News @ M-Media

Blog

  • ပြုပြင်ပြောင်းလဲရေးသမား ထိပ်တန်းအစ္စလာမ့်ပညာရှင်ကို ဆော်ဒီက သေဒဏ်ပေးရန် ကြိုးပမ်း

    ပြုပြင်ပြောင်းလဲရေးသမား ထိပ်တန်းအစ္စလာမ့်ပညာရှင်ကို ဆော်ဒီက သေဒဏ်ပေးရန် ကြိုးပမ်း

    စက်တင်ဘာ ၅၊ ၂၀၁၈
    M-Media

    နာမည်ကျော် အစ္စလာမ့်ဓမ္မပညာရှင် ဆလ်မန် အလ်-အောင်ဒါ

    – နိုင်ငံတကာက ပြုပြင်ပြောင်းလဲရေးဝါဒီတစ်ဦးလို့ သတ်မှတ်ထားတဲ့ နာမည်ကျော် အစ္စလာမ့်ဓမ္မပညာရှင် ဆလ်မန် အလ်-အောင်ဒါကို ဆော်ဒီအစိုးရရှေ့နေတွေက သေဒဏ်ပေးဖို့ တရားရုံးမှာ တောင်းဆိုလိုက်ပါတယ်။

    မနှစ်က အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်တစ်ယောက် သူနဲ့သဘောထားကွဲလွဲသူတွေကို နှိမ်နှင်းမှုအတွင်း အလ်-အောင်ဒါဟာ စက်တင်ဘာလမှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

    မနေ့က တရားစွဲဆိုမှုအတွင်း အစိုးရရှေ့နေတွေက စွဲချက်ပေါင်း ၃၇ ခု တင်ခဲ့ပြီး အသက် ၆၁ နှစ်အရွယ် အလ်-အောင်ဒါကို သေဒဏ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

    လန်ဒန်အခြေစိုက် ဆော်ဒီလူ့အခွင့်အရေးအဖွဲ့ ALQST နဲ့ အခြား တက်ကြွလှုပ်ရှားသူတွေက စွဲချက်တွေထဲမှာ တော်ဝင်မိသားစုကို ဆန့်ကျင်အောင် လှုံ့ဆော်မှု၊ ကွဲလွဲတဲ့ သဘောထားတွေ ဖြန့်ဝေမှု စတာတွေ ပါဝင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အလ်-အောင်ဒါရဲ့ သားဖြစ်သူ အဘ်ဒူလာက သူ့ဖခင်ကို ဆော်ဒီအစိုးရက တရားစွဲဆိုမှုတွေထဲမှာ တမန်တော်မိုဟမ္မဒ်သခင်ရဲ့ ကိုယ်ကျင့်တရားတွေကို မြှင့်တင်ဖို့ရည်ရွယ်တဲ့ Al-Nusra အဖွဲ့ ကူဝိတ်မှာ တည်ထောင်မှု၊ ဥရောပ ဖသ်ဝါဓမ္မသတ်နှင့် သုတေသနကောင်စီမှာ ပါဝင်မှု၊ နိုင်ငံတကာ မွတ်စလင်ဓမ္မပညာရှင်များ သမဂ္ဂမှာ ပါဝင်မှု၊ Twitter မှာ စာရေးသားမှုတွေနဲ့ ပတ်သက်တဲ့ စွဲချက်တွေ ပါဝင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International ရဲ့ ဆော်ဒီအရေး တက်ကြွလှုပ်ရှားသူ ဒါနာ အဟ်မဒ်က ဆော်ဒီရဲ့ ဒီလိုတရားစွဲဆိုမှုဟာ စိတ်ပျက်စရာကောင်းပြီး အုပ်ချုပ်သူမိသားစုနဲ့ အမြင်မတူကြောင်း ပြောရင် သေဒဏ်ကျခံရမယ်ဆိုတဲ့ ကြောက်စရာ သတင်းစကားတစ်ခုကို ပေးလိုက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆော်ဒီ တော်ဝင်အသိုင်းအ၀ိုင်းဖြစ်တဲ့ အလ်-ဆာအွဒ် မိသားစုဟာ သူတို့နဲ့ သဘောထား မတူသူတွေကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်လေ့ရှိပါတယ်။

    အလ်-အောင်ဒါဟာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ ဆော်သြတိုက်တွန်းတဲ့အတွက် ၁၉၉၄ ခုနှစ်ကနေ ၁၉၉၉ ခုနှစ်အထိ ထောင်ချခံခဲ့ရပါတယ်။ ၂၀၁၁ ခုနှစ်မှာလည်း အလ်-အောင်ဒါက ရွေးကောက်ပွဲ ကျင်းပရေး၊ အာဏာခွဲဝေရေး ဆော်သြတိုက်တွန်းခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ်အတွင်း အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ ပြုပြင်ပြောင်းလဲရေးသမားတွေကို အကြီးအကျယ် ဖမ်းဆီးခဲ့ပြီး အဲဒီအထဲမှာ ထိပ်တန်း အစ္စလာမ့်ဓမ္မပညာရှင်တွေဖြစ်တဲ့ အ၀ဒ် အလ်-ကာရ်နီ၊ ဖာရ်ဟန် အလ်-မာလ်ကီ၊ မိုစတာဖာ ဟာဆန်၊ ဆာဖရ် အလ်-ဟာဝါလီတို့လည်း ပါဝင်ခဲ့ပါတယ်။

    Ref: Aljazeera

  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာ သတင်းများ

    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာ သတင်းများ

    စက်တင်ဘာ ၅၊ ၂၀၁၈
    M-Media

    ဂျပန်မုန်တိုင်း

    တိုင်ဖုန်းမုန်တိုင်းကြောင့် ဂျပန်တွင် လူ ၉ ဦး သေဆုံး
    ================
    ၂၅ နှစ်အတွင်း အဆိုးဝါးဆုံးဖြစ်တဲ့ တိုင်ဖုန်းမုန်တိုင်း ဂျီဘီကြောင့် ဂျပန်နိုင်ငံမှာ သေဆုံးသူ ၉ ဦး ရှိလာပြီး ၃၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ အိုဆာကာမြို့က လေဆိပ်ဟာ ရေတွေဖုံးလွှမ်းသွားတာကြောင့် ရာနဲ့ချီတဲ့ လေယာဉ်ခရီးစဉ်တွေကို ရပ်ဆိုင်းခဲ့ရပြီး ခရီးသည် တော်တော်များများကလည်း လေဆိပ်မှာ သောင်တင်ခဲ့ပါတယ်။ လက်ရှိမှာ မုန်တိုင်းဟာ နိုင်ငံအလယ်ပိုင်းကို ဦးတည်နေတာကြောင့် တစ်နိုင်ငံလုံးမှာ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

    စပိန်တွင် အခွန်ရှောင်မှုအတွက် မော်ရင်ဟို ထောင်တစ်နှစ်ကျ
    ==========
    စပိန်နိုင်ငံမှာ အခွန်ရှောင်မှုနဲ့ပတ်သက်ပြီး ထောင်ဒဏ် တစ်နှစ်ကို မန်ယူနည်းပြ မော်ရင်ဟိုက လက်ခံလိုက်တယ်လို့ စပိန်မီဒီယာတွေက မနေ့မှာ ဖော်ပြပါတယ်။ စပိန်ဥပဒေအရ ၂ နှစ်အောင် ထောင်ဒဏ်တွေဟာ ဆိုင်းငံ့ထောင်ဒဏ်တွေဖြစ်တာကြောင့် မော်ရင်ဟိုအနေနဲ့ အမှန်တကယ် ထောင်ကျဖို့ မရှိပါဘူး။ အခွန်ရှောင်မှုအတွက် ကန်ဒေါ်လာ ၁.၁၅ သန်း ဒဏ်ငွေပေးဆောင်ဖို့ အရင်က အမိန့်ချခဲ့ပေမယ့် အဲဒီ ဒဏ်ငွေကိစ္စမှာ မော်ရင်ဟိုဟာ စာရွက်စာတမ်းတစ်ချို့ လိမ်လည်တင်ပြတာကို တွေ့ရတာကြောင့် အခုလို နောက်ထပ် ထောင်ဒဏ် ချမှတ်ခံရတာ ဖြစ်ပါတယ်။

    ဆော်ဒီသို့ လက်နက်ရောင်းချမှုကို စပိန်ရပ်ဆိုင်း
    ===================
    ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ဟာ ယီမင်ပြည်တွင်းစစ်မှာ အရပ်သားတွေကို ပစ်မှတ်ထားတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ပေါ်ထွက်လာခဲ့ပြီးတဲ့နောက် စပိန်က ဆော်ဒီကို ဒုံးကျည်ရာနဲ့ချီ ရောင်းချမှုကို ရပ်ဆိုင်းလိုက်ပါတယ်။ အရောင်းအ၀ယ်စာချုပ်ကို ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့တာဖြစ်ပြီး ပေးထားတဲ့ ကန်ဒေါ်လာ ၁၀ သန်းကို ဆော်ဒီထံ ပြန်ပေးသွားမယ်လို့ စပိန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ စပိန်ဟာ ယီမင်မှာ အရပ်သားတွေ သေဆုံးမှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ လက ရှုတ်ချခဲ့ဖူးပါတယ်။

    အိန္ဒိယတွင် တံတားကျိုးကျမှုကြောင့် လူ ၁ ဦးသေဆုံး
    =================
    အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါလ်ပြည်နယ်မြို့တော် ကိုလ်ကတားမှာ မနေ့က တံတားတစ်ခု ကျိုးကျမှုကြောင့် အနည်းဆုံး လူ ၁ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အပျက်အဆီးတွေအောက်မှာ ပိတ်မိနေသူတွေ ရှိလားဆိုတာကို ကယ်ဆယ်ရေးလုပ်သားတွေက ရှာဖွေနေကြပါတယ်။ အဲဒီတံတားသက်တမ်းဟာ နှစ် ၄၀ လောက်ရှိနေပြီး ကျိုးကျတဲ့ အကြောင်းအရင်းကို မသိရှိရသေးပါဘူး။ ၂၀၁၆ ခုနှစ် မတ်လမှာလည်း ကိုလ်ကတားက တံတားတစ်စင်း ကျိုးကျမှုကြောင့် လူ ၂ ဒါဇင်ကျော်လောက် သေဆုံးခဲ့ပါတယ်။

    Ref: Aljazeera, CNA

  • ပါလက်စတိုင်းအား အသိအမှတ်ပြုမှုကို မရုပ်သိမ်းဟု ကိုလံဘီယာပြော

    ပါလက်စတိုင်းအား အသိအမှတ်ပြုမှုကို မရုပ်သိမ်းဟု ကိုလံဘီယာပြော

    စက်တင်ဘာ ၄၊ ၂၀၁၈
    M-Media

    ကိုလံဘီယာ သမ္မတသစ် အီဗန် ဒူကေး

    – ယခင်သမ္မတလက်ထက်က ပါလက်စတိုင်းကို အချုပ်အာဏာပိုင်နိုင်ငံအဖြစ် အသိအမှတ်ပြုထားတဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြင်မှာမဟုတ်ဘူးလို့ ကိုလံဘီယာ သမ္မတသစ် အီဗန် ဒူကေးက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    သမ္မတဟောင်း ဂျူအန် မန်နျူယဲလ်ဆန်းတို့က သမ္မတသက်တမ်းမကုန်ခင် ရက်အနည်းငယ်အလို သြဂုတ်လမှာ ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့တာပါ။

    လက်ရှိသမ္မတ ဒူကေးက ပါလက်စတိုင်းကိစ္စကို အခုထက်ပိုပြီး ဆွေးနွေးတာမျိုး လိုလားပေမယ့် ဆန်းတို့စ်ရဲ့ ဆုံးဖြတ်ချက်ကို အလေးထားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    “အခုထက် ပိုမိုဆွေးနွေးတာက အကျိုးပိုရှိပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ အဖြေတစ်ခုရဲ့ အစိတ်အပိုင်းသာ ဖြစ်လိုပြီး၊ ပြဿနာရဲ့ အစိတ်အပိုင်း မဖြစ်လိုပါဘူး”

    အစ္စရေး-ပါလက်စတိုင်းပြဿနာမှာ နှစ်နိုင်ငံတည်ရှိရေး အဖြေသည်သာလျှင် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း ဒူကေးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ကိုလံဘီယာက ပါလက်စတိုင်းကို အသိအမှတ်ပြုမှုကို အစ္စရေးက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီးသမ္မတသစ်အနေနဲ့ ဒီဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    Ref: Press TV

  • စင်ကာပူရှိ မွတ်စလင်အဖွဲ့ ၃ ဖွဲ့က ပညာရေးလှုပ်ရှားမှုတစ်ခု စတင်မည်

    စင်ကာပူရှိ မွတ်စလင်အဖွဲ့ ၃ ဖွဲ့က ပညာရေးလှုပ်ရှားမှုတစ်ခု စတင်မည်

    စက်တင်ဘာ ၄၊ ၂၀၁၈
    M-Media

    စင်ကာပူရှိ မလေးမိသားစုများ တွေ့ဆုံပွဲတစ်ခု

    – စင်ကာပူနိုင်ငံအတွင်းက ၀င်ငွေနည်းတဲ့ မလေးလူမျိုး မိသားစုတွေ၊ မွတ်စလင်မိသားစုတွေကို ပညာရေးဆိုင်ရာ လေ့ကျင့်သင်ကြားပေးမယ့် အစီအစဉ်တစ်ခုကို မလေးမွတ်စလင် အဖွဲ့အစည်း ၃ ခုက ပူးပေါင်းကာ အခုလအတွင်း စတင်တော့မယ်လို့ သိရပါတယ်။

    အသက် ၄ နှစ်ကနေ ၆ နှစ်ရှိတဲ့ ကလေးတွေကို သင်္ချာဘာသာရပ် သင်ကြားပေးပြီး မိဘနဲ့ အုပ်ထိန်းသူတွေကို သင်ကြားရေးနည်းလမ်းတွေ လေ့ကျင့်ပေးမယ့် အဲဒီအစီအစဉ်ဟာ Mendaki၊ Islamic Religious Council of Singapore (Muis) နဲ့ People’s Association Malay Activity Executive Committees Council (Mesra) အဖွဲ့တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကနေ ပထမဆုံး ထွက်ပေါ်လာတဲ့ အသိပညာပေး အစီအစဉ် ဖြစ်ပါတယ်။

    သက် ၄ နှစ်ကနေ ၆ နှစ်အရွယ် ကလေးတွေရှိပြီး ၀င်ငွေ စင်ကာပူဒေါ်လာ ၄၅၀ နဲ့အောက်သာရှိတဲ့ မလေးမိသားစု၊ မွတ်စလင်မိသားစု အားလုံး ဒီအစီအစဉ်မှာ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

    မိသားစုဝင် ၂၅ ဦးက ကလေးတစ်ဦးနဲ့ မိဘတစ်ဦး ဒါမှမဟုတ် အုပ်ထိန်းသူတစ်ဦးတို့ဟာ လတ်မှတ်ရဆရာ သင်ကြားပြီး Tiga M လို့ခေါ်တဲ့ ပညာရေးသင်တန်းတစ်ခုကို ၆ ပတ်တာ တက်ရောက်ရမှာ ဖြစ်ပါတယ်။

    အဲဒီ ၆ ပတ်အတွင်း ကလေးငယ်တွေကို သင်္ချာအခြေခံတွေ သင်ကြားပေးသွားမှာဖြစ်ပြီး လူကြီးတွေကိုတော့ ကလေးငယ်တွေရဲ့ အရည်အသွေးတွေကို တိုးတက်အောင် လမ်းညွှန်ပေးနိုင်မယ့် သင်ကြားရေးနည်းစနစ်ကို ပို့ချမှာ ဖြစ်ပါတယ်။

    ဒီကာလပြီးသွားရင် မိသားစုအကြား ချင်ခင်ရင်းနှီးမှု တိုးတက်လာစေရေးနဲ့ အခြားကျွမ်းကျင်မှုတွေကို လေ့ကျင့်သင်ကြားပေးမယ့် သင်တန်းတစ်ခုကို နောက်ထပ် ၄ ပတ်တက်ရောက်ရမှာ ဖြစ်ကာ ဒီသင်တန်းကိုတော့ KMM လို ခေါ်ပါတယ်။

    ပထမအသုတ် KMM သင်တန်းကို စက်တင်ဘာ ၁၅ ရက်နေ့မှာ စတင်မှာဖြစ်ပြီး လာမယ့်နှစ် မတ်လအထိ ၇ သုတ်ကို သင်ကြားပေးသွားဖို့ စီစဉ်ထားပါတယ်။

    စင်ကာပူ အစ္စလာမ်သာသနာရေးရာကောင်စီ Muis က သင်တန်းတက်ရောက်နိုင်မယ့် ၀င်ငွေနည်း မိသားစုတွေကို ဇကားသ် ဒေတာဘေ့စ်ထဲကနေ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

    စင်ကာပူလွှတ်တော်က လူမှုရေး၊ မိသားစု ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပညာရေးဆိုင်ရာအဖွဲ့က အတွင်းရေးမှူးဖြစ်တဲ့ မိုဟာမက် ဖိုက်ဆဲလ် အီဘရာဟင်က စင်ကာပူက ကလေးငယ်တွေဟာ ပညာရေးမှာ အစကောင်းဖို့ လိုတဲ့အတွက် မွတ်စလင်အဖွဲ့အစည်း ၃ ခုဟာ ပညာရေး အစီအစဉ်ကို အဓိကထားပြီးလုပ်ရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Straits Times

  • ကမ္ဘာ့ဥပဒေစိုးမိုးရေး အညွှန်းကိန်းတွင် မြန်မာနိုင်ငံက အောက်ဆုံးနားရောက်

    ကမ္ဘာ့ဥပဒေစိုးမိုးရေး အညွှန်းကိန်းတွင် မြန်မာနိုင်ငံက အောက်ဆုံးနားရောက်

    စက်တင်ဘာ ၄၊ ၂၀၁၈
    M-Media

    – ကမ္ဘာလုံးဆိုင်ရာ ဥပဒေစိုးမိုးရေး အညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်ကထက် ၂ ဆင့် ကျဆင်းသွားပြီး အရှေ့အာရှနဲ့ ပစိတ်ဖိတ်ဒေသမှာ ဒုတိယမြောက် ဥပဒေစိုးမိုးမှုအနည်းဆုံး နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။

    WJP Rule of Law Index 2017-18 လို့ အမည်ပေးထားတဲ့ ဒီအညွှန်းကိန်းကို ၀ါရှင်တန်အခြေစိုက် World Justice Project က တွက်ချက်ထုတ်ပြန်တာဖြစ်ပြီး နိုင်ငံပေါင်း ၁၁၃ နိုင်ငံမှာ မြန်မာနိုင်ငံက အဆင့် ၁၀၀ ရှိကာ၊ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသ ၁၅ နိုင်ငံမှာတော့ အဆင့် ၁၄ နေရာမှာ ရှိနေပါတယ်။

    အစိုးရရဲ့ အာဏာသက်ရောက်မှု၊ ခြစားမှုကင်းရှင်းခြင်း၊ အစိုးရရဲ့ ပွင့်လင်းမြင်သာမှု၊ အခြေခံအခွင့်အရေးများ၊ ဥပေဒနှင့် လုံခြုံရေး၊ ဥပဒေကို အကောင်အထည်ဖော်နိုင်မှု၊ လှုမှုရေး တရားမျှတမှု၊ တရားရေးတရားမျှတမှု စတဲ့ အချက် ၈ ချက်နဲ့ ဒီအညွှန်းကိန်းကို တွက်ချက်တာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံဟာ ဒီအချက် ၈ ချက်စလုံးမှာ အဆင့်တွေ ဆိုဆိုးဝါးဝါး ကျဆင်းခဲ့တာပါ။ နိုင်ငံပေါင်း ၁၁၃ နိုင်ငံအတွက် အဆင့်သတ်မှတ်ချက်မှာ မြန်မာနိုင်ငံဟာ ပွင့်လင်းတဲ့အစိုးရဖြစ်မှုမှာ အဆင့် ၁၀၇၊ အခြေခံအခွင့်အရေးမှာ အဆင့် ၁၁၀၊ လူမှုရေး တရားမျှတမှုမှာ အဆင့် ၁၀၉၊ တရားရေးတရားမျှတမှုမှာ အဆင့် ၁၀၇ ရှိနေတာ ဖြစ်ပါတယ်။

    အရှေ့အာရှနဲ့ ပစိတ်ဖိတ် ၁၅ နိုင်ငံစာရင်းရဲ့ အခြေခံအခွင့်အရေး အဆင့်သတ်မှတ်ချက်မှာ မြန်မာနိုင်ငံဟာ အဆင့် ၁၅ နဲ့ အောက်ဆုံးမှာ ရှိနေပါတယ်။ လူမှုရေး တရားမျှတမှု၊ တရားရေးတရားမျှတမှုနဲ့ ပွင့်လင်းတဲ့ အစိုးရဖြစ်မှုတွေမှာ အဆင့် ၁၄ နေရာ ရှိနေပါတယ်။

    မြန်မာနိုင်ငံက ဥပဒေပြုရေးနဲ့ တရားရေးတွေဟာ အစိုးရရဲ့ အာဏာသက်ရောက်မှု နည်းပါးတဲ့ အဓိကကဏ္ဍတွေဖြစ်တယ်လို့ World Justice Project ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ရာဇ၀တ်မှု တရားရေးစနစ်ရဲ့ အဓိကအားနည်းချက်တွေက ခြစားမှု၊ ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုမရှိခြင်း၊ နှေးကွေးပြီး ထိရောက်မှုမရှိတဲ့ စီရင်ချက်တွေဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဥပဒေနဲ့ လုံခြုံရေးတွေကဏ္ဍမှာတော့ ရာဇ၀တ်မှုတွေ၊ လူမျိုးစုအကြမ်းဖက်မှုတွေဟာ အဓိကပြဿနာတွေဖြစ်နေတယ်ဆိုတာကို တွေ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    Ref: Irrawaddy