ဇန်န၀ါရီ ၂၈၊ ၂၀၁၉
M-Media

– ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ ဂျူးအခြေချသူတွေက ဒေသခံ ပါလက်စတိုင်းတွေကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်မှုဟာ ‘တုန်လှုပ်စရာ၊ လက်မခံနိုင်စရာ ဖြစ်တယ်လို့’ ကုလသမဂ္ဂရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ ကိုယ်စားလှယ် နီကိုလေး မာလ်ဒီနော့ဗ်က မနေ့မှာ ရှုတ်ချလိုက်ပါတယ်။
စနေနေ့က အနောက်ဖက်ကမ်း အလ်-မူဂ်ဟီယာရွာကို ဂျူးအခြေချသူတွေ ၀င်ရောက်လာပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၃၈ နှစ်အရွယ် ပါလက်စတိုင်းအမျိုးသား ဟမ်ဒီ နာဆန် သေဆုံးခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၃၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ နာဆန်ဟာ ဒဏ်ရာရသူတစ်ဦးကို လူနာတင်ယာဉ်ဆီ သယ်သွားတဲ့အချိန် အနောက်က ပစ်ခံလိုက်ရတာ ဖြစ်ပါတယ်။
လာရောက်တိုက်ခိုက်တဲ့ ဂျူးအခြေချသူတွေဟာ အလ်-မူဂ်ဟီယာရွာပတ်ဝန်းကျင်က အစ္စရေးရဲ့ တရားမ၀င် အိမ်ယာတွေမှာ နေထိုင်ကြသူတွေ ဖြစ်ပါတယ်။
မနေ့ကကျင်းပတဲ့ နာဆန်ရဲ့ ဈာပနကို တက်ရောက်ဖို့ ပါလက်စတိုင်းပြည်သူတွေ သွားရောက်ခဲ့ပေမယ့် အစ္စရေးစစ်တပ်က လမ်းတွေပိတ်ကာ တားမြစ်ခဲ့ပါတယ်။
ပါလက်စတိုင်း ၄၀၀၀ လောက် နေထိုင်တဲ့ အလ်-မူဂ်ဟီယာရွာကို တရားမ၀င် ဂျူးအခြေချအိမ်ယာ ၄ ခုက ၀န်းရံထားပါတယ်။ ပါလက်စတိုင်းပိုင်နက်တွေမှာ ဆောက်လုပ်ထားတဲ့ အစ္စရေးအိမ်ယာတွေဟာ နိုင်ငံတကာဥပဒေအရ တရားမ၀င်ဘဲ ကမ္ဘာ့နိုင်ငံတွေကလည်း ဆန့်ကျင်ရှုတ်ချထားပါတယ်။
အကြမ်းဖက်မှုစိပ်လာ
ရွာနားက စစ်စခန်းမှာ အခြေချအိမ်ယာသစ်တစ်ခု ဆောက်လုပ်ဖို့ အစ္စရေးက စီစဉ်နေမှုကို ရွာသားတွေက ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက်ပိုင်း အလ်-မူဂ်ဟီယာရွာကို ဂျူးအစွန်းရောက်တွေ ၀င်ရောက်တိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ ၂ လအတွင်း ပိုမိုမြင့်တက်လာပါတယ်။
ပြီးခဲ့တဲ့ ၃ ရက်အတွင်း အစ္စရေးစစ်တပ်နဲ့ ဂျူးအခြေချသူတွေရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ရတဲ့ ပါလက်စတိုင်းပြည်သူ အရေအတွက်ဟာ ၄ ဦးအထိ ရှိခဲ့ပါတယ်။
သောကြာနေ့က အနောက်ဖက်ကမ်း ဆီလ်ဝဒ်ရွာမှာ အသက် ၁၈ နှစ်အရွယ် အေမန် ဟာမဒ်ကို အစ္စရေးစစ်တပ်က သေနတ်နဲ့ပစ်ခတ်ခဲ့ပြီး ရရှိတဲ့ဒဏ်ရာကြောင့် ဟာမဒ်ဟာ စနေနေ့မှာ သေဆု့းသွားခဲ့ပါတယ်။
ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်က ဒမတ်စကတ်တံခါးမှာလည်း စနေနေ့ကက ပါလက်စတိုင်းအမျိုးသား ရီယဒ် ရှာမက်စ်နက်ရှ်ကို အစ္စရေးရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။
ဂါဇာမှာ သောကြောနေ့က အစ္စရေးစစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အသက် ၂၅ နှစ်အရွယ် အီဟဘ် အေဘဒ်ဆိုသူ အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။
Ref: Aljazeera