News @ M-Media

Blog

  • ကမ္ဘာ့ပထမဆုံး Hyperloop စနစ်ကို ၂၀၂၀ တွင် ယူအေအီး၌ ပြေးဆွဲမည်

    ကမ္ဘာ့ပထမဆုံး Hyperloop စနစ်ကို ၂၀၂၀ တွင် ယူအေအီး၌ ပြေးဆွဲမည်

    ဇန်န၀ါရီ ၁၉၊ ၂၀၁၉
    M-Media

    Hyperloop ကွန်ပျူတာ ဒီဇိုင်း

    – ကမ္ဘာ့ပထမဆုံး Hyperloop သယ်ယူရေးပို့ဆောင်ရေးစနစ်ကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ ဒူဘိုင်းမှာ ၂၀၂၀ ခုနှစ်ကနေစတင်ပြီး ပြေးဆွဲမယ်လို့ သိရပါတယ်။

    ဒူဘိုင်းနဲ့ အဘူဒါဘီမြို့ကို ဆက်သွယ်ထားပြီး ကီလိုမီတာ ၁၅၀ အရှည်ရှိတဲ့ Hyperloop လမ်းကြောင်း ပထမအဆင့် ၁၀ ကီလိုမီတာကို လာမယ့်နှစ်မှာ စတင် ဆောက်လုပ်မှာ ဖြစ်ပါတယ်။

    ဆောက်လုပ်ရေးကုမ္ပဏီ Hyperloop TT ရဲ့ ဥက္ကဌဖြစ်သူ ဘီဘော့ပ် ဂရီစတာက ၁ ကီလိုမီတာ လမ်းပိုင်းကို ကန်ဒေါ်လာ သန်း ၄၀ လောက် ကုန်ကျမှာဖြစ်ပြီး ပထမအဆင့်ကို ၂၀၂၀ ခုနှစ်မှာ ပြေးဆွဲနိုင်မယ်လို့ Emirates News Agency သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    Hyperloop စနစ် အသုံးပြုဖို့ အယူအဆကို Tesla နဲ့ Space X ကို တည်ထောင်သူ အေလွန်မက်စ်က ၂၀၁၂ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ရထားတွဲလို အတွဲမျိုးတွေကို လေဖိအားမရှိတဲ့ သီးသန့် လှိုင်ခေါင်းထဲမှာ သံလိုက်အားနဲ့ ပြေးဆွဲမယ့် ဒီစနစ်ဟာ လက်ရှိ အသုံးပြုနေတဲ့ ပို့ဆောင်ရေးစနစ် အားလုံးက ပိုမြန်မှာ ဖြစ်ပါတယ်။

    ယူအေအီးမှာ တည်ဆောက်မယ့် ပထမဆုံး Hyperloop စနစ် ပြီးစီးသွားရင် ဒူဘိုင်းနဲ့ အဘူဒါဘီကို ၁၂ မိနစ်နဲ့ သွားရောက်နိုင်မှာ ဖြစ်ပါတယ်။

    ဂရီစတာက ပထမဆုံး Hyperloop အတွဲကို စပိန်မှာ တပ်ဆင်ပြီးစီးခဲ့ပြီး ပြင်သစ်နိုင်ငံ တူးလော့စ်မြို့ကို ပို့ဆောင်ကာ အဲဒီက လှိုင်ခေါင်းမှာ စမ်းသပ်မယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Alarabiya

  • နေရပ်ပြန်ခွင့်ရရေး ကချင်ပြည်သူများ၏ တောင်းဆိုမှု အစိုးရက အကြောင်းမပြန်

    နေရပ်ပြန်ခွင့်ရရေး ကချင်ပြည်သူများ၏ တောင်းဆိုမှု အစိုးရက အကြောင်းမပြန်

    ဇန်န၀ါရီ ၁၉၊ ၂၀၁၈
    M-Media

    ကချင်ပြည်နယ်မြောက်ပိုင်းမှ စစ်ဘေးသင့်ပြည်သူများ

    – ကချင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေက နေရပ်ပြန်နိုင်ရေး အစိုးရကို အကူအညီတောင်းခဲ့ပေမယ့် အကြောင်းပြန်ခြင်း မရှိဘူးလို့ သက်ဆိုင်သူတွေ Myanmar Times ကို ပြောကြားခဲ့ပါတယ်။

    “ဒီမှာနေရတာ လုပ်စရာ လယ်လည်းမရှိဘူး၊ ၀င်ငွေလည်းမရှိတဲ့အတွက် ကိုယ့်ရပ်ကိုယ့်ရွာကိုပဲ ကျွန်တော်တို့ ပြန်ချင်ပါတယ်။ အသက်တွေသာကြီးသွားတယ်၊ ဘ၀တွေက ဘာမှ ထူးခြားမလာပါဘူး” လို့ မြစ်ကြီးနားမှာရှိတဲ့ မာလီယန်း ကယ်ဆယ်ရေးစခန်းက အကြီးအကဲ Saing Khaung က ပြောပါတယ်။

    နမ့်စမ်ယန်ဆိုတဲ့ရွာက စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်ရေးအတွက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ မြန်မာအစိုးရထံ စာတစ်စောင် ပေးပို့ခဲ့ပေမယ့် အကြောင်းပြန်ခြင်း မရှိဘူးလို့လည်း သူက ဆိုပါတယ်။ အစိုးရရဲ့ လူမှုဝန်ထမ်း ဖူလှုံရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်၊ သမ္မတနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကို နောက်ထပ်စာတွေ ပို့သွားဖို့လည်း စီစဉ်နေပါတယ်။

    KIO ရဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ မြန်မာအစိုးရတပ်တို့ရဲ့ အပစ်ရပ်ရေး သဘောတူညီချက်ဟာ ၂၀၁၁ ခုနှစ်မှာ ပျက်ပြယ်ခဲ့ပြီးတဲ့နောက် တိုက်ပွဲတွေ တောက်လျှောက် ဖြစ်ပွားလာခဲ့တာကြောင့် ကချင်ပြည်သူ ၁၃၀,၀၀၀ လောက်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးကာ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရပါတယ်။

    ကျန်ရစ်ခဲ့တဲ့ မြေယာတွေမှာ တရုတ်ကုမ္ပဏီတွေက စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေတာတွေလည်း ရှိနေပြီး ကချင်ပြည်သူတွေက သူတို့ရဲ့ ဘိုးဘွားပိုင်မြေတွေ ဆုံးရှုံးမှာကို ကြောက်ရွံ့နေကြပါတယ်။

    Saing Khaung က စစ်ရှောင်ပြည်သူတွေဟာ အခုနှစ် နွေရာသီ ကျောင်းပိတ်ရက်မှာ နေရပ်ပြန်နိုင်ဖို့ မျှော်လင့်နေကြတယ်လို့ ပြောပါတယ်။

    နမ့်စမ်ယန်ရွာက အိမ်ထောင်စု ၁၇ စုကို ဒီဇင်ဘာလမှာ နေရပ်ပြန်ခွင့် ပြုခဲ့ပေမယ့် မြစ်ကြီးနား-ဗန်းမော် ကားလမ်းအနီးမှာသာ နေထိုင်နေရပြီး လုံခြုံရေးအတွက် အာမခံချက် မရှိပါဘူး။

    ဒီမိသားစုတွေ နေထိုင်မယ့်နေရာမှာ စစ်တပ်က မိုင်းရှင်းလင်းပေးခဲ့ပြီး မြေမြှုပ်မိုင်း ၂ လုံး တွေ့ခဲ့ရတယ်လို့ Saing Khaung က ဆိုပါတယ်။

    ဂါရာယန်ဆိုတဲ့ရွာမှာ အရင်က နေထိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်ကတည်း မာလီယန်စခန်းကို ရောက်နေတဲ့ Daw Htu Lwant က နေရပ်ကို အမြန်ဆုံး ပြန်ချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီမှာ နေရထိုင်ရတာ အဆင်မပြေဘူး။ ကျွန်မ အသက်လည်း ကြီးနေပြီ။ စားဖို့သောက်ဖို့ အခြားသူတွေကို မှီခိုနေရတယ်။ တော်တော်လေးကို ခက်ခဲပါတယ်။ ရွာပြန်ရင် လယ်စိုက်စားလို့ရတယ်။ ပိုက်ဆံမရှိပေမယ့် လယ်လုပ်ပြီး ထမင်းစားလို့၊ ကလေးတွေကို ကျောင်းထားပေးလို့ ရပါတယ်”

    ဒါပေမယ့် မိုင်းရှင်းမပြီးမချင်း၊ စစ်သားတွေ အဲဒီဒေသက မထွက်ခွာမချင်း ပြန်လို့မရသေးဘဲ အပစ်ရပ်ရေး သဘောတူညီချက် မရှိတာကြောင့် တိုက်ပွဲထပ်ဖြစ်ပြီးမံ ထွက်ပြေးရမှာကို Daw Htu Lwant က စိုးရိမ်နေပါတယ်။

    အောက်တိုဘာလက အစိုးရထံ ပေးပို့တဲ့စာမှာ နေရပ်ပြန်သူတွေရဲ့ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးဖို့၊ လယ်ယာတွေကို ကာကွယ်ပေးဖို့၊ အပစ်ရပ်ပြီး ငြိမ်းချမ်းရေးကို အမှန်တကယ်ဖော်ဆောင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

    Ref: mmtimes

    (Myanmar Times အင်္ဂလိပ်ပိုင်းတွင် ဖော်ပြသည့် သတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်)

  • တိုင်းရင်းသားအခွင့်အရေးချိုးဖောက်သည့် ပြည်နယ်အစိုးရကို ဗဟိုအစိုးရက တရားစွဲ

    တိုင်းရင်းသားအခွင့်အရေးချိုးဖောက်သည့် ပြည်နယ်အစိုးရကို ဗဟိုအစိုးရက တရားစွဲ

    ဇန်ဝါရီ ၁၉၊ ၂၀၁၉
    M-Media

    – တိုင်းရင်းသားလူမျိုးစုတွေရဲ့ မြေယာတွေကို အလွဲသုံးစားလုပ်တဲ့အတွက် ကလန်တန်းပြည်နယ်အစိုးရကို မလေးရှား ဗဟိုအစိုးရက တရားစွဲဆိုလိုက်ပြီး ဒါဟာ မလေးရှားနိုင်ငံသမိုင်းမှာ ပထမဆုံး အဖြစ်အပျက်လည်း ဖြစ်ပါတယ်။

    အစိုးရရဲ့ အိမ်ယာဆောက်လုပ်မှုတွေ၊ ဆီအုန်းလုပ်ငန်း၊ ရာဘာလုပ်ငန်းနဲ့ ဒူးရင်းသီး စိုက်ပျိုးရေးအတွက် ကုမ္ပဏီတွေကို အစိုးရက လုပ်ပိုင်ခွင့်ပေးတာတွေကြောင့် ‘အော်ရန်းအာဆလီ’ လို့ခေါ်တဲ့ တိုင်းရင်းသားလူမျိုးစုတွေဟာ သူတို့ရဲ့ ဘိုးဘွားပိုင်မြေတွေကို ဆုံးရှုံးနေကြရပါတယ်။

    ဝေဖန်သူတွေကတော့ ဆယ်စုနှစ်ချီ ဖြစ်ပွားနေတဲ့ ဒီပြဿနာကို မလေးရှားအစိုးရအဆက်ဆက်က ဖြေရှင်း မပေးနိုင်ခဲ့ဘူးလို့ ထောက်ပြခဲ့ကြပါတယ်။

    မလေးရှား ရှေ့နေချုပ် တော်မီ သောမတ်စ်ရဲ မနေ့ကထုတ်ပြန်ချက်ထဲမှာ ၀န်ကြီးချုပ် မဟာသီယာ မိုဟာမက်နဲ့ အစိုးရအဖွဲ့က ကလန်တန်းပြည်နယ်မှာရှိတဲ့ ‘တီမီယာရ်’ လူမျိုးတွေရဲ့ မြေယာရပိုင်ခွင့်အတွက် ပြည်နယ်အစိုးရကို တရားစွဲဆိုဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    နိုင်ငံတောင်ပိုင်း ကလန်တန်းပြည်နယ်ကို အတိုက်အခံ PAS ပါတီက အုပ်ချုပ်တာဖြစ်ပြီး ရာဘာ၊ ဒူးရင်းသီး စိုက်ပျိုရေးလုပ်ငန်းတွေအတွက် ပုဂ္ဂလိကကုမ္ပဏီကို လိုင်စင်ထုတ်ပေးတာကြောင့် တိုင်းရင်းသားတွေရဲ့ ဘိုးဘွားပိုင်မြေတွေ ဆုံးရှုံးနေရတယ်လို့ သောမတ်စ်က ပြောပါတယ်။

    “တိုင်းရင်းသားတွေကိုယ်စား ဗဟိုအစိုးရက တရားဥပဒေအတိုင်း ဆောင်ရွက်တာဖြစ်ပြီး တိုင်းရင်းသားတွေကို ကာကွယ်ဖို့၊ သူတို့တွေ သာယာဝပြောအောင် ဆောင်ရွက်ဖို့ဆိုတဲ့ အခြေခံဥပဒေအရ၊ ဥပဒေအရ ပေးအပ်ထားတဲ့တာဝန်ကို ဗဟိုအစိုးရက ထမ်းရွက်တာလည်း ဖြစ်ပါတယ်”

    ကလန်တန်းပြည်နယ်အစိုးရနဲ့အတူ ပုဂ္ဂလိကကုမ္ပဏီ ၅ ခုကိုပါ တစ်ပါတည်း တရားစွဲဆိုခဲ့တယ်လို့ ရှေ့နေချုပ် သောမတ်စ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: CNA

  • အိန္ဒိယမှ နာမည်ကြီးဟိန္ဒူဘုန်းကြီး လူသတ်မှုဖြင့် ထောင်တစ်သက် ချမှတ်ခံရ

    အိန္ဒိယမှ နာမည်ကြီးဟိန္ဒူဘုန်းကြီး လူသတ်မှုဖြင့် ထောင်တစ်သက် ချမှတ်ခံရ

    ဇန်န၀ါရီ ၁၉၊ ၂၀၁၉
    M-Media

    – မုဒိမ်းမှုနဲ့ ထောင်ဒဏ် နှစ် ၂၀ ကျခံနေရတဲ့ နာမည်ကြီး ဟိန္ဒူဘုန်းကြီးတစ်ပါးကို ဂျာနစ်လစ်တစ်ယောက် သတ်မှုနဲ့ အိန္ဒိယတရားရုံးက ထောင်ဒဏ်တစ်သက် ထပ်မံချမှတ်လိုက်ပါတယ်။

    Dera Sacha Sauda ဘာသာရေးအဖွဲ့ရဲ့ခေါင်းဆောင် အသက် ၅၁ နှစ်အရွယ် ဂူရ်မိ ရာမ ရာဟင် ဆင်း ဆိုသူဖြစ်ပြီး သူ့ရဲ့လုပ်ရပ်တွေကို ဖော်ပြတဲ့ သတင်းစာအယ်ဒီတာကို သတ်ဖြတ်မှုအတွက် အခုလို အပြစ်ပေးခံရတာ ဖြစ်ပါတယ်။ သူနဲ့အတူ အနီးကပ် လူယုံ ၃ ဦးလည်း အဲဒီလူသတ်မှုအတွက် ထောင်ဒဏ် တစ်သက် ချမှတ်ခံခဲ့ရပါတယ်။

    ဆင်းဟာ အိန္ဒိယနိုင်ငံမှာ နောက်လိုက်တော်တော်များများရှိသူဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက ဟိန္ဒူဘာသာဝင်တွေတစ်ချို့လည်း သူ့ကို ကိုးကွယ်ကြပါတယ်။

    ဒါပေမယ့် ၂၀၀၂ ခုနှစ် အောက်တိုဘာလက ဟင်ဒီသတင်းစာ Poora Sach က ဆင်းရဲ့ ကြမ်းကြုတ်မှုတွေကို စတင် ဖော်ထုတ်ခဲ့ပြီးတဲ့နောက် သူဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဟိန္ဒူဘာသာရေးအဖွဲ့ Dera Sacha Sauda အတွင်း ဆင်းဟာ သူ့ရဲ့နောက်လိုက် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားအမြတ်ထုတ်ခဲ့တာကို အမည်မဖော်လိုတဲ့ နောက်လိုက်တစ်ဦးက Poora Sach သတင်းစာမှာ ရင်ဖွင့် ရေးသားခဲ့တာပါ။

    သတင်းစာအယ်ဒီတာ ရာမ ချန်ဒါ ချာထရာပက်သီဟာ ဒီသတင်းဖော်ပြပြီးတဲ့နောက် ၅ ရက်အကြာမှာ လုပ်ကြံသတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း ရာဟင်ဆင်းရဲ့ ဂိုဏ်းအတွင်း ကျူးလွန်မှုတွေကို အိန္ဒိယ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    အမျိုးသမီး ၅၀ လောက်က ဆင်းဟာ သူတို့အပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ လုပ်ခဲ့တယ်လို့ ဖွင့်ပြောခဲ့ကြပါတယ်။ ဒကာမ နှစ်ဦးကို အဓမ္မကျင့်မှုအတွက် ၂၀၁၇ ခုနှစ် သြဂုတ်လမှာ ရဲတပ်ဖွဲ့က ဆင်းကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ပြီး  ဒီဆုံးဖြတ်ချက်ကို မကျေနပ်တာကြောင့် သူ့ကို ကိုးကွယ်သူတွေက အကြီးအကျယ် ဆန္ဒပြခဲ့ကာ အနည်းဆုံး လူ ၃၈ ဦး သေဆုံးခဲ့ပါတယ်။

    Ref: BBC

  • အဓမ္မကျင့်အသတ်ခံရသည့် ကချင်အမျိုးသမီးနှစ်ဦးကိစ္စ ၄ နှစ်ကြာသည်အထိ အမှုမှန်မပေါ်သေး

    အဓမ္မကျင့်အသတ်ခံရသည့် ကချင်အမျိုးသမီးနှစ်ဦးကိစ္စ ၄ နှစ်ကြာသည်အထိ အမှုမှန်မပေါ်သေး

    ဇန်န၀ါရီ ၁၈၊ ၂၀၁၉
    M-Media

    ကွယ်လွန်သူနှစ်ဦး ဈာပနအခမ်းအနားမြင်ကွင်း

    – လွန်ခဲ့တဲ့ ၄ နှစ်က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတဲ့ ကချင်ကျောင်းဆရာမ ၂ ဦးကိစ္စ အမှုမှန်ပေါ်ရေး နှေးကွေးနေပေမယ့် အမှန်တရားပေါ်လာအောင် ဆောင်ရွက်သွားမယ်လို့ သက်ဆိုင်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောကြားကြောင်း Frontier Myanmar က ဒီကနေ့ လွှင့်တင်တဲ့ သတင်းဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

    အသက် ၂၀ အရွယ် Maran Lu Ra နဲ့ အသက် ၂၁ နှစ်အရွယ် Tangbau Hkwan Nan Tsin တို့ဟာ ကချင်နှစ်ခြင်းအသင်းတော် KBC က လုပ်အားပေး ဆရာမတွေ ဖြစ်ကြပြီး ကောင်းခါးရွာမှာ တာဝန်ထမ်းဆောင်နေစဉ် ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁၉ ရက်နေ့မှာ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

    အလောင်းမှာ ဓားဒဏ်ရာတွေ၊ ဦးခေါင်းဒဏ်ရာတွေကို တွေ့ခဲ့ရပြီး အခင်းဖြစ်ပွားခဲ့တဲ့ညဘက်မှာ သူတို့နေထိုင်ရာတဲက အော်သံတွေ ကြားရတယ်လို့ ရွာသားတွေက ပြောပါတယ်။

    အခင်းမဖြစ်ပွားမီ ၂ ရက်အရင်က ကောင်းခါးကျေးရွာနဲ့ မီတာ ၁၀၀ အကွာမှာ အမှတ် ၅၀၃ ခြေမြန်တပ်ရင်းက ယာယီစခန်းလာချတာ၊ အခင်းဖြစ်ပွားရာနေရာမှာ စစ်တပ်ကထုတ်ပေးထားတဲ့ ခါးပတ်၊ တဲပတ်ဝန်းကျင်မှာ စစ်ဖိနပ်ရာတွေ တွေ့ရတာကြောင့် မြန်မာစစ်တပ်က စစ်သားတွေ ကျူးလွန်တာလို့ သံသယရှိခဲ့ကြပါတယ်။

    KBC က ဒီအဖြစ်အပျက်ဖြစ်ပွားတာ ၄ နှစ်ကြာခဲ့ပြီး ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေဟာ တိုးတက်မှု မရှိပေမယ့် အမှန်တရားကို ဆက်လက်ဖော်ထုတ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာမှ ထပ်လုပ်လို့ မရပါဘူး။ အာဏာပိုင်တွေအပေါ်မှာပဲ မူတည်ပါတယ်” လို့ KBC ရဲ့ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာတော် Samson Hkalam က Frontier သတင်းဌာနကို ဇန်န၀ါရီ ၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

    မူဆယ်မြို့နယ် ရဲတပ်ဖွဲ့က ကောင်းခါးကျေးရွာက ရွာသားနှစ်ဦး ကျူးလွန်တာဖြစ်ပြီး သူတို့ဟာ KIO ထိန်းချုပ်တဲ့နယ်မြေထဲ ထွက်ပြေးသွားကြောင်း ပြောကြားခဲ့တယ်လို့ KBC က ဆိုပါတယ်။

    ၂၀၁၈ ခုနှစ် ဇူလိုင်လက စာနယ်ဇင်းကောင်စီနဲ့ တွေ့ဆုံစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး မင်းအောင်လှိုင်က ဒီအဓမ္မပြုကျင့် သတ်ဖြတ်မှုဟာ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA အဖွဲ့ဝင်တွေရဲ့ လက်ချက်ဖြစ်ပြီး DNA စစ်ဆေးမှုအရ အစိုးရတပ်က စစ်သားတွေ မဟုတ်ဘူးဆိုတာ တွေ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ် ဇန်န၀ါရီက ၂ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက်လာတဲ့ NLD ပါတီက အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် အဖွဲ့က အမှန်တရားကို ဖော်ထုတ်ပေးမယ်လို့ ပြောကြားခဲ့ကြောင်း Samson Hkalam က ပြောပါတယ်။

    ကချင် ငြိမ်းချမ်းရေးကွန်ယက်က ဒေါ်ခွန်ဂျာက တပ်မတော် ယာယီစခန်းချတဲ့နေရာကို KIA တပ်ဖွဲ့တွေ သွားရောက်တယ်ဆိုတာ မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

    “အဲဒီအချိန်တုန်းက တိုင်းရင်းသားလက်နက်ကိုင်အားလုံးဟာ လူထုရဲ့ထောက်ခံမှုကို လိုချင်နေတဲ့အချိန်ပါ။ ဒီကိစ္စအတွက် KIA မှာ တာဝန်ရှိတယ်လို့ ကျွန်မ မယုံကြည်ပါဘူး”

    ကျူးလွန်သူတွေဟာ အရပ်သားအစိုးရလက်အောက်မှာ အရေးယူ အပြစ်ပေး ခံရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေကလည်း ရွာသားတွေကြားထဲမှာ မှေးမှိန်လာတယ်လို့ သူမက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    KBC က ၄ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ဇန်န၀ါရီ ၁၉ ရက်နေ့ ကောင်းခါးရွာမှာ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားပြီး ကချင်လူငယ်အဖွဲ့တွေကလည်း တရားမျှတမှုရရှိရေး တောင်းဆိုဖို့ ရှိနေပါတယ်။

    ကချင်လူငယ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Kachin Youth Movement ကော်မတီ ခေါင်းဆောင် Sut Seng Htoi က ကချင်ပြည်သူတွေဟာ ဒီကိစ္စကို ဘယ်တော့မှ မေ့မှာမဟုတ်ဘဲ သတ်ဖြတ်သူတွေကို ရှာဖွေဖော်ထုတ်ရေး အာဏာပိုင်တွေကို တိုက်တွန်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    “တရားမျှတရေး တောင်းဆိုမှုကို ဒီနှစ်မှာ ကျွန်မတို့ တိုးချဲ့လုပ်ဆောင်သွားမှာပါ”

    Ref: Frontier Myanmar

    (Frontier Myanmar ၏ သတင်းဆောင်းပါးကို ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)