News @ M-Media

Blog

  • ယနေ့မနက် အီရန်ငလျင် လူ ၁၀ ဦးသေဆုံး

    ယနေ့မနက် အီရန်ငလျင် လူ ၁၀ ဦးသေဆုံး

    သြဂုတ် ၂၆၊ ၂၀၁၈
    M-Media

    – အီရန်နိုင်ငံအနောက်ပိုင်းမှာ ဒီကနေ့မနက်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်တစ်ခုကြောင့် အနည်းဆုံး လူ ၁၀ ဦးသေဆုံးပြီး ၂၄၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

    အီရတ်နဲ့ကပ်နေတဲ့ ကာရ်မန်ရှားပြည်နယ် တာဇီအာဘဒ်မြို့ဟာ ငလျင်ဒဏ်ကို အဆိုးဝါးဆုံးခံစားခဲ့ရတဲ့ဒေသ ဖြစ်ပါတယ်။ တာဇီအာဘဒ်မြို့ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ငလျင်လှုပ်မှုအတွင်း လူပေါင်း ၆၀၀ လောက် သေဆုံးခဲ့တဲ့မြို့လည်း ဖြစ်ပါတယ်။

    ငလျင်ဟာ ပြင်အား ၅.၉ မဂ္ဂနီကျုရှိပြီး နောက်ဆက်တွဲငလျင် အကြိမ် ၃၀ ကျော်လောက် လှုပ်ခတ်ခဲ့ပါတယ်။ ငလျင်ဒဏ်ကို အီရန်က တစ်ခြားနေရာတွေနဲ့ အီရတ်က ဘဂ္ဂဒတ်မြို့အထိ ခံစားခဲ့ရပါတယ်။

    ကျေးရွာတွေမှာ ငလျင်ကြောင့် အဆောက်အဦးတွေ ပြိုကျပျက်ဆီးမှု ရှိခဲ့ပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်မှု၊ သောက်သုံးရေ မရရှိမှုတွေနဲ့လည်း ကြုံတွေ့နေရပါတယ်။

    အီရန်သမ္မတ ဟာဆန်ရူဟာနီက ငလျင်ဒဏ် ခံစားရသူတွေထံ အကူအညီတွေ အလျင်အမြန်ပေးအပ်ရေး၊ ကယ်ဆယ်ရေးတွေ ဆောင်ရွက်ဖို့အတွက် အမိန့်ပေးထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

    Ref: Aljazeera, Press TV

  • အာဇန်နှိုးဆော်မှုနှင့်ပတ်သက်၍ အင်ဒိုနီးရှားက သတ်မှတ်ချက်အသစ်များ ထုတ်ပြန်

    အာဇန်နှိုးဆော်မှုနှင့်ပတ်သက်၍ အင်ဒိုနီးရှားက သတ်မှတ်ချက်အသစ်များ ထုတ်ပြန်

    သြဂုတ် ၂၆၊ ၂၀၁၈
    M-Media

    အာချေးမှ ဗလီဝတ်ကျောင်းတော်တစ်လုံး

    – ဗလီဝတ်ကျောင်းတော်က ၀တ်ပြုဖို့နှိုးဆော်တဲ့ အာဇန်သံနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် အင်ဒိုနီးရှား သာသနာရေးဝန်ကြီးဌာနက ဗလီတွေ လိုက်နာရမယ့် သတ်မှတ်ချက်အသစ်တွေ ထုတ်ပြန်လိုက်ပါတယ်။

    အသံချဲ့စက်အသုံးပြုတဲ့ အာဇန်နှိုးဆော်သံဟာ ကျယ်လွန်းတယ်လို့ အွန်လိုင်းဆွေးနွေးမှုတစ်ခုမှာ ၀င်ရောက်ပြောဆိုခဲ့တဲ့ အသက် ၄၄ နှစ်အရွယ် တရုတ်လူမျိုး ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို သာသနာ ညှိုးနွမ်းစေမှုနဲ့ အခုတစ်ပတ် အစောပိုင်းမှာ မီဒန်မြို့ တရားရုံးက ထောင်ဒဏ် တစ်နှစ်ခွဲ ချမှတ်ခဲ့ပါတယ်။

    ဒီကိစ္စအတွက် ဝေဖန်မှုတွေ ရှိခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးဆုံး အစ္စလာမ့်ရေးရာအဖွဲ့ ‘နဒ်လာသွလ် အိုလမာ’ က အာဇန်သံကျယ်လွန်းကြောင်း ပြောဆိုမှုဟာ သူမရဲ့အမြင်ကို ချပြတာသာဖြစ်ပြီး ရာဇ၀တ်မှုမမြောက်ကြောင်း၊ အင်ဒိုနီးရှားလို ဗဟုလူ့အဖွဲ့အစည်းမှာ မွတ်စလင်တွေအနေနဲ့ အပြုသဘောဆောင်တဲ့ ဝေဖန်အကြံပြုမှုတွေကို ကြိုဆိုရမှာဖြစ်ကြောင်း သောကြာနေ့မှာ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

    “ဗလီများ၊ ၀တ်ပြုဆောင်များ၌ လော်စပီကာအသုံးပြုမှု သတ်မှတ်ချက်များ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အင်ဒိုနီးရှား သာသနာရေးဝန်ကြီးဌာနက ထုတ်ပြန်မှုမှာ အိပ်စက်အနားယူချိန်၊ ၀တ်ပြုဆုတောင်းချိန်တွေမှာ ဗလီဝတ်ကျောင်းတော်တွေအနေနဲ့ အာဇန်နှိုးဆော်သံကလွဲလို့ တခြား ဘယ်လို ကိစ္စမျိုး၊ အခမ်းအနားမျိုးကိုမှ လော်စပီကာတွေ အသုံးမပြုဖို့ တားမြစ်ထားပါတယ်။

    လော်စပီကာ အသုံးပြုမှုနဲ့ပတ်သက်ပြီး လိုက်နာရမယ့် စည်းကမ်းသတ်မှတ်ချက် အပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    ၁။ ဗလီဝတ်ကျောင်းတော်များအား အများပြည်သူက ညိုညင်စရာဖြစ်စေနိုင်မည့် ဆူညံသောအသံများ မဖြစ်စေရန်အတွက် ဗလီများရှိ အသံချဲ့စက်များကို ကျွမ်းကျင်သူများကသာ ကိုင်တွယ်အသုံးပြုရမည်။

    ၂။ အာဇန်နှိုးဆော်သူများမှာ နားဝင်ပီယံရှိသော အသံမျိုးကို ပိုင်ဆိုင်ရမည်။

    ၃။ ၀တ်ပြုဆုတောင်းနေစဉ်တွင် အသံချဲ့စက်မှ အသံများကို မြှင့်မထားရ။

    ၄။ ပြည်သူများ အိပ်စက်ခြင်း၊ အနားယူခြင်းနှင့် ၀တ်ပြုဆုတောင်းနေသည့် အချိန်အခါမျိုးတွင် အာဇန်နှိုးဆော်သံမှုလွဲ၍ အခြားကိစ္စများအတွက် အသံချဲ့စက် မသုံးရ။

    ၅။ သာယာသော၊ နားဝင်ချိုသောအသံဖြင့် နှိုးဆော်ခြင်း အပါအ၀င် အာဇန်၏ အခြေခံ သတ်မှတ်ချက်များကို လိုက်နာရမည်။

    ၆။ နံနက်အာရုံတက် ၀တ်ပြုမှုမျိုးတွင် အာဇန်နှိုးဆော်မှုကို သင့်လျော်သည့်အချိန်၌သာ ပြုလုပ်ရမည်။ ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်ခြင်းကဲ့သို့ အခြားသော ကိစ္စများအတွက် ဗလီတွင်း အသံချဲ့စက်ကိုသာ အသုံးပြုရမည်။

    Ref: The Star

  • ဘုန်းကြီးများလိင်ကျူးလွန်မှုကိစ္စ မဖြေရှင်းပေးနိုင်သည့်အတွက် အရှက်ရမိသည်ဟု ပုပ်ရဟန်းမင်း ပြော

    ဘုန်းကြီးများလိင်ကျူးလွန်မှုကိစ္စ မဖြေရှင်းပေးနိုင်သည့်အတွက် အရှက်ရမိသည်ဟု ပုပ်ရဟန်းမင်း ပြော

    သြဂုတ် ၂၅၊ ၂၀၁၈
    M-Media

    အိုင်ယာလန်သို့ ရောက်ရှိလာသည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်

    – ကလေးငယ်တွေအပေါ် ဘုန်းကြီးတွေက လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာကို ကက်သလစ်အသင်းတော်က ထိထိရောက်ရောက် မဖြေရှင်းပေးနိုင်မှုအတွက် အရှက်ရမိတယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    ကမ္ဘာ့ ခရစ်ယာန်ကက်သလစ် ဘာသာဝင် အများဆုံးရှိရာ အိုင်ယာလန်နိုင်ငံကို အလည်အပတ်ရောက်ရှိစဉ်မှာ ဒီလိုပြောကြားလိုက်တာပါ။ ဒါဟာ ၁၉၇၉ ခုနှစ် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်နောက်ပိုင်း ပထမဆုံးအကြိမ် အိုင်ယာလန်နိုင်ငံကို ပုပ်ရဟန်းမင်းကြီး လည်ရောက်လည်ပတ်တာလည်း ဖြစ်ပါတယ်။

    “ကာကွယ်ပေးဖို့၊ ပညာသင်ပေးဖို့ တာဝန်ရှိနေတဲ့ ကက်သလစ်အသင်းတော် အဖွဲ့ဝင်တွေက အိုင်ယာလန်မှာ ကလေးငယ်တွေအပေါ် ကျူးလွန်တဲ့ ဒီလို ဆိုးရွားတဲ့ကိစ္စတွေကို ကျွန်တော် ၀န်ကိုဝန်ခံရပါလိမ့်မယ်။ ဂိုဏ်းအုပ်ဘုန်းတော်ကြီးတွေ၊ ဘာသာရေးဆိုင်ရာ တာဝန်ရှိသူတွေ၊ ဘုန်းကြီးတွေနဲ့ တစ်ခြားသူတွေလို အသင်းတော် အာဏာပိုင်တွေရဲ့ ပျက်ကွက်မှု၊ ဒီရွံစရာ ရာဇ၀တ်မှုတွကို ထိထိရောက်ရောက် မဖြေရှင်းပေးမှုဟာ အမျက်ဒေါသတွေကို မြင့်တက်စေပြီး ခရစ်ယာန်ကက်သလစ် အသိုင်းအ၀ိုင်းအတွက် နာကျင်စရာ၊ အရှက်ရစလည်း ဖြစ်ပါတယ်” လို့ ပုပ်ရဟန်းမင်းကြီးက မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ကက်သလစ်အသင်းတော်က ဘုန်းကြီးတွေ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုဟာ အိုင်ယာလန်နိုင်ငံက ကက်သလစ်အသင်းတော် ဦးစီးတဲ့ မိဘမဲ့ဂေဟာတွေ၊ လူငယ်စောင့်ရှောက်ရေးဂေဟာတွေ၊ စက်ရုံတွေ၊ ကျောင်းတွေနဲ့ တစ်ခြားနေရာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပြီး ပုပ်ရဟန်းမင်းကြီးက ဒီလုပ်ရပ်တွေဟာ အိုင်ယာလန်နိုင်ငံ၊ လူ့အဖွဲ့အစည်းနဲ့ ကက်သလစ်အသင်းတော်အတွက် အမည်းစက်ဖြစ်စေတယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ဘုန်းကြီးတွေရဲ့ ကျူးလွန်မှုကို ခံခဲ့ရသူတွေနဲ့ ဒီနေ့ညနေမှာ ပုပ်ရဟန်းမင်းကြီးက တွေ့ဆုံဖို့ ရှိနေပါတယ်။

    ပုပ်ရဟန်းမင်းကြီး မလာခင်လေးတင်မှာပဲ အိုင်ယာလန်ဝန်ကြီးချုပ်က ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ ဘုန်းကြီးတွေ၊ အဲဒီကိစ္စကို ဖုံးကွယ်မှုမှာ ပါဝင်တဲ့သူတွေကို အရေးယူပေးဖို့အတွက် ပုပ်ရဟန်းမင်းကြီးကို အလေးအနက်ထား တောင်းဆိုခဲ့ပါတယ်။

    ခရစ်ယာန် ကက်သလစ်အသင်းတော်က ဘုန်းကြီးတွေဟာ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ကိစ္စနဲ့ပတ်သက်လို့ ၂ နှစ်ကြာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စု ပင်ဆဲလ်ဗာနီးယားပြည်နယ် အစိုးရက ပြီးခဲ့တဲ့တစ်ပတ်မှာ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

    အဲဒီအစီရင်ခံစာထဲမှာ ကက်သလစ်ဘုန်းကြီး ၃၀၀ ကျော်လောက်ဟာ ကလေးငယ်ပေါင်း တစ်ထောင်ကျော်လောက်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတာကို တွေ့ရပြီး ထုတ်ဖော်မပြောရဲတာတွေကြောင့် အမှန်တကယ် ကျူးလွန်ခံရသူအရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် ဒီကျူးလွန်မှုတွေကို ကက်သလစ်အသင်းတော်ရဲ့ တာဝန်ရှိသူ ဘုန်းတော်ကြီးတွေက စနစ်တကျ ဖုံးကွယ်ပေးခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။

    Ref: BBC

  • နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နီပေါနိုင်ငံသို့ ချစ်ကျည်ရေးခရီး သွားရောက်မည်

    နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နီပေါနိုင်ငံသို့ ချစ်ကျည်ရေးခရီး သွားရောက်မည်

    သြဂုတ် ၂၅၊ ၂၀၁၈
    M-Media

    နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်

    – နီပေါသမ္မတ ဘစ်ဒ်ယာ ဒေ၀ီ ဘန်ဒါရီရဲ့ ဖိတ်ကြားမှုကြောင့် သမ္မတ ဦးဝင်းမြင့်ဟာ နီပေါနိုင်ငံကို ချစ်ကျည်ရေးခရီး သွားရောက်မယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    ခရီးစဉ်အတွင်း သမ္မတ ဦးဝင်းမြင့်ဟာ သြဂုတ်လ ၃၀ ရက်နေ့ မြို့တော် ခတ္တာမန်ဒူမှာ ကျင်းပပြုလုပ်ဖို့စီစဉ်ထားတဲ့ ‘ဘင်းစတက်နိုင်ငံများ’ အစည်းအဝေးကိုလည်း တက်ရောက်ဖို့ ရှိနေပါတယ်။

    ဘင်းစတက်နိုင်ငံများအဖွဲ့ (BIMSTEC) ဟာ ဘင်္ဂလားပင်လယ်အော်ဒေသတစ်ဝိုက်က နိုင်ငံတွေဖြစ်ကြတဲ့ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနဲ့ ထိုင်းတို့ ပါဝင်တဲ့အဖွဲ့ ဖြစ်ပြီး ၁၉၉၇ ခုနှစ်မှာ စတင် ဖွဲ့စည်းခဲ့ပါတယ်။

    အဖွဲ့ဝင်နိုင်ငံများရဲ ၄ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးအတွက် နီပေါနိုင်ငံက အိမ်ရှင်အဖြစ် တာဝန်ယူထားတာ ဖြစ်ပါတယ်။

    တတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးကိုတော့ ၂၀၁၄ ခုနှစ် မတ်လက နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

    Ref: Xinhua

  • မတ်စ်ဂျစ်ဒ်ဟရမ်တွင် အာရပ်အမျိုးသားတစ်ဦး ခုန်ချသတ်သေ

    မတ်စ်ဂျစ်ဒ်ဟရမ်တွင် အာရပ်အမျိုးသားတစ်ဦး ခုန်ချသတ်သေ

    သြဂုတ် ၂၅၊ ၂၀၁၈
    M-Media

    မက္ကာမြို့ရှိ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်

    – ဟဂ်ျဘုရားဖူး လာရောက်ကြသူတွေထဲက အာရပ်လူမျိုးတစ်ယောက်ဟာ သောကြာနေ့မနက်ပိုင်းက မက္ကာမြို့ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ရဲ့ ခေါင်မိုးပေါ်ကနေ ခုန်ချကာ သတ်သေသွားခဲ့တယ်လို့ သိရပါတယ်။

    ဒီအဖြစ်အပျက်မှာ အခြား ဟဂ်ျဘုရားဖူးနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

    မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော်နှစ်လုံးရဲ့ ဂေါပကအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ အဟ်မဒ် ဘင် မိုဟာမက် အလ် မန်ဆူရီက ဒီအဖြစ်အပျက်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု ပြုလုပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    မတ်စ်ဂျစ်ဟရမ် ဗလီဝတ်ကျောင်းတော်မှာ ဒီလို သတ်သေတာဟာ ဒါ ပထမဆုံးအကြိမ် မဟုတ်ဘဲ ဇွန်လကလည်း ပြင်သစ်နိုင်ငံသားတစ်ဦး ခုန်ချ သတ်သေခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်က ဆော်ဒီနိုင်ငံသားတစ်ဦး မတ်စ်ဂျစ်ဟရမ်က ကအ်ဘာ ၀တ်ကျောင်းတော်အရှေ့မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေဖို့ ကြိုးစားခဲ့ပြီး လုံခြုံရေးတွေက တားဆီး ဟန့်တားခဲ့ရပါတယ်။

    အစ္စလာမ့်ဓမ္မပညာရှင်တွေကတော့ အစ္စလာမ်သာသနာမှာ မိမိကိုယ်ကိုယ်သတ်သေတာဟာ လုပ်ခွင့်မရှိဘဲ လုပ်မယ်ဆိုရင် ငရဲကြီးကြောင်း ထုတ်ပြန်ထားပါတယ်။

    Ref: Arab News