News @ M-Media

Blog

  • နိုင်ငံကြီးများ လက်ဝါးကြီးအုပ်မှုကြောင့် ကုလပြိုလဲနိုင်ဟု လူ့အခွင့်အရေးအကြီးအကဲ ပြော

    နိုင်ငံကြီးများ လက်ဝါးကြီးအုပ်မှုကြောင့် ကုလပြိုလဲနိုင်ဟု လူ့အခွင့်အရေးအကြီးအကဲ ပြော

    သြဂုတ် ၂၁၊ ၂၀၁၈
    M-Media

    ကုလ လူ့အခွင့်အရေးကောင်စီ အကြီးအကဲ ဇိုက် ရာအဒ် အလ်ဟူစိန်

    – လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံက အာဏာတွေကို မတော်မတရား ကိုင်ထားတဲ့အတွက် ကုလသမဂ္ဂဟာ ပြိုလဲသွားနိုင်တယ်လို့ ကုလ လူ့အခွင့်အရေးကောင်စီ အကြီးအကဲ ဇိုက် ရာအဒ် အလ်ဟူစိန်က မနေ့မှာ ပြောကြားလိုက်ပါတယ်။

    လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံမှာ တရုတ်၊ ပြင်သစ်၊ ယူကေ၊ ရုရှားနဲ့ အမေရိကန်တို့ဟာ ဗီတိုအာဏာကို ရယူထားပြီး တင်လာသမျှ ဆုံးဖြတ်ချက်တွေကို တစ်ဖက်သက် ပယ်ချနိုင်တဲ့ပါဝါ ရှိနေတာပါ။

    ဟူစိန်က ဗီတိုကိုင်ထားတဲ့ နိုင်ငံတွေဟာ ကိုယ့်အကျိုးကိုသာ ကြည့်တယ်လို့ ဆိုပါတယ်။

    “သူတို့တွေ ပူးပေါင်းဆောင်ရွက်တဲ့အခါမျိုးမှာ ကိစ္စတွေက လုပ်လို့ရတယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ ပြဿနာတွေကို ဖြေရှင်းလို့ မရတော့ပါဘူး။ ခြုံပြီးပြောရရင် ကုလသမဂ္ဂဟာ ဒီကနေ့ ကျွန်တော်တို့တွေ့နေရတဲ့ ဆိုးဆိုးရွားရွား ပဋိပက္ခတွေကို ဖြေရှင်းရေးမှာ သိပ်ကို တစ်ဖက်သက်ဆန်နေပါတယ်။ ဒါမျိုးကို ပြောင်းလဲရမှာပါ။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် အဆုံးမှာ အဖွဲ့အစည်းဟာ ပြိုလဲသွားလပြီး နိုင်ငံတကာ လူ့အဖွဲ့အစည်းအတွက် ဆုံးရှုံးမှု ကြီးမားသွားပါလိမ့်မယ်”

    သြဂုတ်လမှာ ရာထူးကနေ အနားယူတော့မယ့် ဟူစိန်ဟာ သူ့ရဲ့ ၄ နှစ်တာ တာဝန်ထမ်းဆောင်မှုအတွင်း အင်အားကြီးနိုင်ငံတစ်ချို့အပါအ၀င် နိုင်ငံတော်တော်များများကို လူ့အခွင့်အရေးကိစ္စ ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • ပြည်တွင်းဖြစ် တိုက်လေယာဉ်သစ်ကို အီရန်ထုတ်ပြ

    ပြည်တွင်းဖြစ် တိုက်လေယာဉ်သစ်ကို အီရန်ထုတ်ပြ

    သြဂုတ် ၂၁၊ ၂၀၁၈
    M-Media

    တိုက်လေယာဉ်သစ်ကို အီရန်သမ္မတ ကြည့်ရှုစဉ်

    – အီရန်ဟာ ပြည်တွင်းဖြစ် တိုက်လေယာဉ်သစ်တစ်စင်းကို ဒီကနေ့မှာ ထုတ်ပြလိုက်ပြီး သမ္မတ ဟာဆန်ရူဟာနီက အီရန်ရဲ့ စစ်အင်အားဟာ ရန်သူတွေကို ဟန့်တားဖို့နဲ့ ငြိမ်းချမ်းရေးကို ရေရှည်ထိန်းသိမ်းဖို့ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

    Kowsar လို့အမည်ရတဲ့ အဲဒီတိုက်လေယာဉ် စတုတ္ထမျိုးဆက်ဖြစ်ပြီး အင်္ဂါနေ့က မြို့တော် တီဟီရန်မှာ ပြုလုပ်တဲ့ ‘ကာကွယ်ရေးပစ္စည်းပြပွဲ’ မှာ ပြသခဲ့တာဖြစ်ပါတယ်။

    အီရန်နိုင်ငံပိုင်သတင်းဌာနက တိုက်လေယာဉ်မှာ လေကြောင်းဆိုင်ရာ နောက်ဆုံးပေါ် နည်းစနစ်တွေ၊ ဘက်စုံသုံး ရေဒါစနစ်တွေ ပါဝင်ပြီး ၁၀၀ ရာခိုင်နှုန်း ပြည်တွင်းမှာ ထုတ်လုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

    “ကာကွယ်ရေးအတွက် အဆင်သင့်ဖြစ်နေတယ်လို့ ကျွန်တော်တို့ပြောတဲ့အခါ ဒါဟာ ငြိမ်းချမ်းရေး တည်တံ့ဖို့ ရည်ရွယ်ပါတယ်။ ကျွန်တော်တို့ အဆင်သင့်ဖြစ်မနေဘူးဆိုရင် အတိုက်ခံရမှာပါ” လို့ ရူဟာနီက ရုပ်သံကနေထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဒီတိုက်လေယာဉ်အကြောင်းကို စနေနေ့မှာ အီရန်ကာကွယ်ရေးဝန်ကြီး အမီရ် ဟာတာမီက ထုတ်ပြန်ကြေငြာခဲ့တာ ဖြစ်ပါတယ်။

    ဟာတာမီက အီရန်ဟာ ၁၉၈၀ ပြည့်နှစ်တွေ အီရတ်နဲ့ဖြစ်ပွားခဲ့တဲ့ ၈ နှစ်ကြာစစ်ပွဲမှာ ဒုံးကျည်နဲ့တိုက်ခိုက်မှုဒဏ်ကို ခံစားခဲ့ရပြီး လက်ရှိမှာလည်း အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ ရန်တွေ ရှိနေတာကြောင့် မိမိတို့ ရဲ့ လေကြောင်းကာကွယ်ရေးစနစ်ကို ပိုမိုတောင့်တင်းအောင် ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • ကလေးများအပေါ် လိင်ကျူးလွန်သော ကက်သလစ်ဘုန်းကြီးများစာရင်းကို အွန်လိုင်းတွင် ကြည့်ရှုနိုင်မည်

    ကလေးများအပေါ် လိင်ကျူးလွန်သော ကက်သလစ်ဘုန်းကြီးများစာရင်းကို အွန်လိုင်းတွင် ကြည့်ရှုနိုင်မည်

    သြဂုတ် ၂၁၊ ၂၀၁၈
    M-Media

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်

    – ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ ခရစ်ယာန် ကက်သလစ် ဘုန်းတော်ကြီးတွေရဲ့ကိုယ်ရေးအချက်အလက်တွေနဲ့ သူတို့ရဲ့ ကျူးလွန်မှုတွေကို စုစည်းထားမယ့် အွန်လိုင်း ဒေတာဘေ့စ်တစ်ခုကို နိုင်ငံတကာ သုတေသနအဖွဲ့ BishopAccountability.org က ဖန်တီးလိုက်ပါတယ်။

    ဒေတာဘေ့စ်ဖန်တီးထားကြောင်းကို မနေ့က ကြေငြာခဲ့တာဖြစ်ပြီး ခရစ်ယာန် ကက်သလစ်အသင်းတော်ထဲမှာ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ ဘုန်းကြီးတွေရဲ့ အမည်အားလုံးကို ထုတ်ပြန်ကြေငြာရေး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ဖိအားပေးဖို့ ရည်ရွယ်တယ်လို့လည်း ဒီအဖွဲ့က ဆိုပါတယ်။

    “ကလေးငယ်တွေအပေါ် မတော်မတရားပြုသူတွေရဲ့ အမည်တွေကို မထုတ်ပြန်ဘဲထားတာဟာ ကလေးငယ်တွေအတွက် အန္တရာယ်ရှိပါတယ်။ ကျူးလွန်တဲ့ကိစ္စတွေရဲ့ ခိုင်လုံမှုကို အားနည်းသလိုဖြစ်စေတယ်၊ လူဝတ်ကြောင်တွေအနေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ကာကွယ်ဖို့၊ ကျူးလွန်သူတွေကို တရားစွဲဖို့ အဟန့်အတား ဖြစ်စေပါတယ်” လို့ အဖွဲ့ရဲ့ ပူးတွဲဒါရိုက်တာ အန်နီ ဘာရတ် ဒွိုင်လီက ပြောကြားခဲ့ပါတယ်။

    အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ်မှာ အခြေစိုက်တဲ့ BishopAccountability.org ဟာ ကျူးလွန်သူ ဘုန်းကြီးတွေနဲ့ပတ်သက်တဲ့ ရနိုင်သမျှအချက်အလက်တွေကို ရှာဖွေစုဆောင်းနေပြီး၊ ကျူးလွန်သူတွေ အရေးယူခံရဖို့ ကြိုးစားနေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

    သူတို့ဖန်တီးထားတဲ့ ဒေတာဘေ့စ်မှာ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တဲ့ ကက်သလစ်ဘုန်းကြီးတွေရဲ့ အမည်တွေ၊ သူတို့ကျူးလွန်မှု အကျဉ်းချုပ်တွေကို ထည့်သွင်းထားပါတယ်။

    ခရစ်ယာန်ကက်သလစ်အသင်းတော်က ဘုန်းကြီးတွေဟာ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ကိစ္စဟာ အမေရိကန်၊ ချီလီ၊ သြစတေးလျနဲ့ အိုင်ယာလန်တို့မှာ အခုနှစ်ပိုင်းအတွင်း လူသိရှင်ကြား ဖော်ထုတ်ခံလာရပါတယ်။

    အဲဒီလိုကျူးလွန်မှုတွေကို ခေါင်ဆောင်ပိုင်း ဘုန်းကြီးတွေက စနစ်တကျ ကာကွယ်ပေးခဲ့တာတွေကိုလည်း စုံစမ်းစစ်ဆေးမှုမှာ တွေ့ရှိခဲ့ရပါတယ်။

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကမ္ဘာတစ်ဝှမ်း ၁.၂ ဘီလီယံရှိတဲ့ ကက်သလစ်ဘာသာဝင်တွေကို ရည်ညွှန်းတဲ့ ပန်ကြားစာတစ်စောင်ကို မနေ့က ထုတ်ပြန်ခဲ့ပြီး အသင်းတော်မှာ ဒီကိစ္စကို အမြစ်ပြတ်အောင်လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    Ref: Aljazeera

  • အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    သြဂုတ် ၂၁၊ ၂၀၁၈
    M-Media

    ချေချင်းညာ တိုက်ခိုက်မှုမြင်ကွင်း

    ထရမ့်နှင့် ကင်ဂျုံအွန်တို့ ထပ်မံတွေ့ဆုံရန်ရှိနေ
    ===========
    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ နောက်ထပ်တစ်ကြိမ် တွေ့ဆုံဖို့ အလားအလာရှိတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာ ဇွန်လ ၁၂ ရက်နေ့က စင်ကာပူမှာ တွေ့ဆုံပြီး ကိုရီးယားကျွန်းဆွယ်နျူကင်းရှင်းရေး ဆွေးနွေးခဲ့ကြပါတယ်။ မနေ့က ရိုက်တာသတင်းဌာနဲ့ အင်တာဗျူးမှာ ထရမ့်က မြောက်ကိုရီးယားကိစ္စဟာ အခြေအနေကောင်းနေပြီး တရုတ်ကတော့ ကူညီသင့်သလောက် မကူညီဘူးလို့ အပြစ်တင်ခဲ့ပါတယ်။

    ရုရှားရှိ ချေချင်းညာဒေသတွင် IS က တိုက်ခိုက်မှုပြုလုပ်
    =============
    ရုရှားနိုင်ငံ ချေချင်းညာဒေသမှာ မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေဟာ သူတို့လက်ချက်ဖြစ်တယ်လို့ IS အကြမ်းဖက်အဖွဲ့က ထုတ်ပြန်ပါတယ်။ ဒေသမြို့တော် ဂရိုဇနီအပါအ၀င် နေရာ ၃ ခုမှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တစ်ချို့ ဒဏ်ရာရရှိကာ တိုက်ခိုက်ရေးသမား ၅ ဦးသေဆုံးတယ်လို့ ရုရှားအာဏာပိုင်တွေက ပြောပါတယ်။ တိုက်ခိုက်ရေးသမားတွေဟာ အသက် ၁၁ နှစ်ကနေ ၁၆ နှစ်အရွယ်ရှိသူတွေ ဖြစ်ပါတယ်။

    မလေးရှားတွင် ရေဒီယိုသတ္တုကြွပစ္စည်း ပျောက်ဆုံး
    ==============
    မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ သြဂုတ်လ ၁၀ ရက်နေ့က ရေဒီယိုသတ္တုကြွပစ္စည်းပါဝင်တဲ့ စက်ရုံသုံးကိရိယာတစ်ခု ပျောက်ဆုံးခဲ့ပြီး အာဏာပိုင်တွေက အပူတပြင်း ရှာဖွေမှုတွေ လုပ်နေပါတယ်။ မလေးရှားရဲတပ်ဖွဲ့အကြီးအကဲ မိုဟာမက် ဖူဇီ ဟာရွန်က ဒီလို ရေဒီယိုသတ္တုကြွပစ္စည်း ပျောက်ဆုံးတာဟာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ပြီးခဲ့တဲ့နှစ်ကလည်း တစ်ကြိမ် ပျောက်ဆုံးဖူးတယ်လို့ ပြောပါတယ်။ ဒီပစ္စည်းဟာ ဒေသတွင်းက အစွန်းရောက်တွေလက်ထဲ ရောက်သွားပြီး ဗုံးပြုလုပ်မှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။

    မိုးခေါင်မှုကြောင့် ဘရာဇီးလ်တွင် အရေးပေါ်အခြေအနေ ကြေငြာ
    ================
    ဘရာဇီးလ်နိုင်ငံ အရှေ့တောင်ပိုင်းက အလာဂိုအာ့စ်ပြည်နယ်မှာ မိုးခေါင်မှုကြောင့် ၃ လတာ အရေးပေါ်အခြေအနတစ်ရပ်ကို အစိုးရက ကြေငြာလိုက်ပါတယ်။ မိုးခေါင်မှုကြောင့် လူ ၂ သိန်းကျော်လောက် သောက်သုံးရေ ပြတ်လပ်မှုနဲ့ ကြုံတွေ့ရနိုင်ပြီး၊ စိုက်ပျိုးရေးလုပ်ငန်းတွေလည်း ဆိုးဆိုးဝါးဝါး ထိခိုက်နေပါတယ်။

    Ref: CNA, Aljazeera

  • အမေရိကန်က သတိပေးထားသော်လည်း အိန္ဒိယက ရုရှားထံမှ ဒုံးခွင်းစနစ် ၀ယ်မည်

    အမေရိကန်က သတိပေးထားသော်လည်း အိန္ဒိယက ရုရှားထံမှ ဒုံးခွင်းစနစ် ၀ယ်မည်

    သြဂုတ် ၂၀၊ ၂၀၁၈
    M-Media

    – အိန္ဒိယနိုင်ငံနဲ့ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်နှစ်ခုကို ဒီနှစ်နှောင်းပိုင်းမှာ အဆုံးသတ်ဖို့ရှိနေပြီး၊ ၂၀၂၀ ခုနှစ်မှာ S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်ကို စတင်ပေးပို့သွားဖို့ရှိတယ်လို့ ရုရှား ကာကွယ်ရေး တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်ပါတယ်။

    အခုနှစ်အစောပိုင်းမှာ အိန္ဒိယဟာ S-400 ဒုံးခွင်းစနစ် ၀ယ်ယူရေးအပါအ၀င် ရုရှားနဲ့ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ရရှိခဲ့ပါတယ်။

    ဒါပေမယ့် အမေရိကန်က ဒီသဘောတူညီချက်ကို ပယ်ဖျက်ဖို့ အိန္ဒိယကို သတိပေးခဲ့ပြီး မလိုက်နာရင် ပိတ်ဆို့မှုတွေ ပြုလုပ်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ရုရှား စစ်ဖက်ဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်ရေးဌာန (FSMTC) ရဲ့ ညွှန်ကြားရေးမှူးဖြစ်သူ ဒီမီထရီ ရှူဂေ့ဗ်က S-400 စနစ်နဲ့ပတ်သက်တဲ့ သဘောတူညီချက်ကို လက်မှတ်ထိုးဖို့အတွက် အားလုံး ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

    “နည်းစနစ်ပိုင်းဆိုင်ရာနဲ့ စီးပွားရေးပိုင်းဆိုင်ရာ အဓိက သဘောတူညီချက်တွေအားလုံး ရရှိပြီးပါပြီ။ လက်မှတ်ထိုးဖို့ တော်တော်လေးကို နီးစပ်နေပါပြီ။ အခုနှစ်နှောင်းပိုင်းမှာ အိန္ဒိယနဲ့ သဘောတူညီချက် နှစ်ခုစလုံးကို လက်မှတ်ထိုးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

    အိန္ဒိယရဲ့ တောင်းဆိုမှုကို လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ဈေးလျော့ပေးသွားမယ်လို့လည်း ရှူဂေ့ဗ်က ပြောကြားခဲ့ပါတယ်။

    အမေရိကန်ရဲ့ သတိပေးမှုနဲ့ပတ်သက်ပြီး အိန္ဒိယကာကွယ်ရေးဝန်ကြီး နီရ်မာလာ စီသာရာမန်က ကာလရှည်ရှိခဲ့တဲ့ အိန္ဒိယနဲ့ ရုရှားတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အမေရိကန်ကို နားလည်အောင် ရှင်းပြထားကြောင်း၊ အမေရိကန်ရဲ့ ခြိမ်းခြောက်မှုဟာ အိန္ဒိယ-ရုရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်နိုင်မှာမဟုတ်ကြောင်း ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

    Ref: RT