့် အစ္စရေးနိုင်ငံ ဖြစ်ပေါ်လာတဲ့ ၁၉၄၈ ခုနှစ် မေလ ၁၅ ရက်နေ့နောက်ပိုင်း မွေးဖွားတဲ့ ပါလက်စတိုင်းနွယ်ဖွားတွေရဲ့ မွေးရပ်ကို အရှေ့ဂျေရုစလင်၊ အနောက်ဖက်ကမ်းနဲ့ ဂါဇာကမ်းမြှောင် စသဖြင့် ပါလက်စတိုင်းပိုင်နက်တွေ ထည့်ခွင့်ပြုမှာ ဖြစ်ပါတယ်။

    အရင်က နယ်သာလန်နိုင်ငံမှာရှိတဲ့ ပါလက်စတိုင်းနွယ်ဖွားတွေရဲ့ မွေးရပ်ကို ‘အစ္စရေး’ ဒါမှမဟုတ် ‘အမည်မသိ’ လို့ ထည့်ကြတာ ဖြစ်ပါတယ်။

    စနေနေ့ ဒက်ခ်ျ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ နိုင်ငံရဲ့ အရက်ဖက် မှတ်ပုံတင်ဌာနမှာ ဂါဇာကမ်းမြှောင်နဲ့ အနောက်ဖက်ကမ်းကို ထည့်သွင်းလိုက်တယ်လို့ ဖော်ပြထားပါတယ်။

    အစ္စရေးနဲ့ မသက်ဆိုင်

    ကမ္ဘာတစ်ဝှမ်းကနေ ပါလက်စတိုင်းကို ၀င်ရောက်လာတဲ့ ဂျူးတွေဟာ ဌာနေတွေရဲ့ ပိုင်နက်တွေကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီးတဲ့နောက် ၁၉၄၈ ခုနှစ်က အစ္စရေးနိုင်ငံအဖြစ် ထူထောင်ခဲ့တာကြောင့် သမိုင်းဝင်ပါလက်စတိုင်းရဲ့ ဒေသတော်တော်များများ ဆုံးရှုံးခဲ့ပြီး အနောက်ဖက်ကမ်းနဲ့ ဂါဇာကမ်းမြှောင်ဆိုတဲ့ ဒေသနှစ်ခုသာ ကျန်ရစ်ခဲ့ပါတယ်။

    ဒါပေမယ့် အဲဒီဒေသတွေဟာလည်း အစ္စရေးရဲ့ ပိတ်ဆို့မှု၊ တစ်ဖြည်းဖြည်း ကျူးကျော်သိမ်းပိုက်မှုတွေကို ယနေ့အချိန်အထိ ဆက်လက်ခံစားနေရပါတယ်။

    ဒက်ခ်ျနိုင်ငံခြားရေးဝန်ကြီး ရေမွန်နော့ပ်စ်က နယ်သာလန်အနေနဲ့ အနောက်ဖက်ကမ်းနဲ့ ဂါဇာကမ်းမြှောင်ကို ပါလက်စတိုင်းတွေရဲ့ မွေးရပ်မြေအဖြစ် သတ်မှတ်တာဟာ အစ္စရေးရဲ့ အချုပ်အခြာအာဏာ ဒီသေတွေအပေါ်မှာ မရှိဘူးဆိုတဲ့အချက်၊ ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် လက်မခံသေးတဲ့ နယ်သာလန်ရဲ့ ပေါ်လစီတွေနဲ့အညီ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ၁၉၉၀ ပြည့်နှစ်တွေက အစ္စရေးနဲ့ ပါလက်စတိုင်းတို့ ချုပ်ဆိုခဲ့တဲ့ အော်စလိုသဘောတူညီချက်၊ အဲဒီနောက်ပိုင်း ပေါ်ထွက်လာတဲ့ ကုလရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာတာဖြစ်တယ်လို့လည်း ၀န်ကြီးက ပြောပါတယ်။

    ပါလက်စတိုင်းနွယ်ဖွား နယ်သာလန်နိုင်ငံသားတစ်ဦးက သူ့ရဲ့ မွေးရပ်မြေနေရာမှာ အစ္စရေးလို့ ထည့်ထားတာကို မကျေနပ်တဲ့အတွက် ဥရောပ လူ့အခွင့်အရေးခုံရုံးကို တိုင်ကြားပြီးတဲ့နောက်ပိုင်း နယ်သာလန်က အခုလို ပေါ်လစီ ပြောင်းလဲပေးလိုက်တာ ဖြစ်ပါတယ်။

    ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း ၁၃၆ နိုင်ငံနဲ့ ကုလအထွေထွေညီလာခံတို့က ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုထားပေမယ့် ဥရောပနိုင်ငံအများစုက အသိအမှတ်မပြုသေးဘဲ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိအောင် စောင့်ဆိုင်းနေကြပါတယ်။

    Ref: Aljazeera

  • ဟစ်တလာ၏ ပန်းချီကားများ လေလံတင်သော်လည်း ၀ယ်မည့်သူမရှိ

    ဟစ်တလာ၏ ပန်းချီကားများ လေလံတင်သော်လည်း ၀ယ်မည့်သူမရှိ

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၉
    M-Media

    ဟစ်တလာ၏ ပန်းချီကားအချို့

    – ဂျာမနီနိုင်ငံ နုရင်ဘတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ရှေးဟောင်းပစ္စည်း လေလံတင်ရောင်းချပွဲတစ်ခုမှာ နာဇီခေါင်းဆောင် အဒေါ့ဖ် ဟစ်တလာရဲ့ ပန်းချီကားတွေကို ၀ယ်မယ့်သူမရှိခဲ့ဘဲ အတုတွေဖြစ်မှာကို စိုးရိမ်တဲ့အတွက် မရောင်းရတာဖြစ်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    Weidler လေလံဌာနရဲ့ စနေနေ့က ရောင်းချမှုမှာ ဟစ်တလာရဲ့ ပန်းချီကားတွေကို ယူရို ၁၉၀၀၀ ကနေ ၄၅၀၀၀ အထိ ဈေးဖွင့်ခဲ့ပေမယ့် ဈေးပေးမယ့်သူ မရှိခဲ့ပါဘူး။ Weidler ကတော့ ဒါတွေကို နောက်ပိုင်းမှာ ထပ်ပြီး လေလံတင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    နုရင်ဘတ်မြို့တော်ဝန် အူလ်ရစ်ခ်ျ မာလီက ဒီလေလံပွဲကို ရှုတ်ချခဲ့ပါတယ်။

    ဟစ်တလာဟာ အစောပိုင်းနှစ်တွေက သူ့ဇာတိ သြစတြီးယားမှာ ပန်းချီပညာရှင်တစ်ယောက်အဖြစ် အသက်မွေးဖို့ ကြိုးစားခဲ့ဖူးပါတယ်။ သူ့ရဲ့ ပန်းချီကားတွေကို ဈေးကြီးပေးဝယ်ယူသူတွေ ရှိနေပြီး ဒါဟာ နာဇီတွေရဲ့ ကြမ်းကြုတ်မှုတွေ အားပေးအားမြှောက် ပြုရာရောက်တဲ့ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိပါတယ်။

    စနေနေ့က နုရင်ဘတ်လေလံပွဲမလုပ်ခင် ၃ ရက်အလိုမှာ ဂျာမနီအာဏာပိုင်တွေက ဟစ်တလာရဲ့ လက်ရာလို့ဆိုတဲ့ ပန်းချီကား ၆၃ ကားကို သိမ်းဆည်းခဲ့ပြီး ဟစ်တလာရဲ့လက်ရာအစစ် ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးနေပါတယ်။

    မြူးနစ်မြို့အခြေစိုက် အနုပညာသမိုင်း သုတေသနအဖွဲ့ Central Institute for Art History က တာဝန်ရှိသူ စတီဖန် ကလင်ဂန်က ဟစ်တလာရဲ့လက်ရာဟာ သူ့ခေတ်သူ့အခါက တစ်ခြားသူတွေရဲ့ လက်ရာနဲ့ သိပ်မကွာတာကြောင့် သူ့ပန်းချီကား ဟုတ်၊ မဟုတ် စစ်ဆေးရတာ ခက်ခဲတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဇန်န၀ါရီလအတွင်းကလည်း ဘာလင်မြို့ အာဏာပိုင်တွေဟာ ဟစ်တလာရဲ့ ရေဆေးလက်ရာလို့ဆိုတဲ့ ပန်းချီကားတွေကို အတု၊ အစစ် မသေချာတဲ့အတွက် သိမ်းဆည်းခဲ့ပါတယ်

    Ref: Aljazeera