News @ M-Media

သားဖြစ်သူ ဆေးမှုဖြင့်ဖမ်းခံရမှုတွင် မည်သည့်စွက်ဖက်မှုမှမလုပ်ဟု မလေးကာကွယ်ရေးဝန်ကြီး ပြော

ဇန်န၀ါရီ ၆၊ ၂၀၁၈
M-Media

– သားဖြစ်သူ ဆေးခြောက်သုံးစွဲမှုနဲ့ အဖမ်းခံရတဲ့ ကိစ္စကို မလေးရှား ကာကွယ်ရေးဝန်ကြီး မိုဟာမက် ဆာဘူးက အတည်ပြုခဲ့ပြီး တရားဥပဒေအတိုင်း အရေးယူမှုကို ၀င်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

မြို့တော် ကွာလာလမ်ပူ ဆင်ခြေဖုံးမှာရှိတဲ့ ကလပ်တွေကို ဒီဇင်ဘာ ၅ ရက်နေ့ သန်းခေါင်ယံအချိန် ရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းမှုအတွင်း လူပေါင်း ၁၀၁ ဦးကို မူးယစ်ဆေးသုံးစွဲမှု ရှိမရှိ စစ်ဆေးခဲ့ရာမှာ ၀န်ကြီးရဲ့ အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ သားအပါအ၀င် လူ ၂ ဦး ဆေးခြောက်သုံးစွဲကြောင်း တွေ့ရှိခဲ့ရပါတယ်။

မိုဟာမက် ဆာဘူးကတော့ ဥပဒေအတိုင်းဆောင်ရွက်မှုအတွက် မိမိအနေနဲ့ ဘာမှ ၀င်စွက်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

“သား ဖမ်းဆီးခံရတယ်ဆိုတဲ့သတင်း ကြားပြီးတဲ့နောက် ကျွန်တော်နဲ့ မိသားစုဟာ ဒီကိစ္စနဲ့ ကင်းကင်းရှင်းရှင်းနေပြီး ဥပဒေအရ အာဏာပိုင်တွေ တိတိကျကျ အရေးယူမှုကို လက်ခံမှာ ဖြစ်ပါတယ်။ အခြားသော ကလေးတွေလိုပဲ ကျွန်တော့်သားကလည်း တိုင်းပြည်ရဲ့ တရားဥပဒေအောက်မှာ အကြုံးဝင်ပါတယ်”

မိုဟာမက် ဆာဘူးရဲ့သားကို ရဲတပ်ဖွဲ့က အာမခံနဲ့ နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပြီး၊ ဒဏ်ငွေ ရင်းဂစ် ၅၀၀၀ အထိ၊ ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်မယ့် မူးယစ်တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုထားပါတယ်။

ဝန်ကြီးကတော့ သားဖြစ်သူ ဖမ်းဆီးခံရမှုဟာ မိမိအတွက် ခက်ခဲတဲ့အခိုက်အတံ့ ဖြစ်တယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

“သားမှာ အပြစ်ရှိလား၊ မရှိဘူးလားဆိုတာကို ဖခင်တစ်ယောက်အနေနဲ့ ကျွန်တော် သိချင်တယ်။ အပြစ်ရှိတယ်ဆိုရင်တော့ ဥပဒေအတိုင်း လုပ်ရမှာပါ။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဆိုတဲ့ စည်းကမ်းကို ကျွန်တော် လိုက်နာသလို၊ တရားရုံးက အပြစ်ရှိကြောင်း မဆုံးဖြတ်သေးသမျှ လူတိုင်းဟာ အပြစ်မရှိဘူးဆိုတဲ့ မူကိုလည်း ကိုင်စွဲထားပါတယ်။ ဥပဒေသည်ပထမ၊ ကျွန်တော်ရဲ့ ခံစားချက်က ဒုတိယပါ”

Ref: Malaysia Kini