News @ M-Media
Blog
  • အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးမည်
    အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးမည်
    စက်တင်ဘာ ၂၀၊ ၂၀၁၈
    M-Media
    ပါကစ္စတန်အမျိုးသားလုံခြုံရေးအကြံပေး (ယာ)နှင့် အိန္ဒိယနိုင်ငံခြားရးဝန်ကြီး (၀ဲ) တို့ တွ့ဆုံမှုတစ်ခု
    – နယူးယောက်မှာ လက်ရှိလုပ်နေတဲ့ ကုလ အထွေထွေညီလာခံမှာ အိန္ဒိယနဲ့ ပါကစ္စတန်က နိုင်ငံခြားရေးဝန်ကြီးတွေ သီးခြားတွေ့ဆုံသွားမယ်လို့ အိန္ဒိယအာဏာပိုင်တွေက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
    ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက နှစ်နိုင်ငံအကြား ရပ်တန့်နေတဲ့ ဆွေးနွေးမှုတွေကို ပြန်လည်စတင်ရေး အိန္ဒိယ၀န်ကြီးချုပ် မိုဒီဆီ စာပေးပို့ခဲ့ပြီးတဲ့နောက် အခုလို တွေ့ဆုံမှု ဖြစ်လာတာ ဖြစ်ပါတယ်။
    အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ရန်ဘက်နိုင်ငံတွေဖြစ်ကြပြီး အကြိမ်ကြိမ် စစ်ပွဲတွေ ဖြစ်ဖူးပါတယ်။ နှစ်နိုင်ငံ အဆင့်မြင့်အရာရှိ အစည်းအဝေးကျင်းပမှုမှာ နည်းပါးပြီး အခုတစ်ကြိမ်ဟာ ၃ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်လာမှာ ဖြစ်ပါတယ်။
    နယ်နမိတ်အငြင်းပွားနေတဲ့ ကရှ်မီးယားဒေသက သူပုန်တွေကို ပါကစ္စတန်က ထောက်ပံ့ကူညီနေတယ်လို့ အိန္ဒိယဟာ ယခင်ကတည်းက စွပ်စွဲခဲ့ပါတယ်။
    အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အခုလို နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံမှုဟာ မိမိတို့ရဲ့ ပါကစ္စတန်နဲ့ဆက်ဆံရေးပေါ်လစီ အပြောင်အလဲမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
    Ref: Arab News
  • ကြောင်မတစ်ကောင်အား အခြောက်ခံစက်ထဲထည့်၍ သတ်ဖြတ်သူများကို မလေးရှား တရားစွဲ
    ကြောင်မတစ်ကောင်အား အခြောက်ခံစက်ထဲထည့်၍ သတ်ဖြတ်သူများကို မလေးရှား တရားစွဲ
    စက်တင်ဘာ ၂၀၊ ၂၀၁၈
    M-Media
    အခင်းဖြစ်ပွားမှုမှ ပုံရိပ်တစ်ခုကို လုံခြုံရေးကင်မရာတွင် တွေ့ရစဉ်
    – ဇီးရှိနေတဲ့ ကြောင်မတစ်ကောင်ကို အ၀တ်အခြောက်ခံစက်ထဲ ထည့်ကာ သတ်ဖြတ်ခဲ့သူ ၂ ဦးကို မလေးရှားက ဒီကနေ့မှာ တိရစ္ဆာန်ညှင်းဆဲမှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။
    တရားစွဲဆိုခံရသူတွေဟာ တက္ကဆီယာဉ်မောင်း အသက် ၄၁ နှစ်အရွယ် အေမိုဟန်ရာ့ဂ်ျနဲ့ အသက် ၂၆ နှစ်အရွယ် အက်စ်အက်စ် ဆက်သီယာတို့ဖြစ်ပြီး သူတို့ကတော့ အပြစ်မရှိကြောင်း လျှောက်လဲခဲ့ပါတယ်။
    စက်တင်ဘာ ၁၁ ရက်နေ့ သန်းခေါင်ယံအချိန်က သူတို့နှစ်ဦးနဲ့ အခြား အမျိုးတစ်ဦးတို့ဟာ ကွာလာလမ်ပူဆင်ခြေဖုံးက အ၀တ်လျှော်ဆိုင်တစ်ခုမှာ ဇီးရှိနေတဲ့ ကြောင်မတစ်ကောင်ကို အ၀တ်အခြောက်ခံစက်ထဲထည့်ကာ လှည်ခဲ့တာဖြစ်ပါတယ်။
    အဲဒီနောက် အ၀တ်လျှော်လာသူတစ်ဦးက သေဆုံးနေတဲ့ကြောင်မကို တွေ့ရှိခဲ့ပါတယ်။
    ရဲတပ်ဖွဲ့ အ၀တ်လျှော်ဆိုင်မှာ တပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာ မှတ်တမ်းတွေကို ပြန်ကြည့်ကာ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး တစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ပါတယ်။
    ဒီကနေ့ကြားမှာမှုမှာ ဖမ်းဆီးခံထားရသူ နှစ်ဦးစလုံး လာရောက်ခဲ့ခြင်းမရှိဘဲ တရားရုံးက သူတို့ကို အာမခံပေးခဲ့ပါတယ်။
    တိရစ္ဆာန်ညှင်းပမ်းမှုစွဲချက်အတွက် အပြစ်ရှိကြောင်း တွေ့ခဲ့မယ်ဆိုရင် သူတို့ဟာ ဒဏ်ငွေ မလေးရင်းဂစ် တစ်သိန်းအထိ ဒါမှမဟုတ် ထောင်ဒဏ် ၃ နှစ်အထိ၊ ဒါမှမဟုတ် ဒဏ်နှစ်ရပ်စလုံး ကျခံရနိုင်ပါတယ်။
    Ref: CNA
  • ‘၀’ စစ်သားများ ခရစ်ယာန်ဘုရားကျောင်းဖြိုနေသည့် ဗီဒီယို ထွက်ပေါ်လာ
    ‘၀’ စစ်သားများ ခရစ်ယာန်ဘုရားကျောင်းဖြိုနေသည့် ဗီဒီယို ထွက်ပေါ်လာ
    စက်တင်ဘာ ၂၀၊ ၂၀၁၈
    M-Media
    ဗီဒီယိုတွင်တွေ့ရသည့် ပုံရိပ်တစ်ခု
    – ခရစ်ယာန်သာသနာပြုတွေကို စောင့်ကြည့်ဖို့အတွက် ညွှန်ကြားချက် ထုတ်ပြန်ထားတဲ့ ‘၀’ ဒေသမှာ ခရစ်ယာန်ဘုရားကျောင်းသစ်တစ်ခု ဖြိုဖျက်နေတဲ့ ဗီဒီယိုတစ်ခုဟာ ဒီကနေ့ ဆိုရှယ်မီဒီယာတွေမှာ ပြန့်နှံ့နေပါတယ်။
    ‘၀’ ဒေသကို အုပ်ချုပ်နေတဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ UWSA ရဲ့ နိုင်ငံရေးအဖွဲ့ဖြစ်တဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီက အခုလအစောပိုင်းမှာ ပါတီတွင်း ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အုပ်ချုပ်ရေးပိုင်းအနေနဲ့ ခရစ်ယာန်သာသနာပြုတွေကို စောင့်ကြည့်ဖို့၊ ဘုရားကျောင်းအသစ်တွေ ဆောက်လုပ်တာကို ပိတ်ပင်ဖို့၊ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတဲ့ ဘုရားကျောင်းတွေကို ဖြိုချဖျက်ဆီးဖို့ အမိန့်ပေးထားပါတယ်။
    အခုပြန့်နှံ့နေတဲ့ ဗီဒီယိုမှာ ‘၀’ စစ်သားတွေဟာ ခရစ်ယာန်ဘုရားကျောင်းသစ်တစ်ခု ဖျက်ဆီးနေတာကို မြင်ရပြီး ဒါဟာ ညွှန်ကြားချက်ထွက်လာပြီးနောက်ပိုင်း လုပ်တာလား၊ အရင်က လုပ်ခဲ့တာလားဆိုတာကို တိတိကျကျ မသိရပါဘူး။
    ‘၀’တပ်ဖွဲ့ဟာ လတ်တလောမှာ ခရစ်ယာန်ဘုန်းကြီးတွေ၊ သာသနာပြုတွေကို ဖမ်းဆီးထိန်းသိမ်း စစ်မေးတာတွေလည်း လုပ်ဆောင်နေပါတယ်။
    ခရစ်ယာန်တွေကို ဒီလိုနှိပ်ကွပ်မှုရဲ့နောက်ကွယ်မှာ တရုတ်အာဏာပိုင်တွေရဲ့ ဖိအားတွေ ပါလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ယုံကြည်နေကြပါတယ်။
    တရုတ်ကွန်မြူနစ်အစိုးရဟာ မြန်မာနိုင်ငံအတွင်းက ခရစ်ယာန်သာသနာပြုတွေ၊ အန်ဂျီအိုအဖွဲ့အစည်းတွေကို အနောက်နိုင်ငံတွေက သူလျှိုတွေ၊ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် လွှမ်းမိုးဖို့ ကြိုးစားနေသူတွေအဖြစ် ရှုမြင်နေပါတယ်။
    Ref: Asia Times
  • ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းရေး နိုင်ငံခြားပညာရှင်တစ်ဦး လာရောက်လေ့လာ
    ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းရေး နိုင်ငံခြားပညာရှင်တစ်ဦး လာရောက်လေ့လာ
    စက်တင်ဘာ ၂၀၊ ၂၀၁၈
    M-Media
    Photo Credit – Frontier Myanmar
    – မြန်မာနိုင်ငံက ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းသွင်းဖို့ လျှောက်ထားမှုကို စဉ်းစားသုံးသပ်ဖို့အတွက် ‘အထိမ်းအမှတ်အဆောက်အဦများနှင့် နေရာများဆိုင်ရာ နိုင်ငံတကာကောင်စီ’ က ကျွမ်းကျင်သူတစ်ဦး စက်တင်ဘာ ၁၅ ရက်နေ့က ပုဂံကို လာရောက်ခဲ့ပါတယ်။
    သြစတေးလျနိုင်ငံသား မစ္စတာ ရစ်ချက်မက်ကေးဆိုသူဖြစ်ပြီး ကုလသမဂ္ဂ၊ ပညာရေး၊ သိပံ္ပနဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (ယူနက်စကို) တင်သွင်းမယ့် သုတေသနစာတမ်းအတွက် လာရောက် လေ့လာတာ ဖြစ်ပါတယ်။
    ရစ်ချက်ဟာ မနေ့က ပုဂံရှေးဟောင်းပြတိုက်မှာ ဒေသခံကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံကာ ရှေးဟောင်းဒေသတွေကို ထိန်းသိမ်းစောင့်ရှောက်ရေး ဒေသခံပြည်သူတွေရဲ့ အမြင်တွေကို မေးမြန်းခဲ့ပါတယ်။ လာမယ့်ရက်တွေမှာ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ပုဂံဒေသက ဟိုတယ်ပိုင်ရှင်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။
    ကမ္ဘာ့အမွေအနှစ်စာရင်း ၀င်ဖို့အတွက် လျှောက်ထားရာမှာ အပိုင်းနှစ်ပိုင်းရှိပြီး တစ်ပိုင်းက သမိုင်းဝင်နေရာတွေ၊ အဆောက်အဦးတွေနဲ့ သက်ဆိုင်ကာ နောက်တစ်ပိုင်းက ဒီနေရာတွေကို စီမံခန့်ခွဲမယ့် ပြည့်ဝတဲ့ စီမံကိန်းတစ်ခု ထားရှိရေး ဖြစ်ပါတယ်။
    မြန်မာနိုင်ငံဟာ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းရေး ၁၉၉၆ ခုနှစ်က ကြိုးပမ်းခဲ့ဖူးပြီး ပုဂံရှေးဟောင်းဇုန်တွေနဲ့ သင့်လျော်မှုမရှိတဲ့ စီးပွားရေးလုပ်ဆောင်မှုတွေကြောင့် ပယ်ချခံခဲ့ရပါတယ်။
    အခုနှစ်ဇန်န၀ါရီလမှာ မြန်မာအစိုးရက ထပ်မံလျှောက်ထားခဲ့ပြီး လာမယ့်နှစ်မှာ ယူနက်စကိုက ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
    ‘မြန်မာ ဗိသုကာပညာရှင်များအသင်း’ ရဲ့ ၂၀၁၇ ခု စစ်တမ်းအရ ပုဂံမှာ စေတီပုထိုးတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ ရုပ်ပွားဆင်းတုတော်တွေအပါအ၀င် ရှေးဟောင်းအဆောက်အဦးပေါင်း ၃၈၂၂ ခု ရှိတယ်လို့ သိရပါတယ်။
    Ref: Frontier Myanmar
    ( Frontier Myanmar တွင် ဖော်ပြထားသည့်သတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုခြင်း ဖြစ်သည်)
  • မွတ်စလင်ကမ္ဘာမှ ပြဿနာများ ဖြေရှင်းရန် ကူညီလိုသည်ဟု ပါကစ္စတန်ဝန်ကြီးချုပ်ပြော
    မွတ်စလင်ကမ္ဘာမှ ပြဿနာများ ဖြေရှင်းရန် ကူညီလိုသည်ဟု ပါကစ္စတန်ဝန်ကြီးချုပ်ပြော
    စက်တင်ဘာ ၂၀၊ ၂၀၁၈
    M-Media
    ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်း
    – မွတ်စလင်တွေအကြား သဘောထားကွဲလွဲမှုဟာ အစ္စလာမ့်အသိုင်းအ၀ိုင်းကို အားနည်းစေပြီး ဒီလိုတင်းမာမှုတွေကို ဖြေရှင်းရေး ကူညီဖို့ ဆန္ဒရှိတယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက Arabiya TV နဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။
    အင်မရန်းခန်းဟာ သူ့ရဲ့ ပထမဆုံး နိုင်ငံရပ်ခြားခရီးစဉ်အဖြစ် ဆော်ဒီအာရေဗျနိုင်ငံကို ရောက်ရှိစဉ် မနေ့က အင်တာဗျူး ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
    ခန်းက မွတ်စကမ္ဘာမှာ ဖြစ်ပွားနေတဲ့ တင်းမာမှုတွေကို အဆုံးသတ်ရေးနဲ့ နိုင်ငံအချင်းချင်း နားလည်းမှုတည်ဆောက်ရေးတို့အတွက် ပါကစ္စတန်က ကူညီဖို့ ဆန္ဒရှိနေတယ်လို့ Arabiya TV ကို ပြောကြားခဲ့ပါတယ်။
    ပါကစ္စတန်ဟာ တာလီဘန်လို အကြမ်းဖက်သမားတွေကို ထိထိရောက်ရောက် နှိမ်နှင်းမှုမရှိဘူးလို့ အမေရိကန်က ပြီးခဲ့တဲ့လတွေမှာ စွပ်စွဲခဲ့ပါတယ်။
    ဆော်ဒီက ပါကစ္စတန်ကို ကူညီခဲ့မှုတွေအတွက် အင်မရန်းခန်းက ကျေးဇူးတင်ခဲ့ပြီး၊ ဆော်ဒီခေါင်းဆောင်ပိုင်းရဲ့ ခြစားမှုတိုက်ဖျက်ရေးဆောင်ရွက်မှုကိုလည်း ချီးကျူးခဲ့ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံ ပြည်သူချင်း ဆက်သွယ်ဆောင်ရွက်မှုကို ခိုင်မာအောင် ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
    ပြီးခဲ့တဲ့လ ရွေးကောက်ပွဲမှာ အာဏာရခဲ့တဲ့ ၀န်ကြီးချုပ် အင်မရန်းခန်းဟာ တိုင်းပြည်အတွင်း ခြစားမှုကို တိုက်ဖျက်သွားမှာဖြစ်ပြီး စီးပွားရေး ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်မယ်လို့ ပြောကြားထားပါတယ်။
    ဆော်ဒီကနေတစ်ဆင့် အင်မရန်းခန်းဟာ မနေ့နှောင်းပိုင်းမှာ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံကို သွားရောက်ခဲ့ပါတယ်
    Ref : Pakistan Today