News @ M-Media

Blog

  • စင်ကာပူရှိ မွတ်စလင်အဖွဲ့ ၃ ဖွဲ့က ပညာရေးလှုပ်ရှားမှုတစ်ခု စတင်မည်

    စင်ကာပူရှိ မွတ်စလင်အဖွဲ့ ၃ ဖွဲ့က ပညာရေးလှုပ်ရှားမှုတစ်ခု စတင်မည်

    စက်တင်ဘာ ၄၊ ၂၀၁၈
    M-Media

    စင်ကာပူရှိ မလေးမိသားစုများ တွေ့ဆုံပွဲတစ်ခု

    – စင်ကာပူနိုင်ငံအတွင်းက ၀င်ငွေနည်းတဲ့ မလေးလူမျိုး မိသားစုတွေ၊ မွတ်စလင်မိသားစုတွေကို ပညာရေးဆိုင်ရာ လေ့ကျင့်သင်ကြားပေးမယ့် အစီအစဉ်တစ်ခုကို မလေးမွတ်စလင် အဖွဲ့အစည်း ၃ ခုက ပူးပေါင်းကာ အခုလအတွင်း စတင်တော့မယ်လို့ သိရပါတယ်။

    အသက် ၄ နှစ်ကနေ ၆ နှစ်ရှိတဲ့ ကလေးတွေကို သင်္ချာဘာသာရပ် သင်ကြားပေးပြီး မိဘနဲ့ အုပ်ထိန်းသူတွေကို သင်ကြားရေးနည်းလမ်းတွေ လေ့ကျင့်ပေးမယ့် အဲဒီအစီအစဉ်ဟာ Mendaki၊ Islamic Religious Council of Singapore (Muis) နဲ့ People’s Association Malay Activity Executive Committees Council (Mesra) အဖွဲ့တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကနေ ပထမဆုံး ထွက်ပေါ်လာတဲ့ အသိပညာပေး အစီအစဉ် ဖြစ်ပါတယ်။

    သက် ၄ နှစ်ကနေ ၆ နှစ်အရွယ် ကလေးတွေရှိပြီး ၀င်ငွေ စင်ကာပူဒေါ်လာ ၄၅၀ နဲ့အောက်သာရှိတဲ့ မလေးမိသားစု၊ မွတ်စလင်မိသားစု အားလုံး ဒီအစီအစဉ်မှာ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

    မိသားစုဝင် ၂၅ ဦးက ကလေးတစ်ဦးနဲ့ မိဘတစ်ဦး ဒါမှမဟုတ် အုပ်ထိန်းသူတစ်ဦးတို့ဟာ လတ်မှတ်ရဆရာ သင်ကြားပြီး Tiga M လို့ခေါ်တဲ့ ပညာရေးသင်တန်းတစ်ခုကို ၆ ပတ်တာ တက်ရောက်ရမှာ ဖြစ်ပါတယ်။

    အဲဒီ ၆ ပတ်အတွင်း ကလေးငယ်တွေကို သင်္ချာအခြေခံတွေ သင်ကြားပေးသွားမှာဖြစ်ပြီး လူကြီးတွေကိုတော့ ကလေးငယ်တွေရဲ့ အရည်အသွေးတွေကို တိုးတက်အောင် လမ်းညွှန်ပေးနိုင်မယ့် သင်ကြားရေးနည်းစနစ်ကို ပို့ချမှာ ဖြစ်ပါတယ်။

    ဒီကာလပြီးသွားရင် မိသားစုအကြား ချင်ခင်ရင်းနှီးမှု တိုးတက်လာစေရေးနဲ့ အခြားကျွမ်းကျင်မှုတွေကို လေ့ကျင့်သင်ကြားပေးမယ့် သင်တန်းတစ်ခုကို နောက်ထပ် ၄ ပတ်တက်ရောက်ရမှာ ဖြစ်ကာ ဒီသင်တန်းကိုတော့ KMM လို ခေါ်ပါတယ်။

    ပထမအသုတ် KMM သင်တန်းကို စက်တင်ဘာ ၁၅ ရက်နေ့မှာ စတင်မှာဖြစ်ပြီး လာမယ့်နှစ် မတ်လအထိ ၇ သုတ်ကို သင်ကြားပေးသွားဖို့ စီစဉ်ထားပါတယ်။

    စင်ကာပူ အစ္စလာမ်သာသနာရေးရာကောင်စီ Muis က သင်တန်းတက်ရောက်နိုင်မယ့် ၀င်ငွေနည်း မိသားစုတွေကို ဇကားသ် ဒေတာဘေ့စ်ထဲကနေ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

    စင်ကာပူလွှတ်တော်က လူမှုရေး၊ မိသားစု ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပညာရေးဆိုင်ရာအဖွဲ့က အတွင်းရေးမှူးဖြစ်တဲ့ မိုဟာမက် ဖိုက်ဆဲလ် အီဘရာဟင်က စင်ကာပူက ကလေးငယ်တွေဟာ ပညာရေးမှာ အစကောင်းဖို့ လိုတဲ့အတွက် မွတ်စလင်အဖွဲ့အစည်း ၃ ခုဟာ ပညာရေး အစီအစဉ်ကို အဓိကထားပြီးလုပ်ရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Straits Times

  • ကမ္ဘာ့ဥပဒေစိုးမိုးရေး အညွှန်းကိန်းတွင် မြန်မာနိုင်ငံက အောက်ဆုံးနားရောက်

    ကမ္ဘာ့ဥပဒေစိုးမိုးရေး အညွှန်းကိန်းတွင် မြန်မာနိုင်ငံက အောက်ဆုံးနားရောက်

    စက်တင်ဘာ ၄၊ ၂၀၁၈
    M-Media

    – ကမ္ဘာလုံးဆိုင်ရာ ဥပဒေစိုးမိုးရေး အညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်ကထက် ၂ ဆင့် ကျဆင်းသွားပြီး အရှေ့အာရှနဲ့ ပစိတ်ဖိတ်ဒေသမှာ ဒုတိယမြောက် ဥပဒေစိုးမိုးမှုအနည်းဆုံး နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။

    WJP Rule of Law Index 2017-18 လို့ အမည်ပေးထားတဲ့ ဒီအညွှန်းကိန်းကို ၀ါရှင်တန်အခြေစိုက် World Justice Project က တွက်ချက်ထုတ်ပြန်တာဖြစ်ပြီး နိုင်ငံပေါင်း ၁၁၃ နိုင်ငံမှာ မြန်မာနိုင်ငံက အဆင့် ၁၀၀ ရှိကာ၊ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသ ၁၅ နိုင်ငံမှာတော့ အဆင့် ၁၄ နေရာမှာ ရှိနေပါတယ်။

    အစိုးရရဲ့ အာဏာသက်ရောက်မှု၊ ခြစားမှုကင်းရှင်းခြင်း၊ အစိုးရရဲ့ ပွင့်လင်းမြင်သာမှု၊ အခြေခံအခွင့်အရေးများ၊ ဥပေဒနှင့် လုံခြုံရေး၊ ဥပဒေကို အကောင်အထည်ဖော်နိုင်မှု၊ လှုမှုရေး တရားမျှတမှု၊ တရားရေးတရားမျှတမှု စတဲ့ အချက် ၈ ချက်နဲ့ ဒီအညွှန်းကိန်းကို တွက်ချက်တာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံဟာ ဒီအချက် ၈ ချက်စလုံးမှာ အဆင့်တွေ ဆိုဆိုးဝါးဝါး ကျဆင်းခဲ့တာပါ။ နိုင်ငံပေါင်း ၁၁၃ နိုင်ငံအတွက် အဆင့်သတ်မှတ်ချက်မှာ မြန်မာနိုင်ငံဟာ ပွင့်လင်းတဲ့အစိုးရဖြစ်မှုမှာ အဆင့် ၁၀၇၊ အခြေခံအခွင့်အရေးမှာ အဆင့် ၁၁၀၊ လူမှုရေး တရားမျှတမှုမှာ အဆင့် ၁၀၉၊ တရားရေးတရားမျှတမှုမှာ အဆင့် ၁၀၇ ရှိနေတာ ဖြစ်ပါတယ်။

    အရှေ့အာရှနဲ့ ပစိတ်ဖိတ် ၁၅ နိုင်ငံစာရင်းရဲ့ အခြေခံအခွင့်အရေး အဆင့်သတ်မှတ်ချက်မှာ မြန်မာနိုင်ငံဟာ အဆင့် ၁၅ နဲ့ အောက်ဆုံးမှာ ရှိနေပါတယ်။ လူမှုရေး တရားမျှတမှု၊ တရားရေးတရားမျှတမှုနဲ့ ပွင့်လင်းတဲ့ အစိုးရဖြစ်မှုတွေမှာ အဆင့် ၁၄ နေရာ ရှိနေပါတယ်။

    မြန်မာနိုင်ငံက ဥပဒေပြုရေးနဲ့ တရားရေးတွေဟာ အစိုးရရဲ့ အာဏာသက်ရောက်မှု နည်းပါးတဲ့ အဓိကကဏ္ဍတွေဖြစ်တယ်လို့ World Justice Project ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ရာဇ၀တ်မှု တရားရေးစနစ်ရဲ့ အဓိကအားနည်းချက်တွေက ခြစားမှု၊ ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုမရှိခြင်း၊ နှေးကွေးပြီး ထိရောက်မှုမရှိတဲ့ စီရင်ချက်တွေဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဥပဒေနဲ့ လုံခြုံရေးတွေကဏ္ဍမှာတော့ ရာဇ၀တ်မှုတွေ၊ လူမျိုးစုအကြမ်းဖက်မှုတွေဟာ အဓိကပြဿနာတွေဖြစ်နေတယ်ဆိုတာကို တွေ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    Ref: Irrawaddy

  • Ballon d’Or ဆု ဇကာတင်စာရင်းတွင် ဆာလာဟ် ပထမဆုံးအကြိမ် ပါဝင်လာ

    Ballon d’Or ဆု ဇကာတင်စာရင်းတွင် ဆာလာဟ် ပထမဆုံးအကြိမ် ပါဝင်လာ

    စက်တင်ဘာ ၄၊ ၂၀၁၈
    M-Media

    – ၂၀၁၈ ခုနှစ်အတွက် ဖီဖာရဲ့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon d’Or ဆန်ကာတင် ၃ ဦးစာရင်းမှာ လီဗာလ်ပူးတိုက်စစ်မှူး မိုဟာမက်ဆာလာဟ် ပထမဆုံးအကြိမ် ပါဝင်လာပါတယ်။

    ဇကာတင်စာရင်းမှာ ပါဝင်သူ အခြား ၂ ဦးကတော့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ရီးယဲလ်ကွင်းလယ်လူ လူကာ မိုဒရစ်တို့ ဖြစ်ပါတယ်။ Ballon d’Or ဆုကို ၅ ကြိမ်တိုင်တိုင် ရရှိထားပြီး ပြီးခဲ့တဲ့ ၁၂ နှစ်လုံးလုံး ဇကာတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ် မက်ဆီကတော့ ဒီနှစ်မှာ ပါဝင်ခြင်း မရှိပါဘူး။

    ပြီးခဲ့တဲ့နှစ် ပရီးမီးယားလိဂ်မှာ ဒုတိယနဲ့ ရာသီသိမ်းပြီး ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲအထိ ရောက်ခဲ့တဲ့ လီဗာပူးလ်အသင်းမှာ ဆာလာဟ်ဟာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး ပြိုင်ပွဲအားလုံးမှာ ၄၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

    ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် တစ်ရာသီ သွင်းဂိုးအများဆုံးကစားသမားအဖြစ် ဆာလာဟ်တစ်ယောက် မှတ်တမ်းဝင်ခဲ့ပြီး ရွှေဖိနပ်ဆုကိုလည်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် တစ်နှစ်တာ အကောင်းဆုံး ပရီးမီးယားလိဂ် ကစားသမားအဖြစ်လည်း ရွေးချယ်ခံခဲ့ရပါတယ်။

    ဇကာတင်စာရင်းမှာ ပါဝင်နေတဲ့ ရော်နယ်ဒိုဟာ အခုနှစ် အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံရရင် ၃ နှစ်ဆက်တိုက် ရရှိသူ ဖြစ်လာမှာ ဖြစ်ပါတယ်။

    နိုင်ငံတကာ ဘောလုံးအသင်းနည်းပြတွေ၊ အသင်းခေါင်းဆောင်တွေ၊ မီဒီယာသမားတွေ၊ ပရိတ်သတ်တွေ စုပေါင်းမဲပေးပြီး ရွေးချယ်မယ့် ဒီဆုကို စက်တင်ဘာ ၂၄ ရက်နေ့ လန်ဒန်မှာ ကြေငြာချီးမြှင့်မှာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ကချင်ပြည်သူများအား အကူအညီပေးရေး အစိုးရ၏ပိတ်ပင်မှုတွင် တရုတ်လက်ချက်မကင်း

    ကချင်ပြည်သူများအား အကူအညီပေးရေး အစိုးရ၏ပိတ်ပင်မှုတွင် တရုတ်လက်ချက်မကင်း

    စက်တင်ဘာ ၄၊ ၂၀၁၈
    M-Media

    ကချင်ဒုက္ခသည်များ

    – ကချင်ပြည်နယ်မှ တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကို ကူညီမယ့် အဖွဲ့တွေကို မြန်မာအစိုးရက ပိတ်ပင်မှုမှာ တရုတ်လည်း ပါဝင်တယ်လို့ လူ့အခွင့်အရေအဖွဲ့ Fortify Rights က ပြောကြားလိုက်ပါတယ်။

    They Block Everything ဆိုတဲ့ အမည်နဲ့ မကြာသေးခင်က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ အခုလို ပြောကြားခဲ့တာဖြစ်ပြီး မြန်မာအာဏာပိုင်တွေ၊ အထူးသဖြင့် စစ်တပ်တာဝန်ရှိသူတွေဟာ ကချင်ပြည်နယ်မှာ အကူအညီပေးရေးကို လက်နက်တစ်ခုအဖြစ် နှစ်များစွာ အသုံးပြုခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

    ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ကချင်ပြည်နယ်မှာ တွေ့ဆုံမေးမြန်းမှုပေါင်း ၁၉၅ ခုကို လုပ်ဆောင်ခဲ့ပြီးတဲ့နောက်ပိုင်း ဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့တယ်လို့ Fortify Rights က ပြောပါတယ်။

    ဦးသိန်းစိန် အစိုးရလက်ထက် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု စတင်ကတည်းက တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာ သူတို့နဲ့ကပ်နေတဲ့ မြန်မာနယ်စပ်မှာ အကူအညီပေးရေး အဖွဲ့တွေကို ၀င်ရောက်ခွင့်မပေးရေး မြန်မာအာဏာပိုင်တွေကို ပြောကြားခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ကချင်ပြည်နယ်မှာ မြန်မာအစိုးရစစ်တပ်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့အကြား တိုက်ခိုက်မှုတွေဟာ ၂၀၁၁ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး စုစုပေါင်း ကချင်ပြည်သူ ၁ သိန်း ၂ သောင်းလောက်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    ပြည်နယ်အတွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေ နေထိုင်တဲ့ စခန်းတွေဟာ စုစုပေါင်း ၁၄၀ ရှိနေပြီး ၄၀ ရာခိုင်နှုန်းက KIA နဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိန်းချုပ်ရာဒေသတွေမှာ ရှိနေတာ ဖြစ်ပါတယ်။

    အကူအညီပေးရေးလုပ်သားတွေက မြန်မာအစိုးရဟာ ၂၀၁၅ ခုနှစ်ကတည်းကစပြီး ကချင်ပြည်နယ်မှာ ပိတ်ပင်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း အစိုးရထိန်းချုပ်ထားတဲ့ ဒေသတွေကို သွားရောက်နိုင်ဖို့အတွက် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေရဲ့ ခွင့်တောင်းမှု ၅၆၂ ခုမှာ မြန်မာအစိုးရက ၅ ရာခိုင်နှုန်းသာ ခွင့်ပြုခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    မြန်မာအစိုးရက အခုလို ပိတ်ပင်မှုတွေ လုပ်ထားတာကြောင့် အကူအညီပေးရေး အဖွဲ့တွေဟာ တရုတ်နိုင်ငံကနေတစ်ဆင့် အကူအညီတွေကို ပေးပို့နေရပြီး ဒါကလည်း တရားမ၀င်ဖြစ်တဲ့အတွက် ဖမ်းဆီးခံရနိုင်ခြေ မြင့်မားတယ်လို့ Fortify Rights အဖွဲ့က ပြောကြားခဲ့ပါတယ်။

    ကချင်ပြည်နယ်မှာ တိုက်ခိုက်မှုတွေ ပြန်လည်စတင်ကတည်းက တရုတ်ပြည်ထဲ ထွက်ပြေးရတဲ့ ဒုက္ခသည်တွေကို တရုတ်စစ်သားတွေက ပြန်လည်မောင်းထုတ်တာ၊ ၂၀၁၃ ခုနှစ်မှာ ယူနန်ပြည်နယ်က ဒုက္ခသည်စခန်းတစ်ခုကို တရုတ်စစ်သားတွေက မီးရှို့ပစ်တာတွေကိုလည်း အစီရင်ခံစာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

    Ref: Irrawaddy

  • အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    စက်တင်ဘာ ၄၊ ၂၀၁၈
    M-Media

    တရုတ်-အာဖရိက အစည်းအဝေးတွင်တွေ့ရသည့် ရှီကျင့်ဖျင်

    အစ္စရေးကျူးကျော်အိမ်ယာတွင် ပါလက်စတိုင်းတစ်ဦး ပစ်သတ်ခံရ
    ==============
    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း ဟီဘရွန်မြို့က အစ္စရေးရဲ့ ကျူးကျော်အိမ်ယာမှာ ဓားနဲ့တိုက်ခိုက်ဖို့ ကြိုးစားတယ်ဆိုတဲ့စွဲချက်နဲ့ အစ္စရေးစစ်တပ်က အသက် ၂၈ နှစ်အရွယ် ပါလက်စတိုင်းအမျိုးသားတစ်ဦးကို မနေ့မှာ ပစ်သတ်လိုက်ပါတယ်။ နိုင်ငံတကာဥပဒေအရ တရားမ၀င်ဘဲ၊ ကမ္ဘာကလည်း ကန့်ကွက်ထားပေမယ့် အစ္စရေးဟာ ပါလက်စတိုင်းပိုက်နက်တွေမှာ ကျူးကျော်အိမ်ယာဆောက်လုပ်မှုကို ရပ်တန့်ခြင်း မရှိပါဘူး။ အဲဒီအိမ်ယာတွေကြောင့် ပါလက်စတိုင်းပြည်သူတွေနဲ့ အစ္စရေးအကြားမှာ မကြာခဏ တင်းမာမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။ မနေ့ကအဖြစ်အပျက်တွင်း သေဆုံးသူရဲ့အလောင်းကို သယ်ဖို့အတွက် ပါလက်စတိုင်း လူနာတင်ယာဉ်ကို အစ္စရေးက ၀င်ခွင့်မပေးခဲ့ပါဘူး။

    နိုက်ဂျီးရီးယားတွင် လူ ၁၁ သန်း အရေးပေါ်အကူအညီ လိုအပ်နေ
    ===============
    နိုက်ဂျီးရီးနိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိနေတဲ့ Lake Chad ဒေသမှာ ဘိုကိုဟရမ် အကြမ်းဖက်သမားတွေရဲ့ရန်ကြောင့် ဒုက္ခရောက်နေတဲ့ လူပေါင်း ၁၁ သန်းလောက်ဟာ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ကုလက ပြောကြားလိုက်ပါတယ်။ အဲဒီဒေသက နေရပ်စွန့်ခွာသူတွေ ပြန်လည်ရောက်ရှိလာပေမယ့် တိုက်ခိုက်မှု ထပ်ဖြစ်မှာကို ကြောက်နေရတာပါ။ အစားအစာ ပြတ်လတ်မှုကြောင့် ပြီးခဲ့တဲ့ ၃ နှစ်အတွင်း လူ ရာချီ သေဆုံးခဲ့ပြီး ကျန်တဲ့သူတွေကလည်း လိုအပ်နေတဲ့ အကူအညီတွေ မရဘူးဆိုရင် အသက်ဆုံးရှုံးနိုင်ချေ ရှိတယ်လို့ ကုလက ဆိုပါတယ်။

    အာဖရိကကို ကန်ဒေါ်လာ ဘီလီယံ ၆၀ ထောက်ပံ့ရန် တရုတ်က ကတိပြု
    =================
    ဘေဂျင်းမှာ မနေ့က စတင်ကျင်းပတဲ့ အာဖရိက-တရုတ် ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးအတွင်း အာဖရိကကို ရင်းနှီးမြှုပ်နှံမှု၊ အတိုးမဲ့ချေးငွေတွေကနေတစ်ဆင့် ကန်ဒေါ်လာ ဘီလီယံ ၆၀ ဘဏ္ဍာရေးအကူအညီပေးဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ကမ်းလှမ်းခဲ့ပြီး၊ ဆင်းရဲတဲ့နိုင်ငံတွေရဲ့ အကြွေးတွေကို လျော်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။ လာမယ့် ၃ နှစ်အတွင်း တရုတ်ကုမ္ပဏီတွေ အာဖရိကမှာ ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းသွားမှာဖြစ်သလို၊ အာဖရိကတိုက်အတွင်း သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး စီမံကိန်း အခု ၅၀ လောက် လုပ်ဆောင်သွားမယ်လို့လည်း ရှီက ဆိုပါတယ်။ တရုတ်ဟာ အာဖရိကသမဂ္ဂအဖွဲ့ကို လက်နက်အကူအညီတွေ အခမဲ့ ပေးသွားဖို့လည်း ရှိနေပါတယ်။

    အမြန်ရထားလိုင်းစီမံကိန်း ရပ်တန့်ရန် မလေးနှင့် စင်ကာပူ သဘောတူ
    =============
    ကွာလာလမ်ပူ-စင်ကာပူ အမြန်ရထားလိုင်း ဆောက်လုပ်မှုကို ၂ နှစ် ဆိုင်းငံ့သွားဖို့အတွက် မလေးရှားနဲ့ စင်ကာပူတို့က သဘောတူလိုက်ပါတယ်။ မလေးရှား စီးပွားရေးဝန်ကြီးက နိုင်ငံစီးပွားရေး ပြန်လည် ကောင်းမွန်လာတဲ့အထိ ဒီစီမံကိန်းကို သုံးသပ်သွားမှာဖြစ်ပြီး၊ လက်ရှိမှာ လျော်ကြေးပေးစရာ မလိုသေးကြောင်း ဆိုင်းငံ့ကာလနောက်ပိုင်း စီမံကိန်းကို လုံးဝရပ်ဆဲမှ ပေးရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အသေးစိတ်ကို မကြာခင် ထုတ်ပြန်ဖို့ ရှိနေပါတယ်။

    Ref: Aljazeera, CNA