စက်တင်ဘာ ၂၆၊ ၂၀၁၈
M-Media

သူလျှိုလုပ်သည်ဟုဆိုကာ တရုတ်ကျောင်းသားတစ်ဦးကို အမေရိကန်ဖမ်းဆီး
===================
ချီကာဂိုကို ကျောင်သားဗီဇာနဲ့ ရောက်နေတဲ့ တရုတ်နိုင်ငံသားတစ်ဦးကို သူလျှိုစွဲချက်နဲ့ အမေရိကန်က မနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ဂျီချောင်ချွင်ဆိုသူဖြစ်ပြီး ၂၀၁၃ ခုနှစ်ကတည်းက အမေရိကန်ကို ရောက်နေတာဖြစ်ပါတယ်။ သူဟာ အမေရိကန် သိပ္ပံပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေကို တရုတ်အစိုးရအတွက် အလုပ်လုပ်ပေးဖို့ လူစုနေသလို၊ စစ်လက်နက် လုပ်ငန်းရှင်တွေအပါအ၀င် အမေရိကန်နိုင်ငံသား ၈ ဦးရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်ကို တရုတ်ထောက်လှမ်းရေးကိုပို့ရမယ့်အလုပ် လုပ်ဆောင်နေတယ်လို့လည်း အမေရိကန်က စွပ်စွဲထားပါတယ်။
ကုလညီလာခံတွင် အမေရိကန်အစိုးရကို အီရန်သမ္မတ ဝေဖန်
=================
ကမ္ဘာ့ခေါင်းဆောင်တစ်ချို့ဟာ နိုင်ငံတကာတန်ဖိုးတွေ၊ အသင်းအဖွဲ့တွေကို အလေးမထားဘဲ လုပ်ချင်ရာလုပ်နေတာကြောင့် ကမ္ဘာကြီးရဲ့ လုံခြုံရေးဟာ ထိခိုက်နေတယ်လို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက မနေ့က ကုလအထွေထွေညီလာခံမိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။ မည်သူမည်ဝါလို့ ထည့်သွင်းမပြောခဲ့ပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ရည်ညွှန်းပုံရပါတယ်။ ထရမ့်ကလည်း သူ့ရဲ့ မိန့်ခွန်းမှာ အီရန်နဲ့ အရှေ့အလယ်ပိုင်းက ကိစ္စတွေကို သတိပေးခဲ့ပါတယ်။ ရူဟာနီက လက်ရှိ အမေရိကန်အစိုးရဟာ နိုင်ငံတကာအသင်းအဖွဲ့တွေကို မထိရောက်အောင် လုပ်နေတယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဂါဇာစီးပွားရေးပြဿနာကို ကမ္ဘာ့ဘဏ် သတိပေး
=====================
အစ္စရေးရဲ့ ပိတ်ဆို့မှုဒဏ်ကို ၁၀ စုနှစ်ချီ ခံနေရတဲ့ ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်ဒေသက စီးပွားရေးဟာ တစ်ရှိန်ထိုး ကျဆင်းနေတယ်လို့ ကမ္ဘာ့ဘဏ်က မနေ့မှာ အစီရင်ခံစာ ထုတ်ပြန် သတိပေးလိုက်ပါတယ်။ အခုနှစ် ပထမ ၃ လပတ်အတွင်း ဂါဇာစီးပွားရေးဟာ ၆ ရာခိုင်နှုန်း ထပ်ကျခဲ့ပြီး၊ အလုပ်လက်မဲ့နှုန်းကလည်း ၅၀ ရာခိုင်နှုန်း ကျော်လာတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ဘဏ်ကတော့ ဒီလို စီးပွားရေး ကျဆင်းရခြင်း အကြောင်းအရင်းဟာ အစ္စရေးရဲ့ပိတ်ဆို့မှု၊ ဟာမက်စ်အဖွဲ့ရဲ့ အုပ်စိုးမှု၊ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့က ဘက်ဂျက်ဖြတ်တောက်မှု၊ နိုင်ငံတကာအသိုင်းအ၀ိုင်းက အကူအညီလျှော့ချမှုတွေကြောင့် ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အရှေ့အလယ်ပိုင်း အမြန်ဆုံးလျှပ်စစ်ရထားလိုင်းကို ဆော်ဒီ ဖွင့်လှစ်
==================
အရှေ့အလယ်ပိုင်းက အမြန်ဆုံး လျှပ်စစ်ရထားလိုင်း ဖြစ်လာမယ့် ဟာရာမိန်း ရထားလိုင်းကို ဆော်ဒီက မနေ့မှာ ဖွင့်လှစ်လိုက်ပါတယ်။ မက္ကာမြို့၊ မဒီနာမြို့၊ ကင်းအဘ်ဒူအဇစ်စီးပွားရေးမြို့တော်၊ ဂျစ်ဒါမြို့၊ ဂျစ်ဒါလေဆိပ်တွေကို ဆက်သွယ်ထားတဲ့ အဲဒီရထားလိုင်းဟာ ဟဂ်ျနဲ့ အွမ္မရာ လာရောက်သူတွေ အဆင်ပြေလွယ်ကူ ချောမွေ့စေဖို့အတွက် ရည်ရွယ်တည်ဆောက်ထားတာဖြစ်ပြီး ဆော်ဒီရဲ့ ၂၀၃၀ စီမံကိန်းအရ နိုင်ငံရဲ့ စီးပွားရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်ဖို့လည်း ဖြစ်ပါတယ်။
Ref: Arab News, Aljazeera, CNA