News @ M-Media
Blog
  • ဘေဂျင်းရှိ ခရစ်ယာန်အသင်းတော်တစ်ခုကို တရုတ်အစိုးရက ဖျက်သိမ်း
    ဘေဂျင်းရှိ ခရစ်ယာန်အသင်းတော်တစ်ခုကို တရုတ်အစိုးရက ဖျက်သိမ်း
    စက်တင်ဘာ ၁၀၊ ၂၀၁၈
    M-Media
    Zion အသင်းတော်ရဲ့ သင်းအုပ်ဆရာ ဂျင်မင်ဂရီ
    – မြို့တော်ဘေဂျင်းမှာရှိတဲ့ အကြီးဆုံး ခရစ်ယာန် ပရိုကတ်စတင့် အသင်းတော်တွေထဲက တစ်ခုကို တရုတ်ကွန်မြူနစ်အစိုးရက ပိတ်ပစ်လိုက်ပြီး သာသနာပြုပစ္စည်းတွေကိုလည်း သိမ်းဆည်းလိုက်ပါတယ်။
    Zion အသင်းတော်ဖြစ်ပြီး ရာနဲ့ချီတဲ့ အသင်းဝင်တွေဟာ ဘေဂျင်းမြို့မြောက်ပိုင်းက ခမ်းနားတဲ့ ခန်းမတစ်ခုမှာ အပတ်စဉ် ဘုရားဝတ်ပြုနေကြတာ ဖြစ်ပါတယ်။
    ဒါပေမယ့် အဲဒီအဆောက်အဦးမှာ စောင့်ကြည့်ကင်မရာတွေတပ်ဖို့ အစိုးရရဲ့တောင်းဆိုမှုကို အသင်းတော်က ငြင်းပယ်ခဲ့တဲ့ ဧပြီလကစလို့ အာဏာပိုင်တွေက ဒီအဖွဲ့ကို ဖိအားပေးခဲ့ပြီး ဖျက်သိမ်းဖို့ လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။
    မနေ့မှာတော့ ခရိုင်အာဏာပိုင်တွေက ဘုရားဝတ်ပြုဆုတောင်းမှုကို ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်တယ်ဆိုတဲ့ စွဲချက်နဲ့ အသင်းတော်ကို ပိတ်သိမ်းကြောင်း နို့တစ်စာ လာကပ်ကာ၊ ပစ္စည်းတွေကိုလည်း တရားမ၀င် သာသနာပြုပစ္စည်းတွေဆိုကာ သိမ်းဆည်းသွားပါတယ်။
    Zion အသင်းတော်ရဲ့ သင်းအုပ်ဆရာ ဂျင်မင်ဂရီက အာဏာပိုင်တွေနဲ့ စေ့စပ်ဖြေရှင်းဖို့ နည်းလမ်းမရှိမှာကို စိုးရိမ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။
    တရုတ်ရဲ့ အခြေခံဥပဒေအရ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားပေမယ့် သမ္မတ ရှီကျင့်ဖျင် တက်လာပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံအတွင်းမှာရှိတဲ့ ဘာသာတရားတွေကို ဖိနှိပ်မှု ပိုမိုပြုလုပ်လာခဲ့ပါတယ်။
    ဖေဖော်ဝါရီလမှာ တရုတ်သာသနာရေးဝန်ကြီးဌာနက စည်းကမ်းအသစ်တွေ ထုတ်ပြန်ခဲ့ပြီး အဲဒီအချက်တွေကို လိုက်နာကြောင်း လက်မှတ်ရေးထိုးဖို့အတွက် နိုင်ငံတစ်ဝှမ်းက ဘာသာရေးအဖွဲ့အစည်းတွေကို ဖိအားပေးခဲ့ပါတယ်။
    ဇူလိုင်လမှာ ဘေဂျင်းက ပရိုကတ်စတင့် အသင်းတော် ၃၀ လောက်ဟာ အစိုးရအနေနဲ့ ဘာသာရေးမှာ ၀င်ရောက်စွက်ဖက်နေကြောင်း၊ စည်းကမ်းအသစ်တွေ ထုတ်ပြန်ပြီးတဲ့နောက်ပိုင်း ဘာသာဝင်တွေကို စော်ကားမှုတွေ၊ ဖိနှိပ်မှုတွေ လုပ်နေကြောင်း ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
    တရုတ်နိုင်ငံက ခရစ်ယာန်ဘာသာဝင်တွေဟာ အစိုးရက တရားဝင်အသိအမှတ်ပြုထားတဲ့ ဘုရားကျောင်းတွေ၊ အစိုးရက အသိအမှတ်မပြုဘဲ ကိုယ့်နည်းကိုယ်ဟန်နဲ့ ဖန်တီးထားတဲ့ ဘုရားကျောင်းတွေကို တက်ရောက်လေ့ ရှိကြပါတယ်။
    အာဏာပိုင်တွေက အသိအမှတ်ပြုထားတဲ့ ဘုရားကျောင်းတွေကိုသာ သွားရောက်ဖို့ ခရစ်ယာန်ဘာသာဝင်တွေကို ဖိအားပေး၊ ခြိမ်းခြောက်တွေ လုပ်ဆောင်လေ့ ရှိပါတယ်။
    Ref: Reuters
  • တူရကီတွင် နှစ် ၉၀၀ သက်တမ်းရှိ ဗလီတစ်လုံးကို အလုံးလိုက် နေရာရွှေ့
    တူရကီတွင် နှစ် ၉၀၀ သက်တမ်းရှိ ဗလီတစ်လုံးကို အလုံးလိုက် နေရာရွှေ့
    စက်တင်ဘာ ၁၀၊ ၂၀၁၈
    M-Media
    ဗလီငယ်ရွှေ့ပြောင်းမှု
    – တူရကီနိုင်ငံတောင်ပိုင်း ဘတ္တမန်ပြည်နယ် ဟာဆန်ကက်ဖ်ခရိုင်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၉၀၀ က တည်ဆောက်ခဲ့တဲ့ ရှေးဟောင်း ဗလီဝတ်ကျောင်းတော်တစ်လုံးကို ဒီကနေ့မှာ အလုံးလိုက် ရွှေ့ပြောင်းခဲ့ပါတယ်။
    အာတူကစ်မင်းဆက်လက်ထက်က ဆောက်လုပ်ခဲ့တဲ့ အဲဒီဗလီငယ်ဟာ တန်ပေါင်း ၈၅၀ လေးပြီး ဘီး ၂၅၆ ဘီးပါတဲ့ အထူးထရပ်ကားနဲ့ မူရင်းနေရာကနေ ၂.၄ ကီလိုမီတာအဝေးကို ရွှေ့ခဲ့တာပါ။ အနီးအနားမှာ ရေလှောင်တမံအသစ်တစ်ခု ဖွင့်လှစ်ပြီးတဲ့နောက် အနာဂတ်မှာ ရေကြီးမယ့် အန္တရာယ်ကို စိုးရိမ်တဲ့အတွက် ဗလီကို ဒီလို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
    ဗလီရဲ့ မင်နာရတ်မျှော်စင်ကိုတော့ အခုတစ်ပတ်အတွင်းမှာ ရွှေ့ဖို့ ရှိနေပါတယ်။
    တူရကီဟာ အရင်ကလည်း နှစ်ပေါင်း ၅၄၀ ကြာမြင့်နေပြီးဖြစ်တဲ့ ဂူဗိမာန်တစ်ခု၊ ရှေးဟောင်း တူရကီရေချိုးကန်တစ်ခုတို့ကို ဘတ္တမန်ပြည်နယ်မှာပဲ အလုံးလိုက် ရွှေ့ပြောင်းခဲ့ဖူးပါတယ်။
    ပြည်နယ်ဟိုက်ဒရောလစ်လုပ်ငန်းအဖွဲ့ (DSI) ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး မူရက်ဒဂ်ဒီဗီရန်က ဒီဗလီငယ်ကို နေရာရွှေ့ပြောင်းမှုဟာ သမိုင်းဝင်လုပ်ငန်းတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ဟာဆန်ကက်ဖ်ခရိုင်ကို ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရာ ဌာနအဖြစ် တူရကီက ၁၉၈၁ ခုနှစ်မှာ သတ်မှတ်ခဲ့ပြီး ခရစ်ယာန်နဲ့ မွတ်စလင်တွေရဲ့ ၀တ်ပြုရာနေရာတွေ၊ ကျောက်ဂူတွေနဲ့ ဘိုင်ဇန်တိုင်းခေတ်က ခံတပ်တွေကို အစိုးရအစီအစဉ်နဲ့ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။
    Ref: AA
  • 1MDB နှင့်ပတ်သက်သည့် ဒေါ်လာ ၁၅ သန်း စင်ကာပူက မလေးရှားကို ပြန်ပေးမည်
    1MDB နှင့်ပတ်သက်သည့် ဒေါ်လာ ၁၅ သန်း စင်ကာပူက မလေးရှားကို ပြန်ပေးမည်
    စက်တင်ဘာ ၁၀၊ ၂၀၁၈
    M-Media
    – ငွေကျပ် ဒေါ်လာ ဘီလီယံချီ ပျောက်ဆုံးခဲ့တဲ့ မလေးရှားနိုင်ငံပိုင် 1MDB လုပ်ငန်းနဲ့ပတ်သက်တဲ့ စင်ကာပူဒေါ်လာ ၁၅.၃ သန်းကို မလေးရှားထံ ပြန်လည်ပေးအပ်ဖို့အတွက် စင်ကာပူတရားရုံးတစ်ခုက ဒီကနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
    ဒါဟာ 1MDB ပြဿနာနဲ့ပတ်သက်ပြီး စင်ကာပူက သိမ်းဆည်းထားတဲ့ ငွေတွေထဲက ပမာဏအနည်းငယ်သာ ဖြစ်ပါတယ်။
    1MDB နဲ့ စက်ဆပ်ပြီး စင်ကာပူနိုင်ငံထဲဝင်လာတဲ့ ငွေသားတွေနဲ့ ပြောင်းရွှေ့လို့ မရတဲ့ ပစ္စည်း စုစုပေါင်း စင်ကာပူဒေါ်လာ သန်း ၂၄၀ ဖိုးကို သိမ်းဆည်းခဲ့တယ်လို့ ၂၀၁၆ ခုနှစ်မှာ စင်ကာပူက ကြေငြာခဲ့ပါတယ်။
    ဒီပိုက်ဆံတွေ၊ ပစ္စည်းတွေကို ပြန်ပေးဖို့အတွက် စင်ကာပူနဲ့ မလေးရှားတို့ဟာ မေလမှာ သဘောတူညီခဲ့ကြပြီး ဒီကနေ့ဆုံးဖြတ်ချက်ဟာ ပထမအသုတ် ပြန်ပေးမှု ဖြစ်ပါတယ်။
    ငွေတွေကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာရှိတဲ့ 1MDB အထူးအကောင့်ကို လွှဲပေးသွားမှာ ဖြစ်ပါတယ်။
    မလေးရှား ဘဏ္ဍာရေးဝန်ကြီး လင်ဂွန်အန်က စင်ကာပူတရားရုံးရဲ့ ဒီဆုံးဖြတ်ချက်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
    1MDB နဲ့ ဆက်စပ်တဲ့ ငွေကြေးခ၀ါချမှုမှာ ပါဝင်ခဲ့တဲ့ ဘဏ်တော်တော်များများနဲ့ တာဝန်ရှိသူတွေကို စင်ကာပူက အရေးယူထားပါတယ်။
    Ref: CNA
  • ဧရာဝတီတိုင်းတွင် ရေတိုက်စားကမ်းပြိုမှုကြောင့် ရွာလုံးကျွတ်လိုက် ရွှေ့ပြောင်းရမှုများ ရှိလာ
    ဧရာဝတီတိုင်းတွင် ရေတိုက်စားကမ်းပြိုမှုကြောင့် ရွာလုံးကျွတ်လိုက် ရွှေ့ပြောင်းရမှုများ ရှိလာ
    စက်တင်ဘာ ၁၀၊ ၂၀၁၈
    M-Media
    Photo Credit – Irrawaddy
    – ဧရာဝတီတိုင်းဒေသကြီးမှာ မြစ်ကမ်းပါးတွေ ရေတိုက်စားပြိုကျမှုဟာ ပြီးခဲ့တဲ့နှစ်ကထက် ၄ ဆ ပိုဆိုးလာတယ်လို့ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးစင်တာက ပြောကြားလိုက်ပါတယ်။
    ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှာ ကမ်းပါးပြိုမှု ၅၇ ခု သာ ရှိခဲ့ရာကနေ ၂၀၁၇-၁၈ ဘဏ္ဍာရေးမှာ ၂၆၆ ခုအထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။
    “တိုင်းဒေသကြီးအတွင်း ကမ်းပါးပြိုမှုတွေဟာ လတ်တလောမှာ တော်တော်များများ ဖြစ်လာပါတယ်” လို့ စင်တာရဲ့ ညွှန်ကြားရေးမှူး ဦးသန်းစိုးက ပြောကြားခဲ့ပါတယ်။
    တိုင်းဒေသကြီးအတွင်း ခရို ၆ ခုရှိရာမှာ ဟင်္သာတခရိုင်က ကမ်းပါးပြိုမှု အရေအတွက် ၁၉၁ ကြိမ်ရှိပြီး အများဆုံး ဖြစ်ပါတယ်။ မအူပင်ခရိုင်မှာ ၅၇ ခု ရှိပြီး ပုသိမ်၊ မြောင်းမြနဲ့ လပွတ္တာတို့မှာလည်း ကမ်းပါးပြိုကျမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဖျာပုံခရိုင်မှာတော့ ကမ်းပါးပြိုမှု မရှိပါဘူး။
    ဧရာဝတီတိုင်းဒေသကြီးမှား မြစ်ကမ်းပါးတွေ ရေတိုက်စားမှုကြောင့် ပြိုကျတဲ့ အဖြစ်အပျက်တွေဟာ ၂၀၁၅ ခုနှစ်ကတည်း ခပ်စိပ်စိပ် ဖြစ်ပွားခဲ့ပြီး ရွာလုံးကျွတ်လိုက် ပြောင်းရွှေ့ရတာတွေ ရှိလာခဲ့ပါတယ်။
    ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီးမှာ ဖြစ်ပွားခဲ့တဲ့ သာဘ၀ဘေးအန္တရာယ်တွေထဲမှာ ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဟာ ၄၉ ရာခိုင်နှုန်း ရှိနေပါတယ်။ လေပြင်းတိုက်ခတ်မှု ၂၆ ရာခိုင်နှုန်း ရှိနေပါတယ်။
    “ရေတိုက်စားပြီး ကမ်းပါးတွေ ပြိုတာကြောင့် ၂၀၁၅ ခုနှစ်ကတည်းကစပြီး အိမ်ပြောင်းရတာတွေ ဖြစ်လာတယ်။ (၂၀၁၈) ဇွန်လမှာ အခြေအနေက ပိုဆိုးလာပြီး ရွာမှာ ကျန်နေတဲ့အိမ်တွေအားလုံး ပြောင်းရွှေ့လိုက်ရပါတယ်။ အခုဆိုရင် ရွာမှာရှိတဲ့ အိမ်ခြေ ၂၀၀ လုံး ပြောင်းလိုက်ရပါပြီ” လို့ ပန်းတနော်မြို့နယ် ရွှေဖလားကျောင်းရွာက ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးမျိုးသန့်က ပြောကြားခဲ့ပါတယ်။
    ဧရာဝတီတိုင်းဒေသကြီးမှာ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း မိုးကြိုးပစ်မှု ရေကြီးရေလျှံမှုတို့ အပါအ၀င် သဘာဝဘေးအန္တရာယ်ဒဏ်ကို အိမ်ထောင်စု ၂၃၀၀၀ က လူပေါင်း ၉၂၇၀၅ ဦး ခံစားခဲ့ရပါတယ်။
    တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးစင်တာက ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း သဘာဘေးအန္တရာယ်ဒဏ် ခံစားခဲ့ရသူတွေအတွက် အစိုးရက ငွေကျပ်သန်းပေါင်း ၇၂၀ ထောက်ပံ့ပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: Irrawaddy
  • တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ
    တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ
    စက်တင်ဘာ ၁၀၊ ၂၀၁၈
    M-Media
    ကာ့ဒ်ပါတီရုံးချုပ်ကို တိုက်ခိုက်မှုအပြီး မြင်ကွင်း
    အီရန်ရှိ ကာ့ဒ်ဒေသကို အီရန်က ဒုံးကျည်များဖြင့် တိုက်ခိုက်
    ==============
    အီရတ်နိုင်ငံမြောက်ပိုင်း ကာ့ဒ်ဒေသမှာရှိတဲ့ အီရန်ကာ့ဒ်ပါတီနှစ်ခုရဲ့ ရုံးချုပ်ကို အီရန်တော်လှန်ရေးအစောင့်တပ်က ဒုံးကျည်တွေနဲ့ စနေနေ့မှာ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံးပြီး ၅၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ အီရန်ဟာ ကာ့ဒ်ပါတီတွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ထားတာပါ။ စနေနေ့တိုက်ခိုက်မှုကတော့ အဲဒီ ကာ့ဒ်ပါတီတွေဟာ အီရန်နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ပြီး တိုက်ခိုက်မှုတွေ ပြုလုပ်တာကြောင့် တုန့်ပြန်ရတာဖြစ်တယ်လို့ အီရန်က ထုတ်ပြန်ခဲ့ပါတယ်။
    တောင်ဆူဒန်တွင် လေယာဉ်ပျက်ကျမှု လူ ၁၉ ဦး သေဆုံး
    =================
    တောင်ဆူဒန်နိုင်ငံမှာ ခရီးသည်တင်လေယာဉ်ငယ်တစ်စင်းဟာ မနေ့က မြို့တော် ဂျူဘာကနေ ယီရိုလ်မြို့ကို ပျံသန်းစဉ်မှာ ပျက်ကျခဲ့တာကြောင့် အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။ စုစုပေါင်း ၂၂ ဦးလိုက်ပါသွားတဲ့ အဲဒီလေယာဉ်ကနေ ကလေးငယ်တစ်ဦးနဲ့ တွဲဘက်လေယာဉ်မှူးတို့အပါအ၀င် လူ ၃ ဦးကို ကယ်တင်နိုင်ခဲ့ပြီး အာဏာပိုင်တွေက လေယာဉ်ပျက်ကျမှု အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။ တောင်ဆူဒန်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း ခရီးသည်တင်လေယာဉ် ပျက်ကျမှုတွေ မကြာခဏ ဖြစ်ပေါ်ခဲ့ပါတယ်။
    အမေရိကန် ထိပ်သီးမီဒီယာလုပ်ငန်း အကြီးအကဲ လိင်ကိစ္စကြောင့် ရာထူးမှနှုတ်ထွက်
    =============
    လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထပ်ပေါ်လာခဲ့ပြီးတဲ့နောက် အမေရိကန်က ထိပ်တန်းမီဒီယာလုပ်ငန်း CBS အကြီးအကဲ လက်စ် မွန်ဗက်စ်ဟာ မနေ့က ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။ မွန်ဗက်စ်အပေါ် ဒီလို စွပ်စွဲချက်ဟာ ဇူလိုင်လက ပေါ်ထွက်လာတာဖြစ်ပြီး မနေ့မှာတော့ အမျိုးသမီး နောက်ထပ် ၆ ဦးက သူတို့ဟာလည်း မွန်ဗက်စ်ရဲ့ ကျူးလွန်မှုကို ခံခဲ့ရတယ်လို့ လူသိရှင်ကြားပြောကြားခဲ့ပါတယ်။ CBS က သူတို့ကုမ္ပဏီနဲ့ မွန်ဗက်စ်ဟာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုကို ဖော်ထုတ်ရေး တိုက်တွန်းတဲ့ #MeeToo လှုပ်ရှားမှုကို ကန်ဒ်ါလာ သန်း ၂၀ လှူဒါန်းသွားမယ်လို့ ကြေငြာခဲ့ပါတယ်။
    လူ့အခွင့်အရေးတာဝန်ရှိသူတစ်ဦးကို ဗီယက်နမ်ပြည်ဝင်ခွင့်ပိတ်
    =================
    စက်တင်ဘာ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ဟနွိုင်းမှာ ကျင်းပဖို့ရှိနေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ရာက်ဖို့ ဟနွိုင်းလေဆိပ်ကို မနေ့မှာ ရောက်ရှိလာတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒက်ဘီ စတော့ဟာ့ဒ်ကို ဗီယက်နမ်နိုင်ငံက ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ ဗီယက်နမ်ကွန်မြူနစ်အစိုးရဟာ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ပေမယ့် မီဒီယာကို ဆင်ဆာနဲ့ ထိန်းချုပ်ထားပြီး၊ အတိုက်အခံတွေကိုလည်း ပြင်းပြင်းထန်ထန် နှိမ်နှင်းလေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ တော်တော်များများကို ဖမ်းဆီးထောင်ချခဲ့ပြီး ဒီအတွက် ကမ္ဘာတစ်ဝှမ်းရဲ့ ဝေဖန်မှုကိုလည်း ခံနေရပါတယ်။
    Ref: Aljazeera, BBC, CNA