ဖေဖော်ဝါရီ ၁၀၊ ၂၀၁၉
M-Media

– ဂျာမနီနိုင်ငံ နုရင်ဘတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ရှေးဟောင်းပစ္စည်း လေလံတင်ရောင်းချပွဲတစ်ခုမှာ နာဇီခေါင်းဆောင် အဒေါ့ဖ် ဟစ်တလာရဲ့ ပန်းချီကားတွေကို ၀ယ်မယ့်သူမရှိခဲ့ဘဲ အတုတွေဖြစ်မှာကို စိုးရိမ်တဲ့အတွက် မရောင်းရတာဖြစ်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
Weidler လေလံဌာနရဲ့ စနေနေ့က ရောင်းချမှုမှာ ဟစ်တလာရဲ့ ပန်းချီကားတွေကို ယူရို ၁၉၀၀၀ ကနေ ၄၅၀၀၀ အထိ ဈေးဖွင့်ခဲ့ပေမယ့် ဈေးပေးမယ့်သူ မရှိခဲ့ပါဘူး။ Weidler ကတော့ ဒါတွေကို နောက်ပိုင်းမှာ ထပ်ပြီး လေလံတင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
နုရင်ဘတ်မြို့တော်ဝန် အူလ်ရစ်ခ်ျ မာလီက ဒီလေလံပွဲကို ရှုတ်ချခဲ့ပါတယ်။
ဟစ်တလာဟာ အစောပိုင်းနှစ်တွေက သူ့ဇာတိ သြစတြီးယားမှာ ပန်းချီပညာရှင်တစ်ယောက်အဖြစ် အသက်မွေးဖို့ ကြိုးစားခဲ့ဖူးပါတယ်။ သူ့ရဲ့ ပန်းချီကားတွေကို ဈေးကြီးပေးဝယ်ယူသူတွေ ရှိနေပြီး ဒါဟာ နာဇီတွေရဲ့ ကြမ်းကြုတ်မှုတွေ အားပေးအားမြှောက် ပြုရာရောက်တဲ့ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိပါတယ်။
စနေနေ့က နုရင်ဘတ်လေလံပွဲမလုပ်ခင် ၃ ရက်အလိုမှာ ဂျာမနီအာဏာပိုင်တွေက ဟစ်တလာရဲ့ လက်ရာလို့ဆိုတဲ့ ပန်းချီကား ၆၃ ကားကို သိမ်းဆည်းခဲ့ပြီး ဟစ်တလာရဲ့လက်ရာအစစ် ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးနေပါတယ်။
မြူးနစ်မြို့အခြေစိုက် အနုပညာသမိုင်း သုတေသနအဖွဲ့ Central Institute for Art History က တာဝန်ရှိသူ စတီဖန် ကလင်ဂန်က ဟစ်တလာရဲ့လက်ရာဟာ သူ့ခေတ်သူ့အခါက တစ်ခြားသူတွေရဲ့ လက်ရာနဲ့ သိပ်မကွာတာကြောင့် သူ့ပန်းချီကား ဟုတ်၊ မဟုတ် စစ်ဆေးရတာ ခက်ခဲတယ်လို့ ပြောကြားခဲ့ပါတယ်။
ဇန်န၀ါရီလအတွင်းကလည်း ဘာလင်မြို့ အာဏာပိုင်တွေဟာ ဟစ်တလာရဲ့ ရေဆေးလက်ရာလို့ဆိုတဲ့ ပန်းချီကားတွေကို အတု၊ အစစ် မသေချာတဲ့အတွက် သိမ်းဆည်းခဲ့ပါတယ်
Ref: Aljazeera