News @ M-Media

Blog

  • Facial recognition ဖြင့် ရာဇ၀တ်ကောင်ကိုရှာသည့် စနစ်ကို မလေးရှားတွင် စတင်အသုံးပြု

    Facial recognition ဖြင့် ရာဇ၀တ်ကောင်ကိုရှာသည့် စနစ်ကို မလေးရှားတွင် စတင်အသုံးပြု

    ဇန်န၀ါရီ ၂၊ ၂၀၁၈
    M-Media

    – လုံခြုံရေးကင်မရာတွေကနေတစ်ဆင့် မျက်နှာကိုကြည့်ပြီး ဘယ်သူဘယ်ဝါဆိုတဲ့ ဖော်ထုတ်နိုင်မယ့် (facial recognition) စနစ်ကို မလေးရှားနိုင်ငံ ပီနန်မြို့အစိုးရက ဒီကနေ့မှာ စတင်မိတ်ဆက်လိုက်ပြီး ရာဇ၀တ်မှုတွေ လျော့ကျစေဖို့ ရည်ရွယ် လုပ်ဆောင်တာ ဖြစ်ပါတယ်။

    မိတ်ဆက်ပွဲအခမ်းအနားမှာ ပီနန်ပြည်နယ်ဝန်ကြီးချုပ် Chow Kon Yeow က ဒီစနစ်ဟာ ပီနန်မြို့တော်ကောင်စီက တပ်ဆင်ထားတဲ့ စောင့်ကြည့်ကင်မရာ ၇၆၇ ခုရဲ့ စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ပီနန်ဟာ မလေးရှားမှာ ဒီစနစ်ကိုအသုံးပြုတဲ့ ပထမဆုံးပြည်နယ် ဖြစ်လာပါတယ်။

    “ရာဇ၀တ်မှုတွေ အထူးသဖြင့် လမ်းပေါ်မှာဖြစ်တဲ့ဟာတွေကို လျှော့ချဖို့၊ ပြည်သူလူထု လုံခြုံဖို့နဲ့ သာယာဝပြောဖို့ အတွက် CCTV ကင်မရာနဲ့ စောင့်ကြည့်တဲ့စနစ်ကို ပီနန်ပြည်နယ်အစိုးရက ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်” လို့ ၀န်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

    ပီနန်ပြည်နယ်ရဲချုပ် A Thaiveegan က ကင်မရာကနေ မျက်နှာကိုကြည့်ပြီ ဘယ်သူဘယ်ဝါမှန်း ဖော်ထုတ်နိုင်မယ့် ဒီစနစ်ဟာ ရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေမှာဖြစ်ကြောင်း၊ ရာဇ၀တ်ကောင် ဒါမှမဟုတ် အလိုရှိသူရဲ့ ဓာတ်ပုံကို စနစ်မှာထည့်သွင်းပြီး ဒီလူ ဘယ်ရောက်နေလဲဆိုတာကို အလျင်အမြန် သိရှိနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် ဒီလိုဖော်ထုတ်နိုင်တာနဲ့ ချက်ခြင်း ဖမ်းဆီးသွားမှာမဟုတ်ဘဲ ရဲတပ်ဖွဲ့မှာ ရှိနေတဲ့ အခြားအချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်မှသာ အရေးယူသွားမှာဖြစ်တယ်လို့ ရဲချုပ်က ဆိုပါတယ်။

    မျက်နှာကို စောင့်ကြည့်ကင်မရာကနေတစ်ဆင့် ကြည့်ရှုကာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ဖော်ထုတ်တဲ့စနစ်ကို တရုတ်နိုင်ငံမှာ အကြီးအကျယ် အသုံးပြုနေပြီး၊ ကမ္ဘာ့ အခြားဒေသတွေမှာလည်း အသုံးပြုနေကြပါတယ်။

    Ref: CNA

  • ထိုင်ဝမ်ရေလက်ကြား နှက်ဖက်စလုံးကို မိမိတို့ပိုင်သည်ဟု တရုတ်ပြော

    ထိုင်ဝမ်ရေလက်ကြား နှက်ဖက်စလုံးကို မိမိတို့ပိုင်သည်ဟု တရုတ်ပြော

    ဇန်န၀ါရီ ၂၊ ၂၀၁၉
    M-Media

    တရုတ်သမ္မတ ရှီကျင့်ဖျင်

    – ထိုင်ဝမ်ဟာ တရုတ်ရဲ့အစိတ်အပိုင်းဖြစ်တယ်ဆိုတဲ့အချက်ကို ဘယ်သူကမှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူးလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားလိုက်ပြီး ပြန်လည်ပေါင်းစည်းရေးအတွက် နည်းလမ်းအားလုံးကို အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

    ထိုင်ဝမ်ကျွန်းဟာ ကိုယ်ပိုင်အစိုးနဲ့ အုပ်ချုပ်တဲ့ဒေသ ဖြစ်ပေမယ့် တရုတ်က သူ့ရဲ့ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ကာ ပြန်လည်ပေါင်းစည်းရေး၊ စစ်မက်ဖြစ်ပွားမှု အဆုံးသတ်ရေးအတွက် ၁၉၇၉ ခုနှစ်မှာ တရုတ်အစိုးက ကမ်းလှမ်းခဲ့ပါတယ်။

    ဒီကမ်းလှမ်းမှု နှစ် ၄၀ ပြည့်အဖြစ် ဒီကနေ့ပြောကြားတဲ့ မိန့်ခွန်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က ရေလက်ကြား နှစ်ဖက်စလုံးမှာရှိတဲ့ ဒေသတွေဟာ တရုတ်ပြည်နဲ့သာဆိုင်တယ် လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ” ‘တရုတ်နှစ်နိုင်ငံဝါဒ’ ဒါမှမဟုတ် ‘တရုတ်တစ်နိုင်ငံ-ထိုင်ဝမ်တစ်နိုင်ငံ’ ‘ထိုင်ဝမ်လွတ်လပ်ရေး’ ဆိုတဲ့ အတွေးအခေါ်တွေရဲ့ နောက်ကွယ်က ပူးပေါင်းကြံစည်သူတွေကို ကျွန်တော်တို့ အခိုင်အမာဆန့်ကျင်သွားမှာ ဖြစ်ပါတယ်။ လွတ်လပ်ရေးလိုလားတဲ့၊ ခွဲထွက်ရေးလိုလားတဲ့ လှုပ်ရှားမှုတွေကိုလည်း ကျွန်တော်တို့ အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့ပါတယ်။ ထိုင်ဝမ်ဟာ တရုတ်ရဲ့ အစိတ်အပိုင်းဖြစ်တယ်၊ ရေလက်ကြားရဲ့ နှစ်ဖက်စလုံးက ဒေသတွေဟာ တရုတ်ပိုင်ဖြစ်တယ်ဆိုတဲ့ သမိုင်းကြောင်းအရဖြစ်တည်မှု၊ ဥပဒေအရ အကြုံးဝင်မှုတွေကို ဘယ်သူ၊ ဘယ်အဖွဲ့ကမှ ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး”

    ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီးတို့ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးကို နှောက်ယှက်တဲ့ ပြင်ပင်အင်အားစုတွေနဲ့ ထိုင်ဝမ်လွတ်လပ်ရေး လှုပ်ရှားမှုတွေကို ရင်ဆိုင်ဖို့အတွက် နည်းလမ်းအားလုံးကို စဉ်းစားထားတယ်လို့လည်း ရှီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ထိုင်ဝပ်သမ္မတ Tsai Ing-wen ရဲ့ မနေ့က မိန့်ခွန်းမှာတော့ သဘောထားမတိုက်ဆိုင်မှုကို ငြိမ်းချမ်းစွာ အဖြေရှာဖို့ တရုတ်အစိုးရကို တိုက်တွန်းခဲ့ပြီး ထိုင်ဝမ်ပြည်သူတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဆက်လက် ထိန်းသိမ်းသွားချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • အိန္ဒိယတွင် ဘုရားကျောင်းထဲ အမျိုးသမီးဝင်မှုကြောင့် ဝေဖန်မှုမြင့်တက်

    အိန္ဒိယတွင် ဘုရားကျောင်းထဲ အမျိုးသမီးဝင်မှုကြောင့် ဝေဖန်မှုမြင့်တက်

    ဇန်န၀ါရီ ၂၊ ၂၀၁၉
    M-Media

    – အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်က ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းတစ်ခုကို အမျိုးသမီးနှစ်ဦးက ၀င်ရောက်ခဲ့တဲ့အတွက် ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

    ရာစုနှစ်ချီ သက်တမ်းရှိနေတဲ့ Sabarimala Ayyappa ဘုရားကျောင်း ဖြစ်ပြီး  သမိုင်းတစ်လျှောက် အရွယ်ရောက်ပြီးတဲ့ အမျိုးသမီးတွေ ၀င်ရောက်ခွင့် မပေးပါဘူး။ ဒီကန့်သတ်ချက်ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ အိန္ဒိယ ဗဟိုတရားရုံးက ပယ်ဖျက်ပေးခဲ့ပေမယ့် ဟိန္ဒူ လက်ယာသမားတွေက ဆန့်ကျင်ကန့်ကွက်နေကြပါတယ်။

    အမျိုးသမီးနှစ်ဦးဟာ အ၀တ်နက်တွေဝတ်ပြီး ဦးခေါင်းကိုဖုံးကွယ်ကာ ဘုရားကျောင်းထဲ ၀င်ရောက်သွားတဲ့ ဗီဒီဟာ အွန်လိုင်းစာမျက်နှာမှာ မနေ့က ပြန့်နှံ့ခဲ့ပြီး ဒီကိစ္စအတွက် ဝေဖန်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။

    ဒီသတင်းထွက်လာခဲ့ပြီးတဲ့နောက် ဘုရားကျောင်းက ဘုန်းကြီးတွေဟာ မြေသန့်မင်္ဂလာအခန်းအနား ပြန်လည် လုပ်ဆောင်ခဲ့ပါတယ်။ Ayyappa ဘုရားဟာ အိမ်ထောင်သားမွေး မပြုတဲ့အတွက် အသက် ၁၀ နှစ်ကနေ ၅၀ အတွင်းရှိတဲ့ အမျိုးသမီးတွေကို ဘုရားကျောင်းထဲ ၀င်ခွင့်မပြုတာဖြစ်တယ်လို့ ဘုရားကျောင်းရဲ့ ၀ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

    ကီရာလာပြည်နယ် ၀န်ကြီးချုပ် ပီနာရာယီ ဗီဂျာယန်က ဘုရားကျောင်းထဲ ၀င်ရောက်ချင်တဲ့ အမျိုးသမီးတွေကို ကာကွယ်ပေးဖို့အတွက် ရဲတပ်ဖွဲ့ကို အမိန့်ပေးထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    အမျိုးသမီးမ၀င်ရအမိန့်ကို တရားရုံးချုပ်က ပယ်ဖျက်ပေးခဲ့ပြီးတဲ့နောက် Sabarimala Ayyappa ဘုရားကျောင်းထဲကို အမျိုးသမီးတွေ ၀င်ရောက်ဖို့ ကြိုးစားမှုတွေ အရင်က ရှိခဲ့ဖူးပေမယ့် ဟိန္ဒူအစွန်းရောက်တွေက အုပ်စုဖွဲ့ပြီး တိုက်ခိုက်တာ၊ ဂျာနယ်လစ်တွေကို ခြိမ်းခြောက်တာ၊ ရဲတွေကို ခဲနဲ့ပစ်ပေါက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    Ref: Aljazeera

  • စားသောက်ဆိုင်များတွင် ဆေးလိပ်သောက်မှုကို မလေးရှား ပိတ်ပင်

    စားသောက်ဆိုင်များတွင် ဆေးလိပ်သောက်မှုကို မလေးရှား ပိတ်ပင်

    ဇန်န၀ါရီ ၁၊ ၂၀၁၉
    M-Media

    – လဟာပြင်မှာ ဖွင့်ထားတဲ့ ဆိုင်တွေအပါအ၀င် မလေးရှားနိုင်ငံအတွင်းမှာရှိတဲ့ စားသောက်ဆိုင်တွေမှာ ဆေးလိပ်မသောက်ဖို့ တားမြစ်တဲ့အမိန့်ဟာ ၂၀၁၉ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့ (ယနေ့) ကစပြီး အသက်ဝင်တော့မှာ ဖြစ်ပါတယ်။

    ပြည်သူလူထုအနေနဲ့ ဆေးလိပ်ငွေတွေ့ ရှူရှိုက်ရတာမျိုး မဖြစ်စေဖို့အတွက် ၂၀၁၈ ခုနှစ်က ပြဌာန်းခဲ့တဲ့ ဆေးရွက်ကြီးထုတ်ကုန် ထိန်းချုပ်ရေးဥပဒေ ပြင်ဆင်ချက်အရ ဒီလို တားမြစ်လိုက်တာ ဖြစ်တယ်လို့ မလေးရှား ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် နူရ်ဟီရှမ်က ပြောကြားခဲ့ပါတယ်။

    “အဲယားကွန်း ရှိတာပဲဖြစ်ဖြစ်၊ မရှိတာပဲဖြစ်ဖြစ် စားသောက်ဆိုင်အားလုံးမှာ ဆေးလိပ်မသောက်ဖို့အတွက် ပြည်သူလူထုကို တိုက်တွန်းထားပါတယ်။ အစားအစာရောင်းချတဲ့ဆိုင်တန်းတွေ၊ စားဆောက်ဆိုင်တွေရဲ့ အတွင်းရော၊ အပြင်မှာပါ ဒီကန့်သတ်ချက်က အကျုံးဝင်မှာ ဖြစ်ပါတယ်။ အပြင်မှာ ထိုင်ခုံတွေချပြီး ရောင်းတဲ့ဆိုင်တွေ၊ ကားနဲ့လာပြီးဖွင့်တဲ့ စားသောက်ဆိုင်တွေ၊ သင်္ဘောနဲ့ ရထားတွေပေါ်က စားသောက်ဆိုင်တွေလည်း ဒီစည်းကမ်းကို လိုက်နာရမှာ ဖြစ်ပါတယ်”

    စားသောက်ဆိုင်တွေမှာ ‘ဆေးလိပ်မသောက်ရ’ သတိပေးဆိုင်းဘုတ်တွေကို ထင်ထင်ရှားရှားကပ်ထားဖို့ ဆေးလိပ်ပြာခွက်တွေ မထားပေးဖို့လည်း ဆိုင်ရှင်တွေကို နူရ်ဟီရှမ်က သတိပေးခဲ့ပါတယ်။

    ဆေးလိပ်မသောက်ရ တားမြစ်ချက်ကို ကျူးလွန်ဖောက်ဖျက်တဲ့ မည်သူ့ကိုမဆို ဒဏ်ငွေ ရင်းဂစ် တစ်သောင်းအထိ၊ ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်ခံရမှာ ဖြစ်ပါတယ်။

    ဆေးလိပ်မသောက်ရဆိုင်းဘုတ်ကို ထင်ထင်ရှားရှား မကပ်ထားတဲ့ ဆိုင်ရှင်တွေက ဒဏ်ငွေ ရင်းဂစ် သုံးထောင်အထိ၊ ထောင်ဒဏ် ၆ လအထိ ချမှတ်ခံရမှာ ဖြစ်ပါတယ်။ ဆေးလိပ်သောက်ဖို့အတွက် စီစဉ်ပေးရင်တော့ ဒဏ်ငွေ ရင်းဂစ် ၅ ထောင်အထိ၊ ထောင်ဒဏ် ၁ နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။

    Ref : CNA

  • အိမ်အကူကို အောက်ပိုင်းသွားကိုင်ခဲ့သည်ဟု ပြောဆိုသော ဒူတာတေး ဝေဖန်ခံနေရ

    အိမ်အကူကို အောက်ပိုင်းသွားကိုင်ခဲ့သည်ဟု ပြောဆိုသော ဒူတာတေး ဝေဖန်ခံနေရ

    ဒီဇင်ဘာ ၃၀၊ ၂၀၁၈
    M-Media

    – ဆယ်ကျော်သက်ဘ၀တုန်းက အိမ်မှာခိုင်းတဲ့ အိမ်အကူရဲ့ အောက်ပိုင်းကို သွားကိုင်ခဲ့တယ်လို့ ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးရဲ့ ပြောကြားမှုကို ပြည်သူတွေနဲ့ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဝေဖန်ရှုတ်ချလိုက်ပါတယ်။

    ဒူတာတေးဟာ အမျိုးသမီးတွေကို အဓမ္မကျင့်ဖို၊ မယားငယ်ယူဖို့ အပါအ၀င် အမျိုးသမီးတွေအပေါ် နှိမ့်ချတဲ့စကားတွေ၊ ပြက်လုံးတွေကို မကြာခဏ ပြောကြားလေ့ ရှိသူပါ။

    မနေ့ကပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာတော့ အထက်တန်းကျောင်းသားဘ၀က အိမ်အကူရဲ့အခန်းထဲကိုဝင်ကာ အောက်ပိုင်းသွားကိုင်ခဲ့မှုကို ထုတ်ဖော်ပြာဆိုခဲ့ပါတယ်။

    “ကျွန်တော် စောင်ကိုမလိုက်ပြီး အတွင်းခံဘောင်းဘီထဲလက်နှိုက်ကာ ကိုင်ဖို့ကြိုးစားခဲ့ပါတယ်။ ကျွန်တော် ကိုင်နေတဲ့အချိန် သူနိုးလာတဲ့အတွက် အခန်းထဲက လစ်ထွက်လာခဲ့တယ်”

    ဒီအဖြစ်အပျက်ကို သူတက်တဲ့ သက်သလစ် သာသနာပြုကျောင်းက ခရစ်ယာန်ဘုန်းကြီးကို သွားပြောပြခဲ့တယ်လို့လည်း ဒူတာတေးက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    အမျိုးသမီးအခွင့်အရေး ပါတီတစ်ခုဖြစ်တဲ့ Gabriela က ဒူတာတေးရဲ့ ဒီမှတ်ချက်ကို ရှုတ်ချခဲ့ပါတယ်။

    “ငယ်ပါကိုထည့်လိုက်မှ အဓမ္မမှုမြောက်တာ မဟုတ်ပါဘူး။ လက်နဲ့ ဒါမှမဟုတ် အရာဝတ္ထုတစ်ခုခုနဲ့ ပြုလုပ်တာလည်း အဓမ္မမှုပါပဲ” လို့ ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဂျွမ်စ် ဆာလ်ဗေဒေါက ပြောကြားခဲ့ပါတယ်။

    ခရစ်ယာန်ကက်သလစ်အသင်းတော်က ဘုန်းကြီးတွေဟာ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ရှိတယ်ဆိုတဲ့ ကိစ္စအတွက်လည်း ဒူတာတေးက မနေ့မှာ ဝေဖန်ရှုတ်ချခဲ့ပြီး ကက်သလစ်အသင်းတော်ဟာ ကြောင်သူတော် အသင်းအဖွဲ့ကြီးဖြစ်ကြောင်း၊ ငယ်ငယ်တုန်းက သူနဲ့ သူ့အတန်းဖော်တွေဟာ အာပတ်ဖြေတဲ့အခါ ဘုန်းကြီးတွေရဲ့ လိင်စော်ကားမှုကို ခံခဲ့ရကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: CNA