News @ M-Media

Blog

  • Facebook ၏ အာရှ ပထမဆုံးဒေတာစင်တာကို စင်ကာပူတွင် ဆောက်လုပ်မည်

    Facebook ၏ အာရှ ပထမဆုံးဒေတာစင်တာကို စင်ကာပူတွင် ဆောက်လုပ်မည်

    စက်တင်ဘာ ၆၊ ၂၀၁၈
    M-Media

    ဒေတာစင်တာ ကွန်ပျူတာဒီဇိုင်း

    – အာရှရဲ့ ပထမဆုံး ဒေတာစင်တာကို စင်ကာပူနိုင်ငံမှာ ဆောက်လုပ်ရေးအတွက် စင်ကာပူဒေါ်လာ ၁ .၄ ဘီလီယံ သုံးစွဲသွားမယ်လို့ Facebook က ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။

    စင်ကာပူနိုင်ငံ အနောက်ပိုင်းက မြေနေရာ ၁၇၀,၀၀၀ စကွဲယားမီတာမှာ ဆောက်လုပ်သွားမှာဖြစ်ပြီး အာရှဒေသတွင်း Facebook တည်ရှိမှု မြှင့်တင်ရေး တစ်စိတ်ပိုင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

    Facebook ရဲ့ ဒေတာစင်တာ တည်ဆောက်ရေးဆိုင်ရာ ဒုတိယဥက္ကဌ သောမတ်စ်ဖာလွန်က ဒီအစီအစဉ်ဟာ ရေရှည်လုပ်ဆောင်မယ့် အစီအစဉ်ဖြစ်ပြီး ဆောက်လုပ်ရေးအလုပ်အကိုင် ထောင်ချီ ဖန်တီးပေးနိုင်မှာဖြစ်ကာ၊ Network ထိန်းသိမ်းစောင့်ကြည့်ရေးကနေ၊ ပို့ဆောင်ရေးအထိ ၀န်ထမ်းပေါင်း ရာနှင့်ချီ ခန့်ထားနိုင်လိမ့်မယ်လို့ ဒီကနေ့ပြုလုပ်တဲ့ ဒေတာစင်တာ မိတ်ဆက်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

    ၁၁ ထပ်ရှိမယ့် အဲဒီဒေတာစင်တာကို ရေ၊ စွမ်းအင်နဲ့ မြေအသုံးပြုမှု အနည်းဆုံးဖြစ်စေမယ့် နည်းလမ်းနဲ့ ဆောက်လုပ်သွားမှာဖြစ်ပြီး၊ ၂၀၂၂ ခုနှစ်မှာ ပထမအဆင့် စတင်အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

    အခမ်းအနားကို တက်ရောက်ခဲ့တဲ့ စင်ကာပူရဲ့ ကုန်သွယ်ရေးနဲ့ စက်မှုလက်မှု ၀န်ကြီး ချန်ချွန်ဆင်းက Facebook အနေနဲ့ သူတို့ရဲ့ ပထမဆုံး အချက်အလက်စင်တာကို စင်ကာပူနိုင်ငံမှာ လာရောက်တည်ထားခြင်းဟာ တိုင်းပြည်အတွက် သမိုင်းမှတ်တိုင်သစ်တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: CNA

  • ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ

    ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ

    စက်တင်ဘာ ၆၊ ၂၀၁၈
    M-Media

    ပါလက်စတိုင်းရှိ ဘဒူအင်ရွာ

     

    ပါလက်စတိုင်းရွာတစ်ခုကို ဖျက်ဆီးရန် အစ္စရေး စီစဉ်
    ============
    ပါလက်စတိုင်းပိုက်နက်တစ်ခုဖြစ်တဲ့ အနောက်ဖက်ကမ်း ဂျေရုစလင်မြို့နားက ချန် အလ်-အေမာရ်ရွာကို ဖြိုချဖျက်ဆီးဖို့အတွက် အစ္စရေးတရားရုံးက မနေ့မှာ စစ်တပ်ကို ခွင့်ပြုချက် ပေးလိုက်ပါတယ်။ ဘဒူအင်လူမျိုးတွေနေထိုင်တဲ့ အဲဒီနေရာဟာ အစ္စရေးရဲ့ ကျူးကျော်အိမ်ယာနှစ်ခု အလယ်မှာ ရှိနေတာပါ။ အစ္စရေးအာဏာပိုင်တွေက အလ်-အေမာရ်ရွာမှာ ကျူးကျော်အိမ်ယာတည်ဆောက်ကာ ဂျေရုစလင်ကို ပါလက်စတိုင်းရွာတွေနဲ့ အဆက်အသွယ်ဖြတ်တောက်ဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။ ရွာဖြိုချမှုကြောင့် ပါလက်စတိုင်း ၁၈၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်ဖို့ ရှိနေပြီး၊ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နဲ့ လူ့အခွင့်အရေးအဖွဲ့တွေက အစ္စရေးရဲ့ ဒီလုပ်ရပ်ကို ရှုတ်ချခဲ့ပါတယ်။

    ဂျပန်တွင် ငလျင်လှုပ်မှုကြောင့် ၁ ဦးသေဆုံး
    ================
    ဂျပန်နိုင်ငံမြောက်ပိုင်း ဟိုကိုင်းဒိုးကျွန်းမှာ ဒီနေ့မနက် အစောပိုင်းက ပြင်းအား ၆.၆ မဂ္ဂနီကျုရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်မှုကြောင့် အနည်းဆုံး ၁ ဦးသေဆုံးပြီး ၃၀ ကျော် ပျောက်ဆုံးနေပါတယ်။ ငလျင်ကြောင့် မြေပြိုမှုတွေ အဆောက်အဦး ပြိုကျပျက်ဆီးမှုတွေ ရှိခဲ့ပါတယ်။ နောက်ဆက်တွဲငလျင် တော်တော်များများလည်း တစ်ညလုံ လှုပ်ခတ်ခဲ့ပါတယ်။ ဇွန်လတုန်းက အိုဆာကာမှာ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် ၅ ဦးသေဆုံးပြီး ၃၅၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ ဂျပန်နိုင်ငံအနောက်ပိုင်းမှာလည်း မနေ့က တိုင်ဖုန်းမုန်တိုင်းဒဏ်ကို ခံစားခဲ့ရပါတယ်။

    ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးတွေ့ဆုံပွဲ ယခုလအတွင်း ပြုလုပ်မည်
    ============
    အခုလ ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ မြောက်ကိုရီးယားမြို့တော် ပြုံးယမ်မှာ နျူဖျက်သိမ်းရေး ထိပ်သီးအစည်းအဝေး ကျင်းပဖို့အတွက် ကိုရီးယားနှစ်နိုင်ငံက မနေ့မှာ သဘောတူလိုက်ပါတယ်။ ဒါဟာ အခုနှစ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်တွေ ၃ ကြိမ်မြောက်တွေ့ဆုံမှု ဖြစ်လာမှာ ဖြစ်ပါတယ်။ တောင်ကိုရီးယား အမျိုးသားလုံခြုံရေးအကြံပေးနဲ့ မနေ့က တွေ့ဆုံမှုအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က သူ့အနေနဲ့ နျူကင်းစင်ရေးကို တောင်ကိုရီးယား၊ အမေရိကန်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဆန္ဒရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera, CNA

  • Facebook နှင့် Twitter မှ တာဝန်ရှိသူများ အမေရိကန်လွှတ်တော်တွင် မေးမြန်းခံရမည်

    Facebook နှင့် Twitter မှ တာဝန်ရှိသူများ အမေရိကန်လွှတ်တော်တွင် မေးမြန်းခံရမည်

    စက်တင်ဘာ ၅၊ ၂၀၁၈
    M-Media

    – အမေရိကန် နိုင်ငံရေးမှာ နိုင်ငံခြားတိုင်းပြည်တွေက လွှမ်းမိုးဖို့ ကြိုးစားမှုကို မတားဆီးခဲ့ဘူးဆိုတဲ့ စွဲချက်တွေအတွက် Facebook နဲ့ Twitter တို့က ထိပ်တန်းတာဝန်ရှိသူတွေဟာ ဒီကနေ့ အမေရိကန် အထက်လွှတ်တော်မှာ မေးမြန်းခံရဖို့ ရှိနေပါတယ်။

    အထူးသဖြင့် ၂၀၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားက ၀င်ရောက်စွက်ဖက်ဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ ကိစ္စဖြစ်ပြီး Facebook ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အကြီးအကဲ ရှီရီလ်ဆန်ဘာ့ဂ်နဲ့ Twitter ရဲ့ အမှုဆောင်အကြီးအကဲ ဂျက်ဒေါ်စီတို့က အထက်လွှတ်တော်ရဲ့ ထောက်လှမ်းရေးကော်မတီရှေ့မှောက်မှာ ရှင်းပြရမှာ ဖြစ်ပါတယ်။

    ဆန်ဘာ့ဂ်က မနေ့မှာ ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး သူတို့အနေနဲ့ အခြားသူတွေကို သတင်းမှားတွေပေးဖို့ ရည်ရွယ်တဲ့ အကောင့်တွေ၊ page တွေ ရာနဲ့ချီကို ဖယ်ရှားပစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လာမယ့်နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲမှာ နည်းပညာကုမ္ပဏီတွေဟာ ၀င်ရောက်စွက်ဖက်ဖို့ ရှိနေတယ်လို့ မကြာသေးခင်က စွပ်စွဲထားပါတယ်။

    ၂၀၁၆ ရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့လတွေအတွင်း Facebook တည်ထောင် မာ့ခ် ဇက်ကာဘတ် အပါအ၀င် နည်းပညာကုမ္ပဏီတွေက တာဝန်ရှိသူတွေဟာ အမေရိကန်လွှတ်တော်မှာ စစ်ဆေးမေးမြန်းခံခဲ့ရပါတယ်။

    ရုရှားဟာ ဆိုရှယ်မီဒီယာကို အသုံးပြုပြီး အမေရိကန်ပြည်သူလူထုအပေါ် လွှမ်းမိုးဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်အထက်လွှတ်တော်က အထောက်အထားတွေ ရှာဖွေဖို့ ကြိုစားနေတာပါ။

    ရုရှားကတော့ အမေရိကန်ရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

    Ref: Reuters

  • သူလျှိဟောင်းကို လုပ်ကြံသူများမှာ ရုရှားထောက်လှမ်းရေးမှလူများဟု ဗြိတိန်ထုတ်ပြန်

    သူလျှိဟောင်းကို လုပ်ကြံသူများမှာ ရုရှားထောက်လှမ်းရေးမှလူများဟု ဗြိတိန်ထုတ်ပြန်

    စက်တင်ဘာ ၅၊ ၂၀၁၈
    M-Media

    ဗြိတိန်က ထုတ်ပြန်ခဲ့သည့် သံသယရှိသူနှစ်ဦး

    – ဗြိတိန်သူလျှိုဟောင်း ဆာဂျီ စကရီပဲလ်နဲ့ သူ့ရဲ့ သမီးဖြစ်သူ ယူလီယာတို့ကို အဆိပ်ဓာတ်ငွေ့နဲ့ လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ သံသယရှိသူနှစ်ဦးရဲ့ အမည်နဲ့ ဓာတ်ပုံတွေကို ဗြိတိန်က ထုတ်ပြန်လိုက်ပါတယ်။

    အလက်ဇန်းဒါး ပီထရော့ဗ်နဲ့ ရုစ်လန် ဘိုရှီရော့ဗ်ဆိုတဲ့ အမည်တွေကို သုံးစွဲတဲ့ ရုရှားနိုင်ငံသားတွေဖြစ်ပြီး တရားစွဲဖို့ လုံလောက်တဲ့ အထောက်အထားတွေ ရရှိထားတယ်လို့ စကော့တလန်ယာ့ဒ်အဖွဲ့နဲ့ CPS အဖွဲ့တို့က ပြောကြားခဲ့ပါတယ်။

    ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက ဒီနှစ်ဦးဟာ ရုရှားစစ်ဖက်ထောက်လှမ်းရေး အရာရှိတွေဖြစ်တယ်လို့ ယူဆရကြောင်း၊ တိုက်ခိုက်မှုကို ရုရှားအစိုးရရဲ့ အကြီးတန်းပုဂ္ဂိုလ်က အတည်ပြုခဲ့တာ သေချာကြောင်း ပြောကြားခဲ့ပါတယ်။

    အသက် ၆၆ နှစ်အရွယ် စကရီပဲလ်နဲ့ သမီးဖြစ်သူ ၃၃ နှစ်အရွယ် ယူလီယာတို့ဟာ မတ်လက ဆေလ်းစ်ဘူရီမြို့မှာ အဆိပ်ဓာတ်ငွေ့နဲ့ လုပ်ကြံခံခဲ့ရပြီး ဒါဟာ ရုရှားထောက်လှမ်းရေးလက်ချက်ဖြစ်တယ်လို့ ဗြိတိန်က စွပ်စွဲခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း သူတို့ သားအဖနှစ်ယောက်စလုံး အသက်ဘေးက လွတ်ခဲ့ပါတယ်။

    ရုရှားဖက်ကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။

    ဇွန်လ ၃၀ ရက်နေ့က ဆေးလ်စ်ဘူရီနဲ့ သိပ်မဝေးတဲ့ အေမက်စ်ဘူရီမြို့မှာ နောက်ထပ် လူ နှစ်ဦး အဆိပ်ဓာတ်ငွေ့နဲ့ တိုက်ခိုက်ခံရပြီး အဲဒီထဲကတစ်ဦး သေဆုံးခဲ့ပါတယ်။ ဗြိတိန်ရဲတပ်ဖွဲ့က ဒါဟာ ဆေးလ်စ်ဘူရီက တိုက်ခိုက်မှုနဲ့ ဆယ်နွယ်တယ်လို့ ယူဆခဲ့ပါတယ်။

    ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဗြိတိန်ကနေ ထုတ်ပြန်တဲ့ အမည်တွေ၊ ဓာတ်ပုံတွေဟာ ရုရှားနဲ့ ဘာမှမဆိုင်ကြောင်း၊ စကရီပဲလ်တို့ တိုက်ခိုက်ခံရမှုမှာ ရုရှားက ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိကြောင်း တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    Ref: BBC,RT

  • နိုင်ငံတကာ မွတ်စလင်ရုပ်ရှင်ပွဲတော် ရုရှားတွင်ကျင်းပ

    နိုင်ငံတကာ မွတ်စလင်ရုပ်ရှင်ပွဲတော် ရုရှားတွင်ကျင်းပ

    စက်တင်ဘာ ၅၊ ၂၀၁၈
    M-Media

    ဖွင့်ပွဲအခမ်းအနား မြင်ကွင်း

    – ‘၁၄ ကြိမ်မြောက် နိုင်ငံတကာ မွတ်စလင်ရုပ်ရှင်ပွဲတော်’ ကို ရုရှားနိုင်ငံ တာတာစတန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် ကာဇန်မှာ မနေ့က စတင်ကျင်းပပြုလုပ်ခဲ့ပါတယ်။

    ဖွင့်ပွဲအခမ်းအနားကို တာတာစတန်သမ္မတက ပေးပို့တဲ့ သ၀ဏ်လွှာမှာ နှစ်စဉ်ပြုလုပ်တဲ့ ဒီအခမ်းအနားကို ကမ္ဘာတစ်ဝှမ်းက စိတ်ဝင်စားသူတွေဟာ တစ်နှစ်ထက်တစ်နှစ် ပိုမို များပြားလာတယ်လို့ ဖော်ပြထားပါတယ်။

    ဒီပွဲတော်ကို ကာဇန်မှာ ၂၀၀၅ ခုနှစ်ကတည်းက ကျင်းပလာခဲ့တာဖြစ်ပြီး ပထမအကြိမ်မှာ ၁၅ နိုင်ငံက ရုပ်ရှင်ပေါင်း ၄၀ ပါဝင်ခဲ့ပေမယ့် အခုအကြိမ်မှာတော့ နိုင်ငံပေါင်း ၅၀ က ရုပ်ရှင်ကားပေါင်း ၉၀၀ ကျော် ပါဝင်ပါတယ်။

    တာတာစတန်လွှတ်တော်ဥက္ကဌက ပါရမီရှိတဲ့ ဒါရိုက်တာတွေ၊ ဇာတ်ညွှန်းဆရာတွေရဲ့ လက်ရာတွေ ပါဝင်တဲ့ ဒီရုပ်ရှင်ပွဲတော်ကို နိုင်ငံတကာက စိတ်ဝင်စားလာမယ်လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    တစ်ပတ်တာကြာမြင့်မယ့် အဲဒီရုပ်ရှင်ပွဲတော်ကို ‘To the dialogue of cultures through the culture of dialogue’ ခေါင်းစဉ်နဲ့ ကျင်းပတာဖြစ်ပြီး၊ နိုင်ငံတကာ ငြိမ်းချမ်းရေး အားကောင်စေဖို့၊ နိုင်ငံတွေအကြား ပိုမိုအစေးကပ်စေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

    ပြပွဲမှာ နိုင်ငံပေါင်း ၅၇ နိုင်ငံက ရုပ်ရှင်ပေါင်း ၉၆၀ ကျော် ၀င်ရောက်ပြသမှာဖြစ်ပြီး ရုပ်ရှင်ပြိုင်ပွဲကိုတော့ နိုင်ငံ ၃၀ က ၆၅ ကား ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

    Ref: IRNA