News @ M-Media

Blog

  • အမေရိကန်အောက်လွှတ်တော်တွင် ပထမဆုံး မွတ်စလင်အမျိုးသမီးအမတ်ကို မြင်ရတော့မည်

    အမေရိကန်အောက်လွှတ်တော်တွင် ပထမဆုံး မွတ်စလင်အမျိုးသမီးအမတ်ကို မြင်ရတော့မည်

    သြဂုတ် ၈၊ ၂၀၁၈
    M-Media

    ရရှီဒါ တလာအစ်ဘ်

    – မီချီဂန်ပြည်နယ် လွှတ်တော်အမတ်ဟောင်းဖြစ်တဲ့ ရရှီဒါ တလာအစ်ဘ်ဟာ ဒီမိုကရက်တစ်ကိုယ်စားပြု အောက်လွှတ်တော်အမတ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုမှာ အသာရနေပြီး အမေရိကန်ရဲ့ ပထမဆုံး မွတ်စလင်အမျိုးသမီး လွှတ်တော်အမတ်ဖြစ်ဖို့ အလားအလာကောင်းနေပြီ ဖြစ်ပါတယ်။

    မနေ့က ပြည်နယ်ရဲ့ အမှတ် (၁၃) ခရိုင် ကိုယ်စားလှယ်လောင်းရွေးချယ်ပွဲမှာ ရီပက်ဘလစ်ကန်နဲ့ အခြားပါတီတွေက ကိုယ်စားလှယ်လောင်းရွေးချယ်မှု မလုပ်ခဲ့ကြပါဘူး။

    ရရှီဒါဝင်ပြိုင်မယ့် လွှတ်တော်အမတ်နေရာကို ၁၉၆၅ ခုနှစ်ကတည်းက ဂျွန်ကွန်ယာက ရယူထားခဲ့ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေရှိတယ်ဆိုတဲ့သတင်း ထွက်လာပြီးတဲ့နောက်ပိုင်း ကိုယာဟာ အမတ်နေရာကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

    လက်ရှိ ရရှီဒါဟာ ကိုယ်စားလှယ်လောင်းနေရာအတွက် ဒက်ထရွိုက် မြို့တော်ကောင်စီဥက္ကဌ ဘရန်ဒါဂျုံးစ်နဲ့ ယှဉ်ပြိုင်နေရပြီး မဲ ၉၆ ရာခိုင်နှုန်း ရေတွက်ပြီးချိန်မှာ ရရှီဒါက ထောက်ခံမဲ ၃၃.၂ ရာခိုင်နှုန်း၊ ဂျုံးစ်က ၂၉.၂ ရာခိုင်နှုန်း ရရှိနေပါတယ်။

    ရရှီဒါသာ နိုင်မယ်ဆိုရင် နိုဝင်ဘာရွေးကောက်ပွဲမှာ မီချီဂန် အမှတ် (၁၃) ခရိုင် ကိုယ်စားပြု အောက်လွှတ်တော်အမတ်နေရာကို ပြိုင်ဘက်မရှိ ၀င်ပြိုင်နိုင်မှာဖြစ်ပြီး အမေရိကန်အောက်လွှတ်တော်မှာ အရွေးခံရတဲ့ ပထမဆုံး မွတ်စလင်အမျိုးသမီး လွှတ်တော်အမတ် ဖြစ်လာမှာ ဖြစ်ပါတယ်။

    Ref: Alarabiya

  • မြန်မာနိုင်ငံတွင် နွားရှားပါးမှုမရှိဘဲ တစ်နှစ်လျှင် ၇ သိန်းကျော် တရုတ်သို့ တင်ပို့နိုင်

    မြန်မာနိုင်ငံတွင် နွားရှားပါးမှုမရှိဘဲ တစ်နှစ်လျှင် ၇ သိန်းကျော် တရုတ်သို့ တင်ပို့နိုင်

    သြဂုတ် ၈၊ ၂၀၁၈
    M-Media

    Photo credit – Irrawaddy

    – မြန်မာနိုင်ငံက နွားအကောင်ရေပေါင်း ၈ သိန်းလောက်ကို နှစ်စဉ် ၀ယ်ယူဖို့အတွက် တရုတ်နိုင်ငံက ကမ်းလှမ်းလာတယ်လို့ စီးပွားကူးဝန်ကြီးဌာနရဲ့ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားလိုက်ပါတယ်။

    ရှီရွှမ်ဘန်နာပြည်နယ်နဲ့ ဒီဟုန်ပြည်နယ်တွေက ဒီလိုကမ်းလှမ်းလိုက်တာဖြစ်ပြီး တစ်နှစ်ကို ၀ယ်လိုအား ကောင်ရေ ၁ သန်းလောက်ရှိပေမယ့် အားလုံးကို မြန်မာနိုင်ငံက ၀ယ်မှာမဟုတ်ဘူးလို့ ညွန်ကြားရေးမှူးက ဆိုပါတယ်။

    “ရှီရွှမ်ဘန်နာက ကောင်ရေ ၃ သိန်း၊ ဒီဟုန်ပြည်နယ်က ကောင်ရေ ၅ သိန်းဝယ်ဖို့ ကမ်းလှမ်းတာဖြစ်ပါတယ်”

    လယ်ယာစိုက်ပျိုရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဖေဖော်ဝါရီလ ကျွဲနွားကောင်ရေ စစ်တမ်းကောက်ယူရာမှာ နိုင်ငံအတွင်း ကောင်ရေ ၁၁.၅ သန်းရှိပြီး တရုတ်ကို တင်ပို့နိုင်တဲ့ ပမဏာရှိတယ်လို့ ဆိုပါတယ်။

    “အဲဒီလို စစ်တမ်းကောက်ယူရာမှာ စုစုပေါင်း ၅၇ ရာခိုင်နှုန်းလောက်သာ ကောက်ယူနိုင်ခဲ့တာပါ။ ကျွန်တော်တို့ စစ်တမ်းမကောက်နိုင်တဲ့ နေရာတွေလည်း ရှိပါတယ်။ ဒါ့ကြောင့် တကယ့်အရေအတွက်က ဒီထက် ပိုများနိုင်ပါတယ်။ ပြည်တွင်းစားသုံးမှု၊ သေတာ၊ ပျက်တာ၊ လယ်ယာစိုက်ပျိုးရေးမှာ အသုံးပြုတာတွေကို ဖယ်လိုက်ရင် တစ်နှစ်ကို နွားကောင်ရေ ၇ သိန်းကျော် တင်ပို့နိုင်ပါတယ်” လို့ ဦးရန်နိုင်ထွန်းက ပြောကြားခဲ့ပါတယ်။

    နွားတင်ပို့လိုသူများအနေနဲ့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှာ လိုင်စင် လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

    မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဦးစီးဌာနက တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးမှသာ စီးပွားကူးသန်း ၀န်ကြီးဌာနက တင်ပို့ခွင့်လိုင်စင် ထုတ်ပေးမှာဖြစ်ကြောင်း၊ နိုင်ငံခြားကုမ္ပဏီတွေက မြန်မာနိုင်ငံရဲ့ မွေးမြူရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းမှုတွေ ရှိထားကြောင်း ဦးရန်နိုင်ထွန်းက ပြောကြားခဲ့ပါတယ်။

    လက်ရှိမှာ မြန်မာနိုင်ငံက နွားတွေ တရုတ်နိုင်ငံကို တရားမ၀င် တင်ပို့နေတာတွေရှိနေပြီး၊ တရားဝင်တင်ပို့ခွင့် ပြုခြင်းအားဖြင့် နိုင်ငံတော်ဘဏ္ဍာတွေ ပိုမိုရရှိဖို့လည်း အစိုးရက မျှော်လင့်နေပါတယ်။

    အခုနှစ် ဇန်န၀ါရီလကစလို့ မြန်မာနိုင်ငံက တင်ပို့တဲ့ နွားကောင်ရေဟာ ၇ သောင်းလောက် ရှိနေတယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ စာရင်းအရ သိရပါတယ်။

    Ref : Irrawaddy

  • ၁၉၉၀ အမတ်များ ပါတီထောင်၍ ရွေးကောက်ပွဲဝင်မည်

    ၁၉၉၀ အမတ်များ ပါတီထောင်၍ ရွေးကောက်ပွဲဝင်မည်

    သြဂုတ် ၈၊ ၂၀၁၈
    M-Media

    Photo Credit – Irrawaddy

    – ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်တွေဟာ မိတ်ဖက်နိုင်ငံရေးသမားတွေနဲ့ ပူးပေါင်းကာ ပါတီတစ်ခုတည်ထောင်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

    ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လူထုအုံကြွမှု နှစ် ၃၀ ပြည့်အဖြစ် ရန်ကုန်တက္ကသိုလ်က ဂျက်ဆင်ခန်းမှာ ဒီကနေ့ပုလုပ်တဲ့ အခမ်းအနာမှာ ဒီလိုကြေငြာလိုက်တာပါ။

    ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ဟာ ပါတီထောင်ဖို့ ဇူလိုင် ၁၅ ရက်နေ့မှာ ပြုလုပ်တဲ့ ကနဦးအစည်းဝေးမှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (UNDO) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးအောင်သူရက ရွေးကောက်ပွဲကော်မရှင်မှာ ပါတီမှတ်ပုံတင်ဖို့အတွက် စတင်လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ၁၉၉၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲ ကျင်းခဲ့ပေမယ့် အဲဒီအချိန်တုန်းက စစ်အစိုးရဟာ ရွေးကောက်ပွဲရလဒ်ကို လက်မခံခဲ့ပါဘူး။

    NLD ပါတီဝင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ UNDO ဟာ လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ရေး၊ လယ်သမားအရေးပါအ၀င် အခြားသော ကိစ္စရပ်တွေမှာ ပါဝင်ဆောင်ရွက်နေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

    “ဒီကိစ္စတွေကို ဆောင်ရွက်ရာမှာ ကျွန်တော်တို့အတွက် အခက်အခဲတွေရှိပါတယ်။ ဥပဒေအရ ဘောင်ဝင်ရဲ့လားလို့ မေးခံရတာတွေ ရှိပါတယ်။ တရားဝင်အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်ပေးဖို့ ပြည်သူတွေက ကျွန်တ်ာတို့ကို တိုက်တွန်းတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့မိတ်ဖက်တွေနဲ့ ပေါင်းပြီး နိုင်ငံရေးပါတီတစ်ခု ထောင်ဖို့၊ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်” လို့ ဦးအောင်သူရက ပြောကြားခဲ့ပါတယ်။

    ပါတီသစ်ရဲ့ အဓိကရည်မှန်းချက်တွေက ဒီမိုကရေစီမဆန်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ရေးဆွဲရေးဖြစ်ကြောင်း၊ ဖွဲ့စည်းပုံပြင်မယ်ဆိုတဲ့ ကတိနဲ့ ၂၀၁၅ ရွေးကောက်ပွဲဝင်ခဲ့တဲ့ NLD ရဲ့ လုပ်ဆောင်ချက်တွေကို အဖွဲ့ဝင်တစ်ချို့က မနှစ်မြို့ကြောင်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “NLD ရခဲ့တဲ့ အမတ်အရေအတွက်လောက်သာ ကျွန်တော်တို့ရမယ်ဆိုရင် အခြေခံဥပဒေကို ပြောင်းလဲနိုင်မှာပါ။ ကျွန်တော်တို့ရဲ့ဗျူဟာက မတူပါဘူး။ သူတို့ပေါ်လစီက အခြေခံဥပဒေပြင်ဆင်ရေးဖြစ်ပြီး၊ ကျွန်တော်တို့ပေါ်လစီကတော့ ၂၀၀၈ ခုနှစ်အခြေခံဥပဒေဟာ တရားမ၀င်ဘူး ဆိုတာမျိုးပါ”

    ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ဟာ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နေပြည်တော်မှာ လက်ရှိအစိုးရကို တရားစွဲဆိုခဲ့ပေမယ့်၊ တရားရုံးကတော့ ဒီအဖွဲ့ဟာ တရားစွဲဆိုပိုင်ခွင့်မရှိဘူးလို့ဆိုကာ ပယ်ချခဲ့ပါတယ်။

    ဦးအောင်သူရက သူတို့ပါတီကို ၁၉၉၀ ပြည့်နှစ်က အနိုင်ရကိုယ်စားလှယ်လောင်းတွေ ဦးဆောင်မှာဖြစ်ပေမယ့် ၂၀၂၀ မှာ လူငယ်တွေ၊ လုပ်နိုင်စွမ်းရှိတဲ့ အဖွဲ့ဝင်တွေကိုသာ ၀င်ရောက်ယှဉ်ပြိုင်စေမယ်လို့ ပြောကြားခဲ့ပါတယ်။

    အဖွဲ့ရဲ့ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ရှမ်းလူမျိုး ဦးခွန်ထူးဦးက သူတို့ပါတီဟာ မြန်မာ့နိုင်ငံရေးမှာ တတိယအင်အားစုဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

    ၁၉၉၀ လွှတ်တော်ကိုစားလှယ်များအဖွဲ့ကို ၂၀၁၄ ခုနှစ်မှာ UNDO နဲ့ အခြား နိုင်ငံရေးမိတ်ဖက်တွေက ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

    Ref: Irrawaddy

  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    သြဂုတ် ၈၊ ၂၀၁၈
    M-Media

    နိုက်ဂျီးရီးယား လွှတ်တော်ကို အပိုင်စီးထားမှုမြင်ကွင်း

    မလေးဝန်ကြီးချုပ်ဟောင်း ငွေကြေးခ၀ါချမှုဖြင့် တရားစွဲခံရ
    ================
    နိုင်ငံပိုင် 1MDB လုပ်ငန်းက ဒေါ်လာဘီလီယံချီပျောက်ဆုံးမှုနဲ့ပတ်သက်တဲ့ စစ်ဆေးမှုတစ်စိတ်တစ်ပိုင်းအဖြစ် မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကို ဒီကနေ့မနက်မှာ ငွေကြေးခ၀ါချမှု စွဲချက် ၃ ချက်နဲ့ တရားစွဲဆိုလိုက်ပါတယ်။ အခုစွဲချက်ဟာ 1MDB ရဲ့ လက်ခွဲလုပ်ငန်းတစ်ခုဖြစ်တဲ့ SRC International ကနေ နာဂျစ်ရဲ့ ကိုယ်ပိုင်ဘဏ်အကောင့်ထဲကို ရင်းဂစ် ၄၂ သန်းလွှဲပြောင်းခဲ့မှုနဲ့ ပတ်သက်နေပါတယ်။ နာဂျစ်ဟာ အရင်ကလည်း 1MDB ကိစ္စနဲ့ပတ်သက်ပြီး တရားစွဲဆိုမှုတွေ ခံထားရပါတယ်။ အခုမနက်စွဲချက်တွေအတွက် အပြစ်မရှိဘူးလို့ နာဂျစ်က လျှောက်လဲခဲ့ပြီး အာမခံလည်း ရရှိခဲ့ပါတယ်။ အပြစ်ရှိကြောင်းတွေ့ရမယ်ဆိုရင် နာဂျစ်ဟာ အမြင့်ဆုံး ထောင်ဒဏ် နှစ် ၂၀ ကျခံရနိုင်ပြီး ပိုင်ဆိုင်မှုတွေလည်း အသိမ်းခံရနိုင်ပါတယ်။

    မြောက်ကိုရီးယားနှင့် အီရန် နိုင်ငံခြားရေးဝန်ကြီးတို့ တီဟီရန်တွင် တွေ့ဆုံ
    ====================
    ကမ္ဘာကြီးဟာ အမေရိကန်ရဲ့ ကိုယ့်မင်းကိုယ့်ချင်းဝါဒကို စိတ်ပျက်နေပြီး၊ ထရမ့်ရဲ့ Twitter က ရာဇသံတွေကို နားမထောင်ကြတော့ဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က ပြောကြားလိုက်ပါတယ်။ မေလမှာ ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်နေ ထွက်ပြီးတဲ့နောက် အမေရိကန်ဟာ အီရန်အပေါ် ပိတ်ဆို့မှုတွေ ထပ်လုပ်ခဲ့ပြီး ပထမအကျော့ဟာ မနေ့မှာ သက်ရောက်ခဲ့ပါတယ်။ ဇာရစ်ဖ်ဟာ မနေ့က မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးနဲ့ တီဟီရန်မှာ တွေ့ဆုံခဲ့ပြီး ကျွမ်းကျင်သူတွေက ဒါဟာ အမေရိကန်ကို အာခံတယ်ဆိုတာကို အီရန်က ပြသတာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

    လွှတ်တော်ကို အပိုင်စီးမှုအတွက် နိုက်ဂျီးရီးယားက ထောက်လှမ်းရေးအကြီးအကဲကို ထုတ်ပယ်
    ===================
    လွှတ်တော်အဆောက်အဦးကို မနေ့က လုံခြုံရေးတပ်ဖွဲ့တွေ ခေတ္တအပိုင်စီးထားမှုအတွက် နိုက်ဂျီးရီးယားက ထောက်လှမ်းရေးအကြီးအကဲ လာဝါမူဆာ ဒေါင်ရာကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ သမ္မတ မူဟာမာဒူ ဘူဟာရီ တိုင်းပြည်ပြင်ပ ရောက်နေတဲ့အချိန် ပေါ်ပေါက်လာတဲ့ ဒီကိစ္စဟာ နိုက်ဂျီးရီးယား နိုင်ငံရေးအသိုင်းအ၀ိုင်းအကြား တင်းမာမှုတွေကို ထင်ဟပ်နေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒုတိယသမ္မတ ယီမီ အိုဆင်ဘာဂျိုက ထောက်လှမ်းရေးလက်အောက်မှာရှိတဲ့ တပ်ဖွဲ့တွေရဲ့ ဒီလုပ်ရပ်ဟာ ဖွဲ့အစည်းပုံအခြေခံဥပဒေနဲ့ တရားဥပဒေစိုးမိုးမှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အင်ဒိုနီးရှားတွင် ငလျင်ကြောင့် လူ ၇ သောင်းကျော် အိုးအိမ်မဲ့
    =============
    အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားရာ လွမ်ဘွတ်ကျွန်းမှာ တနင်္ဂနွေနေ့ညနေပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၁၀၅ ဦး ရှိလာခဲ့ပြီး ၂၃၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ငလျင်ကြောင့် အဆောက်အဦးတွေ ပြိုကျခဲ့တဲ့အတွက် ပြည်သူ ၇ သောင်းကျော်လောက်ဟာ အိုးမဲ့အိမ်မဲ့ ဖြစ်နေပါတယ်။ အပျက်အဆီးတွေအောက်မှာ ပိတ်မိနေသူတွေ ရှိမယ်လို့ ခန့်မှန်းထားတာကြောင့် သေးဆုံးသူအရေအတွက်ကလည်း မြင့်တက်ဖို့ ရှိနေပါတယ်။

    Ref: Aljazeera, CNA