News @ M-Media

Blog

  • ကောင်းမြတ်သော အမူအကျင့်များဖြင့်သာ အစ္စလာမ်ကို မြှင့်တင်ရမည်ဟု အီရန်သမ္မတပြော

    ကောင်းမြတ်သော အမူအကျင့်များဖြင့်သာ အစ္စလာမ်ကို မြှင့်တင်ရမည်ဟု အီရန်သမ္မတပြော

    စက်တင်ဘာ ၂၆၊ ၂၀၁၈
    M-Media

    အီရန်သမ္မတ ဟာဆန်ရူဟာနီ

    – အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ သာသနာကို ကိုယ်ကျင့်တရား၊ ယုံကြည်သက်ဝင်မှု၊ ရိုးသားဖြောင့်မတ်မှုတွေနဲ့ မြှင့်တင်ဖို့လိုတယ်လို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက ပြောကြားလိုက်ပါတယ်။

    ကုလအထွေထွေညီလာခံတက်ရောက်ဖို့ နယူးယောက်ကိုရောက်ရှိနေတဲ့ ရူဟာနီဟာ အမေရိကန်မှာရှိတဲ့ အစ္စလာမ်ဘာသာဝင် လူ့အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ့ မနေ့ညနေပိုင်းမှာ တွေ့ဆုံခဲ့တာပါ။

    “အစ္စလာမ်ဘာသာဝင်တွေ အထူးသဖြင့် လူငယ်တွေကို သွန်သင်ဆုံးမဖို့အတွက် ခင်ဗျားတို့မှာ တာဝန်ရှိတယ်။ အခုအချိန်မှာ လူငယ်တွေဟာ ရန်သူတွေရဲ့ ၀ါဒဖြန့်မှုနဲ့ ပညာမဲ့အပေါင်းအသင်းတွေရဲ့ လွှမ်းမိုးမှုကို ခံနေရပြီး သူတို့တွေကို အစ္စလာမ်ရဲ့ စစ်မှန်တဲ့ သွန်သင်မှုကို ချပြရမှာ ဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ရဲ့တာဝန်ဟာ မျိုးဆက်သစ်တွေကို ကူညီဖို့၊ အစ္စလာမ်ရဲ့ စစ်မှန်တဲ့ သွန်သင်မှုကို ချပြဖို့၊ ကောင်းမြတ်တဲ့စကားတွေ၊ အမူအကျင့်တွေနဲ့ အစ္စလာမ်သာသနာကို မြှင့်တင်ဖို့ ဖြစ်ပါတယ်” လို့ ရူဟာနီက ပြောကြားခဲ့ပါတယ်။

    ရူဟာနီက အရှေ့အလယ်ပိုင်းမှာ IS နဲ့ al-Nusra Front တို့ အကြမ်းဖက်အဖွဲ့တွေအပေါ် အောင်မြင်မှုရနေတာကိုလည်း ထည့်သွင်းပြောကြားခဲ့ပြီး ဆီးရီးယားဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့အတွက် ဆီးရီးယားမှာ အခုထက်ပိုပြီး လုံခြုံဖို့လိုတယ်လို့လည်း ဆိုပါတယ်။

    IS အကြမ်းဖက်အဖွဲ့ဟာ အစ္စလာမ်ရဲ့ ငြိမ်းချမ်းတဲ့ပြယုဂ်ကို ခြိမ်းခြောက်နေတဲ့ အကြီးမားဆုံး အန္တရာယ်ကောင်တွေ ဖြစ်တယ်လို့လည်း အီရန်သမ္မတက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “IS က ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေဟာ လူသတ်တာတစ်ခုတည်း မဟုတ်ပါဘူး။ IS အကြမ်းဖက်သမားတွဟာ ဒေသတွင်းက ပြည်သူတွေအပေါ် ဖိနှိပ်ရုံသာမက၊ အစ္စလာမ်သာသနာကို ယုံကြည်သက်ဝင်နေကြသူတွေရဲ့ ယုံကြည်မှုကိုပါ ပျက်ဆီးသွားအောင် လုပ်နေတာပါ”

    Ref: Abna24

  • အာဏာရလျှင် ပါလက်စတိုင်းကို အသိအမှတ်ပြုမည်ဟု ဗြိတိန် လေဘာပါတီ ပြော

    အာဏာရလျှင် ပါလက်စတိုင်းကို အသိအမှတ်ပြုမည်ဟု ဗြိတိန် လေဘာပါတီ ပြော

    စက်တင်ဘာ ၂၆၊ ၂၀၁၈
    M-Media

    – မိမိတို့ပါတီ အာဏာရပြီး အစိုးရဖွဲ့နိုင်တဲ့အချိန်မှာ ပါလက်စတိုင်းကို လွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုသွားမယ်လို့ ဗြိတိန်က အတိုက်အခံ လေဘာပါတီခေါင်းဆောင် ဂျယ်ရီမီ ကော်ရ်ဘန်က ပြောကြားလိုက်ပါတယ်။

    လီဗာပူးလ်မြို့မှာ ဒီကနေ့ကျင်းပတဲ့ ပါတီညီလာခံမှာ ဒီလိုပြောကြားလိုက်တာဖြစ်ပြီး ကုလက အဆိုပြုထားတဲ့ နှစ်နိုင်ငံတည်ရှိရေး လမ်းကြောင်းကို အကောင်အထည်ဖော်သွားမယ်လို့လည်း ကော်ရ်ဘန်က ဆိုပါတယ်။

    “အော်စလိုသဘောတူညီချက်ရတာ နှစ်အစိတ် ရှိလာခဲ့ပေမယ့် တရားမျှတမှု၊ ငြိမ်းချမ်းမှုရဖို့ မနီးစပ်သေးဘဲ ပါလက်စတိုင်းတွေရဲ့ အဖြစ်ဆိုးကလည်း ဆက်လက်ဖြစ်ပွားနေပါတယ်။ ကမ္ဘာကြီးကလည်း ရပ်ကြည့်နေပါတယ်။ မနှစ်က ကွယ်လွန်သွားတဲ့ ကျွန်တော်ရဲ့ အရင်းနှီးဆုံး အစ္စရေးမိတ်ဆွေက ‘ငြိမ်းချမ်းရေးအတွက် အခြားနည်းလမ်းမရှိတော့ဘူးလား။ လူ့အဖွဲ့အစည်းနှစ်ခုစလုံးက ခံစားနေရတာ’ လို့ ပြောဖူးပါတယ်။ နှစ်နိုင်ငံတည်ရှိရေးဆိုတဲ့ အဖြေတစ်ခုအတွက် အကူအညီဖြစ်စေဖို့ ကျွန်တော်တို့ဟာ အာဏာရတာနဲ့ ပါလက်စတိုင်းကို အသိအမှတ်ပြုသွားမှာ ဖြစ်ပါတယ်”

    ဂါဇာမှာ မတ်လ ၃၀ ရက်နေ့ကနေ စတင်တဲ့ အပတ်စဉ်ဆန္ဒပြမှုအတွင်း ပါလက်စတိုင်းပြည်သူတွေကို အစ္စရေးစစ်တပ်က သတ်ဖြတ်မှုနဲ့ပတ်သက်လို့လည်း ကော်ရ်ဘန်က ရှုတ်ချခဲ့ပါတယ်။

    “အစ္စရေးတပ်ဖွဲ့က ရာနဲ့ချီတဲ့ ဂါဇာက ဆန္ဒပြသူတွေကို ပစ်ခတ်သတ်ဖြတ်မှု၊ ခွဲခြားဆက်ဆံတဲ့ ဂျူးအမျိုးသားနိုင်ငံ ဥပဒေ ပြဌာန်းမှုတွေအတွက် ကျွန်တော်တို့ပါတီက ပြတ်ပြတ်သားသား ရှုတ်ချပါတယ်”

    အခုနှစ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိတ်အမှတ်ပြုပြီး နောက်ပိုင်းမှာ အစ္စရေးနဲ့ ပါလက်စတိုင်းပြည်သူတွေအကြား တင်းမာမှုတွေ မြင့်တက်လာခဲ့တာပါ။

    ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက အမေရိကန်ရဲ့ ဒီလို အသိအမှတ်ပြုမှုကို မိမိတို့က လက်မခံဘဲ ဗြိတိန်သံရုံးကိုလည်း ဂျေရုစလင်ကို ပြောင်းရွှေ့သွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    ကုလက အမေရိကန်ရဲ့ ဒီလုပ်ရပ်ကို ရှုတ်ချကြောင်း ဆုံးဖြတ်ခဲ့ပြီး ဗြိတိန်အပါအ၀င် နိုင်ငံပါင်း ၁၂၈ နိုင်ငံက ဒီဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ကြပါတယ်။

    Ref: RT

  • မက္ကဆီကိုမြို့တစ်မြို့တွင် ရဲတပ်ဖွဲ့တစ်ခုလုံးကို လက်နက်ဖြုတ်သိမ်း

    မက္ကဆီကိုမြို့တစ်မြို့တွင် ရဲတပ်ဖွဲ့တစ်ခုလုံးကို လက်နက်ဖြုတ်သိမ်း

    စက်တင်ဘာ ၂၆၊ ၂၀၁၈
    M-Media

    – မူးယစ်ဂိုဏ်းတွေနဲ့ ပူးပေါင်းကာ လုပ်စားနေတယ်လို့ သံသယရှိတာကြောင့် နိုင်ငံတောင်ပိုင်း အကာပူလ်ကိုမြို့က ရဲတပ်ဖွဲ့တစ်ခုလုံးကို မက္ကဆီကိုက လက်နက်ဖြုတ်သိမ်းပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

    မြို့ထဲက ရဲတပ်ဖွဲ့ဌာနချုပ်ကို စစ်တပ်က ကုန်းကြောင်း၊ လေကြောင်းတို့ကနေ စီးနင်းကာ ထိပ်တန်းရဲအရာရှိ ၃ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ရဲတပ်ဖွဲ့မှူး ၂ ဦးကို လူသတ်မှုနဲ့ တရားစွဲဆိုထားပြီး၊ အမြန်လမ်း ရဲတပ်ဖွဲ့အကြီးအကဲကိုတော့ တရားမ၀င် လက်နက်ကိုင်ဆောင်မှုနဲ့ တရားစွဲထားပါတယ်။

    အကာပူလ် မြို့ပြလုံခြုံရေးဌာန အတွင်းရေးမှူး မက်စ် လော်ရန်ဇို ဆီဒါနိုက သူ့လက်အောက်မှာရှိတဲ့ ဌာနတစ်ခုလုံး စုံစမ်းစစ်ဆေးခံနေရတယ်လို့ ပြောကြားခဲ့ပါတယ်။

    မက္ကဆီကိုအစိုးရက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အကာပူလ်ကိုမြို့အတွင်း ရာဇ၀တ်မှုတွေ မြင့်တက်လာပြီး၊ ရဲတပ်ဖွဲ့က အရေးယူမှု မရှိတဲ့အတွက် ဒီလို အရေးယူဆောင်ရွက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    လက်ရှိ မြို့ရဲ့လုံခြုံရေးကို စစ်တပ်က တာဝန်ယူထားပါတယ်။

    မက္ကဆီကိုတောင်ပိုင်းမှာရှိတဲ့ အကာပူလ်ကိုမြို့ဟာ နာမည်ကျော်ကမ်းခြေရှိတဲ့မြို့တစ်ခု ဖြစ်ပေမယ့် မူးယစ်ဂိုဏ်းတွေ မင်းမူနေမှုကြောင့် ကမ္ဘာပေါ်မှာ လူသတ်မှုအများဆုံးဖြစ်ပွားရာ မြို့တွေထဲက တစ်မြို့ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဗုဒ္ဓဟူးနေ့မနက်ပိုင်း နိုင်ငံတကာသတင်းများ

    ဗုဒ္ဓဟူးနေ့မနက်ပိုင်း နိုင်ငံတကာသတင်းများ

    စက်တင်ဘာ ၂၆၊ ၂၀၁၈
    M-Media

    ဂါဇာပြည်သူများ ဆန္ဒပြနေစဉ်

    သူလျှိုလုပ်သည်ဟုဆိုကာ တရုတ်ကျောင်းသားတစ်ဦးကို အမေရိကန်ဖမ်းဆီး
    ===================
    ချီကာဂိုကို ကျောင်သားဗီဇာနဲ့ ရောက်နေတဲ့ တရုတ်နိုင်ငံသားတစ်ဦးကို သူလျှိုစွဲချက်နဲ့ အမေရိကန်က မနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ဂျီချောင်ချွင်ဆိုသူဖြစ်ပြီး ၂၀၁၃ ခုနှစ်ကတည်းက အမေရိကန်ကို ရောက်နေတာဖြစ်ပါတယ်။ သူဟာ အမေရိကန် သိပ္ပံပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေကို တရုတ်အစိုးရအတွက် အလုပ်လုပ်ပေးဖို့ လူစုနေသလို၊ စစ်လက်နက် လုပ်ငန်းရှင်တွေအပါအ၀င် အမေရိကန်နိုင်ငံသား ၈ ဦးရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်ကို တရုတ်ထောက်လှမ်းရေးကိုပို့ရမယ့်အလုပ် လုပ်ဆောင်နေတယ်လို့လည်း အမေရိကန်က စွပ်စွဲထားပါတယ်။

    ကုလညီလာခံတွင် အမေရိကန်အစိုးရကို အီရန်သမ္မတ ဝေဖန်
    =================
    ကမ္ဘာ့ခေါင်းဆောင်တစ်ချို့ဟာ နိုင်ငံတကာတန်ဖိုးတွေ၊ အသင်းအဖွဲ့တွေကို အလေးမထားဘဲ လုပ်ချင်ရာလုပ်နေတာကြောင့် ကမ္ဘာကြီးရဲ့ လုံခြုံရေးဟာ ထိခိုက်နေတယ်လို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက မနေ့က ကုလအထွေထွေညီလာခံမိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။ မည်သူမည်ဝါလို့ ထည့်သွင်းမပြောခဲ့ပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ရည်ညွှန်းပုံရပါတယ်။ ထရမ့်ကလည်း သူ့ရဲ့ မိန့်ခွန်းမှာ အီရန်နဲ့ အရှေ့အလယ်ပိုင်းက ကိစ္စတွေကို သတိပေးခဲ့ပါတယ်။ ရူဟာနီက လက်ရှိ အမေရိကန်အစိုးရဟာ နိုင်ငံတကာအသင်းအဖွဲ့တွေကို မထိရောက်အောင် လုပ်နေတယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဂါဇာစီးပွားရေးပြဿနာကို ကမ္ဘာ့ဘဏ် သတိပေး
    =====================
    အစ္စရေးရဲ့ ပိတ်ဆို့မှုဒဏ်ကို ၁၀ စုနှစ်ချီ ခံနေရတဲ့ ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်ဒေသက စီးပွားရေးဟာ တစ်ရှိန်ထိုး ကျဆင်းနေတယ်လို့ ကမ္ဘာ့ဘဏ်က မနေ့မှာ အစီရင်ခံစာ ထုတ်ပြန် သတိပေးလိုက်ပါတယ်။ အခုနှစ် ပထမ ၃ လပတ်အတွင်း ဂါဇာစီးပွားရေးဟာ ၆ ရာခိုင်နှုန်း ထပ်ကျခဲ့ပြီး၊ အလုပ်လက်မဲ့နှုန်းကလည်း ၅၀ ရာခိုင်နှုန်း ကျော်လာတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ဘဏ်ကတော့ ဒီလို စီးပွားရေး ကျဆင်းရခြင်း အကြောင်းအရင်းဟာ အစ္စရေးရဲ့ပိတ်ဆို့မှု၊ ဟာမက်စ်အဖွဲ့ရဲ့ အုပ်စိုးမှု၊ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့က ဘက်ဂျက်ဖြတ်တောက်မှု၊ နိုင်ငံတကာအသိုင်းအ၀ိုင်းက အကူအညီလျှော့ချမှုတွေကြောင့် ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    အရှေ့အလယ်ပိုင်း အမြန်ဆုံးလျှပ်စစ်ရထားလိုင်းကို ဆော်ဒီ ဖွင့်လှစ်
    ==================
    အရှေ့အလယ်ပိုင်းက အမြန်ဆုံး လျှပ်စစ်ရထားလိုင်း ဖြစ်လာမယ့် ဟာရာမိန်း ရထားလိုင်းကို ဆော်ဒီက မနေ့မှာ ဖွင့်လှစ်လိုက်ပါတယ်။ မက္ကာမြို့၊ မဒီနာမြို့၊ ကင်းအဘ်ဒူအဇစ်စီးပွားရေးမြို့တော်၊ ဂျစ်ဒါမြို့၊ ဂျစ်ဒါလေဆိပ်တွေကို ဆက်သွယ်ထားတဲ့ အဲဒီရထားလိုင်းဟာ ဟဂ်ျနဲ့ အွမ္မရာ လာရောက်သူတွေ အဆင်ပြေလွယ်ကူ ချောမွေ့စေဖို့အတွက် ရည်ရွယ်တည်ဆောက်ထားတာဖြစ်ပြီး ဆော်ဒီရဲ့ ၂၀၃၀ စီမံကိန်းအရ နိုင်ငံရဲ့ စီးပွားရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်ဖို့လည်း ဖြစ်ပါတယ်။

    Ref: Arab News, Aljazeera, CNA

  • အမေရိကန်က ထိုင်ဝမ်ကို လက်နက်ရောင်းမှု တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်

    အမေရိကန်က ထိုင်ဝမ်ကို လက်နက်ရောင်းမှု တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်

    စက်တင်ဘာ ၂၅၊ ၂၀၁၈
    M-Media

    – ထိုင်ဝမ်နိုင်ငံကို ကန်ဒေါ်လာ သန်း ၃၃၀ တန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေ ရောင်းချဖို့အတွက် အမေရိကန်အစိုးရက မနေ့မှာ အတည်ပြုလိုက်ပြီး ဒီကိစ္စအတွက် တရုတ်က အပြင်းအထန် ကန့်ကွက်လိုက်ပါတယ်။

    ထိုင်ဝမ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ရေးရှိတဲ့ ဒေသတစ်ခုဖြစ်ပေမယ့် တရုတ်က သူ့ရဲ့ပိုင်နက်အဖြစ် မှတ်ယူထားတာ ဖြစ်ပါတယ်။

    အမေရိကန်အစိုးရရဲ့ မနေ့က ကြေငြာချက်မှာ ထိုင်ဝမ်အနေနဲ့ F-16 တိုက်လေယာဉ်နဲ့ C-130 ကုန်တင်လေယာဉ်တွေအပါအ၀င် စစ်သုံးလေယာဉ်တော်တော်များများအတွက် အဆင့်မီ အပိုပစ္စည်းတွေ ရရှိမယ်လို့ ဖော်ပြထားပါတယ်။

    တရုတ်က ဒီသဘောတူညီချက်ကို ပယ်ဖျက်ဖို့အတွက် ဒီကနေ့မှာ တောင်းဆိုလိုက်ပြီး မလိုက်နာဘူးဆိုရင် အမေရိကန်နဲ့ဆက်ဆံရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်စေလိမ့်မယ်လို့ သတိပေးခဲ့သလို၊ ဒီလို လက်နက်တွေ ရောင်းချမှုဟာ တရုတ်ရဲ့ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်တာဖြစ်ပြီး၊ နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးအကျိုးစီးပွားကို ထိုခိုက်စေတယ်လို့ ပြောကြားခဲ့ပါတယ်။

    အစိုးရရဲ့ သဘောတူညီမှုကို အမေရိကန်လွှတ်တော်က ရက်ပေါင်း ၃၀ အတွင်း ပယ်ဖျက်နိုင်ပေမယ့် လက်ရှိမှာ ဒီလိုဖြစ်လာဖို့ မရှိတော့ပါဘူး။

    အမေရိကန်ဟာ ထိုမ်ဝမ်ရဲ့ တရားဝင်မဟုတ်တဲ့ မဟာမိတ်နိုင်ငံတစ်ခုဖြစ်ပြီး လက်နက်တွေကို အဓိက ထောက်ပံ့နေပါတယ်။

    ၁၉၄၉ ခုနှစ်မှာ ထိုင်ဝမ်ဟာ တရုတ်ပြည်မကြီးကနေ ခွဲထွက်သွားခဲ့ပြီး တရုတ်က သူတို့ပိုင်နက်အဖြစ် ကြေငြာထားကာ၊ ပြည်မနဲ့ ပြန်ပေါင်းဖို့အတွက် စစ်တိုက်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။

    Ref: Aljazeera