News @ M-Media
Blog
  • သားဖြစ်သူ ဆေးမှုဖြင့်ဖမ်းခံရမှုတွင် မည်သည့်စွက်ဖက်မှုမှမလုပ်ဟု မလေးကာကွယ်ရေးဝန်ကြီး ပြော
    သားဖြစ်သူ ဆေးမှုဖြင့်ဖမ်းခံရမှုတွင် မည်သည့်စွက်ဖက်မှုမှမလုပ်ဟု မလေးကာကွယ်ရေးဝန်ကြီး ပြော
    ဇန်န၀ါရီ ၆၊ ၂၀၁၈
    M-Media
    – သားဖြစ်သူ ဆေးခြောက်သုံးစွဲမှုနဲ့ အဖမ်းခံရတဲ့ ကိစ္စကို မလေးရှား ကာကွယ်ရေးဝန်ကြီး မိုဟာမက် ဆာဘူးက အတည်ပြုခဲ့ပြီး တရားဥပဒေအတိုင်း အရေးယူမှုကို ၀င်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။
    မြို့တော် ကွာလာလမ်ပူ ဆင်ခြေဖုံးမှာရှိတဲ့ ကလပ်တွေကို ဒီဇင်ဘာ ၅ ရက်နေ့ သန်းခေါင်ယံအချိန် ရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းမှုအတွင်း လူပေါင်း ၁၀၁ ဦးကို မူးယစ်ဆေးသုံးစွဲမှု ရှိမရှိ စစ်ဆေးခဲ့ရာမှာ ၀န်ကြီးရဲ့ အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ သားအပါအ၀င် လူ ၂ ဦး ဆေးခြောက်သုံးစွဲကြောင်း တွေ့ရှိခဲ့ရပါတယ်။
    မိုဟာမက် ဆာဘူးကတော့ ဥပဒေအတိုင်းဆောင်ရွက်မှုအတွက် မိမိအနေနဲ့ ဘာမှ ၀င်စွက်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
    “သား ဖမ်းဆီးခံရတယ်ဆိုတဲ့သတင်း ကြားပြီးတဲ့နောက် ကျွန်တော်နဲ့ မိသားစုဟာ ဒီကိစ္စနဲ့ ကင်းကင်းရှင်းရှင်းနေပြီး ဥပဒေအရ အာဏာပိုင်တွေ တိတိကျကျ အရေးယူမှုကို လက်ခံမှာ ဖြစ်ပါတယ်။ အခြားသော ကလေးတွေလိုပဲ ကျွန်တော့်သားကလည်း တိုင်းပြည်ရဲ့ တရားဥပဒေအောက်မှာ အကြုံးဝင်ပါတယ်”
    မိုဟာမက် ဆာဘူးရဲ့သားကို ရဲတပ်ဖွဲ့က အာမခံနဲ့ နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပြီး၊ ဒဏ်ငွေ ရင်းဂစ် ၅၀၀၀ အထိ၊ ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်မယ့် မူးယစ်တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုထားပါတယ်။
    “သားမှာ အပြစ်ရှိလား၊ မရှိဘူးလားဆိုတာကို ဖခင်တစ်ယောက်အနေနဲ့ ကျွန်တော် သိချင်တယ်။ အပြစ်ရှိတယ်ဆိုရင်တော့ ဥပဒေအတိုင်း လုပ်ရမှာပါ။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဆိုတဲ့ စည်းကမ်းကို ကျွန်တော် လိုက်နာသလို၊ တရားရုံးက အပြစ်ရှိကြောင်း မဆုံးဖြတ်သေးသမျှ လူတိုင်းဟာ အပြစ်မရှိဘူးဆိုတဲ့ မူကိုလည်း ကိုင်စွဲထားပါတယ်။ ဥပဒေသည်ပထမ၊ ကျွန်တော်ရဲ့ ခံစားချက်က ဒုတိယပါ”
    Ref: Malaysia Kini
  • အိန္ဒိယတွင် ဘုရားကျောင်းထဲ အမျိုးသမီးဝင်သည့်ကိစ္စ အကြမ်းဖက်မှုအထိ ဦးတည်လာ
    အိန္ဒိယတွင် ဘုရားကျောင်းထဲ အမျိုးသမီးဝင်သည့်ကိစ္စ အကြမ်းဖက်မှုအထိ ဦးတည်လာ
    ဇန်န၀ါရီ ၅၊ ၂၀၁၉
    M-Media
    ဆန္ဒပြမှု မြင်ကွင်းတစ်ခု
    – အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်က သမိုင်းဝင် Sabarimala ဟိန္ဒူဘုရားကျောင်းထဲ အမျိုးသမီးတွေ ၀င်ရောက်ဘုရားဖူးတဲ့ကိစ္စကို ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေအကြား ဖြစ်ပွားနေတဲ့ တင်းမာမှုတွေဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေအထိ ဦးတည်လာခဲ့ပါတယ်။
    ဘုရားကျောင်းမှာ နှစ်ရာချီရှိခဲ့တဲ့ ‘အမျိုးသမီးမ၀င်ရ’ အမိန့်ကို အိန္ဒိယတရားရုံးချုပ် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ဖျက်သိမ်းပေးခဲ့ပါတယ်။ အဲဒီနောက် အမျိုးသမီးတွေဟာ ဘုရားကျောင်းထဲကို ၀င်ရောက်ဘုရားဖူးဖို့ ကြိုးစားလာခဲ့ကြပြီး သဘောထားတင်းမာတဲ့ ဟိန္ဒူဘာသာဝင်တွေကလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။
    အသက် ၄၀ ကျော် အမျိုးသမီး ၂ ဦး ဘုရားကျောင်းထဲကို ၀င်ရောက်ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခု အခုတစ်ပတ်အစောပိုင်းမှာ ပေါ်ထွက်လာခဲ့ပြီးတဲ့နောက် တင်းမာမှုက ပိုမို မြင့်တက်လာပါတယ်။
    ဒီလိုဝင်ရောက်မှုကို ဆန့်ကျင်တဲ့အနေနဲ့ ဗုဒ္ဓဟူးနေ့ကစလို့ ကီရာလာပြည်နယ်တစ်ဝှမ်း ထောင်နဲ့ချီတဲ့သူတွေဟာ ချီတက်ဆန္ဒပြခဲ့ကြပြီး အုပ်စုဖွဲ့ ရိုက်နှက်တာ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိခဲ့တာကြောင့် ၃ ရက်အတွင်း အနည်းဆုံး လူ ၁ ဦး သေဆုံးကာ ၂၇၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
    အကြမ်းဖက်တိုက်ခိုက်
    ပြည်နယ်ကို အုပ်ချုပ်နေတဲ့ အာဏာရကွန်မြူနစ်ပါတီနဲ့ ဆက်နွယ်နေတဲ့ နိုင်ငံရေးသမားတစ်ဦးရဲ့အိမ်ကို အမည်မသိလူတစ်စုက ဒီကနေ့မှာ ဗုံးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
    အဲဒီနောက် နာရီပိုင်းအကြာမှာပဲ ဟိန္ဒူအမျိုးသားရေးပါတီ Bharatiya Janata Party (BJP) က နိုင်ငံရေးသမား တစ်ယောက်ရဲ့အိမ်ကို အမည်မသိသူတွေက ဗုံးခွဲတိုက်ခိုက်ခဲ့သလို၊ ဟိန္ဒူအမျိုးသားရေးဝါဒကို လှုံ့ဆော်ပေးပြီး BJP ရဲ့ အယူဝါဒရေးရာ မိခင်အဖွဲ့အစည်းလည်းဖြစ်တဲ့ Rashtriya Swayamsevak Sangh (RSS) အဖွဲ့ ရုံးခန်းတစ်ခုလည်း မီးရှို့ခံခဲ့ရပါတယ်။
    ကွန်မြူနစ်ပါတီဦးဆောင်တဲ့ ကီရာလာပြည်နယ်အစိုးရက သူတို့ဟာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို မဖြစ်ဖြစ်အောင် အကောင်အထည်ဖော်သွားမယ်လို့ ပြောကြားထားပြီး BJP နဲ့ RSS တို့က ဆုံးဖြတ်ချက်ကို ကန့်ကွက်ထားတာ ဖြစ်ပါတယ်။
    ဗုံးခွဲမှုတွေကြောင့် ထိခိုက်ဒဏ်ရာရမှု ရှိ၊ မရှိ အတိအကျ မသိရသေးပါဘူး။
    ‘အမျိုးသမီးမ၀င်ရ’ အမိန့် ဖျက်သိမ်းမှုကို မကျေတာကြောင့် ဆန္ဒပြသူတွေထဲက လူ ၃၀၀၀ လောက်ကို ဖမ်းဆီးထားပြီး အခြေအနေတွေ ပိုမဆိုးလာအောင် ဆောင်ရွက်တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
    BJP ပါတီဝင်ဖြစ်တဲ့ အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီကလည်း ဘုရားကျောင်းထဲ အမျိုးသမီးဝန်ရောက်မှုကို ဆန့်ကျင်ရေး နိုင်ငံတစ်ဝှမ်း ဆန္ဒပြဖို့ တိုက်တွန်းထားပါတယ်။
    ဟိန္ဒူဘာသာက တစ်ချို့အုပ်စုတွေဟာ အရွယ်ရောက်ပြီး အမျိုးသမီးတွေကို မသန့်ရှင်းသူတွေလို့ သတ်မှတ်ထားပြီး Sabarimala ဘုရာကျောင်းမှာ တည်ထားကိုးကွယ်တဲ့ နတ်ဘုရား Ayyappa ဟာ ကာမအမှုတွေနဲ့ ကင်းလွတ်သူဖြစ်တဲ့အတွက် အမျိုးသမီးတွေကို ၀င်ရောက်ခွင့်မပေးတာဖြစ်တယ်လို့ ဆိုပါတယ်။
    Ref: CNA
  • စစ်ပွဲအတွက် အသင့်ပြင်ထားရန် တရုတ်သမ္မတက စစ်တပ်ကို တိုက်တွန်း
    စစ်ပွဲအတွက် အသင့်ပြင်ထားရန် တရုတ်သမ္မတက စစ်တပ်ကို တိုက်တွန်း
    ဇန်န၀ါရီ ၅၊ ၂၀၁၉
    M-Media
    – တိုက်ပွဲဖြစ်လာရင် အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ထားဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်ကို တိုက်တွန်းလိုက်ပြီး တရုတ်နိုင်ငံဟာ စိန်ခေါ်မှုတွေ၊ အန္တရာယ်တွေကို တိုးမြှင့် ရင်ဆိုင်လာရတယ်လို့လည်း ပြောကြားလိုက်ပါတယ်။
    တရုတ်စစ်တပ်ကို ကွပ်ကဲတဲ့ ဗဟိုစစ်ကော်မရှင် ဥက္ကဌ ရှီကျင့်ဖျင်ဟာ ဒီကနေ့မှာ တရုတ် ထိပ်တန်း စစ်ခေါင်းဆောင်တွေနဲ့ အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။
    ရှီက မိမိတို့စစ်တပ်အနေနဲ့ ခေတ်သစ်အတွက် မဟာဗျူဟာတွေ ချမှတ်ထားရမှာ ဖြစ်ပြီး စစ်ပွဲအတွက် ပြင်ဆင်ထားဖို့ တာဝန်တွေလည်း ရှိနေပြီလို့ ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာန Xinhua က ဖော်ပြခဲ့ပါတယ်။
    “ရာစုနှစ်တစ်ခုလောက်အတွင်း ဘယ်တုန်းကမှ မမြင်ခဲ့ရတဲ့ ပြောင်းလဲမှုကြီးတွေကို လက်ရှိမှာ ကမ္ဘာကြီးက ရင်ဆိုင် ဖြတ်သန်းနေရပါတယ်။ တရုတ်နိုင်ငံကလည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟာဗျူဟာကျပြီး အရေးပါတဲ့ ကာလမှာ ရှိနေပါတယ်”
    တရုတ်နိုင်ငံဟာ ပိုင်နက်အငြင်းပွားမှုတွေရှိနေတဲ့ တောင်တရုတ်ပင်လယ်မှာ စစ်အင်အား တိုးမြှင့်ဖို့ လုပ်ဆောင်နေပြီး ကုန်သွယ်ရေး၊ ထိုင်ဝမ်ကိစ္စတွေကြောင့် အမေရိကန်နဲ့ တင်းမာမှုကလည်း မြင့်တက်လာနေပါတယ်။
    ရှီက စစ်တပ်အနေနဲ့ အရေးပေါ်အခြေအနေတွေကို လျင်လျင်မြန်မြန် တုန့်ပြန်နိုင်စွမ်း လိုအပ်တယ်လို့ ထည့်သွင်း ပြောကြားခဲ့ပြီး တပ်ဖွဲ့တွေအကြား ပူးပေါင်းဆောင်ရွက်နိုင်မှု အားကောင်းအောင် ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
    ထိုဝမ်ကိစ္စ တင်းမာမှုမြင့်တက်
    ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ ရှီက ထိုင်ဝမ်ကျွန်း တရုတ်ပြည်မကြီးထဲ ပေါင်းစည်းရေးအတွက် စစ်ရေးအပါအ၀င် နည်းလမ်းမျိုးကို စဉ်းစားထားကြောင်းနဲ့ ထိုင်ဝမ်လွတ်လပ်ရေးကို လက်မခံကြောင်း ပြောကြားခဲ့ပါတယ်။
    ထိုင်ဝမ်သမ္မတ Tsai Ing-wen က ထိုင်ဝမ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ဒီမိုကရေစီတို့ကို ကာကွယ်ပေးဖို့အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ဒီကနေ့မှာ တောင်းဆိုခဲ့ပြီး၊ ဒီလိုသာ မကာကွယ်ပေးဘူးဆိုရင် နောက်အလှည့်က တစ်ခြားနိုင်ငံတစ်နိုင်ငံ ဖြစ်လာလိမ့်မယ်လို့လည်း ထည့်သွင်းသတိပေးခဲ့ပါတယ်။
    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ထိုင်ဝမ်နိုင်ငံရဲ့ လုံခြုံရေးကို ပိုမိုအာမခံပေးမယ့် Asia Reassurance Initiative Act ဥပဒေကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
    Ref: CNA
  • အရှေ့အလယ်ပိုင်း၏ အကြီးဆုံးခရစ်ယာန်ဘုရားကျောင်းသစ် အီဂျစ်တွင် ဖွင့်လှစ်တော့မည်
    အရှေ့အလယ်ပိုင်း၏ အကြီးဆုံးခရစ်ယာန်ဘုရားကျောင်းသစ် အီဂျစ်တွင် ဖွင့်လှစ်တော့မည်
    ဇန်န၀ါရီ ၃၊ ၂၀၁၉
    M-Media
    ဇန်န၀ါရီ ၇ ရက်နေ့တွင် ဖွင့်လှစ်မည့် ခရစ်ယာန်ဘုရားကျောင်းသစ် ကွန်ပျူတာဒီဇိုင်း
    – အီဂျစ်နိုင်ငံ ကိုင်ရိုမြို့အရှေ့ပိုင်းမှာ တည်ဆောက်နေတဲ့ အုပ်ချုပ်ရေးမြို့တော်သစ်က ဗလီနဲ့ ခရစ်ယာန်ဘုရားကျောင်းသစ်တွေကို ဇန်န၀ါရီ ၇ ရက်နေ့မှာ ဖွင့်လှစ်ဖို့ ရှိနေပြီး အီဂျစ်သမ္မတ အဘ်ဒဲလ် ဖာတာ အလ်-စီစီ တက်ရောက်မှာ ဖြစ်ပါတယ်။
    Al-Fattah al-Alem Mosque ဗလီဝတ်ကျောင်းတော်နဲ့ Birth of Christ Cathedral ခရစ်ယာန်ဘုရားကျောင်းတို့ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို အရှေ့အလယ်ပိုင်းနဲ့ ကမ္ဘာတစ်ဝှမ်းက အစိုးရအကြီးအကဲတွေ တက်ရောက်ဖို့ ရှိနေပါတယ်။ Al-Fattah al-Alem ဗလီဟာ နိုင်ငံတော်ဗလီဝတ်ကျောင်းတော် ဖြစ်လာမှာ ဖြစ်ပါတယ်။
    Birth of Christ Cathedral ဘုရားကျောင်းသစ်ကို အီဂျစ်နိုင်ငံက အစ္စလာမ်ဘာသာဝင်တွေနဲ့ ကော့ပတစ်ခရစ်ယာန် ဘာသာဝင်တွေ ထည့်ဝင်တဲ့ အလှူငွေတွေနဲ့ ဆောက်လုပ်ထားတာ ဖြစ်ပြီး အရှေ့အလယ်ပိုင်းရဲ့ အကြီးဆုံး ခရစ်ယာန်ဘုရားကျောင်း ဖြစ်လာမှာပါ။
    ဘုရားကျောင်းတည်ရှိရာ ခြံဝန်းဟာ ၆၃၀၀၀ စကွဲယားမီတာရှိပြီး ပန်းခြံ၊ ဂိုဏ်းအုပ်ဘုန်းတော်ကြီး သီတင်းသုံးရာ အဆောက်အဦး၊ ဧည့်ဆောင်၊ အစည်းအဝေးခန်းနဲ့ ရုံးခန်းတွေလည်း ပါဝင်မှာဖြစ်ကာ တစ်ကြိမ်ကို လူပေါင်း ၉၀၀၀ လောက် တစ်ပြိုင်တည်း ၀တ်ပြုဆုတောင်းနိုင်မှာ ဖြစ်ပါတယ်။
    ဘုရားကျောင်းပရ၀ုဏ်အတွင်း ကော့ပတစ် ဗိသုကာလက်ရာနဲ့ တည်ဆောက်ထားတဲ့ မီးပြတိုက်နှစ်ခုလည်း ပါဝင်ပြီး မီးပြတိုက်တွေရဲ့ ထိပ်ဆုံးမှာ ခေါင်းလောင်းတွေကိုလည်း တပ်ဆင်ထားပါတယ်။
    ဇန်ဝါရီ ၆ ရက်နေ့မှာကျရောက်မယ့် ကော့ပတစ်ခရစ်ယာန်တွေရဲ့ ခရစ္စမတ်အခမ်းအနားကို အဲဒီဘုရားကျောင်းသစ်မှာ ကျင်းပသွားမယ်လို့ အီဂျစ် ကော့ပတစ်ခရစ်ယာန်အသင်တော်က ကြေငြာထားပါတယ်။
    လက်ရှိမှာ အမည်မပေးရသေးတဲ့ အုပ်ချုပ်ရေးမြို့တော်သစ် ဆောက်လုပ်မယ့်အစီအစဉ်ကို အီဂျစ်က ၂၀၁၅ ခုနှစ်မှာ ထုတ်ပြန်ကြေငြာခဲ့တာ ဖြစ်ပါတယ်။ စကွဲယားကီလိုမီတာ ၇၀၀ ကျယ်ဝန်းမယ့် အဲဒီမြို့တော်မှာ အီဂျစ်အစိုးရရုံးတွေ၊ နိုင်ငံခြား သံရုံးတွေ အပြင် လူနေအိမ်ယာတွေလည်း ပါဝင်မှာဖြစ်ကာ လူပေါင်း ၅ သန်းလောက် နေထိုင်နိုင်မှာ ဖြစ်ပါတယ်။
    Ref: Egypt Independent
  • ဂျာနယ်လစ် ကာရှိုဂျီအသတ်ခံရမှုအတွက် လူ ၁၁ ဦးကို ဆော်ဒီက ပထမဆုံး ရုံးထုတ်
    ဂျာနယ်လစ် ကာရှိုဂျီအသတ်ခံရမှုအတွက် လူ ၁၁ ဦးကို ဆော်ဒီက ပထမဆုံး ရုံးထုတ်
    ဇန်န၀ါရီ ၃၊ ၂၀၁၉
    M-Media
    – နာမည်ကြီး ဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီ အသတ်ခံရမှုနဲ့ပတ်သက်ပြီး သံသယရှိသူ ၁၁ ယောက်ကို ပထမဆုံး တရားရုံးတင်ခဲ့တယ်လို့ ဆော်ဒီနိုင်ငံပိုင်သတင်းဌာနက ဒီကနေ့မှာ ဖော်ပြခဲ့ပါတယ်။
    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်နဲ့ တော်ဝင်အသိုင်းအ၀ိုင်းကို ဝေဖန်လေ့ရှိတဲ့ ကာရှိုဂျီဟာ အောက်တိုဘာ ၂ ရက်နေ့က တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ ဆော်ဒီကောင်စစ်ဝန်ရုံးမှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
    တူရကီအစိုးရက ကာရှိုဂျီဟာ ကောင်စစ်ဝန်ရုံးထဲမှာပဲ အသတ်ခံလိုက်ရတယ်လို့ ပျောက်ဆုံးပြီး ရက်အနည်းငယ်အကြာမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကို ဆော်ဒီအစိုးရက အစောပိုင်းမှာ ငြင်းခဲ့ပေမယ့် နောက်ပိုင်းမှာ ၀န်ခံခဲ့ပြီး ကာရှိုဂျီနဲ့ ကောင်စစ်ဝန်ရုံးက ၀န်ထမ်းတွေ ထိုးကြိတ်ကျရင်း သေဆုံးခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    မြို့တော်ရီယာ့ဒ်က ဒီကနေ့ ပထမဆုံးကြားနာမှုမှာ ဆော်ဒီရှေ့နေချုပ်က သံသယရှိသူ ၁၁ ဦးထဲက ၅ ဦးကို သေဒဏ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ Saudi Press Agency သတင်းဌာနက ဖော်ပြပါတယ်။
    ဆော်ဒီအစိုးရရှေ့နေတွေရဲ့ ထုတ်ပြန်ချက်မှာ ဒီကိစ္စအတွက် သက်သေအထောက်အထားတွေ ပေးဖို့ တူရကီအစိုးရကို တောင်းဆိုထားတယ်လို့ ဖော်ပြထားပါတယ်။
    ကာရှိုဂျီ အသတ်ခံရမှုအတွက် ဆော်ဒီအစိုးရက ဖမ်းဆီးထားတဲ့ သူတွေထဲမှာ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်နဲ့ တော်တော်လေးနီးစပ်တဲ့ ထောက်လှမ်းရေးအကြီးအကဲဟောင်းလည်း ပါဝင်ပါတယ်။
    တူရကီအစိုးရက ဖမ်းဆီးထားသူတွေကို သူတို့ဆီလွှဲပေးဖို့ တောင်းဆိုခဲ့ပေမယ့် ဆော်ဒီအစိုးရက လက်မခံပါဘူး။ အခုလို ဆော်ဒီက ရုံးတင်စစ်ဆေးတာကြောင့် ပွင့်လင်းမြင်သာမှုရှိမှာ မဟုတ်ဘူးလို့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
    Ref: Aljazeera