News @ M-Media

ဂျပန်နိုင်ငံမှ ကမ္ဘာ့အသက်အကြီးဆုံး အဘိုးအို ကွယ်လွန်

ဇန်န၀ါရီ ၂၁၊ ၂၀၁၉
M-Media

ဇန်န၀ါရီ ၂၀ ရက်နေ့က ကွယ်လွန်သွားခဲ့သည့် မာဆာဇို နိုနာကာ (ယာ)

– ဂျပန်နိုင်ငံက ကမ္ဘာ့အသက်အကြီးဆုံ အဘိုးအို မာဆာဇို နိုနာကာဟာ မနေ့က ကွယ်လွန်ခဲ့တယ်လို့ ဂျပန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၁၁၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ နိုနာကာဟာ ၁၉၀၅ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ရိုက်ညီနောင်က ကမ္ဘာ့ ပထမဆုံး စွမ်းအင်သုံး လေယာဉ်ပျံကို မိတ်ဆက်ပြီး ၂ နှစ်အကြာ၊ အိုင်းစတိုင်းရဲ့ နာမည်ကျော် relativity သီအိုရီ ထွက်မလာခင် လပိုင်းအကြာမှာ နိုနာကာကို မွေးဖွားခဲ့တာပါ။

စပိန်နိုင်ငံက ဖရန်စစ္စကို နူနက်ဇ် အိုလီဗီရာ ပြီးခဲ့တဲ့နှစ်မှာ ကွယ်လွန်သွားခဲ့ပြီးတဲ့နောက် နိုနာကာကို ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် ဂင်းနစ်မှတ်တမ်းက သတ်မှတ်ခဲ့ပါတယ်။

“ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် ကျွန်တော်တို့ တုန်လှုပ်ရပါတယ်။ မနေ့က အကောင်းကြီးရှိနေရာကနေ မိသားစုကို ဒုက္ခမပေးဘဲ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်” လို့ နိုနာကာရဲ့ မြေးဖြစ်သူ ယူကိုက ပြောကြားခဲ့ပါတယ်။

နိုနာကာမှာ ညီအစ်ကို၊ မောင်နှမ ၆ ဦးရှိပြီး ၁၉၃၁ ခုနှစ်မှာ လက်ထပ်ခဲ့ကာ သားသမီး ၅ ယောက် ထွန်းကားခဲ့ပါတယ်။ ဇာတိမြို့မှာ ဟိုတယ်လုပ်ငန်းလုပ်ကိုင်ကာ အသက်မွေးခဲ့ပြီး အနားယူပြီးတဲ့နောက်ပိုင်း ဆူမိုနပမ်းပွဲတွေကြည့်ရင်း အချိန်ကုန်ဆုံးခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။

ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ မျှော်မှန်းသက်တမ်း အမြင့်ဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး ကမ္ဘာ့အသက်အကြီးဆုံးသူတွေ တော်တော်များများလည်း ရှိနေပါတယ်။

ကမ္ဘာ့ အသက်အရှည်ဆုံး လူသားဟာ ပြင်သစ်နိုင်ငံက ဂျန်နီ လူဝီ ကာလ်မန့်ဖြစ်ပြီး အသက် ၁၂၂ နှစ် ၁၉၉၇ ခုနှစ်မှာ ကွယ်လွန်ခဲ့တယ်လို့ ဂင်းနစ်မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

Ref: CNA