News @ M-Media

Blog

  • ပါကစ္စတန်သမိုင်းတွင် အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှု ဆော်ဒီပြုလုပ်မည်

    ပါကစ္စတန်သမိုင်းတွင် အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှု ဆော်ဒီပြုလုပ်မည်

    ဒီဇင်ဘာ ၁၃၊ ၂၀၁၈
    M-Media

    – ဆော်ဒီက မိမိတို့နိုင်ငံမှာ ပြုလုပ်ဖို့ အဆိုပြုထားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ နိုင်ငံသမိုင်းမှာ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်လာလိမ့်မယ်လို့ ပါကစ္စတန်စီးပွားရေးဝန်ကြီး အာဆဒ် အူမာရ်က မနေ့မှာ ပြောကြားလိုက်ပါတယ်။

    မနေ့က မြို့တော် အစ္စလာမ်မာဘတ်မှာပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ ၀န်ကြီးက ဒီလိုပြောကြားလိုက်တာဖြစ်ပြီး အသေးစိတ်ကို မကြာခင် ထုတ်ပြန်ကြေငြာသွားမယ်လို့လည်း ဆိုပါတယ်။

    “လက်ခံ၊ လက်မခံက ကျွန်တော်တို့ရဲ့သဘောထားပါ။ နောက်တစ်ပတ် အစိုးရအဖွဲ့ အစည်းအဝေးမှာ အတည်ပြုဖို့ ရှိပါတယ်။ အဲဒီနောက် ကြေငြာချက် ထုတ်ပြန်သွားမှာပါ”

    ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ဒီကိစ္စကို အမြန်ဆုံးဆောင်ရွက်ဖို့အတွက် အခြားသူတွေထံကနေ သူ့ကို တိုက်တွန်းနေတယ်လို့လည်း အူမာရ်က ပြောကြားခဲ့ပါတယ်။

    ပါကစ္စတန်ဟာ လက်ရှိမှာ အကြွေးပြဿနာနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ကနေ ချေးငွေယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

    ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းဟာ အာဏာရပြီးတဲ့နောက်ပိုင်း ဆော်ဒီအာရေဗျကို နှစ်ကြိမ်တိုင်တိုင် သွားရောက်ခဲ့ပြီး ငွေရေးကြေးရေးကိစ္စတွေ၊ စီးပွားရး ပူးပေါင်းဆောင်ရွက်မှုကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

    Ref: Dawn

  • ဟာဘီဘွရ်ရဟ်မန် (သို့) အမှောင်လောကမှာ အလင်းပေးနေသည့် မွတ်စလင်တရားဟောဆရာ

    ဟာဘီဘွရ်ရဟ်မန် (သို့) အမှောင်လောကမှာ အလင်းပေးနေသည့် မွတ်စလင်တရားဟောဆရာ

    ဒီဇင်ဘာ ၁၃၊ ၂၀၁၈
    M-Media

    ဟာဘီဘွရ်ရဟ်မန် တရားဟောနေစဉ်

    – မစ်ဖ်သာအင် အန်အမ် မောင်လာနာ ဟာဘီဘွရ်ရဟ်မန်ဟာ သာမန် တရားဟောဆရာတစ်ယောက် မဟုတ်ပါဘူး။

    သံပုရာခြမ်းဦးထုတ်အစား သူဟာ ၁၉၈၀ ပြည့်နှစ်တွေက ခေတ်စားခဲ့တဲ့ ဂျာဗားရိုးရာခေါင်းပေါင်းကို ၀တ်ဆင်ထားပါတယ်။ သူရဲ့ တရားဟောကြားမှုတွေဟာ ဗလီတွေမှာမဟုတ်ဘဲ နိုက်ကလပ်တွေမှာ ဖြစ်ပါတယ်။

    ကမ္ဘာ အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ အင်ဒိုနီးရှားနိုင်ငံမှာ မကောင်းမှုဒုစရိုက်တွေအပေါ် သည်းမခံနိုင်မှု မြင့်တက်လာတဲ့အချိန် ဟာဘီဘွရ်ရဟ်မန်က သူဟာ ကလပ်တွေ၊ ဘားတွေမှာ အလုပ်လုပ်နေတာကြောင့် ပတ်ဝန်းကျင်အသုံးအ၀ိုင်းရဲ့ နှာခေါင်းရှုတ်မှုကို ခံနေရသူတွေရဲ့ ဘာသာသာသနာကို ဆက်လက်ရှင်သန်အောင် လုပ်ပေးနေတာဖြစ်တယ်လို့ ပြောပါတယ်။

    “နိဗ္ဗာန်တို့၊ ငရဲတို့အကြောင်းကို ကျွန်တော် သိပ်မပြောဘူးဗျ။ ဒါတွေက သူတို့ သိပြီးသားတွေလေ။ ဘ၀ရဲ့တောင်းဆိုမှု၊ အလုပ်လိုအပ်ချက်၊ ဘ၀ရှင်သန်ဖို့ လိုအပ်မှုတွေက သူတို့ကို ဒီအလုပ်တွေထဲ တွန်းပို့ကြတယ်။ သူတို့ကို ကောင်းတယ်ဆိုးတယ်လို့ ဝေဖန်ပိုင်းခြားခွင့် ကျွန်တော့်မှာမရှိဘူး။ ဘယ်လိုဘ၀ရောက်ရောက် သူတို့ ဘုရားသခင်ကို မေ့မသွားဖို့ ကျွန်တော် ဒီမှာ လာပြီး ကူညီပေးနေတာ”

    ဟာဘီဘွရ်ရဟ်မန်ဟာ ယိုဂျာကားတားမှာ အစ္စလာမ့် ဓမ္မသင်တန်းကျောင်းတစ်ခုကိုလည်း ဖွင့်လှစ်ထားပါတယ်။ ကလပ်တွေနဲ့ အမှောင်လောကတွေမှာ ဒီလိုတရားသွားဟောတာဟာ အစ္စလာမ်သာသနာကို စော်ကားမှုဖြစ်တယ်လို့ ရှေးရိုးစွဲအုပ်စုတွေက ဝေဖန်ကြပါတယ်။

    ပြီးခဲ့တဲ့နှစ်တွေအတွင်း အင်ဒိုနီးရှားနိုင်ငံမှာ ဘားတွေ၊ ကလပ်တွေကို သဘောထားတင်းမာတဲ့ အစ္စလာမ့်မစ်အုပ်စုတွေက ၀င်ရောက်စီးနင်းတာ၊ လိင်လုပ်သားတွေ၊ ဖျော်ဖြေရေးလုပ်ငန်းတွေမှာ အလုပ်လုပ်တဲ့ လိင်တူချစ်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ မြင့်တက်လာခ့ပါတယ်။

    မစ်ဖ်သာအင် အန်အမ် မောင်လာနာ ဟာဘီဘွရ်ရဟ်မန်

    အင်ဒိုနီးရှားဟာ ကမ္ဘာမှာ အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ နိုင်ငံဖြစ်ပြီး ဗုဒ္ဓဘာသာဝင်၊ ခရစ်ယာန်ဘာသာဝင်နဲ့ အခြား ဘာသာရေးလူနည်းစုတွေလည်း အတိုင်းအတာတစ်ခုအထိ ရှိနေပါတယ်။ ဒါပေမယ့် အစ္စလာမ်သာသနာကို သဘောထားတင်းမာတဲ့ပုံစံ ကျင့်သုံးမှုတွေကြောင့် ဘာသာရေးမစွက်တဲ့ အင်ဒိုနီးရှားမှာ သည်းခံနိုင်စွမ်း လျော့ကျလာသလားဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။

    ဂျကာတာရဲ့ မြို့တော်ဝန်ဟောင်းဖြစ်တဲ့ တရုတ်လူမျိုး ခရစ်ယာန်ဘာသာဝင်ဟာ သူ့ရဲ့ မိန့်ခွန်းမှာ အစ္စလာမ်ဘာသာကို စော်ကားတဲ့ စကားတွေ ပြေဆိုတယ်လို့ စွပ်စွဲခံရပြီး ပြီးခဲ့တဲ့နှစ်မှာ သာသနာညှိုးနွမ်းစေမှုနဲ့ ထောင်ချခံခဲ့ရပါတယ်။

    ဗလီက ၀တ်ပြုဖို့ နှိုးဆော်တဲ့အသံဟာ ကျယ်လွန်းတယ်လို့ ဝေဖန်တဲ့ တရုတ်ဗုဒ္ဓဘာသာ အမျိုးသမီးတစ်ဦးကိုလည်း သဘောထားတင်းမာတဲ့အုပ်စုတွေက သာသနာစော်ကားတယ်လို့ စွပ်စွဲခဲ့ပြီးတဲ့နောက် သြဂုတ်လမှာ ထောင်ဒဏ် ၁၈ လ ချမှတ်ခံခဲ့ရပါတယ်။

    ဟာဘီဘွရ်ရဟ်မန်အနေနဲ့ တရားဟောာကြာမှုနဲ့ပတ်သက်ပြီး သတ်မှတ်ထားတဲ့ စည်းမျဉ်းဥပဒေတွေကို လိုက်နာဖို့ လိုအပ်တယ်လို့ အင်ဒိုနီးရှား အစ္စလာမ်သာသနာ့ပညာရှင်များကောင်စီ အဖွဲ့ဝင်တွေက ပြောကြားကြောင်း အင်ဒိုနီးရှားမီဒီယာတွေက ဖော်ပြကြပါတယ်။

    Boshe VVIP နိုက်ကလပ်က မန်နေဂျာဖြစ်သူ ယူဒစ် စတီဗန်နီက နိုက်ကလပ်ဟာ တရားဟောဖို့ မသင့်တော်ဘူးဆိုတဲ့ ပြောကြားမှုတွေကို လက်မခံဘူးလို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်မအမြင်ကတော့ ဒါဟာ နေရာတစ်ခုပါပဲ။ အသိပညာပေးတယ်ဆိုတာကို ဘယ်နေရမှာမဆို လုပ်လို့ရပါတယ်”

    တစ်နာရီခွဲကြာမြင့်တဲ့ တရားကို နားထောင်ခဲ့တဲ့ နိုက်ကလပ် အလုပ်သမားတွေက သူတို့အနေနဲ့ ဟာဘီဘရ်ရဟ်မန်ရဲ့ အာဝဇ္ဇန်းရွှင်မှုကို ကြိုက်နှစ်သက်တယ်လို့ ဆိုပါတယ်။

    “ကျွန်မတို့ ဒီလိုအလုပ်မျိုး လုပ်နေပေမယ့် ကျွန်မတို့မှာ ဘာသာတရားရှိတယ်။ ကောင်းတာတွေကိုပဲ ကျွန်မတို့ လုပ်ချင်ပါတယ်” လို့ အသက် ၂၇ နှစ်အရွယ် ၀န်ထမ်းအမျိုးသမီးက ပြောကြားခဲ့ပါတယ်။

    အခြားအခန်းတစ်ခုမှာ အသက် ၂၅ နှစ်အရွယ် စားပွဲထိုးတစ်ယောက်ဟာ ပုဝါဆောင်းပြီး ဘုရားဝတ်ပြုနေပါတယ်။ ဟဘီဘွရ်ရဟ်မန်ရဲ့ တရားက အလုပ်နဲ့ပတ်သက်ပြီး ခံစားရမှုအတွက် အားဆေးဖြစ်တယ်လို့ ဆိုပါတယ်။

    “သူငယ်ချင်းတွေက ကျွန်မအလုပ် မကောင်းဘူးလို့ပြောတယ်။ ဒါပေမယ့် ဒီလိုဝေဖန်မှုတွေကို ကျော်ဖြတ်နိုင်ဖို့အတွက် တရားက အင်အားဖြစ်စေပါတယ်”

    Ref: CNA

    (Channel News Asia သတင်းဌာနတွင် ဖော်ပြထားသည့် Muslim preacher defies conservatism to preach in Indonesia nightclubs ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • IS အကြမ်းဖက်အဖွဲ့ကြောင့် အီရတ်ရှိ ကျေးလက်ပြည်သူလူထု ဆိုးဆိုးရွားရွားထိခိုက်

    IS အကြမ်းဖက်အဖွဲ့ကြောင့် အီရတ်ရှိ ကျေးလက်ပြည်သူလူထု ဆိုးဆိုးရွားရွားထိခိုက်

    ဒီဇင်ဘာ ၁၃၊ ၂၀၁၈
    M-Media

    အီရတ် ကျေးလက်ဒေသမြင်ကွင်း

    – IS အကြမ်းဖက်အဖွဲ့ရဲ့ လက်ချက်ကြောင့် အီရတ်နိုင်ငံမှာ လူတွေ အများအပြား သေဆုံးတာအပါအ၀င် ကျေးလက်ဒေသက လူနေမှုဘ၀တွေကို ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့ Amnesty International အဖွဲ့က ဒီကနေ့မှာထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အီရတ်မှာ IS က ကျွဲနွားတွေကို လုယက်တာ၊ ဥယျာဉ်ခြံတွေကို မီးရှို့ဖျက်ဆီးတာ၊ မြေမြှုပ်မိုင်းတွေ ထောင်ထားတာ၊ ရေပိုက်တွေ၊ လယ်ယာမြေတွေကို
    ဖျက်ဆီး ပစ်တာတွေကြောင့် ကျေးလက်ဒေသက လူတွေ သိန်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ဒီလုပ်ရပ်တွေကို  စစ်ရာဇ၀တ်မှုအဖြစ် သတ်မှတ်သင့်တယ်လို့လည်း AI က ပြောကြားခဲ့ပါတယ်။

    အီရတ်ရဲ့ လယ်ယာထုတ်လုပ်မှုဟာ ၂၀၁၄ ခုနှစ်ကထက် ၄၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး၊ ကျွဲနွားတွေရဲ့ ၇၅ ရာခိုင်နှုန်း ဆုံးရှုံးသွားခဲ့ပါတယ်။

    AI က ပဋိပက္ခဆိုင်ရာ အကြီးတန်းအကြံပေး ရစ်ချက် ပီယာဟောက်စ်က IS ရဲ့လက်ချက်ကြောင့် ကျေးလက်ဒေသတွေမှာ ပျက်ဆီးဆုံးရှုံးမှုဟာ ပြည်သူတွေအပေါ် ပိုမိုရိုက်ခတ်မှုရှိနေပြီး အစိုးရကလည်း ဒါကို လစ်လျူရှုထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    “IS ဟာ အီရတ်နိုင်ငံရဲ့ ကျေးလက်ဒေသကို တမင် ရည်ရွယ်ပြီးကို ဖျက်ဆီးခဲ့တာပါ”

    နိုင်ငံတကာ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာအဖွဲ့ (IOM) ရဲ့ အီရတ်မှာရှိတဲ့ရုံးက ပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုရဲ့ အဓိကအကြောင်းအရင်းက အိမ်ယာတွေနဲ့ လယ်မြေတွေလို ပိုင်ဆိုင်မှုတွေ ပျက်ဆီးဆုံးရှုံးရတာကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “သိန်းနဲ့ချီတဲ့ အီရတ် မိသားစုတွေဟာ အိုးမဲ့အိမ်မဲ့ဘ၀မှာပဲ ဆက်ရှိနေပြီး အိမ်ပြန်လာဖို့အတွက် ဆိုးရွားတဲ့ အခက်အခဲတွေကိုလည်း ရင်ဆိုင်နေရပါတယ်။ အိုးအိမ်စွန့်ခွာရသူတွေ၊ ပြန်လာတဲ့သူတွေ အားလုံးဟာ ချို့တဲ့သူတွေဖြစ်ပြီး သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းဘ၀တွေ ရှင်သန်ဖို့အတွက် အကူအညီ အထောက်အပံ့တွေ လိုအပ်နေပါတယ်” လို့ အီရတ်ဆိုင်ရာ IOM ရဲ့ အကြီးအကဲ ဂါရဒ်ဝေတီက ပြောကြားခဲ့ပါတယ်။

    IS အကြမ်းဖက်အဖွဲ့ဟာ ၂၀၁၄ ခုနှစ်မှာ ဒုတိယမြို့တော် မူဆိုးလ်အပါအ၀င် အီရတ်နိုင်ငံရဲ့ ၃ ပုံ ၁ ပုံလောက်ကို သိမ်းယူနိုင်ခဲ့ပြီး အစိုးရတပ်ဖွဲ့တွေက ၃ နှစ်ကြာ ပြန်လည်တိုက်ယူခဲ့ရပါတယ်။ ဒါပေမယ့် နိုင်ငံတစ်ဝှမ်း ပျောက်ကြားတိုက်ခိုက်မှုတွေ၊ ပြန်ပေးဆွဲတာတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

    Ref : VOA

  • ပင်လယ်နီ-အေဒင်ပင်လယ်ကွေ့ဒေသ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့မည်

    ပင်လယ်နီ-အေဒင်ပင်လယ်ကွေ့ဒေသ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့မည်

    ဒီဇင်ဘာ ၁၃၊ ၂၀၁၈
    M-Media

    – ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေးမှာ အရေးပါတဲ့ အေဒင်ပင်လယ်ကွေ့၊ ပင်လယ်နီတွေနဲ့ ထိစပ်နေတဲ့ နိုင်ငံ ၇ နိုင်ငံဟာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တစ်ခု ဖွဲ့စည်းဖို့အတွက် မနေ့က ဆော်ဒီမှာ သဘောတူညီချက်တစ်ခု ရရှိခဲ့ကြပါတယ်။

    အီဂျစ်၊ ဒီဘူတီ၊ ဆိုမာလီယာ၊ ဆူဒန်၊ ယီမင်၊ ဂျော်ဒန်နဲ့ ဆော်ဒီနိုင်ငံတို့က ကိုယ်စားလှယ်တွေဟာ ရီယာ့ဒ်မှာ မနေ့က တွေ့ဆုံခဲ့ပြီး ဆွေးနွေးခဲ့ကြတာပါ။ အဖွဲ့ဝင်ဖြစ်လာမယ့် နိုင်ငံတွေက ကျွမ်းကျင်သူတွေဟာ နောက်ပိုင်း ကိုင်ရိုမှာ အသေးစိတ်ဆွေးနွေးမှုတွေလည်း လုပ်ဖို့ရှိနေပါတယ်။

    “ဒီအဖွဲ့ဟာ မိမိတို့နိုင်ငံနဲ့ ပတ်ဝန်းကျင် နိုင်ငံတွေရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့၊ ဒေသတည်ငြိမ်ဖို့၊ အဖွဲ့ဝင်နိုင်ငံတွေအကြား စုပေါင်းအင်အားတစ်ခု ပေါ်ပေါက်လာဖို့ စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီဒေသက နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်မှု၊ ညှိနှိုင်းဆွေးနွေးမှု ပိုမိုလုပ်နိုင်လေလေ၊ အပြင်က မလိုလားအပ်တဲ့ လွှမ်းမိုးမှုတွေ လျှော့ကျလေလေပါပဲ” လို့ ဆွေးနွေးပွဲအပြီးမှာ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဒဲလ် အလ်-ဂျူဘိုင်းရ်က ပြောကြားခဲ့ပါတယ်။

    မနေ့က ဆွေးနွေးပွဲမှာ အီသီယိုးပီးယားနဲ့ အီရစ်ထရီယာနိုင်ငံတွေ ပါဝင်ခြင်း မရှိခဲ့ပါဘူး။

    ဥရောပ၊ အမေရိကန်နဲ့ အာရှဒေသကို ရေနံတင်ပို့ရာမှာ အရေးပါတဲ့လမ်းကြောင်းဖြစ်တဲ့ အလ်-မန်ဒဘ်ရေလက်ကြားဟာ ပင်လယ်နီမှာ ရှိတာဖြစ်ပါတယ်။

    အလ်-ဂျူဘိုင်းရ်က အစည်းအဝေးအတွင်း ကုန်သွယ်ရေး တိုးမြှင့်ဖို့နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ဆွေးနွေးခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။

    အစည်းအဝေးမှာ ဆော်ဒီက ဒေသအတွင်း လုပ်ဆောင်မယ့် စီမံကိန်းကြီးတွေကို ချပြခဲ့ပြီး အဲဒီအထဲမှာ အီဂျစ်၊ ဂျော်ဒန်တို့နဲ့ ဆောင်ရွက်မယ့် ကန်ဒေါ်လာ ဘီလီယံ ၅၀၀ တန် စီးပွားရေးဇုန်နဲ့ ဇိမ်ခံခရီးသွားလုပ်ငန်း စီမံကိန်းလည်း ပါဝင်ပါတယ်။

    Ref: Arab News

  • အိန္ဒိယတွင် အိမ်သာမဆောက်ပေးသည့်ဖခင်ကို ၇ နှစ်အရွယ်သမီးက လိမ်လည်မှုဖြင့် အမှုဖွင့်

    အိန္ဒိယတွင် အိမ်သာမဆောက်ပေးသည့်ဖခင်ကို ၇ နှစ်အရွယ်သမီးက လိမ်လည်မှုဖြင့် အမှုဖွင့်

    ဒီဇင်ဘာ ၁၃၊ ၂၀၁၈
    M-Media

    ဖခင်ဖြစ်သူကို လိမ်လည်မှုဖြင့်တိုင်ကြားခဲ့သည့် ဟာနီဖာ

    – အိမ်သာဆောက်ပေးမယ်လို့ ကတိပေးပြီး အမှန်တကယ် မဆောက်ပေးတဲ့ ဖခင်ကို အသက် ၇ နှစ်အရွယ် သမီးဖြစ်သူက လိမ်လဲမှုနဲ့ ရဲစခန်းတိုင်ကြားမှုတစ်ခု အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာဒူးပြည်နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။

    အိန္ဒိယနိုင်ငံမှာ အိမ်သာမသုံးရသူ တော်တော်များများ ရှိနေပြီး ပြည်သူ သန်း ၅၀၀ နီးပါးက ဟင်းလင်းပြင်မှာ အပေါ့အလေး စွန့်နေရတယ်လို့ ယူနီဆက်ဖ်က ထုတ်ပြန်တဲ့ အချက်အလက်မှာ ဖော်ပြထားပါတယ်။ အိမ်သာတွေ ဆောက်လုပ်ပေးပေမယ့် အသုံးမပြုတာတွေလည်း ရှိနေပါတယ်။

    တမီလ်နာဒူးပြည်နယ် အမ်ဘူရ်မြို့မှာနေထိုင်တဲ့ အသက် ၇ နှစ်အရွယ် သမီးငယ် ဟာနီဖာက အိမ်နီးချင်းတွေမှာ အိမ်သာတွေ ရှိနေတဲ့အတွက် ဖခင်ဖြစ်သူကို အိမ်သာဆောက်ပေဖို့ ကတိတောင်းခဲ့တာ ဖြစ်ပါတယ်။

    “အိမ်အပြင်ထွက်ပြီး အပေါ့အလေးစွန့်ရမှာ သမီးရှက်တယ်။ လူတွေက သမီးကို ကြည့်သွားတာမျိုးကို မကြိုက်ဘူး” လို့ ဟာနီဖာက ပြောကြားခဲ့ပြီး လဟာပြင်မှာ အပေါ့အလေးစွန့်ခြင်းရဲ့ ဆိုးကျိုးကို ကျောင်းမှာ သင်ကြားရတာဟာ ဖခင်ကို အိမ်သာဆောက်ပေးဖို့ ပူဆာမှု နောက်ကွယ်က အကြောင်းအရင်း ဖြစ်ပါတယ်။

    အတန်းထဲမှာ အဆင့် ၁ ရရင် အိမ်သာဆောက်ပေးမယ်လို့ ဖခင်ဖြစ်သူက ကတိပေးခဲ့ပေမယ့် အဲဒီကတိကို မတည်ဘူးလို့ ဟာနီဖာက ဆိုပါတယ်။

    “ငယ်ငယ်လေးကတည်းက သမီး အတန်းထဲမှာ အမြဲ ပထမရတယ်။ အခုဆိုရင် ၂ တန်းတောင်ရောက်နေပြီး။ အဖေက ဆောက်ပေးမယ်လို့ပဲ ပြောနေတုန်း။ ဒါဟာ လိမ်လည်မှုတစ်မျိုးပါ။ ဒါ့ကြောင့် အဖေ့ကို ဖမ်းပေးပါ” လို့ ရဲတပ်ဖွဲ့ထံ တိုင်ကြားစာမှာ ရေးသားခဲ့ပါတယ်။

    ဖမ်းမပေးနိုင်ဘူးဆိုရင် ဘယ်အချိန်မှာ အိမ်သာဆောက်ပေးမလဲဆိုတဲ့ စာချုပ်ရေးပြီး လက်မှတ်ထိုးခိုင်းဖို့လည်း ဟာနီဖာက တောင်းဆိုခဲ့ပါတယ်။

    ဖခင်ဖြစ်သူ အာဆာနွလ္လာဟ်က လက်ရှိမှာ အလုပ်မရှိဘဲ ၀င်ငွေမရှိတဲ့အတွက် အိမ်သာမဆောက်ပေးနိုင်တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “အချိန်ထပ်ပေးဖို့ သမီးကို ကျွန်တော် ပြောတယ်။ ဒါပေမယ့် ကတိဖျက်တယ်ဆိုပြီး သူက ကျွန်တော့်ကို စကားမပြောတော့ဘူး”

    ဟာနီဖာက ဖခင်ဖြစ်သူဟာ သူ့ကို ကတိပေးပြီး အကြောင်းအမျိုးမျိုးပြ ကတိဖျက်တာ များနေတဲ့အတွက် ရဲတိုင်ရတာဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: BBC