News @ M-Media

Blog

  • လပေါ်တွင် ရေနှင့်အောက်ဆီဂျင် တူးဖော်ထုတ်လုပ်မည်ဟု ဥရောပ အာကာသအေဂျင်စီ ကြေငြာ

    လပေါ်တွင် ရေနှင့်အောက်ဆီဂျင် တူးဖော်ထုတ်လုပ်မည်ဟု ဥရောပ အာကာသအေဂျင်စီ ကြေငြာ

    ဇန်န၀ါရီ ၂၃၊ ၂၀၁၉
    M-Media

    – ၂၀၂၅ ခုနှစ် ရောက်ရင် လပေါ်မှာ ရေနဲ့ အောက်ဆီဂျင် တူးဖော်ထုတ်လုပ်နိုင်အောင် ဆောင်ရွက်သွားမယ်လို့ ဥရောပ အာကာသအေဂျင်စီက ပြောကြားလိုက်ပြီး လူသားတွေ လပေါ်မှာ အချိန်ကြာကြာနေနိုင်ရေးနဲ့ အနာဂတ် အာကာသ ရှာဖွေစူးစမ်းရေးကို ဆက်လက်ချဲ့ထွင်သွားဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

    လမျက်နှာပြင်ပေါ်မှာရှိပြီး ‘ရီဂိုလစ်’ လို့ခေါ်တဲ့ အမှုန်တွေကနေတစ်ဆင့် ရေနဲ့ အောက်ဆီဂျင်ထုတ်လုပ်မယ့် အဲဒီစီမံကိန်းအတွက် ဥရောပအခြေစိုက် အာကာသ ကုမ္ပဏီ ArianeGroup နဲ့ တစ်နှစ်စာချုပ် ချုပ်ဆိုထားတယ်လို့ အေဂျင်စီက တနင်္လာနေ့မှာ ကြေငြာခဲ့ပါတယ်။

    လမျက်နှာပြင်ကို ဖုံးလွှမ်းနေတဲ့ ရီဂိုလစ် မြေမှုန်တွေမှာ အိုင်းယွန်းအောက်ဆိုက် (Iron Oxide) ကြွယ်ဝပြီး မြေလွှာထဲမှာရှိတဲ့ ကျောက်သားတွေကနေ အောက်ဆီဂျင်တော်တော်များများ ထုတ်ယူနိုင်မယ်လို့ ယူဆရပါတယ်။

    လပေါ်မှာ အောက်ဆီဂျင်နဲ့ ရေကို တူးဖော်ထုတ်လုပ်နိုင်ရင် အနာဂတ် လပေါ်မှာ လူသားတွေ အချိန်ကြာကြာ ပိုနေနိုင်မှာဖြစ်သလို၊ အာကာသထဲ ပိုမိုခရီးဆန့်နိုင်ရေး အထောက်အကူဖြစ်စေမယ့် ဒုံးပျံလောင်စာတွေကိုလည်း ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

    “လပေါ်မှာ စူးစမ်းရှာဖွေရေးကို ရေရှည်လုပ်နိုင်ဖို့ အာကာသရင်းမြစ်တွေကို အသုံးချနိုင်ရေးဟာ အဓိကသော့ချက်ဖြစ်ပါတယ်။ အခု လေ့လာမှုဟာ လာမယ့် ၁၀ စုနှစ်အတွင်း ကမ္ဘာ့ အာကာသ စူးစမ်းရှာဖွေရေးမှာ ဥရောပက မိတ်ဖက်အဖြစ် ပါဝင်လာနိုင်ရေး ရည်ရွယ်တဲ့ အေဂျင်စီရဲ့ စီမံကိန်း တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်” လို့ ဥရောပ အာကာသအေဂျင်စီရဲ့ ‘လူသားနှင့် စက်ရုပ်အသုံးပြု စူးစမ်းရှာဖွေရေး’ ဒါရိုက်တာ ဒေးဗစ်ပါကားက ပြောကြားခဲ့ပါတယ်။

    လပေါ်မှာ ရေနဲ့ အောက်ဆီဂျင်ထုတ်လုပ်မယ့် အဲဒီစီမံကိန်းကို ပြင်သစ်၊ ဂျာမနီနဲ့ ဘယ်လ်ဂျီယံ သိပ္ပံပညာရှင်တွေက ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး လက်ရှိမှာ သုတေသနအဆင့်သာ ရှိပါသေးတယ်။ လာမယ့်နှစ် အနည်းငယ်အတွင်း Ariane 64 ဒုံးပျံကိုအသုံးပြုကာ လပေါ်ကို တူးဖော်ရေးပစ္စည်းတွေ ပို့ဆောင်ဖို့အတွက်လည်း စီစဉ်နေပါတယ်။

    Ref: CNN

  • မွတ်စလင်ရပ်ကွက်ကို အကြမ်းဖက်ရန်ကြံစည်သည့် လူ ၄ ဦးကို အမေရိကန် ဖမ်းဆီး

    မွတ်စလင်ရပ်ကွက်ကို အကြမ်းဖက်ရန်ကြံစည်သည့် လူ ၄ ဦးကို အမေရိကန် ဖမ်းဆီး

    ဇန်န၀ါရီ ၂၃၊ ၂၀၁၉
    M-Media

    – နယူးယောက်မြို့အထက်ပိုင်းက အစ္စလာမ်ဘာသာဝင်အများစု နေထိုင်တဲ့ ရပ်ကွပ်တစ်ခုကို အကြမ်းဖက်တိုက်ခိုက်ဖို့ ကြုံစည်မှုနဲ့ အမျိုးသား ၄ ဦးကို အမေရိကန်ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့တစ်ပတ်မှာ ဖမ်းဆီးလိုက်ပါတယ်။

    ဖမ်းဆီးခံရသူ ၄ ဦးဟာ အသက် ၂၀၊ ၁၉၊ ၁၈ နှစ်နဲ့ ၁၆ နှစ်အရွယ်တွေဖြစ်ပြီး ဖောက်ခွဲရေးပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ အသက် ၁၆ နှစ်အရွယ် လူငယ်ဟာ သေနတ် ၂၃ လက် ပိုင်ဆိုင်ထားပါတယ်။ ရဲတပ်ဖွဲ့က သူတို့ ၄ ဦးကို အန္တရာယ်ရှိစေတဲ့ လက်နက်တွေ လက်ဝယ်ထားရှိမှု စွဲချက် ၃ ခု၊ ပူးပေါင်း ကြံစည်မှု စွဲချက်တစ်ခုနဲ့ တရားစွဲဆိုထားပါတယ်။

    သူတို့ ၄ ဦးဟာ နယူးယောက်မြို့ အထက်ပိုင်းက အစ္စလာမ်ဘာ့ဂ် ရပ်ကွက်ကို တိုက်ခိုက်ဖို့ ကြံစည်ထားတာဖြစ်ပြီး အဲဒီနေရာနဲ့ သိပ်မဝေးတဲ့ အထက်တန်းကျောင်းမှာ ကျောင်းသားတစ်ဦးက သူ့သူငယ်ချင်းကို တိုက်ခိုက်မှုကိစ္စ ပြောပြရာကနေ ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

    အစ္စလာမ့်ဘာ့ဂ်ရပ်ကွက်ဟာ တောင်တန်းတွေပေါ်မှာ တည်ရှိတဲ့ ရပ်ကွက်ငယ်လေးတစ်ခုဖြစ်ပြီး ပါကစ္စတန် အစ္စလာမ်ဓမ္မဆရာ ရှိခ် မူဘာရစ် ဂီလာနီက ၁၉၈၀ ပြည့်နှစ်တွေမှာ စတင် တည်ထောင်ခဲ့တာပါ။ လက်ရှိမှာ အစ္စလာမ်ဘာသာဝင် ရာနဲ့ချီ နေထိုင်နေပြီး အများစုက လူမည်းတွေဖြစ်ပါတယ်။

    ဂီလာနီ စတင်တည်ထောင်ကတည်းက အစ္စလာမ်ဘာ့ဂ်ရပ်ကွက်ကို အစွန်းရောက်ဝါဒ၊ အကြမ်းဖက်ဝါဒတွေနဲ့ ချိတ်ဆက် ပြောဆိုမှုတွေ ရှိခဲ့ပြီး အရင်ကလည်း လူဖြူအစွန်းရောက်တွေက အကြမ်းဖက်ဖို့ ကြံစည်ဖူးပါတယ်။

    အစ္စလာမ်ဘာ့ဂ်ရပ်ကွက်ထဲက ဗလီကို မီးရှို့ပြီး၊ ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်ဖို့အတွက် လူစုခဲ့တဲ့ တက်နက်ဆီပြည်နယ်သား တစ်ဦးကို ၂၀၁၅ ခုနှစ်မှာ အမေရိကန်တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ပါတယ်။

    ဂီလာနီတည်ထောင်ထားတဲ့ ‘အမေရိကန် မွတ်စလင်အဖွဲ့’ ဟာ လက်ရှိ အမေရိကန်အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ ‘ဂျမာအသ် အွလ်-ဖွတ်က္ကရာ’ နဲ့ ဆက်စပ်မှုရှိတယ်လို့ သတင်းတွေ ထွက်ပေမယ့် ခိုင်မာတဲ့ သက်သေအထောက်အထားမျိုးတော့ မထွက်လာပါဘူး။

    ဒေသတွင်း ရဲတပ်ဖွဲ့က သူတို့ဟာ အစ္စလာမ်ဘာ့ဂ်က ပြည်သူတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး ဂီလာနီ သက်ရှိထင်ရှား ရှိခဲ့တဲ့ သမိုင်းတစ်လျှောက်မှာလည်း အကြမ်းဖက်အဖြစ် စိုးရိမ်ရတဲ့လက္ခဏာမျိုးကို မတွေ့ခဲ့ရဘူးလို့ AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    Ref: RT

  • ဂျပန်နိုင်ငံမှ ကမ္ဘာ့အသက်အကြီးဆုံး အဘိုးအို ကွယ်လွန်

    ဂျပန်နိုင်ငံမှ ကမ္ဘာ့အသက်အကြီးဆုံး အဘိုးအို ကွယ်လွန်

    ဇန်န၀ါရီ ၂၁၊ ၂၀၁၉
    M-Media

    ဇန်န၀ါရီ ၂၀ ရက်နေ့က ကွယ်လွန်သွားခဲ့သည့် မာဆာဇို နိုနာကာ (ယာ)

    – ဂျပန်နိုင်ငံက ကမ္ဘာ့အသက်အကြီးဆုံ အဘိုးအို မာဆာဇို နိုနာကာဟာ မနေ့က ကွယ်လွန်ခဲ့တယ်လို့ ဂျပန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

    ကွယ်လွန်ချိန်မှာ အသက် ၁၁၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ နိုနာကာဟာ ၁၉၀၅ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ရိုက်ညီနောင်က ကမ္ဘာ့ ပထမဆုံး စွမ်းအင်သုံး လေယာဉ်ပျံကို မိတ်ဆက်ပြီး ၂ နှစ်အကြာ၊ အိုင်းစတိုင်းရဲ့ နာမည်ကျော် relativity သီအိုရီ ထွက်မလာခင် လပိုင်းအကြာမှာ နိုနာကာကို မွေးဖွားခဲ့တာပါ။

    စပိန်နိုင်ငံက ဖရန်စစ္စကို နူနက်ဇ် အိုလီဗီရာ ပြီးခဲ့တဲ့နှစ်မှာ ကွယ်လွန်သွားခဲ့ပြီးတဲ့နောက် နိုနာကာကို ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် ဂင်းနစ်မှတ်တမ်းက သတ်မှတ်ခဲ့ပါတယ်။

    “ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် ကျွန်တော်တို့ တုန်လှုပ်ရပါတယ်။ မနေ့က အကောင်းကြီးရှိနေရာကနေ မိသားစုကို ဒုက္ခမပေးဘဲ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်” လို့ နိုနာကာရဲ့ မြေးဖြစ်သူ ယူကိုက ပြောကြားခဲ့ပါတယ်။

    နိုနာကာမှာ ညီအစ်ကို၊ မောင်နှမ ၆ ဦးရှိပြီး ၁၉၃၁ ခုနှစ်မှာ လက်ထပ်ခဲ့ကာ သားသမီး ၅ ယောက် ထွန်းကားခဲ့ပါတယ်။ ဇာတိမြို့မှာ ဟိုတယ်လုပ်ငန်းလုပ်ကိုင်ကာ အသက်မွေးခဲ့ပြီး အနားယူပြီးတဲ့နောက်ပိုင်း ဆူမိုနပမ်းပွဲတွေကြည့်ရင်း အချိန်ကုန်ဆုံးခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။

    ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ မျှော်မှန်းသက်တမ်း အမြင့်ဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး ကမ္ဘာ့အသက်အကြီးဆုံးသူတွေ တော်တော်များများလည်း ရှိနေပါတယ်။

    ကမ္ဘာ့ အသက်အရှည်ဆုံး လူသားဟာ ပြင်သစ်နိုင်ငံက ဂျန်နီ လူဝီ ကာလ်မန့်ဖြစ်ပြီး အသက် ၁၂၂ နှစ် ၁၉၉၇ ခုနှစ်မှာ ကွယ်လွန်ခဲ့တယ်လို့ ဂင်းနစ်မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

    Ref: CNA

  • အာဏာနှင့် သယံဇာတ ပိုမိုခွဲပေးထားသည့် ဥပဒေသစ်ကို ဖိလစ်ပိုင်ရှိ မိုရိုလူမျိုးစု ပြည်သူ့ဆန္ဒခံယူမည်

    အာဏာနှင့် သယံဇာတ ပိုမိုခွဲပေးထားသည့် ဥပဒေသစ်ကို ဖိလစ်ပိုင်ရှိ မိုရိုလူမျိုးစု ပြည်သူ့ဆန္ဒခံယူမည်

    ဇန်န၀ါရီ ၂၁၊ ၂၀၁၉
    M-Media

    မိုရိုလူမျိုးများကို တွေ့ရစဉ်

    – ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းကို အာဏာနဲ့ သံယဇာတ ပိုမိုခွဲဝေပေးရေး ရည်ရွယ်တဲ့ အစိုးရရဲ့ ဥပဒေကို ဒီကနေ့မှာ ဒေသခံ မိုရိုလူမျိုးစုတွေက ပြည်သူ့ဆန္ဒခံယူမှာဖြစ်ပြီး ဒေသငြိမ်းချမ်းရေးအတွက် ပထမဆုံးခြေလှမ်း ဖြစ်လာမှာ ဖြစ်ပါတယ်။

    Bangsamoro Organic Law လို့ အမည်ပေးထားတဲ့ ဥပဒေသစ်ဟာ ဖိလစ်ပိုင် ဗဟိုအစိုးရနဲ့ တောင်ပိုင်း မင်ဒါနာအို အခြေစိုက် မိုရို အစ္စလာမ့်မစ် လွတ်မြောက်ရေးတပ်ဦး (MILF) တို့အကြား ဆယ်စုနှစ်ချီ ဖြစ်ပွားတဲ့ ပဋိပက္ခတွေကိုလည်း အဆုံးသတ်စေမှာ ဖြစ်ပါတယ်။

    ဥပေဒသစ်မှာ မိုရိုလူမျိုးစုတွေရဲ့ ဒေသအတွင်း ကိုယ်ပိုင်လွှတ်တော် ဖွဲ့စည်းခွင့်၊ အရင်က ဗဟိုအစိုးရ ချုပ်ကိုင်ထားတဲ့ အထူးအာဏာအချို့ကို ခွဲဝေခံစားခွင့်၊ ဒေသကထွက်တဲ့ သယံဇာတတွေရဲ့ အကျိုးအမြတ်အများအပြားကို ခံစားခွင့်တွေ ပေးထားပြီး အပြန်အလှန်အားဖြင့် အင်အား သုံးသောင်းခွဲလောက်ရှိတဲ့ MILF ဟာ လက်နက်ဖြုတ်သိမ်းပေးရမှာ ဖြစ်ပါတယ်။ MILF အဖွဲ့ ခေါင်းဆောင်တွေက ပြည်နယ်အစိုးရသစ်မှာ တာဝန်ယူရမှာပါ။

    ပြီးခဲ့တဲ့နှစ် ဇွန်လမှာ Bangsamoro Organic Law ကို ဖိလစ်ပိုင်လွှတ်တော်က အတည်ပြုခဲ့တာဖြစ်ပြီး ဒါဟာ ‘မိုရိုလူမျိုးတွေအပေါ် သမိုင်းနဲ့ချီရှိခဲ့တဲ့ မတရားမှုတွေကို ကုစားကာ မင်ဒါနာအိုဒေသ ငြိမ်းချမ်းရေးအတွက် သမိုင်းဝင် ဆောင်ရွက်မှု’ ဖြစ်တယ်လို့ ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးက ပြောကြားခဲ့ပါတယ်။

    မိုရိုလွတ်မြောက်ရေး လှုပ်ရှားမှု

    ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက တိုင်းရင်းသားမျိုးနွယ်စုတွေထဲမှာပါဝင်ပြီး လူဦးရေ ၆ သန်းလောက်ရှိတဲ့ မိုရိုတွေဟာ ၁၉၆၉ ခုနှစ်ကနေစတင်ကာ လွတ်မြောက်ရေး လှုပ်ရှားခဲ့ကြပါတယ်။ တောင်ပိုင်းဒေသဟာ နိုင်ငံရဲ့ ဆင်းရဲမွဲတွေမှုအမြင့်ဆုံး ဒေသတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

    တက္ကသိုလ်ကျောင်းဆရာ နူရ် မီဆူဝါရီ ဦဆောင်တဲ့ မိုရိုအမျိုးသားလွတ်မြောက်ရေးတပ်ဦး (MNLF) နဲ့ ဗဟိုအစိုးရတို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပြီး ၁၉၇၆ ခုနှစ်မှာ ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိခဲ့ပါတယ်။ ဒါပေမယ့် နောက်တစ်နှစ်မှာပဲ MNLF က အဖွဲ့ဝင်တစ်ချို့ ခွဲထွက်ကာ MILF အဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။

    သမ္မတ ကိုရာဇွန် အကွီနိုလက်ထက် ၁၉၈၉ ခုနှစ်မှာ တောင်ပိုင်းဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမယ့် ဥပဒေ ARMM ကို ရေးဆွဲ ပြဌာန်းပေးခဲ့ပေမယ့် ဒါဟာ အမည်ခံသက်သက်သာဖြစ်တယ်လို့ယူဆကာ MILF နဲ့ အခြား မိုရိုလက်နက်ကိုင်အဖွဲ့တွေဟာ ဗဟိုအစိုးရက ဆက်လက် ပုန်ကန်ခဲ့ကြပါတယ်။

    ဒီလက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်ရေးအတွက် ၂၀၁၄ ခုနှစ်မှာ အစိုးနဲ့ MILF အကြား အခြေခံ သဘောတူညီချက်တွေ ရရှိခဲ့ပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လမှာတော့ Bangsamoro Organic Law ဆိုတဲ့ ဥပဒေတစ်ရပ် ပေါ်ထွက်လာခဲ့ပါတယ်။

    ဒီဥပဒေသစ်ဟာ အရင်ကရှိခဲ့တဲ့ ARMM ထက် ပိုမိုအသေးစိတ်ပြီး မိုရိုလူမျိုးစုတွေရဲ့ အခွင့်ရေးကိုလည်း ပိုမိုအာမခံပေးထားတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

    ၂၀၁၇ ခုနှစ်အတွင်း မင်ဒါနာအိုက မာရာဝီမြို့ကို IS အကြမ်းဖက်အဖွဲ့က သိမ်းပိုက်မှုအတွင်း MILF အဖွဲ့ဟာ ဖိလစ်ပိုင် အစိုးရတပ်နဲ့ ပူးပေါင်းကာ အကြမ်းဖက်သမားတွေကို အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့ပါတယ်။

    Bangsamoro Organic Law အတွက် ဒီကနေ့ ပြည်သူ့ဆန္ဒခံယူပွဲမှာ မိုရိုလူမျိုး ၃ သန်းလောက် မဲပေးကြမှာဖြစ်ပြီး မင်ဒါနာအို ပြည်နယ်အတွင်း လုံခြုံရေးကိုလည်း ထူထပ်စွာ ချထားပါတယ်။

    Ref: Aljazeera

  • တမီလ်များ၏ Thaipusam ပွဲတော်က တိုင်းပြည်၏ လူမျိုးရေးညီညွတ်မှုကို ထင်ဟပ်ဟု မလေးဝန်ကြီးချုပ် ပြော

    တမီလ်များ၏ Thaipusam ပွဲတော်က တိုင်းပြည်၏ လူမျိုးရေးညီညွတ်မှုကို ထင်ဟပ်ဟု မလေးဝန်ကြီးချုပ် ပြော

    ဇန်န၀ါရီ ၂၁၊ ၂၀၁၉
    M-Media

    မလေးရှားနိုင်ငံမှ Thaipusam ပွဲတော် စီတန်းလှည့်လည်မှုတစ်ခု

    – ဇန်န၀ါရီ ၂၁ ရက် (ဒီကနေ့) မှာ ကျရောက်တဲ့ Thaipusam ပွဲတော်ကို ဟိန္ဒူဘာသာဝင်တွေ ကျင်းပဆင်နွှဲခြင်းဟာ နိုင်ငံရဲ့ လူမျိုးစုံ ဘာသာစုံ ညီညွတ်မှုကို ထင်ဟပ်စေတယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောကြားလိုက်ပါတယ်။

    Thaipusam ပွဲတော်ဟာ တမီလ်လူမျိုးတွေရဲ့ ပြက္ခဒိန်ပါ Thai လရဲ့ လပြည့်နေ့ကို အစွဲပြု သတ်မှတ်ထားတာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက တမီလ်လူမျိုးတွေက ကျင်းပလေ့ရှိပါတယ်။ တမီလ်လူမျိုး တော်တော်များများရှိတဲ့ မလေးရှားမှာ အဲဒီနေ့ကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။

    Facebook စာမျက်နှာမှာ လွှင့်တင်တဲ့ နှုတ်ခွန်းဆက်စကားမှာ ၀န်ကြီးချုပ်မဟာသီက ဟိန္ဒူလူ့အဖွဲ့အစည်းအတွက် အရေးပါတဲ့ ဒီပွဲတော်ကို နိုင်ငံအတွင်းက အခြားလူမျိုးတွေ၊ အခြားဘာသာဝင်တွေလည်း အတူတကွ ဆင်နွှဲကြတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီပွဲတော်ဟာ မလေးရှားရဲ့ လူမျိုးစုံ ညီညွတ်မှုကို ရောင်ပြန်ဟပ်တဲ့ ပွဲတော်ပါ။ အခြားသော ဘာသာဝင်တွေဟာ Thaipusam ပွဲတော်နဲ့ မသက်ဆိုင်ပေမယ့်လည်း ဒီကနေ့ကျနောက်မယ့် ရက်မြတ်မှာ ဟိန္ဒူမိတ်ဆွေတွေနဲ့ အတူတကွ ဆင်နွှဲကြမှာ ဖြစ်ပါတယ်”

    မဟာသီက တမီလ်လူမျိုးတွေအတွက် ပျော်ရွှင်တဲ့ Thaipusam ပွဲတော် ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းခဲ့ပါတယ်။

    ဒုတိယ၀န်ကြီးချုပ်က ဆုမွန်ကောင်းတောင်း

    ဒုတိယ၀န်ကြီးချုပ် ဒေါက်တာ ၀မ် အဇီဇာဟ် ၀မ် အစ္စမာအီလ်ကလည်း Thaipusam ပွဲတော်ဟာ တိုင်းပြည်ရဲ့ လူမျိုးစုံ၊ ဘာသာစုံဝါဒကို ဖော်ကျူးရမယ့် ပွဲတော်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “မတူညီတဲ့ ဘာသာတရားတွေ၊ လူမျိုးတွေကြားထဲမှာရှိနေတဲ့ အပြန်အလှန်နားလည်မှု၊ စည်းလုံးမှုတွေကို မလေးရှားနိုင်ငံသားအားလုံးက ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ စည်းလုံးညီညွတ်မှုနဲ့ သဟဇာတဖြစ်မှုဟာ ‘မလေးရှားနိုင်ငံသစ်’ မှာ ဂုဏ်ယူဝင့်ကြွားရမယ့် အမှတ်သညာတစ်ခု ဖြစ်ပါတယ်”

    ဒုတိယ၀န်ကြီးချုပ် ၀မ် အဇီဇာဟ်ကလည်း ပျော်ရွှင်တဲ့ Thaipusam ပွဲတော် ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းခဲ့ပါတယ်။

    မလေးရှားစီးပွားရေးဝန်ကြီး အဇ်မင် အလီက မကောင်းမှုတွေ၊ မာန်မာနထောင်လွှားမှုတွေ ခ၀ါချရေးဆိုတဲ့ ပွဲတော်ရဲ့ ရည်ရွယ်ချက်ကို ပွဲတော်ဆင်နွှဲတဲ့ ဟိန္ဒူဘာသာဝင်တွေသာမက တိုင်းပြည်မှာရှိနေတဲ့ နိုင်ငံသားအားလုံး ရရှိခံစားနိုင်ပါစေကြောင်း ဆန္ဒပြုခဲ့ပါတယ်။

    Ref: Malaysia Kini