News @ M-Media

Blog

  • ထိုင်းတော်ဝင်မင်းသမီး ၀န်ကြီးချုပ်နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်မည်

    ထိုင်းတော်ဝင်မင်းသမီး ၀န်ကြီးချုပ်နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်မည်

    ဇန်န၀ါရီ ၈၊ ၂၀၁၉
    M-Media

    မင်းသမီး အူဘိုရတ္တနာ ရာဇကံယာ သီရိဝဒ်ဟာ

    – လက်ရှိထိုင်းဘုရင် မဟာ ၀ိဇယလောင်ကွန်ရဲ့ အမဖြစ်သူ အူဘိုရတ္တနာ ရာဇကံယာ သီရိဝဒ်ဟာနာဟာ မတ်လမှာကျင်းပမယ့် ရွေးကောက်ပွဲမှာ ၀န်ကြီးချုပ်နေရာ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ထိုင်နိုင်ငံသမိုင်းတစ်လျှောက် တော်ဝင်မိသားစုက ပထမဆုံးအကြိမ် အစိုးရနေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်တာလည်း ဖြစ်ပါတယ်။

    သက်တော် ၆၇ ခုနှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းသမီး အူဘိုရတ္တနာဟာ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာရဲ့ မဟာမိတ်တွေ ပူးပေါင်းတည်ထောင်တဲ့ Thai Raksa Chart ပါတီကို ကိုယ်စားပြုမှာ ဖြစ်ပါတယ်။

    ၁၉၇၂ ခုနှစ်မှာ အမေရိကန်နိုင်ငံသားတစ်ယောက်နဲ့ လက်ထပ်ခဲ့တာကြောင့် တော်ဝင်အမှတ်သညာကို စွန့်လွှတ်ခဲ့ရတဲ့ မင်းသမီးဟာ အိမ်ထောင်ကွဲပြီးတဲ့နောက် ၁၉၉၀ ပြည့်နှစ်တွေမှာ ထိုင်းနိုင်ငံကို ပြန်ရောက်လာခဲ့ပါတယ်။ တော်ဝင်အမှတ်သညာကို ပြန်မရပေမယ့် ပြည်သူလူထုကတော့ သူမကို တော်ဝင်မင်းသမီးတစ်ဦးအဖြစ် ဆက်ဆံခဲ့ပါတယ်။

    အူဘိုရတ္တနာဟာ သက်ဆင်မိသားစုနဲ့ အရင်ကတည်းက နွေးထွေးတဲ့ဆက်ဆံရေး ရှိခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ်မှာ ၀န်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ထရာ ဦးဆောင်တဲ့အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီး လက်ရှိဝန်ကြီးချုပ်ဖြစ်နေတဲ့ စစ်ခေါင်းဆောင်ဟောင်း ပရာယွတ်ချန်အိုချာဟာ လာမယ့်ရွေးကောက်ပွဲမှာ စစ်တပ်ဖက်ယိမ်းတဲ့ Palang Pracharat ပါတီကနေ ၀န်ကြီးချုပ်နေရာ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

    မတ်လရွေးကောက်ပွဲဟာ ၂၀၁၄ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက် ပထမဆုံးပြုလုပ်တဲ့ ရွေးကောက်ပွဲဖြစ်ပြီး အူဘို ရတ္တနာက ချန်အိုချာရဲ့ အဓိကပြိုင်ဖက် ဖြစ်လာဖွယ် ရှိနေပါတယ်။

    Ref : Aljazeera

  • တိုက်ပွဲများ ရခိုင်မြောက်ပိုင်းထက်ကျော်၍ ကျယ်ပြန့်လာနိုင်သည်ဟု AA သတိပေး

    တိုက်ပွဲများ ရခိုင်မြောက်ပိုင်းထက်ကျော်၍ ကျယ်ပြန့်လာနိုင်သည်ဟု AA သတိပေး

    ဖေဖော်ဝါရီ ၈၊ ၂၀၁၉
    M-Media

    AA ဒုတိယအကြီးအကဲ ဗိုလ်ချုပ် ညိုထွန်းအောင် (Photo Credit – ဧရာဝတီ)

    – ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လက်ရှိဖြစ်ပွာနေတဲ့ တိုက်ခိုက်မှုတွေဟာ ပိုမိုကျယ်ပြန့်ကာ တစ်ခြားနေရာတွေအထိ ကူးစက်သွားနိုင်တယ်လို့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA ရဲ့ ဒုတိယအကြီးအကဲ ဗိုလ်ချုပ် ညိုထွန်းအောင်က ရခိုင်ပြည်သူတွေကို ပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက စတင်ခဲ့တဲ့ AA နဲ့ မြန်မာအစိုးရတပ်တို့ တိုက်ခိုက်မှုဟာ အခုနှစ်မှာ ပိုမိုပြင်းထန်လာခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ် ၅ ခုနဲ့ ချင်းပြည်နယ် ပလက်ဝဒေသတို့မှာ တိုက်ခိုက်မှုတွေ အဆက်မပြတ် ဖြစ်လာခဲ့ပါတယ်။

    အစိုးရစစ်တပ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်ဖွဲ့တွေ တိုးချလာသလို ရခိုင်ပြည်နယ် အစိုးရကလည်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို ပြည်နယ်အတွင်း တစ်အိမ်တက်ဆင်း ရှာဖွေခွင့် ပြုထားပါတယ်။

    ဗုဒ္ဓဟူးနေ့က ဆိုရှယ်မီဒီယာမှာလွှင့်တင်တဲ့ ဗီဒီယိုမိန့်ခွန်းမှာ ညိုထွန်းအောင်က တိုက်ပွဲဖြစ်ပွားရာနေရာတွေမှာ ဆောင်ရ၊ ရှောင်ရမယ့် အချက်တွေကို ပြောကြားခဲ့ပြီး ရခိုင်ပြည်သူတွေအနေနဲ့ မိသားစု၊ ဆွေမျိုးသားချင်းတွေနဲ့အတူ စုစုစည်းစည်းနေကြဖို့ တိုက်တွန်းခဲ့ပါတယ်။

    တိုက်ခိုက်မှုမှာ မြန်မာစစ်တပ်က အကျအဆုံးများနေပြီး ဇန်န၀ါရီနဲ့ ဖေဖော်ဝါရီလအတွင်း စစ်တပ်ဖက်က ရာချီသေဆုံးခဲ့ကြောင်း၊ ဒါပေမယ့် တပ်အတွင်း စိတ်ဓာတ်ကျမှာ စိုးရိမ်တဲ့အတွက် တရားဝင် မထုတ်ပြန်တာဖြစ်ကြောင်း ညိုထွန်းအောင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    တိုက်ပွဲမှာ ရှုံးနိမ့်မှုတွေ ရှိခဲ့တာကြောင့် အစိုးရစစ်တပ်ဟာ ရခိုင်ပြည်သူလူထုအပေါ် ဆိုးဆိုးဝါးဝါး ဆက်ဆံလာနိုင်ပြီး လူ့အခွင့်အရေး ချိုးဖောက်တာ၊ ညှင်းပမ်းနှိပ်စက်တာ၊ တရားလက်လွတ်ဖမ်းဆီးတာတွေ လုပ်ဆောင်လာနိုင်တယ်လို့ သူက သတိပေးခဲ့ပါတယ်။ ဒီလိုလုပ်မယ်ဆိုရင် မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး ပေးဆပ်ရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

    သိပ်မကြာခင်အနာဂတ်အတွင်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်ပြီး နှစ်ဖက် အထိအခိုက်အကျအဆုံး များနိုင်တယ်လို့ AA က သုံးသပ်ထားကြောင်း ၂၀၁၉ ခုနှစ်ကို လက်နက်ကိုင်တော်လှန်ရေးကာလ၊ ၂၀၂၀ ကို အသွင်ကူးပြောင်းရေးကာလအဖြစ် သတ်မှတ်ထားကာ ရခိုင်ပြည်နယ်မှာ AA ကလွဲပြီး တစ်ခြားလက်နက်ကိုင်အဖွဲ့မရှိရေးဟာ ULA/AA ရဲ့ အဓိက ရည်မှန်းချက်ဖြစ်ကြောင်း ညိုထွန်းအောင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ အန္တိမရည်မှန်းချက်ကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ပါဘူး”

    AA ဟာ ရှေ့ဆက်ပြီး ကြေငြာချက်တွေ ပိုမိုထုတ်ပြန်သွားမှာဖြစ်သလို၊ ကျေးရွာခေါင်းဆောင်တွေကို အကြောင်းကြားတာ၊ သစ္စာဖောက်တွေကို အသိပေးတာတွေ ဆက်လက်လုပ်ဆောင်မှာဖြစ်ကြောင်း၊ အစိုးရစစ်တပ်ကို ထောက်ခံသူတွေက ကြေငြာချက်အတုတွေ ထုတ်ပြန်တာကြောင့် တွေ့ရသမျှကို မယုံကြဖို့လည်း ညိုထွန်းအောင်က တိုက်တွန်းခဲ့ပါတယ်။

    အစိုးရတပ်နဲ့ AA တို့အကြား တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာ လူပေါင်း ၆ ထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး၊ ပလက်ဝဒေသမှာ ၂၀၀ ကျော် ထွက်ပြေးခဲ့ရပါတယ်။

    Ref: Irrawaddy

    (ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းမှာသတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)

  • ခရစ်ယာန် ကက်သလစ်ဘုန်းကြီးများက သီလရှင်များအပေါ် လိင်ကျွန်ပြုမှုကိစ္စကို ပုပ်ရဟန်းမင်း ၀န်ခံ

    ခရစ်ယာန် ကက်သလစ်ဘုန်းကြီးများက သီလရှင်များအပေါ် လိင်ကျွန်ပြုမှုကိစ္စကို ပုပ်ရဟန်းမင်း ၀န်ခံ

    ဖေဖော်ဝါရီ ၈၊ ၂၀၁၉
    M-Media

    – ခရစ်ယာန်ကက်သလစ်အသင်းတော်မှာ ဘုန်းကြီးတွေဟာ သီလရှင်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေရှိပြီး၊ လိင်ကျွန်ပြုတာတွေတောင် ရှိတယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ၀န်ခံပြောကြားလိုက်ပါတယ်။

    သီလရှင်တွေအပေါ် ဘုန်းကြီးတွေက လိင်ပိုင်းဆိုင်ရာ စော်ကားမှုကိစ္စကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပထမဆုံး ၀န်ခံလိုက်တာလည်း ဖြစ်ပါတယ်။

    လိင်ကျွန်ပြုမှုကိစ္စတစ်ခုအတွက် ယခင် ပုပ်ဘင်နီဒစ်ဟာ သီလရှင်ကျောင်းတစ်ခုလုံးကို ပိတ်ပစ်ခိုင်းရကြောင်း၊ ဒီပြဿနာကို ဖြေရှင်းဖို့ ကက်သလစ်အသင်းတော်က ကြိုးစားနေပေမယ့် အခုအချိန်အထိ ဆက်ရှိနေကြောင်း ဖရန်စစ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    လိင်ပြဿနာကြောင့် ပုပ်ဘန်နီဒစ် ၂၀၀၅ ခုနှစ်က ပိတ်ခိုင်းခဲ့ရတဲ့ သီလရှင်ကျောင်းဟာ ပြင်သစ်က Community of St Jean ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ Community of St Jean သီလရှင်ကျောင်းက ဒီကိစ္စကို ၀န်ခံခဲ့ပါတယ်။

    ကက်သလစ်အသင်းတော်ရဲ့ ကမ္ဘာလုံးဆိုင်ရာ သီလရှင်များအဖွဲ့က သူတို့ရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုဖို့ အတားအဆီးတွေ ရှိနေမှုကို ရှုတ်ချကြောင်း ပြီးခဲ့တဲ့နိုဝင်ဘာလမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    ပြဿနာရှိနေ

    ကမ္ဘာတစ်ဝှမ်းက ကက်သလစ်ဘုန်းကြီးတွေဟာ ကလေးငယ်တွေနဲ့ သီလရှင်တွေကို လိင်ပိုင်ဆိုင်ရာ စော်ကားမှုသတင်းတွေဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။

    အင်္ဂါနေ့က သတင်းထောက်တွေနဲ့တွေ့ဆုံမှုအတွင်း ပုပ်ရဟန်းမင်းကြီးက ကက်သလစ်အသင်တော်မှာ ပြဿနာရှိနေကြောင်း ၀န်ခံခဲ့ပြီး အကြောင်းအရင်းက လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေကို ဒုတိယတန်းစားအဖြစ် မှတ်ယူထားတာကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဘုန်းကြီးတွေ၊ ဂိုဏ်းအုပ်ဘုန်းကြီးတွေဟာ သီလရှင်တွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှု ရှိနေတယ်ဆိုတာကို အသင်းတော်က သိရှိပြီး ဖြေရှင်းနေကာ၊ ကျူးလွန်တဲ့ဘုန်းကြီးတော်တော်များများကို သာသနာ့ဘောင်ကနေ ထုတ်ပယ်ခဲ့တယ်လို့ ဖရန်စစ်က ပြောပါတယ်။

    ကက်သလစ်ဘုန်းကြီးတွေ သီလရှင်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုဟာ အိန္ဒိယ၊ ချီလီ၊ အီတလီနဲ့ အာဖရိကတို့မှာလည်း ဖြစ်ပွားခဲ့ပါတယ်။

    အိန္ဒိယနိုင်ငံက ကက်သလစ် ဂိုဏ်းအုပ်ဘုန်းကြီးတစ်ပါးဟာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း သီလရှင်တစ်ဦးကို ၁၃ ကြိမ် အဓမ္မကျင့်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့နှစ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ ချီလီနိုင်ငံမှာလည်း ဘုန်းကြီးတွေက သီလရှင်တွေကို လိင်စော်ကားမှု ကိစ္စအတွက် ဗာတီကန်က ပြီးခဲ့တဲ့နှစ်မှာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ရပါတယ်။

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သီလရှင်တွေ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကိစ္စတွေဟာ ကက်သလစ်သာသနာက တစ်ချို့သာသနာ့နယ်မြေတွေ၊ အထူးသဖြင့် အသစ်ပေါ်ထွက်လာတဲ့ နေရာတွေမှာ ဆက်လက်ဖြစ်ပွားနေတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: BBC

  • လေယာဉ်ပျက်ကျသေဆုံးသွားသည့် ကာဒစ်ဖ်တိုက်စစ်မှူးအလောင်းကို ဆယ်ယူနိုင်

    လေယာဉ်ပျက်ကျသေဆုံးသွားသည့် ကာဒစ်ဖ်တိုက်စစ်မှူးအလောင်းကို ဆယ်ယူနိုင်

    ဖေဖော်ဝါရီ ၇၊ ၂၀၁၉
    M-Media

    ကာဒစ်ဖ်တိုက်စစ်မှူးဆာလာ (၀ဲ) နှင့် လေယာဉ်မှူး (ယာ)

    – ဇန်န၀ါရီ ၂၁ ရက်နေ့က လေယာဉ်ပျက်မှုမှာ ပါဝင်ခဲ့တဲ့ ကာဒစ်ဖ်စီးတီးအသင်း တိုက်စစ်မှူးသစ် အီမီလီယာနို ဆာလာရဲ့ ရုပ်အလောင်းကို ဆယ်ယူနိုင်ပြီလို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။

    အသက် ၂၈ နှစ်အရွယ် ဆာလာဟာ ကာဒစ်ဖ်စီးတီးနဲ့ ပေါင် ၁၅ သန်းတန် အပြောင်းအရွှေ့စာချုပ် ချုပ်ဆိုပြီး ၂ ရက်အကြာ ပြင်သစ်က မိခင်ကလပ် နန်တီစ်ကို အလည်သွားရာကနေ ပြန်အလာမှာ ဒီလိုအဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

    ဆာလာနဲ့ အသက် ၅၉ နှစ်အတွက် လေယာဉ်မှူး ဒေးဗစ် အီဘော့တ်ဆန်တို့ စီးနင်းလာတဲ့ Piper Malibu N264DB လေယာဉ်ငယ်ဟာ အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ပျံနေစဉ် ဆက်သွယ်မှု ပြတ်တောက်သွားတာပါ။ အာဏာပိုင်တွေက ပျက်ကျသွားတဲ့လေယာဉ် ရှာဖွေမှုကို ဇန်န၀ါရီ ၂၄ ရက်နေ့မှာ ရပ်ဆိုင်းခဲ့ပြီး လေယာဉ်ပေါ် လိုက်ပါသွားသူတွေ အသက်ရှင်သန်နိုင်မယ့် အခွင့်အလမ်း အလွန်နည်းသွားပြီလို့ ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် ပုဂ္ဂလိက ရှာဖွေရေးအဖွဲ့က ဆက်လက်ရှာဖွေခဲ့ရာမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တွေ့ရှိခဲ့ပါတယ်။ ပထမပိုင်းမှာ လေယာဉ်တစ်ခုလုံးကို ပြန်လည်ဆယ်ယူဖို့ စီစဉ်ခဲ့ပေမယ့် အဆင်မပြေတာကြောင့် အလောင်းတွေကိုသာ ဆယ်ခဲ့တယ်လို့ ရှာဖွေရေး တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

    အလောင်းတွေကို တတ်နိုင်သမျှ လူ့ဂုဏ်သိက္ခာနဲ့လျော်ညီစွာ ဆယ်ယူခဲ့ပြီး ကျန်ရစ်သူမိသားစုတွေကို အသေးစိတ် အသိပေးထားတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ရုပ်အလောင်းတွေကို သေမှုသေခင်းစစ်ဆေးသွားမှာဖြစ်ကာ နောက်ပိုင်းမှာ မိသားစုထံ လွှဲပြောင်းပေးလို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

    ကာဒစ်ဖ်အသင်းဟာ ဆာလာကို အသင်းသမိုင်းတစ်လျှောက် စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

    Ref: BBC

  • တိုက်ပွဲကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်သို့ထွက်ပြေးရသည့် ရခိုင်နှင့် ချင်းလူမျိုးများ အကူအညီလိုအပ်

    တိုက်ပွဲကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်သို့ထွက်ပြေးရသည့် ရခိုင်နှင့် ချင်းလူမျိုးများ အကူအညီလိုအပ်

    ဖေဖော်ဝါရီ ၇၊ ၂၀၁၉
    M-Media

    တိုက်ပွဲကြောင့်ထွက်ပြေးရသည့် ပြည်သူများ (Photo Credit – ဧရာဝတီ) 

    – ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း မြန်မာစစ်တပ်နဲ့ AA တပ်ဖွဲ့တွေ တိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ရခိုင်နဲ့ ချင်းလူမျိုးတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ၀င်ရောက်ခိုလှုံနေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒါဘန်ခရိုင် လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးဝင်းသိန်းက ရီမက္ကရီ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်စခန်းနဲ့ ၁၁ ကီလိုမီတာအကွာ သူအီဆာရွာငယ်လေးမှာ မြန်မာဖက်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

    ပလက်ဝဒေသ အထက်ပိုင်း ခမောင်းဝကျေးရွာနဲ့ ကင်းသလင်းရွာက နေအိမ်တွေကို မြန်မာစစ်တပ်က မီးရှို့ခဲ့တယ်လို့ ဒုက္ခသည်တွေ ဦးဝင်းသိန်းကို ပြောကြားခဲ့ပါတယ်။ ဘန်ဒါဘန်ခရိုင်က ရူမာမြို့နယ်ကို တနင်္ဂနွေနေ့က ချင်းလူမျိုး ၁၂၄ ဦးရောက်ရှိလာခဲ့ပြီး တနင်္လာနေ့မှာ ရခိုင်လူမျိုး ၁၂၆ ဦး ရောက်လာခဲ့ပါတယ်။
    ဒုက္ခသည်တွေ နေထိုင်ရတဲ့နေရာဟာ သွားရေးလာရေးခက်ခဲပြီး စားနပ်ရိက္ခာ၊ တာပေါ်လင်နဲ့ စောင်တွေ လုံလောက်မှု မရှိဘူးလို့ ဆိုပါတယ်။

    ဦးဝင်းသိန်းက ထွက်ပြေးလာရသူတွေထဲမှာ မွေးကင်းစတွေအပါအ၀င် ကလေးငယ် ၆၀ လောက် ရှိနေကြောင်း၊ နွေးထွေးတဲ့ အ၀တ်အစားတွေ မရှိတဲ့အတွက် နမိုးနီးယားရောဂါအန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး တနင်္လာနေ့မှာ ကလေးငယ် ၅ ဦး သတိလစ် မေ့မြောသွားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

    “သူတို့နေထိုင်နေတဲ့ဒေသဟာ ဖုန်းကွန်ယက်မရှိတဲ့ဒေသ ဖြစ်တာကြောင့် အခု အဲဒီမှာ ဘာတွေဖြစ်နေလဲဆိုတာကို မသိရသေးပါဘူး”

    ရူမာမြို့က တက်ကြွလှုပ်ရှားသူ ဦးအေးထွန်းက ရီမက္ကရီဒေသမှာရှိတဲ့ ရခိုင်နဲ့ ချင်းဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံခဲ့ပြီး တာပေါ်လင်စတွေ ပို့ပေးဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

    ဘင်္ဂလားဒေ့ရှ်က မရမာလူမျိုးတွေဟာ ဒုက္ခသည်တွေကို စားနပ်ရိက္ခာတွေ ကူညီပေးနေပြီး၊ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့အထိ ထောက်ပံ့မှုမရှိသေးကြောင်း၊ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့တွေက ဒုက္ခသည်တွေကို နေထိုင်ခွင့်ပေးထားကြောင်း ဦးအေးထွန်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “တောထူတဲ့ဒီဒေသမှာ လူကြီးတွေတောင် အနွေးထည်မရှိရင် မခံနိုင်တာ ကလေးတွေ မြေကြီးပေါ်မှာ စောင်မရှိ၊ ဘာမရှိနဲ့ အိပ်ရတယ်ဆိုတော့ စဉ်းစားသာကြည့်တော့ဗျာ”

    ဘန်ဒါဘန်ခရိုင် လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးအေးသိန်းက မိသားစု ၄၀ လောက်နေထိုင်တဲ့ ကင်းသလင်းရွာနဲ့ မိသားစု ၆၀ လောက်နေထိုင်တဲ့ ခမောင်းဝရွာက အိမ်တွေကို မြန်မာစစ်တပ်က မီးရှို့ခဲ့ကြောင်း ဒုက္ခသည်တွေက ဖွင့်ဟခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ပလက်ဝဒေသနဲ့ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းကတည်းက မြန်မာစစ်တပ်နဲ့ AA တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံပြည်သူတွေဟာ အိုးအိမ်းစွန့်ခွာ ထွက်ပြေးနေရပါတယ်။

    AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ လူ ၁၂၀ လောက်ကို စောင့်ရှောက်ပေးထားတယ်လို့ ဧရာဝတီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    လတ်တလောကာလအတွင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက မြန်မာသံအမတ်ကို ၂ ကြိမ်တိုင်တိုင် ဆင့်ခေါ်ခဲ့ပြီး ဒုက္ခသည်တွေ ထပ်ရောက်လာမှုကိစ္စကို ဆွေးနွေးခဲ့တယ်လို့ ဦးအေးသိန်းက ပြောကြားခဲ့ပါတယ်။

    “ဘင်္ဂလားဒေ့ရှ်ဖက်ကို ဒုက္ခပေးနေတယ်ဆိုပြီး မြန်မာစစ်တပ်ကို ဘင်္ဂလားဒေ့ရှ်ဘာဏာပိုင်တွေက တော်တော်လေး မကျေမချမ်းဖြစ်နေပါတယ်”

    ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာနိုင်ငံက ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာ ၈ သိန်းကို ခိုလှုံခွင့်ပေးထားရပြီး သူတို့တွေနေရပ်ပြန်နိုင်ရေးကိစ္စ မြန်မာအစိုးရနဲ့ သဘောတူထားပေမယ့် အကောင်အထည်မဖော်နိုင်သေးပါဘူး။

    Ref: Irrawaddy

    (ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းမှသတင်းကို ကောက်နှုတ်ပြန်ဆိုပါသည်)