News @ M-Media
Blog
  • နျူပြိုင်ဆိုင်မှုနှင့် ရာသီဥတုကြောင့် ကမ္ဘာပျက်ချိန် နီးလာပြီဟု သိပ္ပံပညာရှင်များ သုံးသပ်
    နျူပြိုင်ဆိုင်မှုနှင့် ရာသီဥတုကြောင့် ကမ္ဘာပျက်ချိန် နီးလာပြီဟု သိပ္ပံပညာရှင်များ သုံးသပ်
    ဇန်န၀ါရီ ၂၈၊ ၂၀၁၉
    M-Media
    – ကမ္ဘာ့နိုင်ငံကြီးတွေအကြား နျူလက်နက် ပြိုင်ဆိုင်မှုတွေ ဖြစ်လာတာ၊ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု မြင့်တက်လာတာ၊ အစိုးရကျောထောက်နောက်ခံပြု ၀ါဒဖြန့် လိမ်လည်မှုတွေကြောင့် ကမ္ဘာကြီးရဲ့အဆုံးသတ်ဟာ ပိုမိုနီးကပ်လာပြီလို့ နျူကလီးယား သိပ္ပံပညာရှင်များအဖွဲ့က သတိပေးလိုက်ပါတယ်။
    ကမ္ဘာပျက်မယ့်အန္တရာယ်ဟာ စစ်အေးခေတ်နောက်ပိုင်း အမြင့်ဆုံးကို ရောက်နေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြားခဲ့ပြီး Doomsday Clock မှာတော့ သန်းခေါင်ယံအချိန်ကိုရောက်ဖို့ ၂ မိနစ်အလိုကို ရွှေ့ထားပါတယ်။ Doomsday Clock ကို Bulletin of the Atomic Scientists အဖွဲ့က ဖန်တီးထားတာဖြစ်ပြီး ကမ္ဘာပျယ်မယ့်အချိန်ကို နမိတ်ပေးတဲ့ နာရီတစ်ခု ဖြစ်ပါတယ်။
    Doomsday Clock နာရီ သန်းခေါင်ယံနဲ့ အနီးကပ်ဆုံးဖြစ်ခဲ့တဲ့အချိန်က ၁၉၅၃ ခုနှစ် အမေရိကန်နဲ့ ရုရှားတို့ရဲ့ တင်းမာမှု အမြင့်ဆုံးအချိန် ဖြစ်ပါတယ်။
    “၂၀၁၈ ခုနှစ်ကတည်းက နာရီအပြောင်းအလဲ မရှိပေမယ့် ဒါဟာ ကမ္ဘာကြီးတည်ငြိမ်တယ်ဆိုတဲ့ လက္ခဏာ မဟုတ်ဘဲ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ နိုင်ငံသားတွေကို ထင်ထင်ရှားရှား သတိပေးမှုတစ်ခု ဖြစ်ပါတယ်” လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    အမေရိကန်နဲ့ မြောက်ကိုရီးယားတို့အကြား တင်းမာမှု လျော့ကျသွားပေမယ့် နျူလက်နက်ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေအကြား လက်နက်အဆင့်မြှင့်တင်မှုတွေကြောင့် ခြိမ်းခြောက်မှု ပိုမိုမြင့်တက်လာကြောင်း၊ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ကမ္ဘာကြီးမှာ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုဟာ ပြန်လည်မြင့်တက်လာကြောင်း သိပ္ပံပညာရှင်တွေက ထောက်ပြထားပါတယ်။
    ကမ္ဘာကြီးအပေါ် ခြိမ်းခြောက်မှုတွေကို လျော့ပါးဖို့ဆိုရင် အမေရိကန်နဲ့ ရုရှားတို့က လက်နက်အဆင့်မြှင့်တင်မှုကို လျှော့ချပြီး နျူသဘောတူညီချက်တွေကို ပိုမိုလိုက်နာကာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေမှာ အန္တရာယ်ကင်းအောင် ဆောင်ရွက်ဖို့လိုအပ်ကြောင်း၊ ကမ္ဘာ့ပြည်သူလူထုအနေနဲ့ ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး၊ နည်းပညာအလွဲသုံးစားပြုလုပ်မှုကို လျှော့ချရေး ဆောင်ရွက်ရမှာဖြစ်ကြောင်း Bulletin of the Atomic Scientists က တိုက်တွန်းခဲ့ပါတယ်။
    Ref: Reuters
  • ကိုယ်ပိုင် ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကို အီရန်က မကြာခင် စတင်အသုံးပြုမည်
    ကိုယ်ပိုင် ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကို အီရန်က မကြာခင် စတင်အသုံးပြုမည်
    ဇန်န၀ါရီ ၂၈၊ ၂၀၁၉
    M-Media
    – အစိုးရက ကျောထောက်နောက်ခံပြုထားတဲ့ ဒစ်ဂျစ်တယ်ငွေကြေးသစ်တစ်ခုကို အီရန်က မကြာခင်မှာ ကြေငြာဖို့ ရှိနေပြီး အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့် ငွေကြေးလွှဲပြောင်းမှု အခက်အခဲကို ကျော်လွှားမယ့် ပထမဆုံးခြေလှမ်းလည်း ဖြစ်ပါတယ်။
    ဒစ်ဂျစ်တယ်ငွေကြေးဟာ ငွေပေးသူနဲ့ လက်ခံမယ့်သူအကြား တိုက်ရိုက် ဆက်သွယ်လုပ်ဆောင်ရမယ့် စနစ်တစ်ခုဖြစ်ပြီး ကြားခံ တတိယလူတစ်ဦးလိုအပ်တဲ့ ငွေပေးချေမှုစနစ်ထက် ပိုမိုကောင်းမွန်မှာ ဖြစ်ပါတယ်။
    ဇန်န၀ါရီ ၂၉ ရက်နေ့ မြို့တော် တီဟီရန်မှာ ကျင်းပမယ့် Electronic Banking and Payment Systems ညီလာခံမှာ ဒစ်ဂျစ်တယ်ငွေကြေး စနစ်သစ်ကို အီရန်က ထုတ်ပြမယ်လို့ သတင်းတွေ ထွက်နေပါတယ်။
    အမေရိကန်ရဲ့ တစ်ကျော့ပြန် ပိတ်ဆို့မှုကြောင့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ အီရန်ဟာ SWIFT ငွေကြေးလွှဲပြောင်းမှုစနစ် အသုံးပြုခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။ ဘယ်လ်ဂျီယံအခြေစိုက် SWIFT စနစ်ဟာ နိုင်ငံဖြတ်ကျော် ငွေပေးချေမှုကို ဆောင်ရွက်ပေးတာဖြစ်ပြီး ဒီစနစ်ကို အသုံးပြုခွင့်မရတဲ့ နိုင်ငံတွေဟာ သွင်းကုန်-ထုတ်ကုန် ငွေပေးချေမှု၊ လက်ခံမှုတွေအတွက် အခက်အခဲတွေ ဖြစ်ကြရပါတယ်။
    အီရန်က သူတို့ရဲ့ ကိုယ်ပိုင် ဒစ်ဂျစ်တယ်ငွေကြေးသစ် စီမံကိန်းအကြောင်းကို ပြီးခဲ့တဲ့နှစ်ကတည်းက လူသိရှင်ကြား ထုတ်ပြောခဲ့တာပါ။
    အခုစနစ်သစ် ပထမအဆင့်မှာ အီရန်ရီယဲလ်ကို အခြေပြုမှာဖြစ်ပြီး ပြည်တွင်းဘဏ်တွေနဲ့ အီရန်အစိုးရအေဂျင်စီတွေ၊ ပြည်သူလူထုတွေက ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ SWIFT လိုမျိုး နိုင်ငံတကာက အသုံးပြုလာနိုင်တဲ့ စနစ်အထိ တိုးချဲ့သွားဖို့လည်း အီရန်က အစီအစဉ် ရှိပါတယ်။
    ရုရှားနဲ့ ပူးပေါင်း
    ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း အာမေးနီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ChainPoint 18 conference အစည်းအဝေးမှာ ရုရှား-အာမေးနီးယား-အီရန် ၃ နိုင်ငံ ဒစ်ဂျစ်တယ်ငွေကြေးစနစ်တစ်ခု ဖော်ဆောင်ဖို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။
    ညီလာခံမှာ ရုရှားကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တဲ့ ယူရီ ပရီပက်ခ်ျကင်က SWIFT ပုံစံ အီရန်အခြေပြု ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကို ဖော်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    နောက်ပိုင်းမှာ ရုရှားသမ္မတ ပူတင်ကလည်း SWIFT နဲ့ လုံးဝလွတ်ကင်းတဲ့ ငွေကြေးလွှဲပြောင်းမှု စနစ်သစ်ကို မိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပြီး ဘယ်နိုင်ငံတွေနဲ့လဲဆိုတာကိုတော့ ထုတ်ခြင်း မရှိခဲ့ပါဘူး။ အီရန်နဲ့ ရုရှားတို့ဟာ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုကို ခံထားရတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။
    အရှေ့အလယ်ပိုင်းဒေသအတွင်း ဆော်ဒီနဲ့ ယူအေအီးတို့ ပူးပေါင်းကာ ဒစ်ဂျစ်တယ်ငွေကြေးစနစ်သစ်တစ်ခုကို မကြာသေးခင်ကပဲ တည်ထောင်ခဲ့ပါတယ်။
    Ref: Aljazeera
  • ဘရာဇီးလ်ဆည်ပြိုမှု သေဆုံးသူ ၅၀ ကျော်လာ
    ဘရာဇီးလ်ဆည်ပြိုမှု သေဆုံးသူ ၅၀ ကျော်လာ
    ဇန်န၀ါရီ ၂၈၊ ၂၀၁၉
    M-Media
    ကယ်ဆယ်ရေးလုပ်ငန်းမြင်ကွင်း
    – ဘရာဇီးလ်နိုင်ငံ အရှေ့တောင်ပိုင်း ဘရူမာဒင်ဟိုမြို့က သတ္တုတွင်းမှာ မြေသားဆည်တစ်ခု ပြိုကျမှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၅၈ ဦးအထိ မြင့်တက်လာခဲ့ပြီး အနီးအနားက နောက်ထပ်ဆည်တစ်ခုလည်း ပြိုကျနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိလာပါတယ်။
    Vale’s Corrego do Feijao သတ္တုတွင်းမှာ အသုံးပြုနေတဲ့ ဆည်ဟာ သောကြာနေ့က ကျိုးကျခဲ့တာဖြစ်ပြီး ရေတွေနဲ့ ရွှံ့နှစ်တွေ ဒလဟောဆင်းသွားတာကြောင့် ပတ်ဝန်းကျင်မှာ မြေပြိုကာ အဆောက်ဦးတွေ ပြိုကျမှု ဖြစ်ပွားခဲ့ပါတယ်။
    ပျောက်ဆုံးနေသူက ၃၀၀ ကျော် ရှိနေပြီး မနေ့ကအထိ ရုပ်အလောင်း ၅၈ ခုကို ရရှိထားတယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။ အသက်ရှင်လျက် ကယ်တင်နိုင်သူအရေအတွက်ဟာ ၁၉၂ ဦး ရှိပြီး ၂၃ ဦးကတော့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။
    အနီးအနားက B6 ဆည်မှာ ရေအမြင့်ဟာ စိုးရိမ်စရာကောင်းတဲ့အနေအထားကို ရောက်လာတာကြောင့် မနေ့က မနက်ပိုင်းမှာ ရှာဖွေကယ်ဆယ်မှုတွေကို ရပ်ဆိုင်းကာ B2 ဆည်နားမှာရှိတဲ့သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
    ဆည်ပြိုမှုဖြစ်ပွားတဲ့ သတ္တုတွင်းကို ကမ္ဘာ့အကြီးဆုံး သတ္တုတွင်းလုပ်ငန်းတစ်ခုဖြစ်တဲ့ Vale က ပိုင်ဆိုင်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၃ နှစ်ကတည်း ဘရာဇီးလ်မှာ Vale ပိုင်ဆိုင်တဲ့ သတ္တုတွင်းက ဆည်တစ်ခုပြိုကျမှုကြောင့် လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။
    ဘရာဇီးလ်အာဏာပိုင်တွေက Vale ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတန်ဖိုး ကန်ဒေါ်လာ ၃ ဘီလီယံကို ပြဿနာဖြေရှင်းပြီးတဲ့အထိ ထိန်းချုပ်ထားမယ်လို့ ကြေငြာခဲ့ပါတယ်။ ကုမ္ပဏီဟာ ဒဏ်ကြေးအဖြစ် ကန်ဒေါ်လာ ၉၂.၅ သန်း ပေးောဆင်ရမှာ ဖြစ်ပါတယ်။
    Ref: Aljazeera
  • အခြေချဂျူးများက ပါလက်စတိုင်းဒေသခံကို သတ်ဖြတ်မှု ကုလရှုတ်ချ
    အခြေချဂျူးများက ပါလက်စတိုင်းဒေသခံကို သတ်ဖြတ်မှု ကုလရှုတ်ချ
    ဇန်န၀ါရီ ၂၈၊ ၂၀၁၉
    M-Media
    အစ္စရေးလက်ချက်ကြောင့် သေဆုံးသွားသူတစ်ဦး၏ ဈာပနအခမ်းအနား
    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ ဂျူးအခြေချသူတွေက ဒေသခံ ပါလက်စတိုင်းတွေကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်မှုဟာ ‘တုန်လှုပ်စရာ၊ လက်မခံနိုင်စရာ ဖြစ်တယ်လို့’ ကုလသမဂ္ဂရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ ကိုယ်စားလှယ် နီကိုလေး မာလ်ဒီနော့ဗ်က မနေ့မှာ ရှုတ်ချလိုက်ပါတယ်။
    စနေနေ့က အနောက်ဖက်ကမ်း အလ်-မူဂ်ဟီယာရွာကို ဂျူးအခြေချသူတွေ ၀င်ရောက်လာပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၃၈ နှစ်အရွယ် ပါလက်စတိုင်းအမျိုးသား ဟမ်ဒီ နာဆန် သေဆုံးခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၃၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ နာဆန်ဟာ ဒဏ်ရာရသူတစ်ဦးကို လူနာတင်ယာဉ်ဆီ သယ်သွားတဲ့အချိန် အနောက်က ပစ်ခံလိုက်ရတာ ဖြစ်ပါတယ်။
    လာရောက်တိုက်ခိုက်တဲ့ ဂျူးအခြေချသူတွေဟာ အလ်-မူဂ်ဟီယာရွာပတ်ဝန်းကျင်က အစ္စရေးရဲ့ တရားမ၀င် အိမ်ယာတွေမှာ နေထိုင်ကြသူတွေ ဖြစ်ပါတယ်။
    မနေ့ကကျင်းပတဲ့ နာဆန်ရဲ့ ဈာပနကို တက်ရောက်ဖို့ ပါလက်စတိုင်းပြည်သူတွေ သွားရောက်ခဲ့ပေမယ့် အစ္စရေးစစ်တပ်က လမ်းတွေပိတ်ကာ တားမြစ်ခဲ့ပါတယ်။
    ပါလက်စတိုင်း ၄၀၀၀ လောက် နေထိုင်တဲ့ အလ်-မူဂ်ဟီယာရွာကို တရားမ၀င် ဂျူးအခြေချအိမ်ယာ ၄ ခုက ၀န်းရံထားပါတယ်။ ပါလက်စတိုင်းပိုင်နက်တွေမှာ ဆောက်လုပ်ထားတဲ့ အစ္စရေးအိမ်ယာတွေဟာ နိုင်ငံတကာဥပဒေအရ တရားမ၀င်ဘဲ ကမ္ဘာ့နိုင်ငံတွေကလည်း ဆန့်ကျင်ရှုတ်ချထားပါတယ်။
    အကြမ်းဖက်မှုစိပ်လာ
    ရွာနားက စစ်စခန်းမှာ အခြေချအိမ်ယာသစ်တစ်ခု ဆောက်လုပ်ဖို့ အစ္စရေးက စီစဉ်နေမှုကို ရွာသားတွေက ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက်ပိုင်း အလ်-မူဂ်ဟီယာရွာကို ဂျူးအစွန်းရောက်တွေ ၀င်ရောက်တိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ ၂ လအတွင်း ပိုမိုမြင့်တက်လာပါတယ်။
    ပြီးခဲ့တဲ့ ၃ ရက်အတွင်း အစ္စရေးစစ်တပ်နဲ့ ဂျူးအခြေချသူတွေရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ရတဲ့ ပါလက်စတိုင်းပြည်သူ အရေအတွက်ဟာ ၄ ဦးအထိ ရှိခဲ့ပါတယ်။
    သောကြာနေ့က အနောက်ဖက်ကမ်း ဆီလ်ဝဒ်ရွာမှာ အသက် ၁၈ နှစ်အရွယ် အေမန် ဟာမဒ်ကို အစ္စရေးစစ်တပ်က သေနတ်နဲ့ပစ်ခတ်ခဲ့ပြီး ရရှိတဲ့ဒဏ်ရာကြောင့် ဟာမဒ်ဟာ စနေနေ့မှာ သေဆု့းသွားခဲ့ပါတယ်။
    ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်က ဒမတ်စကတ်တံခါးမှာလည်း စနေနေ့ကက ပါလက်စတိုင်းအမျိုးသား ရီယဒ် ရှာမက်စ်နက်ရှ်ကို အစ္စရေးရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။
    ဂါဇာမှာ သောကြောနေ့က အစ္စရေးစစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အသက် ၂၅ နှစ်အရွယ် အီဟဘ် အေဘဒ်ဆိုသူ အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။
    Ref: Aljazeera
  • ဇန်န၀ါရီ ၂၇ ရက်နေ့ရောက်တိုင်း ကမ္ဘာကြီးက သတိရနေတဲ့ မွတ်စလင်တို့ရဲ့ လူသားချင်းစာနာမှု
    ဇန်န၀ါရီ ၂၇ ရက်နေ့ရောက်တိုင်း ကမ္ဘာကြီးက သတိရနေတဲ့ မွတ်စလင်တို့ရဲ့ လူသားချင်းစာနာမှု
    ဇန်န၀ါရီ ၂၇၊ ၂၀၁၉
    M-Media
    နာဇီတို့လက်မှ လွတ်မြောက်လာခဲ့သည့် ဂျူးတစ်ဦးကို အော့ဇ၀စ်အကျဉ်းစခန်းရှေ့တွင် တွေ့ရစဉ်
    – နှစ်စဉ် ဇန်န၀ါရီ ၂၇ ရက်နေ့ကို ‘Holocaust အောက်မေ့ဖွယ်နေ့’ အဖြစ် ကုလက သတ်မှတ်ထားပြီး ကမ္ဘာတစ်ဝှမ်းမှာ အောက်မေ့ဖွယ် အခမ်းအနားတွေကို ကျင်းပလေ့ ရှိပါတယ်။
    Holocaust ဆိုတာ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီတွေက ဂျူးလူမျိုးတွေကို လူမျိုးတုန်း သတ်ဖြတ်တဲ့ စီမံကိန်းတစ်ခုဖြစ်ပြီး ဥရောပတိုက်မှာရှိတဲ့ ဂျူးလူမျိုး ၆ သန်းလောက် အသတ်ခံခဲ့ရပါတယ်။ Holocaust အောက်မေ့ဖွယ်နေ့ အခမ်းအနားမှာ ကမ္ဘောဒီးယား၊ ရ၀မ်ဒါ၊ ဘော့စနီးယားနဲ့ ဒါရ်ဖာရ်တို့မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှု အောက်မေ့ဖွယ်အခမ်းအနားတွေကိုလည်း ပူးတွဲကျင်းပလေ့ ရှိပါတယ်။
    နာဇီဂျာမနီတို့ ကြီးစိုးနေတဲ့အချိန် ဂျူးတွေကို သက်စွန့်ဆံဖျား ကယ်ထုတ်ပေးခဲ့တဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့ပါတယ်။ ဥရောပနဲ့ အာဖရိကက အစ္စလာမ်ဘာသာဝင်တွေ ဂျူးတွေကို ကယ်ထုတ်ပေးခဲ့မှု တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
    အလ်ဘေးနီးယား
    အစ္စလာမ်ဘာသာဝင်အများစုရှိရာ အလ်ဘေးနီးယားကို ၁၉၄၃ ခုနှစ်မှာ ကျူးကျော်သိမ်းပိုက်ပြီးနောက်ပိုင်း နာဇီဂျာမနီတွေဟာ နိုင်ငံအတွင်း ခိုလှုံနေရတဲ့ ဂျူးတွေကို သူတို့လက်ထဲအပ်ဖို့ အမိန့် ထုတ်ခဲ့ပါတယ်။
    ဒါပေမယ့် အလ်ဘေးနီးယန်းတွေက ဒီအမိန့်ကို လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ ဂျူးတွေကို ဆက်လက်ဖွက်ထားပေးခဲ့ပါတယ်။ ဒါ့အပြင် ရိုးရာဝတ်စုံတွေဆင်ပေးကာ အလ်ဘေးနီးယန်းအမည်တွေနဲ့ မှတ်ပုံတင်အတုတွေ ထုတ်ပေးပြီး နာဇီတွေလက်ကနေလွတ်အောင်လည်း ဆောင်ရွက်ပေးခဲ့ပါတယ်။
    စစ်မဖြစ်ခင် အလ်ဘေးနီးယားနိုင်ငံမှာ ဂျူးလူမျိုး ၂၀၀ လောက်သာ ရှိပေမယ့် စစ်ပွဲအပြီးမှာ ၂ ထောင်အထိ မြင့်တက်လာခဲ့ပြီး ဒါဟာ အလ်ဘေးနီးယားက အစ္စလာမ်ဘာသာဝင်တွေရဲ့ လူသားချင်းစာနာထောက်ထားမှုကို ထင်ဟပ်နေတဲ့ အမှတ်သညာတစ်ခုလည်း ဖြစ်ပါတယ်။
    နာဇီတို့လက်မှ ဂျူးများကို ကင်တင်ခဲ့ကြသည့် အစ္စလာမ်ဘာသာဝင်တစ်ချို့ (၀ဲမှယာ) အီဟစ် အာရ်ကင် (တူရကီ)၊ ဘုရင် ဇွဂ် ၁ (အလ်ဘေးနီးယား)၊ နူရွန်နီဆာ အီနာယတ်ခန်း (ပြင်သစ်)၊ ဒေါက်တာ မိုဟာမက် ဟဲလ်မီ (အီဂျစ်)၊ ရီဖတ် ဟော့စ်ဟာ (အလ်ဘေးနီးယား)၊ အဟ်မဒ် ပက်စ်ဟာ ဘေး (အီဂျစ်)
    တူနီးရှား
    ဒုတိယကမ္ဘာစစ်မှာ ဂျာမနီနဲ့ အီတလီတို့ရဲ့ ကျူးကျော်သိမ်းပိုက်ခြင်းကို ခံခဲ့ရတဲ့ တူနီးရှားနိုင်ငံမှာလည်း အစ္စလာမ်ဘာသာဝင်တွေဟာ ဂျူးတွေကို ကယ်တင်ခဲ့တဲ့ သမိုင်းတွေ ရှိပါတယ်။
    ခါလစ် အဘ်ဒူလ် ၀ါဟဘ်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးဆိုရင် ဂျူးလူမျိုး ၂ ဒါဇင်လောက်ကို နာဇီတွေမသိအောင် ဖွက်ထားကာ စောင့်ရှောက် ပေးခဲ့ပါတယ်။
    တူနီးရှားက အီရန်သံအမတ် အဘ်ဒို ဟူစိန် ဆာဒါရီဟာ ထောင်နဲ့ချီတဲ့ဂျူးတွေကို အီရန် နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးကာ နာဇီတွေရဲ့လက်ကနေ ကယ်ထုတ်ပေးခဲ့ပါတယ်။
    ပြင်သစ်
    ၁၉၄၀ မှာ နာဇီတွေက ပြင်သစ်ကို ကျူးကျော်သိမ်းပိုက်ချိန်မှာ ပဲရစ်မြို့မှာရှိတဲ့ ဂျူးလူမျိုး ၂၈၀၀၀ ကို သူတို့လက်ထဲအပ်ဖို့ ပြင်သစ်ရဲတပ်ဖွဲ့ကို အမိန့်ပေးခဲ့ပါတယ်။ အဲဒီတုန်းက ဂျာမနီနဲ့ ဥရောပကနေ ထွက်ပြေးလာတဲ့ ဂျူးတွေ တော်တော်များများ ပြင်သစ်မှာ ခိုလှုံနေတဲ့အချိန်လည်း ဖြစ်ပါတယ်။
    ပြင်သစ်ရှေ့ဆောင်အီမာမ် ဆီ ကဒူရ် ဘင် ဂါဘရစ်ဟာ ဂျူးလူမျိုး ၁၇၀၀ လောက်ကို ပဲရစ်မြို့က ‘ဂျာမေဗလီဝတ်ကျောင်းတော်’ မှာ ဖွက်ထားပေးခဲ့ပါတယ်။
    အလ်ဂျီးရီးယားစကားတတ်တဲ့ ဂါဘရစ်ဟာ စစ်ကြောင့် အလ်ဂျီးရီးယားကနေ ပြင်သစ်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို အကူအညီတောင်းကာ ဂျူးလူမျိုးတွေကို အလ်ဂျီရီးယားတွေနဲ့ရောနှော ကိုယ်ယောက်ဖျောက်နိုင်အောင်လည်း စီစဉ်ပေးခဲ့ပါတယ်။
    ဂါဘရစ်နဲ့ ပဲရစ်ဗလီ ဂေါပကအဖွဲ့ဟာ ဂျူးတွေ လွတ်မြောက်နိုင်ရေးအတွက် မွတ်စလင်အမည်နဲ့ မွေးစာရင်း လုပ်ပေးတာအပြင် စာရွက်စာတမ်း အတုတွေ ထုတ်ပေးခဲ့ကြပါတယ်။
    ဒီအဖြစ်အပျက်တွေအပြင် အီဂျစ်၊ အလ်ဂျီးရီးယားနဲ့ အခြားနိုင်ငံတော်တော်များများက အစ္စလာမ်ဘာသာဝင်တွေဟာလည်း ဒုတိယကမ္ဘာစစ်အတွင်း ဂျူးတွေကို နာဇီတွေရဲ့လက်ကနေ ကယ်တင်မှုမှာ ပါဝင်ခဲ့ကြပါတယ်။
    သူတို့ရဲ့ လူသားချင်းစာနာထောက်ထားမှု၊ လူလူချင်း သနားကြင်နာမှုကို Holocaust အောက်မေ့ဖွယ်ဖြစ်တဲ့ ဇန်န၀ါရီ ၂၇ ရက်နေ့ရောက်တိုင်း ကမ္ဘာကြီးက ချီးကျူးသြဘာပေးနေကြပါတယ်။
    Ref: Asian Image