News @ M-Media

Blog

  • လကမ္ဘာသွားလည်ရန် ပထမဆုံးစာရင်းပေးထားသူကို Space X ထုတ်ပြန်

    လကမ္ဘာသွားလည်ရန် ပထမဆုံးစာရင်းပေးထားသူကို Space X ထုတ်ပြန်

    စက်တင်ဘာ ၁၈၊ ၂၀၁၈
    M-Media

    ဂျပန်ဘီလီယံနာ ယူဆာကူ မယ်ဇာဝါ

    – လကမ္ဘာအလည်အပတ်ခရီးအတွက် ပထမဆုံးစာရင်းပေးထားသူကို SpaceX က ဒီကနေ့ ကယ်လီဖိုးနီးယားက သူတို့ရုံးချုပ်မှာ မိတ်ဆက်လိုက်ပြီး သူကတော့ ဂျပန်က ဘီလီယံနာ ယူဆာကူ မယ်ဇာဝါ ဖြစ်ပါတယ်။

    Space X ဟာ ၂၀၂၃ ခုစ်မှာ လကမ္ဘာကို ခရီးသည်တွေ သွားနိုင်ဖို့ စီစဉ်ထားတာဖြစ်ပြီး ဒါဟာ ၁၉၇၂ ခုနှစ်နောက်ပိုင်း လူသားတွေ လကမ္ဘာကို ပထမဆုံး သွားရောက်မှုလည်း ဖြစ်လာမှာ ဖြစ်ပါတယ်။

    အသက် ၄၂ နှစ်အရွယ် ယူဆာကူ မယ်ဇာဝါဟာ အွန်လိုင်း ဖက်ရှင်လုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်ကာ လကမ္ဘာသွားမယ့်အကြောင်းကို Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    “လကမ္ဘာသွားဖို့ ကျွန်တော်ရွေးချယ်လိုက်ပါတယ်”

    ကွယ်လွန်သွားပြီဖြစ်တဲ့ ပန်းချီပညာရှင် ဂျီယန်-မီခေးလ် ဘက်စ်ကတ်ရဲ့ အကောင်းဆုံး လက်ရာတစ်ခုကို ပြီးခဲ့တဲ့နှစ်မှာ ကန်ဒေါ်လာ ၁၁၀.၅ သန်းနဲ့ ၀ယ်ယူခဲ့ပြီးတဲ့နောက် မယ်ဇာဝါဟာ လူသိများလာခဲ့တာပါ။

    လကမ္ဘာကို သူနဲ့အတူသွားရောက်ဖို့အတွက် အနုပညာသမား ၆ ဦးကနေ ၈ ဦးအထိ ဖိတ်ခေါ်သွားမယ်လို့လည်း သူက ပြောပါတယ်။

    လကမ္ဘာသွား အာကာသယာဉ် လွှတ်တင်နိုင်မယ့် ဒုံးကျည်ကို လက်ရှိအချိန်မှာ Space X က ထုတ်လုပ်နိုင်ခြင်း မရှိသေးဘဲ ကုမ္ပဏီပိုင်ရှင် အေလွန်မက်စ်ကတော့ ဒီခရီးစဉ် ဖြစ်ပေါ်လာဖို့အတွက် ရာနှုန်းပြည့် မသေချာသေးဘူးလို့ ပြောကြားခဲ့ပါတယ်။

    လကမ္ဘာကို လူသား ၂၄ ဦးသာ သွားရောက်ဖူးပြီး သူတို့တွေအားလုံးဟာ အမေရိကန်နိုင်ငံသားတွေ ဖြစ်ကြပါတယ်။ အဲဒီထဲက ၁၂ ဦးဟာ လရဲ့မျက်နှာပြင်ပေါ်ကို ဆင်းသက်ခဲ့ကြပါတယ်။

    အေလွန်မက်စ်ဟာ လကမ္ဘာသွားရာမှာ အသုံးပြုမယ့် ဒုံးကျည်နဲ့ အာကာယာဉ်ငယ် ပုံစံတွေရဲ့ ဂရက်ဖစ်ဒီဇိုင်းတွေကို တနင်္လာနေ့က ထုတ်ပြခဲ့ပါတယ်။

    Ref: BBC

  • အစိုးရအဖွဲ့တွင် လိုအပ်သည်ထက်ပိုနေသည့် ကားများကို ပါကစ္စတန်က လေလံတင်

    အစိုးရအဖွဲ့တွင် လိုအပ်သည်ထက်ပိုနေသည့် ကားများကို ပါကစ္စတန်က လေလံတင်

    စက်တင်ဘာ ၁၈၊ ၂၀၁၈
    M-Media

    – ပါကစ္စတန်အစိုးရ အသုံးပြုနေတဲ့ ကားတွေထဲက ဇိမ်ခံကား အစီးရေ ၁၀၀ လောက်ကို မနေ့မှာ စတင်လေလံပစ်ခဲ့ပြီး အစိုးရအသုံးစားရိတ် ခြွေတာဖို့နဲ့ တိုင်းပြည်ရဲ့ဘဏ္ဍာကို ပြန်လည်ဖြည့်တင်းဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

    ပြည်ကြွေးမြီတွေကြောင့် ပါကစ္စတန်ဟာ ငွေကြေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး ၀န်ကြီးချုပ်သစ် အင်မရန်းခန်းက သူ့အနေနဲ့ အစိုးရအဖွဲ့ရဲ့ မလိုအပ်တဲ့ အသုံးစားရိတ်တွေကို လျှော့ချသွားမယ်လို့ ရွေးကောက်ပွဲမတိုင်ခင်က ပြောကြားခဲ့ပါတယ်။

    လေလံဆိုင်ရာတာဝန်ရှိသူ မိုဟာမက် အာဆစ်ဖ်က ဒီကားတွေကို ရောင်းချရမှုကနေ ရူပီး ၂ ဘီလီယံ (ကန်ဒေါ်လာ ၁၂ သန်း) လောက် ရမယ်လို့ ခန့်မှန်းထားပါတယ်။

    ရောင်းချမယ့်ကစားတွေထဲမှာ ကျည်ကာ မာစီဒီးကား ၄ စီး၊ ၀န်ကြီးချုပ်ဟောင်း နာဝဇ်ရှရစ်ဖ်က ၀န်ကြီးချုပ်အိမ်တော်မှာ မလိုအပ်ဘဲ ယူထားတဲ့ တန်ဖိုးကြီးဇိမ်ခံစား ၈ စီးတို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့လ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အင်မရန်းခန်းက နှစ်ပေါင်း ၅၀ အတွင်း တိုင်းပြည်ရဲ့အာဏာကို သူတစ်ပြန်ကိုယ်တစ်ပြန် ရယူခဲ့ကြတဲ့ အဓိကနိုင်ငံရေးပါတီကြီး ၂ ခုဟာ၊ ခြစားတာတွေ၊ တိုင်းပြည်ဘဏ္ဍာကို ဖြုန်းတီးတာတွေ လုပ်ခဲ့တယ်လို့ ဝေဖန်ခဲ့ပါတယ်။

    ဒါတွေကို တိုက်ဖျက်ဖို့အတွက် ‘တိုင်းပြည်ရဲ့ ကြွယ်ဝမှုတွေကို ပိုင်ရှင်အစစ်ထံ ပြန်ပေးရေး’ လှုပ်ရှားမှုကို ဆောင်ရွက်သွားမယ်လို့ ခန်းက ကတိပြုခဲ့ပြီး အခု ကားလေလံတင်မှုဟာ ဒီလှုပ်ရှားမှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

    Ref: Khaleej Times

  • မြန်မာ့တပ်မတော်ကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ကုလတိုက်တွန်း

    မြန်မာ့တပ်မတော်ကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ကုလတိုက်တွန်း

    စက်တင်ဘာ ၁၈၊ ၂၀၁၈
    M-Media

    – မြန်မာနိုင်ငံမှာ စစ်တပ်ကို နိုင်ငံရေးကနေ ဖယ်ထုတ်ရမှာဖြစ်ပြီး လက်ရှိ စစ်ခေါင်းဆောင်တွေကို ဖယ်ရှားဖို့နဲ့ စစ်တပ်ကို ပြန်လည်တည်ဆောက်ဖို့အတွက် ကုလရဲ့ ‘မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေးအဖွဲ့’ က ဒီကနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

    စာမျက်နှာ ၄၄၄ မျက်နှာပါ အစီရင်ခံစာမှာ အခုလို တိုက်တွန်းထားတာဖြစ်ပြီး ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ စစ်တပ်ရဲ့ ကျူးလွန်မှုတွေအတွက် စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံးမှာ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှုတွေနဲ့ တရားစွဲဆိုဖို့လည်း ထပ်မံ အကြံပြုခဲ့ပါတယ်။

    အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ ကနဦးအစီရင်ခံစာကို သြဂုတ်လအတွင်းမှာ ထုတ်ပြန်ခဲ့တာပါ။

    ဒီကနေ့ထုတ်ပြန်ချက်မှာ ‘တပ်မတော်’ လို့ခေါ်တဲ့ မြန်မာစစ်တပ်ကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့၊ နိုင်ငံရေးနယ်ပယ်ကနေ စစ်တပ်ကို ထုတ်ပစ်ရေး အခြေခံဥပဒေ ပြင်ဆင်ဖို့လည်း ကုလက တိုက်တွန်းခဲ့ပါတယ်။

    ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ လူ့အခွင့်အရေး ဆိုးဆိုးဝါးဝါး ချိုးဖောက်မှု၊ စော်ကားကျူးလွန်မှုတွေဟာ စစ်တပ်ရဲ့ ‘ဗီဇလိုဖြစ်နေတာ’၊ ‘ကျူလွန်မှုတွေကို ၀န်မခံတာ၊ ဘာမှမဖြစ်သလိုနေတာ၊ အရေးယူမှုကနေ လွတ်မြောက်နေတာတွေဟာ’ အင်မတန် တုန်လှုပ်စရာကောင်းတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    မြန်မာ့တပ်မတော် အလုံးစုံ ပြုပြင်ပြောင်းလဲရေးအတွက် မိမိတို့ ဆက်သွယ်ဆောင်ရွက်ဖို့ စဉ်စားနေကြောင်း၊ နိုင်ငံအတွင်း ‘လူ့အခွင့်အရေး ပြဿနာတွေ’ ကို မဖြေရှင်းဘူးဆိုရင် လက်ရှိလုပ်နေတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းဟာ ပျက်ဆီးမယ့်အန္တရာယ် ရှိနေကြောင်း အချက်အလက်ရှာဖွေရေးအဖွဲ့က သတိပေးခဲ့ပါတယ်။

    နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ချိုးဖောက်မှုတွေကို ရှုတ်ချပြီး၊ လက်ရှိ ပြဿနာတွေရဲ့ အခြေခံအကြောင်းအရင်းတွေကို ဖြေရှင်းရာမှာ ကူညီပေးဖို့လည်း အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

    ‘ပြည်သူလူထုကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ၊ ပြည်သူလူထုရဲ့ အကျိုးစီးပွား မထိခိုက်အောင်လို့ ကြိုတင်သတိပေးမှု ထိထိရောက်ရောက်မလုပ်ဘဲ ပြုလုပ်တဲ့ တိုက်ခိုက်မှုတွေ’ လို ဥပဒေနဲ့မညီ၊ သင့်လျော်မှုမရှိ၊ မလိုအပ်ဘဲ လက်ရှိလုပ်နေတဲ့ စစ်ဆင်ရေးတွေအားလုံးကို အစိုးရက ရပ်တန့်ဖို့ အချက်အလက်ရှာဖွေရေးအဖွဲ့က ထည့်သွင်းအကြံပြုခဲ့ပါတယ်။

    လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ကလေးငယ်တွေအပေါ် ဆိုးဆိုးဝါးဝါး ကျူးလွန်မှုတွေအပါအ၀င် စစ်တပ်နဲ့ အခြားလုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အစိုးရက ၀န်ခံဖို့၊ ဒီလိုကျူးလွန်မှုတွေကို လုံးဝ တားမြစ်ထားတယ်ဆိုတာ တပ်မတော်နဲ့ အခြား လုံခြုံရေးတပ်ဖွဲ့တွေကို ရှင်းရှင်းလင်းလင်းနဲ့ လူသိရှင်ကြား ပြတ်ပြတ်သားသား ညွှန်ကြားထားဖို့ အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

    ကချင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေအပါအ၀င် ပဋိပက္ခဖြစ်ပွားတဲ့ဒေသတွေမှာ အကူအညီပေးနိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့တွေကို လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုဖို့၊ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး စွပ်စွဲချက်တွေကို စုံစမ်းနိုင်ရေး ဂျာနယ်လစ်တွေ၊ ပြည်တွင်းပြည်ပ လူ့အခွင့်အရေး စောင့်ကြည့်သူတွေကို ၀င်ရောက်ခွင့်ပြုဖို့၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူတွေကို အရှက်ရအောင်လုပ်တာ၊ တရားစွဲဆိုတာတွေကို ရပ်တန့်ဖို့လည်း အချက်အလက်ရှာဖွေရေးအဖွဲ့က မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။

    အစီရင်ခံစာရဲ့ တိုက်တွန်းချက်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ၊ ၀လုံးနဲ့ ကျော်စိုးဦးတို့အပါအ၀င် သတင်းထောက်တွေကို လွှတ်ပေးရေးလည်း ပါဝင်ပါသည်။

    ရခိုင်ကိစ္စနဲ့ပတ်သက်တဲ့ အကြံပြုချက်တွေက ‘၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ နိုင်ငံသားစီစစ်တာကို ရပ်တန့်ရေး၊ ရိုဟင်ဂျာလူ့အဖွဲ့အစည်းတစ်ခုလုံးကို နိုင်ငံသားမဖြစ်အောင် ဆောင်ရွက်ထားတာကို ၀န်ခံရေး၊ ရိုဟင်ဂျာလူ့အဖွဲ့အစည်းနဲ့ ထိရောက်တဲ့ ညှိနှိုင်းဆွေးနွေးမှုကနေတစ်ဆင့် လျင်မြန်တဲ့ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်တစ်ခု ဖော်ဆောင်ပြီး နိုင်ငံသားအခွင့်အရေး ပြန်လည်ပေးအပ်ရေး’ တို့ ဖြစ်ပါတယ်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မိမိတို့ဆန္ဒအလျောက် သိက္ခာရှိရှိ နေရပ်ပြန်လာနိုင်ရေး ဆောင်ရွက်ပေးဖို့လည်း အစီရင်ခံစာမှာ မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။

    ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြိး ဦးကျော်မိုးထွန်းက ဒီအစီရင်ခံစာကို ပယ်ချက်ခဲ့ပြီး ‘တစ်ဖက်သက်’ အစီရင်ခံစာသာဖြစ်တယ်လို့ အစီရင်ခံစာထုတ်ပြန်အပြီး ကုလလူ့အခွင့်အရေးကောင်စီမှာ ပြောကြားခဲ့ပါတယ်။

    Ref: Frontier Myanmar

  • အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    စက်တင်ဘာ ၁၈၊ ၂၀၁၈
    M-Media

    ပြုံးယမ်သို့ ရောက်လာသည့် တောင်ကိုရီးယားသမ္မတ (၀ဲ)

    ထိပ်သီးအစည်းအဝေးအတွက် တောင်ကိုရီးယားသမ္မတ မြောက်ကိုရီးယားသို့ ရောက်ရှိ
    =================
    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ တွေ့ဆုံဖို့အတွက် တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်ဟာ မြောက်ကိုရီးယားမြို့တော် ပြုံးယမ်ကို ဒီကနေ့မနက်မှာ ရောက်ရှိလာခဲ့ပြီး မွန်ကို ကင်က နွေးထွေးစွာ ပွေ့ဖက်ကြိုဆိုခဲ့ပါတယ်။ လေဆိပ်မှာ ရာနဲ့ချီတဲ့ မြောက်ကိုရီးယားပြည်သူတွေဟာ မြောက်ကိုရီးယားအလံ၊ ကိုရီးယားကျွန်းဆွယ် အလံတွေကို ဝှေ့ယမ်းကာ ကြိုဆိုခဲ့ကြပါတယ်။ မွန်ဟာ ပြုံးယမ်မှာ ၃ ရက်ကြာနေထိုင်ကာ ဆွေးနွေးမှာ ဖြစ်ပါတယ်။ မွန်နဲ့ ကင်တို့ဟာ ဧပြီလနဲ့ မေလတွေမှာ နှစ်နိုင်ငံနယ်စပ် အပစ်ရပ်ရွာမှာ နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

    ဆီးရီးယားတွင် ရုရှားစစ်လေယာဉ်တစ်စီး ပျောက်ဆုံး
    ===========
    ဆီးရီးယားနိုင်ငံ လာတာကီးယားပြည်နယ်မှာ တနင်္လာနေ့ညပိုင်း အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်မှု ပြုလုပ်စဉ် စစ်သည် ၁၄ ဦးလိုက်ပါသွားတဲ့ မိမိတို့ စစ်လေယာဉ်တစ်စင်း ပျောက်ဆုံးသွားတယ်လို့ ရုရှားက သတင်းထုတ်ပြန်ပါတယ်။ အစ္စရေးရဲ့လက်ချက်ကြောင့်လို့ သတင်းတွေထွက်နေပေမယ့် အတည်ပြုမပြုနိုင်သေးဘဲ ရုရှားက ရှာဖွေရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ လာတာကီယာမှာ အစ္စရေးရဲ့တိုက်ခိုက်မှုဟာ ၁ နာရီလောက်ကြာခဲ့ပြီး မြေထဲပင်လယ်မှာရှိတဲ့ ပြင်သစ် ဖရီးဂိတ်ရေယာဉ်ကနေ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း ရုရှားက ပြောပါတယ်။

    တရုတ်ပို့ကုန်များအပေါ် စည်းကြပ်ခွန်ပမာဏကို အမေရိကန်တိုးမြှင့်
    ===================
    တရုတ်နိုင်ငံက တင်သွင်းတဲ့ ကုန်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ အတွက် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ ပထမ ဘီလီယံ ၅၀ ကနေ အခု ဘီလီယံ ၂၀၀ ဖြစ်လာတာဖြစ်ပြီး တရုတ်က ပြန်လည်တုန့်ပြန်သွားမှာဆိုရင် နောက်ပိုင်းမှာ ၂၆၇ ဘီလီယံတန်ဖိုးအထိ စည်းကြပ်ခွန် ကောက်သွားမယ်လို့ ထရမ့်က ဆိုပါတယ်။ အခု စည်းကြပ်ခွန်ကို စက်တင်ဘာ ၂၄ ရက်နေ့ကနေ စတင်ကောက်ခံသွားမှာဖြစ်ပြီး အခုနှစ်ကုန်ပိုင်းမှာ ၂၅ ရာခိုင်နှုန်းအထိ တိုးကောက်ဖို့ စီစဉ်နေပါတယ်။

    နိုက်ဂျီးရီးယားရေကြီးမှု လူ ၁၀၀ ကျော်သေဆုံး
    ==================
    နိုင်ငံဂျီးရီးယားနိုင်ငံတစ်ဝှမ်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပြည်နယ် ၁၀ ခုမှာ အနည်းဆုံး လူ ၁၀၀ လောက် သေဆုံးခဲ့ပြီး အဆောက်အဦး ပျက်ဆီးဆုံးရှုံးတာတွေလည်း ရှိခဲ့ပါတယ်။ ပြည်နယ် ၄ ခုကို ‘သဘာဝဘေးအန္တရာယ် အရေးပေါ်အခြေအနေ’ ကြေငြာခဲ့ပြီး ပြည်ထောင်စုအစိုးရက ဦးဆောင်ကာ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ မတ်လကနေ စက်တင်ဘာလအထိ ကြာမြင့်တဲ့ နိုက်ဂျီးရီးယားမိုးရာသီမှာ ရေကြီးရေလျှံမှုဟာ နှစ်စဉ် ဖြစ်ပေါ်လေ့ရှိပြီး ယခုနှစ်ဖြစ်ပွားမှုဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်း အဆိုးဝါးဆုံးဖြစ်ပါတယ်။

    Ref: CNA, Aljazeera, RT

  • အစွန်းရောက်ဘုန်းကြီးနှင့် ကာချုပ်တို့၏ အကောင့်များကို VK က အပြီးတိုင် ပိတ်သိမ်း

    အစွန်းရောက်ဘုန်းကြီးနှင့် ကာချုပ်တို့၏ အကောင့်များကို VK က အပြီးတိုင် ပိတ်သိမ်း

    စက်တင်ဘာ ၁၇၊ ၂၀၁၈
    M-Media

    တိုင်းမ်စ်မဂ္ဂဇင်းမျက်နှာဖုံးတွင် တွေ့ရသည့် အစွန်းရောက်ဘုန်းကြီး ၀ီရသူ၏ ပုံ

    – ရုရှား နာမည်ကြီး ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ VK က သူတို့အနေနဲ့ အစွန်းရောက်ဘုန်းကြီး ၀ီရသူရဲ့အကောင့်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ရဲ့ အကောင့်တွေကို ပိတ်ပစ်လိုက်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

    အမုန်းစကားဖြန့်ချီမှုအတွက် ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် မြန်မာစစ်ခေါင်းဆောင်တစ်ချို့ရဲ့ အကောင့်တွေ၊ စစ်တပ်ရဲ့ ၀ါဒဖြန့်ချီရေး အကောင့်တွေ၊ ပေ့ခ်ျတွေကို ဖျက်ပစ်လိုက်တယ်လို့ Facebook က ပြီးခဲ့တဲ့လမှာ ကြေငြာခဲ့ပြီးနောက်ပိုင်း မြန်မာစစ်တပ်အသိုင်းအ၀ိုင်းနဲ့ ပြည်သူတစ်ချို့ဟာ VK ကို ပြောင်းလဲသုံးစွဲခဲ့ကြတာ ဖြစ်ပါတယ်။

    VK က ကာကွယ်ရေးဦးစီးချုပ်ရဲ့ အကောင်သစ်ဟာ လျင်လျင်မြန်မြန်ပဲ follower ၃၇၀၀၀ အထိ ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းမှာ VK က ကာချုပ်ရဲ့အကောင့် အပိတ်ခံလိုက်ရပြီး၊ နောက်ပိုင်းမှာ အကောင့်အသစ် ထပ်တက်လာခဲ့ပေမယ့် ဒီကနေ့မှာ ထပ်မံ အပိတ်ခံလိုက်ရပါတယ်။

    VK က သူတို့ဟာ အသုံးပြုသူတွေထံကနေ တိုင်ကြားမှုတွေ ရတာကြောင့် ကာကွယ်ရေးဦးစီးချုပ် အကောင့်နဲ့ ဦးဝီရသူတို့ရဲ့အကောင့်တွေကို အပြီးတိုင် ဖျက်ပစ်လိုက်ကြောင်း၊ မြန်မာလိုတင်တဲ့ ပို့စ်တွေကို စောင့်ကြည့်ဖို့ မြန်မာဝန်ထမ်းတွေကို ခန့်ထားကြောင်း AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    မွတ်စလင်ဆန့်ကျင်ရေး အမုန်းစကားတွေကြောင့် မကောင်းသတင်းနဲ့ကျော်ကြားတဲ့ အစွန်းရောက်ဘုန်းကြီး ဦးဝီရသူရဲ့ Facebook အကောင့်ဟာ ဇန်န၀ါရီလမှာ အပြီးတိုင် ပိတ်ပစ်ခဲ့ပါတယ်။

    Ref: CNA