News @ M-Media

Blog

  • ဆော်ဒီရှိ မြင့်မြတ်သော ဗလီများတွင် မသန်စွမ်းသူများ အဆင်ပြေစေရန် ပိုမိုဆောင်ရွက်ပေးထား

    ဆော်ဒီရှိ မြင့်မြတ်သော ဗလီများတွင် မသန်စွမ်းသူများ အဆင်ပြေစေရန် ပိုမိုဆောင်ရွက်ပေးထား

    ဒီဇင်ဘာ ၁၆၊ ၂၀၁၈
    M-Media

    – မက္ကာနဲ့ မဒီနာကို ဟဂ်ျ၊ အွမ္မရာဟ် ဘုရားဖူးခရီး လာရောက်ကြတဲ့ မသန်စွမ်းသူတွေ လွယ်ကူစေဖို့အတွက် လက်ဟန်ဘာသာစကားနဲ့ လမ်းညွှန်တဲ့သူတွေ၊ မျက်မမြင်တွေဖတ်လို့ရမယ့် ကုရ်အာန်စာအုပ်တွေ အပါအ၀င် အခြား ၀န်ဆောင်မှုအသစ်တွေကို ဆော်ဒီအာဏာပိုင်တွေက ဆောင်ရွက်ပေးထားပါတယ်။

    မြင့်မြတ်တဲ့ ဗလီဝတ်ကျောင်းတော်နှစ်ခု ဆိုင်ရာ အထွေထွေအုပ်ချုပ်မှုဌာနရဲ့ တာဝန်ရှိသူ အဟ်မဒ် အလ် ဘူရ်ကာတီက မသန်စွမ်းသူတွေဟာ ထူးခြားတဲ့ အစွမ်းအစရှိကြသူတွေဖြစ်ပြီး၊ ဘုရားဖူးကာလတွေမှာ သူတို့တွေအတွက် လွယ်ကူအဆင်ပြေစေမယ့် နည်းလမ်းတွေကို ဖန်တီးပေးထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    အဲဒီလို ဆောင်ရွက်ပေးထားမှုတွေထဲမှာ ကုန်အာန်ကျမ်းတော်မြတ်ကို ထောက်လိုက်တာနဲ့ အသံထွက်မယ့် စမတ်ဘောပင်၊ စာအုပ်မကိုင်နိုင်သူတွေအတွက် အဆင်ပြေစေမယ့် ရွေ့လျား စာအုပ်တင်စင် ထားပေးထားတာတွေလည်း ပါဝင်ပါတယ်။ မျက်မမြင်တွေ လက်နဲ့ထောက် ဖတ်ရှုနိုင်မယ့် ကုရ်အာန်ကျမ်းတော်မြတ်၊ အခြား ဘာသာရေး စာအုပ်စာပေတွေကို ထားရှိပေးထားပြီး မသန်စွမ်းသူတွေကို ၀တ်ပြုချိန်နဲ့ အခြားကိစ္စတွေမှာလည်း ကူညီလမ်းညွှန်ပေးနိုင်မယ့် သီးသန့်ဝန်ထမ်းတွေကိုလည်း မက္ကာနဲ့ မဒီနာက မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော်တွေမှာ ထားရှိပေးထားပါတယ်။

    အလ် ဘူရ်ကာတီက မသန်စွမ်းသူတွေ ၀တ်ပြုရာနေရာကို အလွယ်တကူ ၀င်ရောက်နိုင်ရေးအတွက် သီးသန့်ဝင်ပေါက်တွေ ထားရှိပေးထားတယ်လို့ ဆိုပါတယ်။

    အွမ္မရာဟ်ဘုရားဖူးခရီး လာရောက်တဲ့ အီဂျစ်နိုင်ငံသား အဟ်မဒ် ဘာဒါဝီက မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်မှာ ဒီလို ၀န်ဆောင်မှုမျိုး ရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

    မသန်စွမ်းသူတွေအတွက် ဘီးတပ်ကုလားထိုင်တွေ၊ မျက်မမြင်တွေသုံးနိုင်မယ့် လမ်းညွှန်တုတ်တွေကိုလည်း မြင့်မြတ်ရာနေရာတွေမှာ ထားရှိပေးထားပါတယ်။

    Ref: Arab News

  • တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    ဒီဇင်ဘာ ၁၆၊ ၂၀၁၈
    M-Media

    ငွေကြေး မသမာမှုဖြင့် စစ်ဆေးခံနေရသည့် မော်လ်ဒိုက်သမ္မတဟောင်း ယာမင်

    ကက်ရှ်မီးယားဒေသတွင် အစိုးရတပ်နှင့် သူပုန်များ တိုက်ပွဲဖြစ်
    ===================
    အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသ ပူလ်ဝါမာရွာမှာ မနေ့က သူပုန်တွေကို အစိုးရတပ်ဖွဲ့တွေရဲ့ ရှာဖွေမှုအတွင်း အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် အရပ်သား ၇ ဦး၊ သူပုန် ၃ ဦးနဲ့ အိန္ဒိယစစ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။ ရွာသားတွေစုပြီး တိုက်ခိုက်မှု ဖြစ်ပွားတဲ့နေရာကို လာရောက်ကြည့်ရှုစဉ် အိန္ဒိယစစ်သားတွေက ပစ်ခတ်ခဲ့တာကြောင့် အရပ်သားတွေ သေဆုံးတာဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ အိန္ဒိယစစ်တပ်က လူအုပ်ကြီးဟာ ရန်ပြုမယ့်အန္တရာယ် ရှိတာကြောင့် ပစ်ခတ်ရတာဖြစ်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန် ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသမှာ အခုနှစ်အတွင်း တိုက်ခိုက်မှုတွေ ခပ်စိတ်စိတ် ဖြစ်ပွားခဲ့တာကြောင့် အရပ်သား ၁၄၆ ဦးအပါအ၀င် လူ ၅၀၀ ကျော် သေဆုံးခဲ့ပါတယ်။

    မြို့တော်ပဲရစ်တွင် ပြင်သစ်ပြည်သူများ ၅ ပတ်မြောက်အဖြစ် ဆန္ဒပြ
    =====================
    အစိုးရရဲ့ အခွန်တိုးမြှင့်မှု၊ လူနေမှုစားရိတ် မြင့်တက်လာမှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ ပြင်သူပြည်သူတွေဟာ မနေ့က မြို့တော်ပဲရစ်မှာ ၅ ပတ်မြောက်အဖြစ် ဆန္ဒပြခဲ့ကြပြီး လူ ၇ သောင်းနီးပါး ပါဝင်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေ၊ ငရုပ်ကောင်းစပရေးတွေ အသုံးပြုကာ လူစုခွဲခဲ့ကြပြီး နှစ်ဖက် ရုန်းရင်းဆန်ခတ်မှုတွေလည်း ဖြစ်ခဲ့ပါတယ်။ မနေ့က ဆန္ဒပြသူပေါင်း ၁၀၀ ကျော် ဖမ်းဆီးခဲ့တယ်လို့ ပဲရစ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ပြင်သစ်ပြည်သူတွေဟာ အပတ်စဉ်ဆန္ဒပြလတာ ၅ ပတ်မြောက် ရှိလာပြီဖြစ်ပြီး အခုတစ်ပတ်မှာ ဆန္ဒပြသူအရေအတွက်ဟာ ပြီးခဲ့တဲ့တစ်ပတ်ကထက် ထက်ဝက်လောက် ကျဆင်းသွားပါတယ်။ ပြင်သစ်သမ္မတ အီမန်နျူယဲလ်မာခရွန်က ဆန္ဒပြမှုတွေ ရပ်တန့်သွားရေး ကြိုးစားနေပေမယ့် အောင်မြင်မှု မရသေးပါဘူး။

    မော်လ်ဒိုက်သမ္မတဟောင်း ငွေကြေးမသမာမှုဖြင့် စစ်ဆေးခံနေရ
    =================
    အာဏာရှိစဉ်မှာ ငွေကြေး မသမာမှုတွေ လုပ်ခဲ့တယ်ဆိုတဲ့စွဲချက်နဲ့ မော်လ်ဒိုက်ရဲတပ်ဖွဲ့က သမ္မဟောင်း အဘ်ဒူလာယာမင်ကို မနေ့က ဆင့်ခေါ် စစ်ဆေးခဲ့ပါတယ်။ ယာမင်ဟာ အောက်တိုဘာလ ရွေးကောက်ပွဲမှာ ရှုံးခဲ့သူပါ။ ရွေးကောက်ပွဲမတိုင်ခင် သူ့ရဲ့ဘဏ်စာရင်းထဲကို မော်ဒိုက် ရူဖီယာ ၂၂ သန်း (ကန်ဒေါ်လာ ၁.၅ သန်း) ၀င်လာမှုနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့က မေးမြန်းခဲ့တာဖြစ်ပြီး မိမိအနေနဲ့ ငွေကြေးခ၀ါချမှု၊ မူးယစ်ဆေးပြဿနာတွေမှာ ပါဝင်မှုမရှိဘူးလို့ ယာမင်က ပြောကြားခဲ့ပါတယ်။ ဒီလို ငွေကြေး ၀င်လာမှုဟာ နိုင်ငံရဲ့ ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်တာဖြစ်တယ်ဆိုပြီး မော်လ်ဒိုက် ခြစားမှုတိုက်ဖျက်ရေး အေဂျင်စီက စက်တင်ဘာလမှာ စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့ပါတယ်။ တရားရုံးကလည်း ယာမင်ရဲ့ ဘဏ်စာရင်းတွေကို ငွေ အသွင်းအထုတ် မပြုလုပ်နိုင်အောင် ပိတ်ပင်ထားပါတယ်။

    ခြစားမှုတိုက်ဖျက်ရေး အောင်မြင်မှုကြီးကြီးမားမား ရခဲ့သည်ဟု တရုတ်သမ္မတပြော
    =======================
    တရုတ်ကွန်မြူနစ်ပါတီအတွင်း ခြစားမှုတိုက်ဖျက်ရေးလုပ်ငန်းမှာ အောင်မြင်မှု ကြီးကြီးမားမား ရခဲ့တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က သောကြာနေ့ ပါတီပေါ်လစ်ဗျူရို အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။ ရှီကျင့်ဖျင်ဟာ သမ္မတဖြစ်ပြီးနောက်ပိုင်း ကွန်မြူနစ်ပါတီတစ်ခုလုံးမှာ ခြစားမှုတိုက်ဖျက်ရေးကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ရှီရဲ့ ခြစားမှုတိုက်ဖျက်ရေးအဖွဲ့ဟာ အခုနှစ် ပထမ ၉ လအတွင်း အမှုပေါင်း ၄၆၄၀၀၀ ကို ကိုင်တွယ်ခဲ့ပြီး လူပေါင်း ၄၀၆၀၀၀ ဦးကို အရေးယူခဲ့ပါတယ်။ သောကြာနေ့ ပေါ်လစ်ဗျူရို အစည်းအဝေးမှာ ရှီက ဖုံးကွယ်နေတဲ့ ခြစားမှုတွေကို ဆက်လက်ဖော်ထုတ်သွားမှာဖြစ်ပြီး ပါတီဝင်တွေနဲ့ အစိုးရ လုပ်သားတွေကို
    စောင့်ကြည့်ရေး နည်းလမ်းကိုလည်း ခေတ်မီအောင် ပြုလုပ်သွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: CNA

  • အိန္ဒိယရှိ ဘုရားပွဲတစ်ခုတွင် အစာအဆိပ်သင့်မှုကြောင့် လူ ၁၁ ဦး သေဆုံး

    အိန္ဒိယရှိ ဘုရားပွဲတစ်ခုတွင် အစာအဆိပ်သင့်မှုကြောင့် လူ ၁၁ ဦး သေဆုံး

    ဒီဇင်ဘာ ၁၅၊ ၂၀၁၈
    M-Media

    – အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်း မြို့တစ်မြို့က ဟိန္ဒူဘုရားပွဲမှာ အစာအဆိပ်သင့်မှုကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ပြီး ၉၀ ကျော်လောက် ဆေးရုံတင်ထားရပါတယ်။

    ကာရ်နာတာကာပြည်နယ် မိုင်ဆိုရီးမြို့ Kicchukatti Maramma ဘုရားပွဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘုရားကျောင်းကကျွေးတဲ့ အန္တရာယ်ကင်းထမင်းကို စားမိရာကနေ အစာအဆိပ်သင့်ကာ ဆေးရုံတင်ထားရတဲ့ လူ ၉၀ မှာ ၂၉ ဦးက စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

    “အဆိပ်ရှိတဲ့အရာတစ်ချို့ ထမင်းနဲ့ရောသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ထမင်းနမူနာကို မှုခင်းဆေးအဖွဲ့ဆီပို့ပြီး စစ်ဆေးခိုင်းထားပါတယ်” လို့ ခရိုင်တာဝန်ရှိသူ ကေ အိခ်ျ ပရာဆဒ်က ပြောကြားခဲ့ပါတယ်။

    ထမင်းစားသူတွေဟာ ပျို့အန်တာ၊ ၀မ်းလျှောတာနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ကြုံတွေ့ခဲ့ရပါတယ်။

    ပြည်နယ်ဝန်ကြီးချုပ်က ဒီအဖြစ်အပျက်အတွက် ၀မ်းနည်းကြောင်း ပြောကြားခဲ့ပြီး ထိခိုက်ခံစားရတဲ့ မိသားစုတစ်ခုစီကို ရူပီး ၅ သိန်း (ကန်ဒေါ်လာ ၇၀၀၀ ခန့်) ထောက်ပံ့သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    အိန္ဒိယက ဘာသာရေးပွဲတော်တွေမှာ လူတွေအလွန်များပြီး စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့် မကြာခဏဆိုသလို မတော်တဆမှုတွေ ဖြစ်ပွားလေ့ ရှိပါတယ်။

    ပြီးခဲ့တဲ့နှစ် အနောက် ဘန်ဂေါလ်ပြည်နယ်က ဘုရားပွဲတစ်ခုမှာ လူစုပြုံတိုးဝှေ့မှုကြောင့် အမျိုးသမီး ၆ ဦး သေဆုံးခဲ့ပြီး ၂၀၁၆ ခုနှစ် အူတာပရာဒက်ရှ်ပြည်နယ်က ဘုရားပွဲမှာလည်း အဲဒီလို လူ စုပြုံတိုးဝှေ့မှုကြောင့် ၂၄ ဦး သေဆုံးခဲ့ပါတယ်။

    Ref: Khaleej Times

  • IMF နှင့် World Bank တို့၏ မြန်မာ့စီးပွားရေးတိုးတက်မှုခန့်မှန်းချက် အနည်းငယ် ကျဆင်း

    IMF နှင့် World Bank တို့၏ မြန်မာ့စီးပွားရေးတိုးတက်မှုခန့်မှန်းချက် အနည်းငယ် ကျဆင်း

    ဒီဇင်ဘာ ၁၅၊ ၂၀၁၈
    M-Media

    – ၂၀၁၈-၂၀၁၉ ခုနှစ် မြန်မာနိုင်ငံရဲ့ GDP တိုးတက်မှုအတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF နဲ့ ကမ္ဘာ့ဘဏ် World Bank တို့ရဲ့ ခန့်မှန်းချက်ဟာ ကျဆင်းသွားခဲ့ပြီး အစိုးရအနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်ဖို့၊ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုစွဲဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

    IMF က မြန်မာနိုင်ငံရဲ့ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် GDP တိုးတက်မှုနှုန်းဟာ ၆.၄ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းခဲ့ပြီး ၂၀၁၇-၁၈ GDP ခန့်မှန်းချက် ၆.၈ ရာခိုင်နှုန်းထက် ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ World Bank ကလည်း ၂၀၁၈-၁၉ မှာ မြန်မာနိုင်ငံရဲ့ ဂျီဒီပီဟာ ၆.၂ ရာခိုင်နှုန်းသာ တိုးတက်လိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။

    ဒီခန့်မှန်းချက်တွေဟာ အခုနှစ်အစောပိုင်းက ခန့်မှန်းချက်တွေထက် ပိုမို ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

    ဒီလို ခန့်မှန်းချက် လျော့ကျသွားရတဲ့ အကြောင်းအရင်းတွေထဲမှာ ကမ္ဘာ့စီးပွားရေး အခြေအနေမဟန်တာ၊ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ လျော့ကျသွားတာ၊
    ဈေးနှုန်းတွေ ကြီးမြင့်လာတာ၊ ၀ယ်ယူသုံးစွမှုအား ကျဆင်းတာတွေလည်း ပါဝင်ပါတယ်။

    IMF နဲ့ World Bank တို့က မြန်မာအစိုးအနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို ဆက်လက်လုပ်ဆောင်ဖို့၊ အခြေခံအဆောက်အဦးတွေ၊ ကျန်းမာရေးနဲ့ ပညာရေးတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုလုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    “ဘက်ဂျက်ကို ထိထိရောက်ရောက်အသုံးချပြီး၊ အကျိုးအမြတ် များများရအောင်ရှာမယ်။ အခြေခံအဆောက်အဦးပိုင်းနဲ့ လူသားအရင်းအမြစ်ပိုင်းကို မြှင့်တင်ပြီး ရင်းနှီးမြှပ်နှံမှု ပိုများများနဲ့ ပြုပြင်ပြောင်းလဲမှု ဒုတိယလှိုင်းကို အကောင်အထည်ဖော်နိုင်မှ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုဟာ ဆက်လက် ကောင်းမွန်မှာဖြစ်ပါတယ်” လို့ နိုဝင်ဘာ ၂၈ ရက်နေ့က ဒီဇင်ဘာ ၁၃ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက် လေ့လာခဲ့တဲ့ IMF အဖွဲ့ခေါင်းဆောင် မစ္စတာ ရှာနာကာ ဂျေ ပီရစ်က ပြောကြားခဲ့ပါတယ်။

    ရခိုင်ပြည်နယ်က ရှည်ကြာနေတဲ့ ပြဿနာနဲ့ ကုန်သွယ်မှု အခွင့်ရေးတွေ နည်းသွားတာက ငွေကြေးထောက်ပံ့မယ့်သူတွေ၊ ရင်းနှီးမြှုပ်နှံမှုသူတွေကို လျှော့ကျစေတာကြောင့် စီးပွားရေးတိုးတက်မှု နှောင့်နှေးတာ၊ အလုပ်လက်မဲ့ဖြစ်တာတွေကို ဦးတည်သွားစေတယ်လို့လည် သူက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    World Bank က ကြာသာပတေးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ Myanmar Economic Monitor အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး မတည်ငြိမ်မှု၊ ကျပ်ငွေ ငွေကြေးဖောင်းပွမှုဟာ သြဂုတ်လမှာ ၂ နှစ်အတွင်း အမြင့်ဆုံး ရောက်သွားမှုတွေကို ထောက်ပြထားပြီး၊ အစိုးရရဲ့ ဘက်ဂျက်နည်းပါးမှုကလည်း နိုင်ငံစီးပွားရေး နှောင့်နှေးရတဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲ ရှိနေတဲ့အချိန် အစိုးရရဲ့ ငွေကြေးသုံးစွဲမှု မြင့်တက်ဖို့ ရှိနေတာက ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း လို အစိုးရက မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ ဆောင်ရွက်ချက်တွေ၊ တရုတ်ရဲ့ Belt and Road စီမံကိန်းအောက်က စီမံကိန်းတွေကြောင့်လည်း ၂၀၁၉ ခုနှစ် အလယ်ပိုင်းမှာ GDP တိုးတက်လာလိမ့်မယ်လို့ World Bank က ဆိုပါတယ်။

    Ref: Frontier Myanmar

  • ဘီဘီစီ၏ အာဖရိက အကောင်းဆုံးဘောလုံးသမားဆုကို မိုဟာမက် ဆာလာဟ် ၂ ကြိမ်ဆက် ရရှိ

    ဘီဘီစီ၏ အာဖရိက အကောင်းဆုံးဘောလုံးသမားဆုကို မိုဟာမက် ဆာလာဟ် ၂ ကြိမ်ဆက် ရရှိ

    ဒီဇင်ဘာ ၁၅၊ ၂၀၁၈
    M-Media

    – BBC က ရွေးချယ်တဲ့ တစ်နှစ်တာ အာဖရိက အကောင်းဆုံး ဘောလုံးသမားဆုကို လီဗာပူးလ်အသင်းရဲ့ အီဂျစ်လက်ရွေးစင် တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်က ရရှိခဲ့ပါတယ်။

    အသက် ၂၆ နှစ်အရွယ် ဆာလာဟ်ဟာ မဒ်ဟီ ဘီနာတီယာ၊ ကာလီဒူ ကူလီဘလီ၊ ဆာဒီယိုမာနေးနဲ့ သောမတ်စ် ပါတေးတို့ကို ကျော်ဖြတ် ရရှိခဲ့တာဖြစ်ပြီး၊ ၂ နှစ်ဆက်တိုက် ဆွတ်ခူးခဲ့တာလည်း ဖြစ်ပါတယ်။

    “ဒီနှစ်မှာ ထပ်ရတဲ့အတွက် တော်တော်လေး ပျော်ရွှင်မိပါတယ်။ နောက်နှစ်လည်း ဒီလိုပဲ ဆက်ရချင်ပါတယ်” လို့ ဆာလာဟ်က ပြောကြားခဲ့ပါတယ်။

    ဆာလာဟ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖိုင်နယ်ကို ရောက်ရှိခဲ့တဲ့ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲပေါင်းစုံ ၄၄ ဂိုး သွင်းပေးခဲ့သလို၊ ၂၀၁၈ ခုနှစ်
    ကမ္ဘာဖလားမှာလည်း အီဂျစ်အသင်းအတွက် ၂ ဂိုး သွင်းပေးခဲ့ပါတယ်။

    “၂၀၁၈ ခုနှစ်မှ အချိန်ကောင်းတွေ တော်တော်များများ ရရှိခဲ့ပါတယ်။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ရိုးမားနဲ့ ပထမအကျော့ပွဲဟာ မယုံနိုင်စရာပါပဲ။ ကျွန်တော် ဂိုးတွေသွင်းပြီး အမှတ်ပေးဇယားမှာ ထိပ်ဆုံးနားရောက်အောင် အသင်းကို ကူညီပေးနိုင်ခဲ့တယ်။ တော်တော်လေးကို ပျော်ရွှင်စရာ ကောင်းပါတယ်” လို့ ဆာလာဟ်က ပြောပါတယ်။

    ၂၀၁၉ ခုနှစ်မှာတော့ အသင်းနဲ့အတူ ဆုတံဆိပ်တစ်ခုခုရချင်ပြီး အားလုံး စိတ်အားထက်သန်နေကြတယ်လို့လည်း ဆိုပါတယ်။ အခုနှစ် ဘီဘီစီရဲ့ အာဖရိကအကောင်းဆုံး ဘောလုံးသမားဆု ရွေးချယ်မှုမှာ မဲပေးသူ ၆ သိန်း ၅ သောင်းလောက် ရရှိခဲ့ပြီး ဒီဆုအတွက် စံချိန်တင်အရေအတွက်လည်း ဖြစ်ပါတယ်။

    နိုက်ဂျီရီးယားကစားသမား ဂျေဂျေအိုကိုချာနောက်ပိုင်း ဆာလာဟ်ဟာ ဒီဆုကို ၂ ကြိမ်ဆက်ရတဲ့ ပထမဆုံး ကစားသမားလည်း  ဖြစ်ပါတယ်။

    Ref: BBC