News @ M-Media
Blog
  • ကွန်မြူနစ်အစိုးရရဲ့ ဘာသာရေးဖိနှိပ်မှုကို ပိုမိုခံစားလာရတဲ့ တရုတ်ခရစ်ယာန်များ
    ကွန်မြူနစ်အစိုးရရဲ့ ဘာသာရေးဖိနှိပ်မှုကို ပိုမိုခံစားလာရတဲ့ တရုတ်ခရစ်ယာန်များ
    စက်တင်ဘာ ၁၆၊ ၂၀၁၈
    M-Media
    – တရုတ်နိုင်ငံအလယ်ပိုင်း ခရစ်ယာန် ကက်သလစ်ဘုရားကျောင်းတစ်ခုရဲ့ အရှေ့မှာ ‘ကလေးများကို ၀တ်ပြုဆုတောင်းခွင့်မပြု’ ဆိုတဲ့ သတိပေးဆိုင်းဘုတ်တစ်ခုကို တရုတ်အစိုးရက ချိတ်ဆွဲထားပါတယ်။ ‘ခွင့်ပြုချက်မရှိတဲ့ ဘုရားကျောင်း’တွေကို အစိုးရက ဖြိုချဖျက်ဆီးပြီး ဘုရားကျောင်းလာသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဘုန်းကြီးတွေက အစိုးရအာဏာပိုင်တွေဆီ အပ်ရပါတယ်။
    ဘာသာမဲ့ ကွန်မြူနစ်အစိုးရဟာ ‘ဘာသာတရားကင်းစင်ရေး’ လှုပ်ရှားမှုကို တိုးမြှင့်လုပ်ဆောင်လာပြီး၊ ရှေးဟောင်းရပ်ကွက်တွေနေရာမှာ ဖွံ့ဖြိုးရေးစီမံကိန်းတွေနဲ့ အစားထိုးလာတာကြောင့် ဟီနန်ပြည်နယ်က ရိုမန်ကက်သလစ် ဘာသာဝင်တွေဟာ ၀တ်ပြုရာနေရာတွေ ပျောက်ဆုံးလာခဲ့ပါတယ်။
    ၁၉၅၁ ခုနှစ်ကတည်းက ဆက်ဆံရေးတင်းမာခဲ့တဲ့ ဗာတီကန်နဲ့ တရုတ်အစိုးရတို့ဟာ အချိန်အတော်ကြာ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ ခရစ်ယာန်ဂိုဏ်းအုပ်ဘုန်းတော်ကြီး ခန့်အပ်ရေးပြဿနာအတွက် ဖြေရှင်းဖို့ ပိုမိုပူးပေါင်းဆောင်ရွက်နေပေမယ့် ခရစ်ယာန်ဖိနှိပ်ရေးကို တရုတ်အစိုးရက အရှိန်မြှင့် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
    တရုတ်-ဗာတီကန် မကျေလည်မှုကြောင့် တရုတ်နိုင်ငံက ၁၂ သန်းသော ကက်သလစ်ခရစ်ယာန်တွေအကြား အစိုးရခန့်ထားတဲ့ ဘုန်းကြီးတွေနောက်လိုက်သူနဲ့ ဗာတီကန်လိုလားတဲ့ ‘မြေအောက်’ အသင်းတော်တွေနောက်လိုက်သူ စသဖြင့် အုပ်စုနှစ်ခု ကွဲသွားခဲ့ပါတယ်။
    ဆုတ်ပြဲနေတဲ့ ခရစ်တော်ရုပ်ပုံကား၊ ကျိုးပဲ့နေတဲ့ ထိုင်ခုံတွေဟာ တစ်ချိန်က ‘ဖူယန်း’ မြို့မှာ တည်ရှိခဲ့ပြီး ‘တရားမ၀င် အဆောက်အဦး’ ဆိုကာ အစိုးရက ဖြိုချခဲ့တဲ့ ခရစ်ယာန်ဘုရားကျောင်းတစ်ခုရဲ့ အကြွင်းအကျန်တွေပဲ ဖြစ်ပါတယ်။
    ဘ၀ခုလုံး စုဆောင်းထားသမျှကို ဘုရားကျောင်းဆောက်လုပ်ရေးအတွက် လှူဒါန်းခဲ့တဲ့ ဇရာထောင်း လယ်သမားကြီး လျူရှေရှန်းတစ်ယောက် ဘုရားကျောင်းက ကျိုးကျနေတဲ့ သလဲပင်အကိုင်းအခက်ကြားမှာ လက်ဝါးကပ်တိုင်တစ်ခုကို ရှာဖွေနေပါတယ်။
    “ဒီမှာရှိတဲ့ ခရစ်ယာန်အသင်းတော်အနာဂတ်ဟာ မရေရာတော့ပါဘူး။ ဘုရားရှိခိုးဖို့ ကျွန်တော်တို့မှာ နေရာမရှိတော့သလို၊ ဘာလုပ်ရမှန်းလည်း မသိပါဘူး” လို့ လျူရှေရှန်းက ပြောကြားခဲ့ပါတယ်။
    ပြည်နယ်တစ်ဝှမ်းမှာရှိတဲ့ လူဝတ်ကြောင်နဲ့ ခရစ်ယာန်ဘုန်းကြီး ၂ ဒါဇင်လောက်က တရုတ်အစိုးရရဲ့ ဘာသာရေးဆိုင်ရာ ဥပဒေသစ် ထွက်လာအပြီး အခုနှစ်အတွင်း ခရစ်ယာန်ဘာသာအပေါ် မကြုံစဖူး တင်းကြပ်တာတွေ ဆောင်ရွက်မှုကို AFP သတင်းဌာနရဲ့ တွေ့ဆုံမှုအတွင်း အသေးစိတ်ပြောကြားခဲ့ပါတယ်။
    ဘုရားကျောင်းတွေရဲ့ ခေါင်မိုးမှာ တပ်ဆင်ထားတဲ့ လက်ဝါးကပ်တိုင် ဖြုတ်ချခံရမှုတွေ၊ ဘာသာရေးဆိုင်ရာ စာပေတွေနဲ့ ဆပ်ကပ်ပူဇော်ထားတဲ့အရာတွေ သိမ်းဆည်းခံရတာတွေ၊ ဘုရားကျောင်းက ဖွင့်ထားတဲ့ မူကြိုကျောင်း ပိတ်တာတွေ ဖြစ်ပါတယ်။
    ခရစ်ယာန်ဘုရားကျောင်းတွေအနေနဲ့ နိုင်ငံတော်အလံထောင်ကာ အခြေခံဥပဒေတွေကို လူမြင်အောင်ပြသထားရပြီး၊ ဘုရားကျောင်းရဲ့ အပြင်ဘက်မှာ ဘာသာရေးဆိုင်ရာ ရုပ်ပုံတွေ ချိတ်ဆွဲတာကိုလည်း တရုတ်အစိုးရက တားမြစ်ထားပါတယ်။
    အရွယ်မရောက်သေးသူတွေ၊ ကျောင်းသားတွေနဲ့ ရင်ခွင့်ပိုက်ကလေးတွေ ဘုရားကျောင်း ပရ၀ုဏ်ထဲဝင်ရောက်မှုကို ပြီးခဲ့တဲ့လတွေအတွင်းမှာ တားမြစ်ခဲ့ပါတယ်။
    သိပ်မကြာသေးခင် တနင်္ဂနွေတစ်ရက်မှာ အန်းယန်မြို့က အစိုးရအသိအမှတ်ပြု ခရစ်ယာန်ဘုရားကျောင်း Cathedral of the Sacred Heart ကို ‘တရုတ်အစိုးရ သာသနာရေးဌာန’ က တာဝန်ရှိသူ အမျိုးသမီးတစ်ယောက် လာရောက်ပြီး ၀တ်ပြုဆုတောင်းသူ ၈၀၀ လောက်ကို စစ်ဆေးခဲ့ပါတယ်။
    “ခရစ်ယာန်ကက်သလစ်သာသနာဟာ တရုတ်ပြည်ပေါက် သာသနာ မဟုတ်ပါဘူး” လို့ သူမက ပြောကြားခဲ့ပါတယ်။
    ဖူးယန်မြို့တောင်ပိုင်း ရှီဖန်းရွာမှာ ခရစ်ယာန်ဘုရားကျောင်း ပရ၀ုဏ်အတွင်းမှာ ဖွင့်ထားတဲ့ မူကြိုကျောင်းတံခါးကို အာဏာပိုင်တွေက ၀ရိန်ဆော်ပြီး အသေပိတ်ပစ်ခဲ့ပါတယ်။
    အမည်မဖော်လိုတဲ့ ကျေးရွာအကြီးအကဲတစ်ဦးက အစိုးရအနေနဲ့ ပညာရေးမှာ ‘ခရစ်ယာန်ဘုရားကျောင်းက ပါဝင်တဲ့ ဘယ်လိုအခြေအနေမျိုးကိုမဆို တားဆီးဖို့အတွက်’ မူကြိုကျောင်းကို ပိတ်ပစ်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ဘုရားကျောင်း ဂေါပကအဖွဲ့ဝင် တစ်ဦးချင်းစီအကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တွေနဲ့ နိုင်ငံရပ်ခြားနဲ့ ဆက်နွယ်မှု ရှိ၊ မရှိ စတင် အသေးစိတ်အချက်အလက်တွေကို တရုတ်အစိုးရက တောင်းခံတဲ့ စာကိုလည်း AFP သတင်းဌာနက ရရှိခဲ့ပါတယ်။
    အမည်မဖော်လိုတဲ့ ထိပ်တန်း ခရစ်ယာန်ဘုန်းကြီးတစ်ပါးက အဲဒီအချက်အလက်တွေကို အွန်လိုင်းအခြေပြု ဘာသာရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်၊ ဖုန်းအခြေပြု စောင့်ကြည့်ရေး အက်ပလီကေးရှင်းတွေမှာ အသုံးပြုမယ်လို့ ပြောကြားခဲ့ပါတယ်။
    ဆုပ်လည်းဆူး စားလည်းရူး
    ဒီလို တင်းကြပ်မှု တော်တော်များများဟာ ဟီနန်ပြည်နယ်မှာ ယုံကြည်သူ ‘လျင်လျင်မြန်မြန်’ မြင့်တက်လာတယ်လို့ အာဏာပိုင်တွေက ယုံကြည်တဲ့ ခရစ်ယာန် ပရိုတက်စတင့်ဝါဒကို ထိန်းချုပ်ဖို့ ဆောင်ရွက်တာဖြစ်တယ်လို့ အာဏာပိုင်တွေကပြောပေမယ့် ခရစ်ယာန် ကက်သလစ်ဘာသာဝင်တွေလည်း ပစ်မှတ်ထားခံနေရတယ်လို့ ဘုန်းတော်ကြီးက ဖွင့်ဟခဲ့ပါတယ်။
    တရုတ်နိုင်ငံအရှေ့ပိုင်း ဟီနန်ပြည်နယ်က ကက်သလစ်ဘာသာဝင် တော်တော်များများဟာ တရုတ်အစိုးရနဲ့ ဗာတီကန်တို့အကြား ဆွေးနွေးညှိနှိုင်းမှုတွေကို အနီးကပ် စောင့်ကြည့်နေကြပါတယ်။
    “ဘာသာရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်တယ်။ ကျွန်တော်မှာ တူညီတဲ့ဘာသာတရားရှိပြီး၊ ငြိမ်းချမ်းမှု၊ စည်းလုံးညီညွတ်မှုကို ကျွန်တော်တို့ လိုချင်ပါတယ်” လို့ မြေအောက် ခရစ်ယာန်အသင်းတော်ဝင်တစ်ဦးက ပြောကြားခဲ့ပါတယ်။
    ဗာတီကန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂရဂ်ျဘာကီက ‘ဗာတီကန်နဲ့ တရုတ်အစိုးရတို့အကြား ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်’ လို့ ပြောကြားခဲ့ပါတယ်။
    ဟီနန်ပြည်နယ် သာသနာရေးဌာနနဲ့၊ တရုတ်အစိုးရ သာသနာရေးဌာနတို့က AFP သတင်းဌာနရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပါဘူး။
    ခရစ်ယာန်ဘုရားကျောင်း တော်တော်များများတည်ရှိရာ ရပ်ကွက်ဟောင်းတွေကို ဖျက်ပြီး ဖွံ့ဖြိုးရေးစီမံကိန်းတွေ ဆောင်ရွက်မှုကလည်း ခရစ်ဘာသာအပေါ် နှိပ်ကွပ်မှုအခြေအနေကို ပိုပြီး သိသာလာစေပါတယ်။
    ဖူးယန်က ခရစ်ယာန်ဘုရားကျောင်းပျက်ဟာ အထပ်မြင့်လူနေတိုက်ခန်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ ရှိနေပါတယ်။
    ဆယ်စုနှစ်ချီ သက်တမ်းရှိတဲ့ အဲဒီဘုရားကျောင်းဟာ အစိုးရခွင့်ပြုချက်နဲ့ ဆောက်လုပ်ခဲ့ပြီး၊ အသုံးပြုဖို့ လိုင်စင်ရထားပေမယ့် ပြီးခဲ့တဲ့လအနည်းငယ်အတွင်း အာဏာပိုင်တွေက တရားမ၀င်အဆောက်အဦးအဖြစ် ကြေငြာခဲ့တယ်လို့ လယ်သမားတစ်ယောက်ဖြစ်ပြီး၊ ရွာသူကြီးလည်းဖြစ်တဲ့ လျူက ပြောကြားခဲ့ပါတယ်။
    ဘာသတိပေးချက်မှ မထုတ်ပြန်ဘဲ တစ်ညမှာ ဘုရားကျောင်းကို ဘူဒိုဇာနဲ့ ဖြိုချဖျက်ဆီးလိုက်ပါတယ်။
    “နောက်နေ့မှာ၊ ဘုရားကျောင်းအဖွဲ့ဝင်ဟောင်းတွေဟာ ဒီနေရာမှာ လာထိုင်ကာ ၀မ်းနည်း ငိုကြွေးကြပါတယ်” လို့ လျူက ပြောပါတယ်။
    အစိုးရကပေးတဲ့ မဖြစ်စလောက်လျော်ကြေးက နောက်နေရာသစ်တစ်ခုရှာဖို့ မလုံလောက်ဘူးလို့လည်း သူက ဆိုပါတယ်။
    ဟောင်ကောင်က Holy Spirit Study Centre ရဲ့ တရုတ်ကသလစ်ခရစ်ယာန်အသင်းတော်ဆိုင်ရာ ကျွမ်းကျင်သူ အန်သိုနီလမ်က မြို့ပြတည်ဆောက်ရေးဆိုတာ ‘ဘုရားကျောင်းတွေကို ဖြိုချဖျက်ဆီးဖို့အတွက် အသုံးပြုတဲ့ ဆင်ခြေတစ်ခုသာဖြစ်တယ်’ လို့ ပြောကြားခဲ့ပါတယ်
    အစသာရှိသေး
    မြေအောက်ခရစ်ယာန်အသင်းတော်တွေက မျှော်လင့်ချက်မဲ့နေတဲ့ ဘုန်းကြီးတွေဟာ အစိုးရအသိအမှတ်ပြုထားတဲ့ ဘုန်းကြီးတွေထံ ချဉ်းကပ်ပြီး သူတို့ ၀တ်ပြုနိုင်မယ့်နေရာတစ်ခု ဖန်တီးပေးဖို့ ပြောလာကြပြီး အပြန်အလှန်အားဖြင့် သူတို့ရဲ့လုပ်ကိုင်ဆောင်ရွင်မှုတွေကို ကြီးကြပ်မှုခံယူမယ်လို့ ဆိုလာကြပါတယ်။
    အစိုးရအသိအမှတ်ပြုထားတဲ့ ဘုန်းတော်ကြီးတစ်ပါးက မြို့ပြတည်ထောင်မှုနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို ဖြိုချဖျက်ဆီးမှုဟာ မြေအောက်အသင်းတော်တွေ ရှင်သန်နိုင်မယ့်နေရာ နည်းသထက် နည်းလာပြီလို့ ဆိုလိုတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    “ဘုန်းကြီးတို့ မြေအောက်အသင်းတော်တွေနဲ့ လက်ရှိမှာ ဆွေးနွေးနေပါတယ်။ သူတို့ကို ကာကွယ်ဖို့ဖြစ်ပြီး ထိန်းချုပ်ဖို့ မဟုတ်ပါဘူး။ သူတို့ကို ဘုန်းကြီးတို့ စောင့်ကြည့်နေတယ်ဆိုတာ အစိုးရလည်း သိရမယ်။ ဒါဟာ ဟီနန်မှာ ဘုန်းကြီးတို့ ဖန်တီးထားတဲ့ စနစ်တစ်ခုပါ”
    ကက်သလစ်ဘုန်းကြီး တော်တော်များများက ဟီနန်ပြည်နယ်က ကန့်သတ်မှုဟာ တရုတ်နိုင်ငံက အခြားသောဒေသတွေဆီ ပြန့်နှံ့သွားမှာကိုလည်း စိုးရိမ်နေကြပါတယ်။
    “ဟီနန်ဟာ ဗဟိုအစိုးရရဲ့ စမ်းသပ်နယ်မြေတစ်ခုဖြစ်တယ်လို့ နှစ်တော်တော်ကြာကတည်းက ဘုန်းကြီးတို့ ခံစားရပြီး၊ ဒါဟာ အစလို့ ထင်ပါတယ်” လို့ အစိုးရနဲ့ အနီးကပ်ဆက်ဆံရေးရှိတဲ့ ခရစ်ယာန်ဘုန်းကြီးတစ်ပါးက ပြောကြားခဲ့ပါတယ်။
    Ref: AFP
    (AFP သတင်းဌာနတွင် ဖော်ပြထားသည့် ‘Nowhere to worship’: Crackdown bedevils China’s Catholics ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
  • သာသနာအရေခြုံ၍ လိင်ကျူးလွန်သူများ ယခင်ကတည်းကရှိခဲ့ဟု ဒလိုင်းလားမားပြော
    သာသနာအရေခြုံ၍ လိင်ကျူးလွန်သူများ ယခင်ကတည်းကရှိခဲ့ဟု ဒလိုင်းလားမားပြော
    စက်တင်ဘာ ၁၆၊ ၂၀၁၈
    M-Media
    နယ်သာလန်ရောက် ဗုဒ္ဓဘာသာဝင်များနှင့် တွေ့ဆုံနေသည့် ဘုန်းတော်ကြီး ဒလိုင်းလားမား
    – ဗုဒ္ဓဓမ္မကို သင်ကြားပို့ချပေးကြသူတွေထဲကတစ်ချို့ဟာ သူတို့ တပည့်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ လုပ်ဆောင်လေ့ရှိတယ်ဆိုတာကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် ၁၉၉၀ ပြည့်နှစ်တွေကလည်းက မိမိ သိရှိခဲ့တယ်လို့ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြောကြားလိုက်ပါတယ်။
    နယ်သာလန်နိုင်ငံကို ၄ ရက်ကြာရောက်ရှိနေတဲ့ ဘုန်းတော်ကြီးက ဗုဒ္ဓဓမ္မဆရာတွေရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကို ခံခဲ့ရသူတွေကို  မနေ့က တွေ့ဆုံနှစ်သိမ့်စဉ်မှာ ဒီလိုဝန်ခံခဲ့တာ ဖြစ်ပါတယ်။
    “ဘုန်းကြီးတို့ဟာ စိတ်နှလုံးဖြူစင်စွာနဲ့ ဗုဒ္ဓဘာသာရဲ့ မေတ္တာရိပ်ကို ခိုလှုံခဲ့တယ်။ ဒါပေမယ့် အဲဒီမေတ္တာရိပ်မှာပဲ ဘုန်းကြီးတို့ အဓမ္မကျင့်ခံလိုက်ရပါတယ်။ ဒါတွေကို ဘုန်းကြီးအနေနဲ့ သိရှိထားခဲ့ပြီး အသစ်အဆန်း မဟုတ်တော့ပါဘူး” လို့ ဒက်ခ်ျရုပ်သံ NOS နဲ့ တွေ့ဆုံစဉ်မှာ ဒလိုင်းလားမားက ပြောကြားခဲ့ပါတယ်။
    လွန်ခဲ့တဲ့ ၂၅ နှစ် အိန္ဒိယနိုင်ငံမှာ ကျင်းပတဲ့ ‘အနောက်ပိုင်း ဗုဒ္ဓဓမ္မဆရာများ ညီလာခံ’မှာ ဒီလိုကျူးလွန်မှုတွေအကြောင်း သိရှိခဲ့ရတာဖြစ်ကြောင်း၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူတွေဟာ ဗုဒ္ဓရဲ့ ဓမ္မတရားတွေကို မလိုက်နာသူတွေဖြစ်ပြီး၊ အခုလို လူသိရှင်ကြား ဖြစ်လာတဲ့အခါ ဗုဒ္ဓဘာသာဝင်တွေ အရှက်ရကြောင်း ဒလိုင်းလားမားက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    အသက် ၈၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဒလိုင်းလားမားဟာ တရုတ်ရန်ကြောင့် လက်ရှိ အိန္ဒိယနိုင်ငံမှာ နေထိုင်နေပါတယ်။
    ဥရောပဆိုင်ရာ တိဘက်ဗုဒ္ဓဘာသာခေါင်းဆောင် Tseten Samdup Chhoekyapa က ဒလိုင်းလားမာဟာ ဒီလို ကျင့်ဝတ်မဲ့တဲ့၊ တာဝန်မဲ့တဲ့ လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
    တိဘက်ဗုဒ္ဓဘာသာဂိုဏ်းရဲ့ ကမ္ဘာတစ်ဝှမ်းက ခေါင်းဆောင်တွေဟာ လာမယ့်နိုဝင်ဘာမှာ အိန္ဒိယနိုင်ငံမှာ တွေ့ဆုံကာ ဒီကိစ္စကို ဆွေးနွေးဖို့ ရှိနေပါတယ်။
    Ref: CNA
  • အစ္စလာမ့်ရေးရာ လေ့လာမှုတွင် တရုတ်နှင့် မလေးရှားတို့ ပိုမိုပူးပေါင်းမည်
    အစ္စလာမ့်ရေးရာ လေ့လာမှုတွင် တရုတ်နှင့် မလေးရှားတို့ ပိုမိုပူးပေါင်းမည်
    စက်တင်ဘာ ၁၆၊ ၂၀၁၈
    M-Media
    မလေးရှားနိုင်ငံရှိ နိုင်ငံတကာ အစ္စလာမ့်လေ့လာမှုဆိုင်ရာ တက္ကသိုလ်
    – အစ္စလာမ့်ဓမ္မစာပေတွေကို လေ့လာမှုမှာ မိမိတို့နဲ့ တရုတ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ချဲ့ထွင်သွားမယ်လို့ မလေးရှား ပညာရေးဝန်ကြီး ဒေါက်တာ မဇ်လီ မာလစ်က ပြောကြားလိုက်ပါတယ်။
    မာလစ်ဟာ လက်ရှိမှာ တရုတ်နိုင်ငံကို ၄ ရက်ကြာ ရောက်ရှိနေပြီး ရှန်းဇီပြည်နယ် ‘ဟာလာ စီးပွားရေးလုပ်ငန်းရှင်များအသင်း’ ဥက္ကဌ တီချွင်းပင်နဲ့ တွေ့ဆုံရာမှာ တီက ရှန်းဇီပြည်နယ်မြို့တော်မှာ မလေးရှားနိုင်ငံက ‘နိုင်ငံတကာ အစ္စလာမ့်ရေးရာတက္ကသိုလ်’ လက်ခွဲတစ်ခု၊ ‘နိုင်ငံတကာ အစ္စလာမ့်ရေးရာ သင်တန်းကျောင်း’ ဖွင့်လှစ်ရေးတို့ကို အဆိုပြုခဲ့ပါတယ်။
    မာလစ်က ရှန်းဇီပြည်နယ် မြို့တော် ‘ရှန်း’ မှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူအရေအတွက် ၃ သိန်းကျော် ရှိနေပြီး၊ ပြည်နယ်ရဲ့ ကျန်တဲ့နေရာတွေနဲ့ အခြားပတ်ဝန်းကျင် ပြည်နယ် ၅ ခုမှာ အစ္စလာမ်ဘာသာဝင် သန်းချီရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
    “မလေးရှားဟာ အစွန်းမရောက်ဘဲ အလယ်အလတ်ကျတဲ့ အတွေးအခေါ်တွေကို ကျင့်သုံးတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် နာမည်ရှိပါတယ်။ တရုတ်အစိုးရကလည်း သူ့နိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေ အရှေ့အလယ်ပိုင်းမှာထက် မလေးရှားမှာ အစ္စလာမ့်ရေးရာ လေ့လာသင်ယူတာကို ပိုပြီး ကြိုက်ပါတယ်”
    ဒါ့အပြင် မလေးရှားနိုင်ငံကို လာရောက်ကာ အစ္စလာမ့်ရေးရာသင်ယူကြတဲ့သူတွေကို အရည်အသွေးပြည့်မီတဲ့ အစ္စလာမ့်ပညာရေးစနစ် ရရှိအောင် မိမိတို့အနေနဲ့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း မာလစ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    Ref: The Star
  • တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ
    တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ
    စက်တင်ဘာ ၁၆၊ ၂၀၁၈
    M-Media
    အမေရိကန်တွင် ဟာရီကိန်းကြောင့် လူ ၈ ဦးသေဆုံး
    ============
    အမေရိကန်ပြည်ထောင်စု အရှေ့ဖက်ကမ်းရိုးတမ်းကို ၀င်ရောက်နေတဲ့ ဟာရီကိန်း ဖလော့ရင့်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ မနေ့ကအထိ ၈ ဦးရှိလာခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ လက်ရှိ မုန်တိုင်းဟာ အားပျော့သွားပေမယ့် မိုးသည်းထန်စွာ ရွာသွန်းတာ၊ လေတိုက်တာတွေ ဆက်လက်ဖြစ်ပေါ်ကာ အသက်အန္တရာယ် ခြိမ်းခြောက်မှု ဆက်ရှိနေတယ်လို့လည်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။ မုန်တိုင်းကြောင့် အဆောက်အဦးတွေ ပြိုကျပျက်ဆီးခဲ့ပါတယ်။ မုန်တိုင်းကြောင့် ရေကြီးရေလျှံမှုဟာ တစ်ပတ်လောက်အထိ ဆက်ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။
    ဖိလစ်ပိုင်တွင်တိုက်ခတ်သည့် တိုင်ဖုန်းမုန်တိုင်း တရုတ်သို့ ဦးတည်
    ==================
    ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းမှာ တိုင်ဖုန်း မန်ခွတ်ကြောင့် အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ပြီး လက်ရှိအချိန်မှာ မုန်တိုင်းဟာ ဟောင်ကောင်နဲ့ တရုတ်နိုင်ငံတောင်ပိုင်းကို ဦးတည်နေပါတယ်။ သေဆုံးသူအများစုဟာ မြေပြိုမှု၊ အိမ်ပြိုမှုတွေကြောင့်ဖြစ်ပြီး သေဆုံးသူတွေထဲမှာ ရင်ခွင်ပိုက်နဲ့ အသက် ၂ နှစ်အရွယ် ကလေးငယ်တွေ ပါဝင်ပါတယ်။ ပျောက်ဆုံးသူကလည်း ၂ ဦး ရှိနေပါတယ်။ မုန်တိုင်းကြောင့် ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်တဲ့ နေရာတွေက လူပေါင်း ၉ သောင်းနီးပါးလောက်ကို အစိုးရတာဝန်ရှိသူတွေက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားပါတယ်။
    ================
    တိုင်းပြည်ဟာ လက်ရှိမှာ တည်ငြိမ်မှုနဲ့ ခိုင်မာတဲ့ခေါင်းဆောင်မှုတွေကို လိုအပ်နေတဲ့အတွက် မိမိအနေနဲ့ ၀န်ကြီးချုပ်ဖြစ်ရေး အလျင်စလို ဆောင်ရွက်သွားမှာမဟုတ်ဘူးလို့ စင်ကာပူကို ရောက်ရှိနေတဲ့ မလေးရှား အတိုက်အခံခေါင်းဆောင်ဟောင်း အန်န၀ါရ် အီဘရာဟင်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ အန်န၀ါရ်ဟာ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အမတ်နေရာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရှိပြီး နောက်ပိုင်းမှာ ၀န်ကြီးချုပ် မဟာသီယာ မိုဟာမက်ရဲ့နေရာကို ဆက်ခံသွားဖို့ ရည်ရွယ်နေပါတယ်။ သူ ၀န်ကြီးချုပ်ဖြစ်လာရင် လက်ရှိ ဒုတိယ၀န်ကြီးချုပ်ဖြစ်နေတဲ့ သူ့ဇနီး ၀မ် အဇီဇာဟ် ၀မ် အစ္စမာအီလ်ကို ရာထူးမှာ ဆက်ထားတော့မှာ မဟုတ်ဘဲ လက်ရှိ လွှတ်တော်အမတ်ဖြစ်နေတဲ့ သမီးဖြစ်သူ နူရူလ်အစ်ဇာဟ်ကိုလည်း စောင့်ကြည့်သွားမယ်လို့ အန်န၀ါရ်က ဆိုပါတယ်။
    အီရတ်လွှတ်တော်က အသက်အငယ်ဆုံး ဥက္ကဌကို ခန့်အပ်
    =============
    အီရတ်လွှတ်တော်ဟာ သောကြာနေ့က အသက် ၃၉ နှစ်အရွယ် ဆွန်နီဂိုဏ်းဝင် မိုဟာမက် အလ်-ဟာလ်ဘူဆီကို ဥက္ကဌအဖြစ် ခန့်အပ်ခဲ့ပြီး မေလ ရွေးကောက်ပွဲပြီးတဲ့နောက် လိပ်ခဲတည်းလည်းဖြစ်နေတဲ့ အစိုးရဖွဲ့စည်းရေး လမ်းကြောင်းတစ်ခု ပွင့်သွားတာလည်းဖြစ်ပါတယ်။ အလ်-ဟာလ်ဘူဆီဟာ အီရတ်သမိုင်းမှာ အသက်အငယ်ဆုံး လွှတ်တော်အမတ်လည်း ဖြစ်ပါတယ်။ အီရတ်နိုင်ငံရေးထုံးစံအရ လွှတ်တော်အမတ်နေရာကို ဆွန်နီကိုပေးကာ ၀န်ကြီးချုပ်နေရာကို ရှီအာကယူပြီး သမ္မတနေရာကို ကာ့ဒ်လူမျိုးကို ခန့်အပ်လေ့ရှိပါတယ်။
    Ref: Aljazeera, CNA
  • အင်ဒိုနီးရှားရှိ ငလျင်ဒဏ်ခံဒေသတွင် ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေငြာ
    အင်ဒိုနီးရှားရှိ ငလျင်ဒဏ်ခံဒေသတွင် ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေငြာ
    စက်တင်ဘာ ၁၅၊ ၂၀၁၈
    M-Media
    – ဇူလိုင်လနဲ့ သြဂုတ်လအတွင်းမှာ ငလျင်ဒဏ်ကို အကြီးအကျယ်ခံစားခဲ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံ လွမ်ဘွတ်ကျွန်းမှာ ငှက်ဖျားရောဂါ ဖြစ်ပွားလာတာကြောင့် အာဏာပိုင်တွေက ဒီကနေ့မှာ ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေငြာလိုက်ပါတယ်။
    ငလျင်ဒဏ်ကြောင့် သေဆုံးသူဟာ ၅၀၀ နီးပါး ရှိခဲ့ပြီး ဆေးရုံတွေနဲ့ အခြေခံအဆောက်အဦးတွေ ပျက်ဆီးမှု တန်ဖိုးကလည်း ကန်ဒေါ်လာ ၃၃၈ သန်း ရှိနေပါတယ်။
    ငလျင်ဒဏ်ခံစားခဲ့ရတဲ့ ပြည်သူတွေဟာ လက်ရှိ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရပြီး နောက်ထပ် ငလျင်လှုပ်မှာ ကြောက်တာကြောင့် မိမိတို့ရဲ့အိမ်တွေမှာ ပြန်မနေသူတွေလည်း ရှိနေပါတယ်။
    အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါအ၀င် ငှက်ဖျားရောဂါ ကူးစက်နေသူ အရေအတွက်ဟာ ၁၂၈ ဦး ရှိနေပါတယ်။
    လမ်ဘွတ်အနောက်ခြမ်း ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူ ရဟ်မန် ရှန်နန်ပူထရာက ငှက်ဖျားရောဂါ ကူးစက်မှု တိုက်ဖျက်ဖို့အတွက် ဒေသတွင်းအစိုးရဟာ ရူပီးယား ၃.၄ ဘီလီယံကို ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရထံ တောင်းခံထားတယ်လို့ ပြောကြားခဲ့ပါတယ်။
    ပြည်သူတွေဟာ နောက်ထပ် ငလျင်ထပ်လှုပ်မှာကိုကြောက်ပြီး မအိပ်နိုင်မစားနိုင်ဖြစ်တဲ့အတွက် အားနညးကာ ငှက်ဖျား ကူးစက်လွယ်နေတယ်လို့လည်း အာဏာပိုင်တွေက ဆိုပါတယ်။
    Ref: CNA