News @ M-Media

Blog

  • ရေငုပ်သင်္ဘောအတွက် ‘သုံးမကုန် နျူဓာတ်ပေါင်းဖို’ ကို တီထွင်နိုင်ကြောင်း ရုရှားကြေငြာ

    ရေငုပ်သင်္ဘောအတွက် ‘သုံးမကုန် နျူဓာတ်ပေါင်းဖို’ ကို တီထွင်နိုင်ကြောင်း ရုရှားကြေငြာ

    သြဂုတ် ၇၊ ၂၀၁၈
    M-Media

    ရုရှား ရေငုပ်သင်္ဘေတစ်စီး

    – နိုင်ငံရဲ့ မျိုးဆက်သစ် နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေကို စွမ်းအင် ပိုမိုပေးနိုင်မယ့် ‘သုံးမကုန် နျူဓာတ်ပေါင်းဖို’ ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ ရုရှားနိုင်ငံပိုင် နျူလုပ်ငန်း Rosatom က ကြေငြာလိုက်ပါတယ်။

    နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေမှာ တပ်ဆင်ထားတဲ့ နျူဓာတ်ပေါင်းဖိုတွေဟာ ပုံမှန်အားဖြင့် အချိန်အတိုင်းအတာတစ်ခုအထိ ကြာသွားတဲ့အချိန်မှာ လောင်စာဖြည့်တင်းရတာ၊ ပြန်လည်မွမ်းမံရတာ၊ တစ်ခါတစ်ရံမှာ သင်္ဘောတစ်ခုလုံးကို အဆင့်မြှင့်တင်ရတာတွေ လုပ်ရပြီး ငွေကြေးအမြောက်အမြား ကုန်ကျကာ အချိန်လည်း ကြာမြင့်ပါတယ်။

    Rosatom ကတော့ သူတို့တီထွင်လိုက်တဲ့ ဒီ ‘သုံးမကုန် နျူဓာတ်ပေါင်းဖို’ ဟာ မျိုးဆက်သစ် ရေငုပ်သင်္ဘောတွေရဲ့ သက်တမ်းတစ်လျှောက်လုံး လှည့်ကြည့်စရာမလိုဘဲ အသုံးပြုနိုင်မှာဖြစ်ကြောင်း၊ ဓာတ်ပေါင်းဖို့ရဲ့ အသက်ဖြစ်တဲ့ ‘active zone’ ကို အဆင့်မြှင်တင်နိုင်ခဲ့ပြီး အရင်ဓာတ်ပေါင်းဖိုတွေထက် စွမ်းအင်ကို ပိုမိုထုတ်လုပ်ပေးနိုင်မှာဖြစ်ကြောင်း သူတို့ရဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

    အခု ဓာတ်ပေါင်းဖိုအသစ်ကြောင့် ရုရှားရေငုပ်သင်္ဘောတွေဟာ အရင်ကလို ဓာတ်ပေါင်းဖိုကို လောင်စာဖြည့်ရတာ၊ ပြုပြင်မွမ်းမံရတာမျိုး လုပ်စရာမလိုတော့ပါဘူး။

    ရုရှားရေတပ်က ဗိုလ်ချုပ် ဗလာဒီမီရ် ပိုပေါ့ဗ်က အရင်တုန်းကဆိုရင် ဓာတ်ပေါင်းဖို လောင်စာဖြည့်ရတာဟာ ရေတပ်ရဲ့ ထိပ်တန်းလုပ်ငန်းဖြစ်ပြီး တစ်လလောက်ကြာမြင့်ကာ အဲဒီအချိန်မှာ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ၊ စစ်သင်္ဘောတွေဟာ ဘာမှအသုံးမ၀င်တော့ကြောင်း၊ အခုဓာတ်ပေါင်းဖိုအသစ်က ရေတပ်ရဲ့ စွမ်းဆောင်ရည်တွေကို ပိုမိုမြင့်မားစေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    ကမ္ဘာပေါ်က ဘယ်ပစ်မှတ်မျိုးကိုမဆို ထိအောင်ပစ်နိုင်တဲ့ ခရုဇ်ဒုံးကျည်အပါအ၀င် ရုရှားဟာ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း နျူနဲ့စက်ဆပ်နေတဲ့ တီထွင်မှုတွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။

    Ref: RT

  • မြန်မာနိုင်ငံကို ဆက်လက်ကူညီပံ့ပိုးမည်ဟု စင်ကာပူ ကတိပြု

    မြန်မာနိုင်ငံကို ဆက်လက်ကူညီပံ့ပိုးမည်ဟု စင်ကာပူ ကတိပြု

    သြဂုတ် ၇၊ ၂၀၁၈
    M-Media

    စင်ကာပူနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုတစ်ခု

    – အာဆီယံ ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ မိမိတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပံ့ပိုးကူညီပေးသွားမယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာကရစ်ရှ်နန်က ပြောကြားလိုက်ပါတယ်။

    မနေ့က သတင်းထောက်တွေကို တွေ့ဆုံရာမှာ ဒီလိုပြောကြားလိုက်တာဖြစ်ပြီး စီးပွားရေးဆိုင်ရာ စိန်ခေါ်မှု၊ ပြည်တွင်းစစ်၊ ရိုဟင်ဂျာပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံဖက်ကနေ ရပ်တည်သွားမယ်လို့လည်း ဆိုပါတယ်။

    မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ နိုင်ငံတော်အတိုင်ပင်ခံဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အကြိမ်တော်တော်များများ တွေ့ဆုံခဲ့တဲ့ ဘာလာ ကရစ်ရှ်နန်က ဒေါ်အောင်နဆန်းစုကြည်ဟာ စီးပွားရေးပြုပြင်ပြောင်းလဲမှုမှာ မမျှော်လင့်ထားတဲ့ စိန်ခေါ်မှုတွေ အပါအ၀င် အခက်အခဲတော်တော်များများနဲ့ ရင်ဆိုင်နေရတယ်လို့ ၀န်ခံပြောကြားခဲ့ပါတယ်။

    “သူမဟာ တော်တော်ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတာပါ။ သမိုင်းနဲ့ချီ ရှိခဲ့တဲ့ အခက်အခဲတွေ၊ တိုင်းရင်းသားပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနေရတယ်။ ရခိုင်ပြည်နယ်တစ်ခုတည်းမဟုတ်ဘဲ တိုင်းပြည်ရဲ့ တစ်ခြားနေရာတွေက လက်နက်ကိုင် ပဋိပက္ခတွေ အပါအ၀င်ပေါ့။ ဒါ့ကြောင့် အာဆီယံဟာ မြန်မာအစိုးရဖက်ကနေ ရပ်တည်နေတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောက်ခံအားပေးမှုနဲ့ ထိုက်တန်သူပါ”

    ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်းစစ် အဆုံးသတ်ရေး၊ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ယုံကြည်မှုကို ရရှိရေး အလွန်အမင်း ကြိုးပမ်းအားထုတ်နေရကြောင်း၊ အာဆီယံအနေနဲ့ မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပြည့်အ၀ ဆက်လက်ပေးအပ်သွားမှာဖြစ်ကြောင်း ၀န်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ရခိုင်ပြည်နယ်ပြဿနာကို ဆွေးနွေးခဲ့ကြပြီး ကုလအတွင်းရေးမှူးဟောင်း ကိုဖီအန်နန်ဦးဆောင်တဲ့ အကြံပေးအဖွဲ့ရဲ့ အကြံပြုချက်တွေကို အပြည့်အ၀ အကောင်အထည်ဖော်ဖို့ မြန်မာအစိုးရကို အာဆီယံက တိုက်တွန်းခဲ့ပါတယ်။

    နိုင်ငံတစ်ဝှမ်း လတ်တလော ရေကြီးမှုအတွက် အာဆီယံရဲ့ ‘လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့’ ရဲ့ ကူညီဖို့ကမ်းလှမ်းမှုကို လက်ခံမယ်လို့ မြန်မာနိုင်ငံက မကြာသေးခင်မှာ ပြောကြားခဲ့ပါတယ်။

    Ref: Irrawaddy

  • အင်္ဂါနေ့မနက် နိုင်ငံတကာ သတင်းများ

    အင်္ဂါနေ့မနက် နိုင်ငံတကာ သတင်းများ

    သြဂုတ် ၇၊ ၂၀၁၈
    M-Media

    မြောက်ကိုရီးယားကို အကူအညီပေးရေး ကုလသဘောတူ
    ===============
    မြောက်ကိုရီးယားအပေါ် ပြုလုပ်ထားတဲ့ ပြင်းထန်တဲ့ပိတ်ဆို့မှုတွေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ထိခိုက်မှုမရှိစေဖို့ ရည်ရွယ်တဲ့ ဆုံးဖြတ်ချက်မူကြမ်းတွေကို ကုလလုံခြုံရေးကောင်စီက မနေ့မှာ အတည်ပြုခဲ့ပါတယ်။ မူကြမ်းကို အမေရိကန်က တင်သွင်းတာဖြစ်ပါတယ်။ စားနပ်ရိက္ခာထုတ်လုပ်မှု သိသိသာသာ ကျဆင်းနေတဲ့ မြောက်ကိုရီးယားမှာ လူ ၁၀ သန်း လောက် အဟာရ ပြတ်လတ်မှုဖြစ်နေပါတယ်။ အကူအညီပေးရေးအဖွဲ့တွေကတော့ ပိတ်ဆို့မှုတွေဟာ ကုန်သွယ်ရေးနဲ့ ဘဏ်လုပ်ငန်းတွေကို ထိခိုက်နေဆဲဖြစ်တာကြောင့် လုံခြုံရေးကောင်စီရဲ့ ဒီဆုံးဖြတ်ချက်ဟာ ထိရောက်မှုရှိမှာမဟုတ်ဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။

    အီရန်နှင့် ဆက်လက်ပူးပေါင်းမည်ဟု ဥရောပသမဂ္ဂ ပြော
    ==================
    အီရန်အပေါ် အမေရိကန်ရဲ့ တစ်ကျော့ပြန် ပိတ်ဆို့မှုတွေဟာ ဒီကနေ့မှာ စတင်အသက်ဝင်မှာဖြစ်ပြီး ဥရောပသမဂ္ဂ နိုင်ငံတွေကတော့ အီရန်နဲ့လက်တွဲကာ ၂၀၁၅ နျူသဘောတူညီချက်ကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ မနေ့မှာ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။ အီရန်ဟာ နျူသဘောတူညီချက်ကို မလိုက်နာဘူးလို့ စွပ်စွဲကာ အမေရိကန်က မေလမှာ သဘောတူညီချက်ကနေ နှုတ်ထွက်ပြီး ပိတ်ဆို့မှုတွေ ပြန်လုပ်ဖို့ စီစဉ်ခဲ့တာပါ။ ဥရောပသမဂ္ဂကတော့ သူတို့အနေနဲ့ အီရန်နဲ့ ဘဏ္ဍာရေးဆိုင်ရာ ဆက်ဆံမှုတွေ ဆက်လက်ပြုလုပ်သွားမှာဖြစ်သလို၊ ရေနံနဲ့ ဓာတ်ငွေ့တွေကိုလည်း အီရန်ကနေတင်သွင်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    မလေးရှားအကောက်ခွန်ဂိုထောင်ကို မူးယစ်ဂိုဏ်းက ဖောက်ထွင်းမှု ဖြစ်ပွား
    =============
    အကောက်ခွန်က သိမ်းဆည်းထားတဲ့ မူးယစ်ဆေးဝါးတွေကို ၀င်ရောက်ခိုးယူမှုအတွက် မလေးရှားက အကောက်ခွန်အရာရှိ ၂ ဦးနဲ့ ၀င်ရောက်ခိုးယူသူ ၃ ဦးကို ဖမ်းဆီးလိုက်ပါတယ်။ တနင်္ဂနွေနေ့က နီဂါရီဆမ်ဘီလမ်ပြည်နယ်မှာ ဒီခိုးယူမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတွေဟာ မကြာသေးခင်ကမှ ဖမ်းဆီးထားတာဖြစ်ပြီး ရင်းဂစ် သန်း ၃၀ ဖိုးလောက်ရှိပါတယ်။ ရဲတပ်ဖွဲ့က မျက်နှားဖုံးဝတ် လူ၁၀ ဦးဟာ အကောက်ခွန်ဂိုထောင်ထဲကို ကားတွေနဲ့ ၀င်လာတာပြီး အစောင့်နှစ်ဦးကို ရိုက်နှက်က တိပ်တွေနဲ့ တုပ်နှောင်ထားခဲ့ကြတယ်လို့ ပြောပါတယ်။ လက်ရှိမှာ အတွင်းလူပါမပါကို မလေးရှားရဲတပ်ဖွဲ့က စုံစမ်းနေပြီး၊ ဖောက်ထွင်းခံရတဲ့ အကောက်ခွန်ဂိုထောင်မှာလည်း လုံခြုံရေး တိုးမြှင့်ထားပါတယ်။

    Ref: CNA, Aljazeera

  • တောင်ဆူဒန်တွင် သမ္မတနှင့် သူပုန်ခေါင်းဆောင်တို့ အာဏာခွဲဝေရေး သဘောတူ

    တောင်ဆူဒန်တွင် သမ္မတနှင့် သူပုန်ခေါင်းဆောင်တို့ အာဏာခွဲဝေရေး သဘောတူ

    သြဂုတ် ၆၊ ၂၀၁၈
    M-Media

    – လူသောင်းချီသေဆုံးခဲ့ပြီး သန်းနဲ့ချီ ထွက်ပြေးခဲ့ရတဲ့ ပြည်တွင်းစစ်ကို ရပ်တန့်ဖို့အတွက် တောင်ဆူဒန်သမ္မတနဲ့ သူပုန်ခေါင်းဆောင်တို့ဟာ အာဏာခွဲဝေရေးကိစ္စကို သဘောတူခဲ့ကြပါတယ်။

    သမ္မတ ဆာလ်ဗာ ကီအီရ်နဲ့ သူပုန်ခေါင်းဆောင် ရီက် မာချာတို့ဟာ မနေ့က အိမ်နီးချင်း ဆူဒန်နိုင်ငံမှာ သဘောတူညီချက်ကို ဆူဒန်သမ္မတ အိုမာရ် အလ်-ဘရှီး၊ ကင်ညာ၊ ယူဂန်ဒါနဲ့ ဒီဘူတီ သမ္မတတွေရဲ့ ရှေ့မှောက်မှာ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

    သဘောတူညီချက်အရ ရီက်မာချာဟာ ညီညွတ်သောအစိုးရမှာ ပါဝင်ကာ ဒုတိယသမ္မတ ၅ ယောက်က ပထမဆုံး ဒုတိယသမ္မတအဖြစ် တာဝန်းထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင့် အစိုးရအဖွဲ့မှာလည်း မာချာရဲ့လူတွေ ပါဝင်မှာ ဖြစ်ပါတယ်။

    ဒါဟာ နောက်ဆုံး ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် ခြေလှမ်းအစလည်းဖြစ်ပြီး ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိပြီးရင် ခေါင်းဆောင်နှစ်ဦးပေါင်းက ၃ လအတွင်း ကြားဖြတ်အစိုးရ ဖွဲ့စည်းကာ ၃၆ လ အုပ်ချုပ်ရမှာ ဖြစ်ပါတယ်။

    ၂၀၁၆ ခုနှစ်မှာ ဒီလိုသဘောတူညီချက်မျိုး ရရှိခဲ့ပေမယ့် မြို့တော် ဂျူဘာမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး မာချာလည်း တိုင်းပြည်ကနေ ထွက်သွားခဲ့ပါတယ်။

    ဆူဒန်ကနေ ခွဲထွက်ပြီးတဲ့နောက် ၂၀၁၃ ခုနှစ်မှာ သမ္မတ ကီအီရ်က၊ ဒုတိယသမ္မတ မာချာဟာ အာဏာသိမ်းဖို့ ကြိုးစားတယ်ဆိုတယ်ဆိုလို့ စွပ်စွဲအပြီး ပြည်တွင်းစစ် စခဲ့တာ ဖြစ်ပါတယ်။

    အဲဒီအချိန်ကတည်းက အပစ်ရပ်ရေး၊ အာဏာခွဲဝေရေး သဘောတူညီချက်တွေ လက်မှတ်ရေးထိုးခဲ့ ကြပေမယ့် မအောင်မြင်ခဲ့ပါဘူး။

    မနေ့က သဘောတူညီချက်ဟာ ၁၂ ကြိမ်မြောက် အပစ်ရပ်ရေးနဲ့ ၂ ကြိမ်မြောက် အာဏာခွဲဝေရေး သဘောတူညီချက် ဖြစ်ပါတယ်။

    Ref: Aljazeera