News @ M-Media

Blog

  • ပြည်တွင်းလုပ်ဒုံးခွင်းစနစ် ရုရှားလုပ်ထက် ပိုကောင်းသည်ဟု အီရန်ဝန်ကြီးဟောင်းပြော

    ပြည်တွင်းလုပ်ဒုံးခွင်းစနစ် ရုရှားလုပ်ထက် ပိုကောင်းသည်ဟု အီရန်ဝန်ကြီးဟောင်းပြော

    စက်တင်ဘာ ၁၁၊ ၂၀၁၈
    M-Media

    – မိမိတို့ တီထွင်ထုတ်လုပ်ထားတဲ့ S-300 ဒုံးခွင်းစနစ်ဟာ ရုရှားက မူရင်းစနစ်ထက် ပိုပြီး တိကျတယ်လို့ အီရန်ကာကွယ်ရေးဝန်ကြီးဟောင်း အဟ်မဒ် ဗာဟီဒီက ပြောကြားလိုက်ပါတယ်။

    S-300 ဟာ ရုရှားက ထုတ်လုပ်ထားတဲ့ ဒုံးခွင်းစနစ်ဖြစ်ပြီး အီရန်ကိုရောင်းချဖို့ ရုရှားဖက်က ငြင်းဆိုခဲ့ပြီးတဲ့နောက် အီရန်က ပုံတူ တီထွင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

    “အဲဒီစနစ်အတိုင်း ပုံတူ ထုတ်လုပ်သွားမယ်လို့ ကျွန်တော်တို့ သူတို့ကို ပြောခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဘုရားသခင်အလိုတော်၊ အီရန်လူငယ်တွေနဲ့ ပညာရှင်တွေရဲ့ လုံ့လ၀ိရိယတွေကြောင့် ၆ နှစ်အတွင်း ကျွန်တော်တိုဟာ ပိုမိုတိကျတဲ့ ဒုံးခွင်းစနစ်ကို ထုတ်လုပ်နိုင်ခဲ့ပါတယ်” လို့ ဗာဟီဒီက ပြောကြားခဲ့ပါတယ်။

    ဗာဟီဒီဟာ အီရန်ကာကွယ်ရေးတက္ကသိုလ်ရဲ့ ဥက္ကဌအဖြစ် လက်ရှိမှာ တာဝန်ထမ်းဆောင်နေပါတယ်။

    အီရတ်နဲ့ ဆီးရီးယားနိုင်ငံတို့က စစ်ပွဲတွေမှာ အီရန်ပါဝင်နေမှုနဲ့ပတ်သက်လို့ ဗာဟီဒီက ကာကွယ်ပြောကြားခဲ့ပြီး မိမိတို့ရဲ့ ဒီလိုပါဝင်မှုဟာ နယ်ချဲ့ဖို့မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

    တိုင်းပြည်အတွင်းမှာရှိနေတဲ့ သုတေသနပညာရှင်တွေနဲ့ အကြီးအကဲတွေကိုလည်း ကျေးဇူးတင်ကြောင်း သူက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    Ref: Press TV

  • မြန်မာဂျာနယ်လစ်များ စီမံချက်ဖြင့် ဖိနှိပ်ခံနေရဟု ကုလ ဝေဖန်

    မြန်မာဂျာနယ်လစ်များ စီမံချက်ဖြင့် ဖိနှိပ်ခံနေရဟု ကုလ ဝေဖန်

    စက်တင်ဘာ ၁၁၊ ၂၀၁၈
    M-Media

    ရိုက်တာသတင်းထောက်နှစ်ယောက်၏ ရုံးချိန်းမြင်ကွင်း

    – မြန်မာအစိုးရနဲ့ စစ်တပ်တို့ဟာ ဂျာနယ်လစ်တွေအပေါ် ဖိနှိပ်ချုပ်ချယ်မှုကို ‘နိုင်ငံရေးစီမံချက်’ အဖြစ်ဆောင်ရွက်နေတယ်လို့ ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ရခိုင်ပြည်နယ် အင်းဒင်ရွာက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ဖော်ထုတ်ခဲ့တဲ့ ရိုက်တာသတင်းထောက် ကျော်စိုးဦးနဲ့ ၀လုံးတို့ကို တရားရုံးက ပြီးခဲ့တဲ့တစ်ပတ်မှာ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ကမ္ဘာတစ်ဝှမ်းက ဝေဖန်မှုတွေ ရှိနေတဲ့အချိန် ကုလရဲ့ အခုအစီရင်ခံစာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

    အစီရင်ခံစာမှာ ‘မြန်မာအစိုးရနဲ့ စစ်တပ်တို့ဟာ ဥပဒေ၊ တရားရုံးတွေကို လက်နက်တစ်ခုတစ်ဖွယ် အသုံးပြုပြီး လွတ်လပ်တဲ့ စာနယ်ဇင်းကဏ္ဍကို ဖိနှိပ်တဲ့ နိုင်ငံရေးစီမံချက်တစ်ခု’ လုပ်ဆောင်နေတယ်လို့ ရေးသားပြီး၊ ရိုက်တာသတင်းထောက်နှစ်ယောက်ရဲ့အမှုကို အသားပေး ဖော်ပြထားပါတယ်။

    ဒါ့အပြင် ဆက်သွယ်ရေးဥပဒေ၊ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ၊ တရားမ၀င်အသင်းအဖွဲ့ဥပဒေ၊ သွင်းကုန်ထုတ်ကုန် ဥပဒေနဲ့ လေကြောင်းဆိုင်ရာ ဥပဒေတွေကို အသုံးပြုပြီး ဂျာနယ်လစ်တွေအပေါ် ဖိနှိပ်မှုတွေ လုပ်နေတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

    ၂၀၁၇ ခုနှစ် ဇွန်လက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအောင်းလွတ်မြောက်ရေးအဖွဲ့ TNLA က လုပ်တဲ့ နိုင်ငံတကာ မူယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အခမ်းအနားကို သတင်းသွားယူတဲ့ သတင်းထောက်တွေကို တရားမ၀င်အသင်းအဖွဲ့ဆိုင်ရာ ဥပဒေနဲ့ ဖမ်းဆီးမှု၊ နေပြည်တော်မှာ မှတ်တမ်းရုပ်ရှင်လာရိုက်တဲ့ တူရကီ မီဒီယာအဖွဲ့နဲ့ မြန်မာစကားပြန်၊ ယာဉ်မောင်းဆရာတွေ သွင်းကုန်ထုတ်ကုန်ဥပဒေနဲ့ ဖမ်းဆီးခံရမှုတွေကို ဂျာနယ်လစ်တွေအပေါ် ဖိနှိပ်ချုပ်ချယ်မှုအဖြစ် အစီရင်ခံစာမှာ သတ်မှတ်ဖော်ပြထားပါတယ်။

    လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ချယ်လီ ဘာချလတ်က ဒီလိုအဖြစ်အပျက်တွေဟာ ‘ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အထောက်အကူ မဖြစ်ဘူး’ လို့ အစီရင်ခံစာမှာ သတိပေးခဲ့ပြီး၊ ဥပဒေနဲ့ တရားရေးစနစ်တွေကို အသုံးချကာ ဂျာနယ်လစ်တွေကို ဖိနှိပ်မှုကို ရပ်တန့်ဖို့၊ လွတ်လပ်စွာ သတင်းဖော်ပြမှုကို ထိခိုက်စေတဲ့ ခေတ်နောက်ပြန်ဆွဲ ဥပဒေတွေကို ဖျက်သိမ်းဖို့ တိုက်တွန်းခဲ့ပါတယ်။

    Ref: CNA

  • အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    စက်တင်ဘာ ၁၁၊ ၂၀၁၈
    M-Media

    ပူတင်နှင့် အာဘေးတို့ တွေ့ဆုံမှု

    ထရမ့်နှင့် နောက်တစ်ကြိမ်တွေ့ဆုံရန် ကင်ဂျုံအွန်တောင်းဆို
    ======================
    သမ္မတထရမ့်နဲ့ နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးဖို့အတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က မနေ့မှာ စာရေးသားတောင်းဆိုလိုက်ပြီး အိမ်ဖြူတော်ကလည်း ဒီအတွက် အစီအစဉ်ဆွဲနေပါတယ်။ ကင်နဲ့ ထရမ့်တို့ဟာ ဇွန်လ ၁၂ ရက်နေ့က စင်ကာပူနိုင်ငံမှာ တစ်ကြိမ် တွေ့ဆုံခဲ့ပြီး ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေးကိစ္စကို ဆွေးနွေးခဲ့ကြပါတယ်။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဆာရာဆန်းဒါးက မနေ့ကစာဟာ အင်မတန်နွေးထွေးပြီး အပြုသဘောဆောင်တဲ့ စာဖြစ်ကြောင်း၊ အဓိကအကြောင်းအရင်းက ထရမ့်နဲ့တွေ့ဆုံဖို့ဖြစ်ပြီး လက်ရှိ မိမိတို့က ညှိနှိုင်းစီစဉ်နေကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    ဆော်ဒီထံမှရသည့် ငွေများ၏ အထောက်အထားများကို နာဂျစ်ထုတ်ပြ
    ==========
    သူ့ရဲ့ ကိုယ်ပိုင်ဘဏ်အကောင့်ထဲကို ၀င်လာတဲ့ ကန်ဒေါ်လာ ၆၀၇ သန်းဟာ ဆော်ဒီ တော်ဝင်မိသားစုရဲ့ လှူဒါန်းဖြစ်တယ်ဆိုတဲ့ အထောက်အထားတွေကို မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်က Facebook စာမျက်နှာပေါ်မှာ မနေ့က ထုတ်ပြလိုက်ပါတယ်။ အဲဒီစာရွက်စာတမ်းတွေထဲမှာ ဆော်ဒီ တော်ဝင်မင်းသားတစ်ပါးဖြစ်တဲ့ အဘ်ဒူလ်အဇစ် အလ်-ဆာအွဒ်ရဲ့ စာတစ်စောင်လည်း ပါဝင်ပြီး အဲဒီစာထဲမှာ သူပေးတဲ့ ဒေါ်လာသန်း ၁၀၀ ဟာ လက်ဆောင်ဖြစ်တယ်လို့ ရေးသားထားပါတယ်။ နာဂျစ်က အာရပ်နွေဦးတော်လှန်ရေး ဖြစ်ပြီးတဲ့နောက် ဒီငွေကို ရရှိတာဖြစ်ပြီး ဆော်ဒီဘုရင်ဟောင်းက မွတ်စလင်နိုင်ငံတွေမှာ တည်ငြိမ်အောင်ထိန်းဖို့ ဒီလို ငွေကြေးလက်ဆောင်ပေးတာဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။

    ကလေးမွေးမှုကန့်သတ်သည့် ဥပဒေများအားလုံး ဖျက်သိမ်းရန် တရုတ်ပြင်ဆင်
    ====================
    မိသားစုစီမံကိန်းဆိုင်ရာ ကိစ္စတွေကို အကောင်အထည်ဖော်နေတဲ့ ရုံး ၃ ရုံးကို ဖျက်သိမ်းတော့မယ်လို့ တရုတ်ကျန်းမာရေးကော်မရှင်က မနေ့မှာ ကြေငြာလိုက်ပြီး ဒါဟာ ကလေးယူမှု တင်းကြပ်တဲ့ ပေါ်လစီတွေကို ထပ်မံလျော့ပေါ့ပေးရေး ခြေလှမ်းတစ်ခုလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ၁၉၇၉ ခုနှစ်ကတည်းက တစ်အိမ်ထောင် ကလေးတစ်ယောက်ပေါ်လစီကို ချမှတ်ခဲ့တာပါ။ ဒါပေမယ့် သက်ကြီးရွယ်အိုများလာမှု၊ လုပ်သားအင်အားကျဆင်းလာမှုတွေကြောင့် ၂၀၁၆ ခုနှစ်မှာ မြို့ပြကမိသားစုတွေ ကလေးနှစ်ယောက်ယူဖို့ ခွင့်ပြုခဲ့ပါတယ်။ အခုနှစ်နှောင်းပိုင်းမှာတော့ ကလေးယူမှုကန့်သတ်တဲ့ ဥပဒေတွေအားလုံးကို ဖျက်သိမ်းဖို့ ရှိနေတယ်လို့ မီဒီယာတွေက ဖော်ပြလာကြပါတယ်။

    ဂျပန်နှင့် အငြင်းပွားသည့်ကျွန်းကိစ္စ ဖြေရှင်းရန်ကြာမည်ဟု ပူတင်ပြော
    ==================
    ဂျပန်နဲ့ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကူရီလ်ကျွန်းစုကိစ္စ သိပ်မကြာခင် ပြေလည်သွားမယ်လို့ ပြောကြားနေမှုဟာ နုံအရာကျတယ်လို့ ရုရှားသမ္မတ ပူတင်က မနေ့မှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ တွေ့ဆုံပြီးတဲ့နောက် ပြောကြားလိုက်ပါတယ်။ အဲဒီကျွန်းကို ဒုတိယကမ္ဘာစစ်အပြီးမှာ ရုရှားက သိမ်းပိုက်ထားတာဖြစ်ပြီး ဂျပန်က သူတို့ပိုင်တဲ့ကျွန်းလို့ဆိုကာ ပြန်တောင်းနေတာပါ။ ပြီးခဲ့တဲ့နှစ်တွေမှာ နှစ်နိုင်ငံ ဆွေးနွေးမှုတွေ ပိုမိုပြုလုပ်လာခဲ့ပြီး ကျွန်းစုအတွင်း စီးပွားရေးနဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကိုလည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဒီကိစ္စဟာ သိပ်မကြာခင် ပြီးသွားမယ်လို့ အရင်က ပြောထားဖူးပါတယ်။

    Ref: CNA, Aljazeera

  • မြန်မာ-အစ္စရေး ပညာရေးသဘောတူညီချက်ကို ဖျက်သိမ်းရန် အစ္စရေးပညာရှင်များ တောင်းဆို

    မြန်မာ-အစ္စရေး ပညာရေးသဘောတူညီချက်ကို ဖျက်သိမ်းရန် အစ္စရေးပညာရှင်များ တောင်းဆို

    စက်တင်ဘာ ၁၀၊ ၂၀၁၈
    M-Media

    နှစ်နိုင်ငံ သဘောတူညီချက်ကို လက်မှတ်ရေးထိုးစဉ်က

    – မြန်မာနိုင်ငံနဲ့ လက်မှတ်ရေးထိုးထားတဲ့ ပညာရေးသဘောတူညီချက်ကို ပယ်ဖျက်ဖို့အတွက် အစ္စရေးပညာရှင်တွေနဲ့ ကျောင်းဆရာတွေက အစ္စရေးအစိုးရကို မေတ္တာရပ်ခံ တောင်းဆိုလိုက်ပါတယ်။

    အစ္စရေးနိုင်ငံခြားရေးဝန်ကြီး တဇီပီ ဟိုတိုဗီလီဟာ မေလက မြန်မာနိုင်ငံနဲ့ ပညာရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

    “လူမျိုးတုန်းသတ်ဖြတ်မှုတွေ၊ စစ်ရာဇ၀တ်မှုတွေ၊ လူသားထုအပေါ် ကျူးလွန်မှုတွေနဲ့ အလုပ်ရှုပ်နေတဲ့ မြန်မာအုပ်ချုပ်သူတွေက အစ္စရေးရဲ့ သင်ရိုးညွှန်းတမ်းမှာ ၀င်ရောက်စွက်ဖက်ဖို့ အခွင့်ရသွားတာဟာ လုံးဝ မယုံကြည်နိုင်စရာပါပဲ” လို့ ကျောင်းဆရာတွေ ပညာရှင်တွေက ၀န်ကြီးချုပ် နေတန်ယာဟုဆီ လိပ်မူတဲ့ အဲဒီ တိုက်တွန်းစာမှာ ရေးသားထားပါတယ်။

    ဒီအဖွဲ့ကို အစ္စရေးလူ့အခွင့်အရေးရှေ့နေ အီတေး မက်ခ်က ဦးဆောင်တာ ဖြစ်ပါတယ်။

    “အစ္စရေးကျောင်းတွေက မြန်မာနိုင်ငံပတ်သက်တဲ့ အစီအစဉ်တိုင်းမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း အဲဒီတိုင်းပြည်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ၊ စစ်ရာဇ၀တ်မှုတွေ၊ အခြေခံလူ့အခွင့်အရေး မပေးမှုတွေ၊ စစ်တပ်ရဲ့ သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု၊ ညှင်းပမ်းမှု၊ နိုင်ငံသားတွေကို မောင်းထုတ်မှု၊ တိုင်းရင်းသားလူနည်းစုတွေအပေါ် တိုက်ရိုက် ရာဇ၀တ်မှုကျူးလွန်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်မှန်တွေကို ထည့်သွင်းရပါလိမ့်မယ်” လို့ တိုက်တွန်းစာမှာ ရေးသားထားပါတယ်။

    ပညာရေးဌာနကိုကျော်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက လက်မှတ်ရေးထိုးခဲ့တဲ့ ဒီ သဘောတူညီချက်ဟာ အစ္စရေးရဲ့ ပညာရေးစနစ်တစ်ခုလုံး၊ နိုင်ငံသားတွေ၊ ပညာရှင်တွေကို အရှက်ရစေကြောင်း လက်မှတ်ရေးထိုးသူတွေက သူတို့ရဲ့ သဘောထားကို ထည့်သွင်းဖော်ပြထားပါတယ်။

    Ref: Haaretz

  • မိမိတို့အတွက် ICC က အရေးမပါဟု အမေရိကန်ပြော

    မိမိတို့အတွက် ICC က အရေးမပါဟု အမေရိကန်ပြော

    စက်တင်ဘာ ၁၀၊ ၂၀၁၈
    M-Media

    အာဖဂန်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များ

    – အမေရိကန်စစ်သားတွေ စစ်ရာဇ၀တ်မှု ကျူးလွန်လားဆိုတာကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံးက ICC က စစ်ဆေးဖိုးကြိုးစားမှုကို အမေရိကန်က လက်မခံဘဲ ဖြစ်နိုင်သမျှ နည်းလမ်းတွေနဲ့ တားဆီးသွားဖို့ ရှိနေပါတယ်။

    အာဖဂန်စစ်ပွဲမှာ တာလီဘန်တွေ၊ ဒေသခံလုံခြုံရေးတပ်ဖွဲ့တွေ၊ စစ်ဘုရင်တွေနဲ့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေ ကျူးလွန်မှုတွေ ရှိခဲ့တယ်လို့ အာဖဂန်ပြည်သူတွေရဲ့ တိုင်ကြားမှုပေါင်း ၁.၁၇ သန်းကို ရရှိခဲ့ပြီးတဲ့နောက် ICC က အာဖဂန်မှာ စစ်ရာဇ၀တ်မှုကိစ္စကို တရားဝင် စုံစမ်းစစ်ဆေးဖို့ စီစဉ်နေတာပါ။

    သမ္မထရမ့်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်လ်တန်တစ်ယောက် အဲဒီကိစ္စနဲ့ပတ်သက်ပြီး အခမ်းအနားတစ်ခုမှာ ပြောကြားမယ့် မိန့်ခွန်းမူကြမ်းမှာ သူတို့အနေနဲ့ နည်းလမ်းပေါင်းစုံသုံးပြီး နိုင်ငံသားတွေနဲ့ မဟာမိတ်တွေကို ကာကွယ်သွားမယ်လို့ ရေးသားထားပါတယ်။

    “တရားမ၀င်တဲ့ ခုံရုံးက မတရားတဲ့ တရားစွဲဆိုမှုကနေ ကျွန်တော်တို့ နိုင်ငံသားတွေနဲ့ မဟာမိတ်တွေကို လိုအပ်သမျှနည်းလမ်းပေါင်းစုံနဲ့ ကာကွယ်သွားမှာပါ။ ICC နဲ့ ကျွန်တော်တို့ ပူးပေါင်းသွားမှာ မဟုတ်ဘူး၊ ကူညီသွားမှာလည်း မဟုတ်ပါဘူး။ ဆက်သွယ်ဆောင်ရွက်မှာလည်း မဟုတ်ပါဘူး။ ICC ကိုယ့်ဟာကိုယ် ကျဆုံးသွားတာကို ကျွန်တော်တို့ ထိုင်ကြည့်မှာပါ။ ကျွန်တော့်တို့သဘောထားကို ပြောရရင် ICC ဟာ ကျွန်တော်တို့အတွက် လုံးဝ အရေးမပါပါဘူး”

    ဒီမိန့်ခွန်းမူကြမ်းကို ရိုက်တာသတင်းဌာနက ရရှိခဲ့တာ ဖြစ်ပါတယ်။

    အမေရိကန်ရဲ့ အနီးကပ်မဟာမိတ်ဖြစ်တဲ့ အစ္စရေးဟာလည်း ပါလက်စတိုင်းပြည်သူတွေအပေါ် ကျူးလွန်မှုတွေအတွက် ICC ရဲ့ စုံစမ်းစစ်ဆေးမှုကို ခံရဖို့ ရှိနေပါတယ်။

    ဘောလ်တန်ရဲ့မိန့်ခွန်းမူကြမ်းမှာတော့ အမေရိကန်အနေနဲ့ မဟာမိတ် အစ္စရေးဖက်ကနေ လုံးဝ ရပ်တည်သွားမယ်လို့ ထည့်သွင်းရေးသားထားပါတယ်။

    ICC က စုံစမ်းစစ်ဆေးမှုတွေ လုပ်မယ်ဆိုရင် ဒီလုပ်ငန်းမှာ ပါဝင်တဲ့ တရားသူကြီးတွေ၊ ရှေ့နေတွေနဲ့ ပူးပါင်းဆာင်ရွက်သူတွေကို အမေရိကန်က ပြည်ဝင်ခွင့်ပိတ်တာ၊ အမေရိကန်မှာရှိတဲ့ သူတို့ရဲ့ပိုငဆိုင်မှုတွေကို သိမ်းဆည်းတာ၊ အမေရိကန်တရားရုံးမှာ သူတို့ကို တရားစွဲတာမျိုးတွေ လုပ်လာနိုင်ပါတယ်။

    Ref: RT