News @ M-Media
Blog
  • Apple အား ပူးတွဲတည်ထောင်သူကို ဆော်ဒီက နည်းပညာသံတမန်အဖြစ် ခန့်အပ်
    Apple အား ပူးတွဲတည်ထောင်သူကို ဆော်ဒီက နည်းပညာသံတမန်အဖြစ် ခန့်အပ်
    သြဂုတ် ၄၊ ၂၀၁၈
    M-Media
    – နိုင်ငံရဲ့ နည်းပညာကဏ္ဍ တိုးတက်ပြီး ဒေသတွင်းမှာ ထိပ်တန်းဖြစ်လာဖို့အတွက် ဆော်ဒီက Apple ကို ပူးတွဲထောင်သူ ၀ုဇ်နီယက်ကို နည်းပညာသံတမန်အဖြစ် ခန့်အပ်လိုက်ပါတယ်။
    ဆော်ဒီ ‘ဆိုက်ဘာလုံခြုံရေး၊ ပရိုဂမ်နှင့် ဒရုန်းဆိုင်ရာ အသင်း (SAFCSP)’ အကြီးအကဲ ဆအွဒ် ဘင် အဘ်ဒူလာ အလ် ကာတာနီဟာ မနေ့က အခမ်းအနားတစ်ခုမှာ ၀ုဇ်နီယက်ကို သံတမန်ခန့်အပ်လွှာ ပေးအပ်ခဲ့ပါတယ်။
    ဆော်ဒီဟာ NEOM ဆိုတဲ့အမည်နဲ့ အီဂျစ်နယ်စပ် တဘူးက်မှာ နည်းပညာမြို့တော်တစ်ခု တည်ဆောက်နေပြီး ၀ုဇ်နီယက်ကတော့ ဒီစီမံကိန်းကို အားကျတယ်လို့ ဆိုပါတယ်။
    “ဒါဟာ သိပ်မကြာခင်မှာ ရေးသားတော့မယ် ဆော်ဒီရဲ့ ထူးခြားတဲ့ သမိုင်းစာမျက်နှာတစ်ခု ဖြစ်ပြီး၊ နိုင်ငံတကာက အတုယူရမယ့် စီမံကိန်းလည်း ဖြစ်ပါတယ်။ နည်းပညာ သံတမန်အဖြစ် ဒီစီမံကိန်းကို ပံ့ပိုးကူညီရမယ့်အတွက်လည်း ကျွန်တော် ပျော်ရွှင်မိပါတယ်”
    Ref: Arab News
  • အသက် ၁၀ နှစ်အရွယ် ဖိလစ်ပိုင်ရေကူးသမား မိုကယ်ဖဲလ်ပ်၏ ၂၃ နှစ်ကြာစံချိန်ကို ချိုးဖျက်နိုင်
    အသက် ၁၀ နှစ်အရွယ် ဖိလစ်ပိုင်ရေကူးသမား မိုကယ်ဖဲလ်ပ်၏ ၂၃ နှစ်ကြာစံချိန်ကို ချိုးဖျက်နိုင်
    သြဂုတ် ၄၊ ၂၀၁၈
    M-Media
    – ဖိလစ်ပိုင်က အသက် ၁၀ နှစ်အရွယ် ရေကူးအားကစားသမားလေးဟာ ကမ္ဘာ့ရေကူးချန်ပီယံ အမေရိကန်နိုင်ငံသား မိုက်ကယ်ဖဲလ်ပ် တင်ထားတဲ့ စံချိန်တစ်ခုကို ချိုးဖျက်နိုင်ခဲ့ပါတယ်။
    ကလာ့က် ကန့် အပူအာဒါဆိုတဲ့ အဲဒီကလေးငယ်ဟာ အမေရိကန်-ဖိလစ်ပိုင် ကပြားဖြစ်ပြီး Monterey County Aquatic ရေကူးအသင်းရဲ့ အသင်းဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။
    သူဟာ ပြီးခဲ့တဲ့တစ်ပတ် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားမှာ ပြုလုပ်ခဲ့တဲ့ Far West International Championship ရေကူးပြိုင်ပွဲ မီတာ ၁၀၀ လိပ်ပြာကူးမှာ ၁ မိနစ် ၉.၃၈ စက္ကန့်နဲ့ ဗိုလ်စွဲခဲ့တာပါ။
    ဒါဟာ ကမ္ဘာ့ရေကူးချန်ပီယံ မိုက်ကယ်ဖဲလ်ပ် အဲဒီပြိုင်ပွဲမှာ ၁၉၉၅ ခုနှစ်က တင်ထားတဲ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဖဲလ်ပ်ဟာ သူ့ရဲ့ အဲဒီစံချိန်ကို အိုလံပစ် မီတာ ၁၀၀ ရေကူးပြိုင်ပွဲမှာ သူကိုယ်တိုင် ပြန်လည်ချိုးဖျက်နိုင်ခဲ့ပါတယ်။
    လွန်ခဲ့တဲ့ ၄ နှစ်က ရေကူးအားကစားထဲကိုဝင်လာတဲ့ အပူအာဒါဟာ ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုကို ခံလာခဲ့ရပြီး လိပ်ပြာကူးမှာ မိုက်ကယ်ဖဲလ်ပ်ပြီးရင် ဒုတိယအမြန်ဆုံးကူးနိုင်သူတစ်ယောက် ဖြစ်လာပါတယ်။
    သူဟာ ရေကူးအားကစားမှာတင်မကဘဲ စန္ဒားတီးယား၊ သိုင်းကစားတာနဲ့ ကွန်ပျူတာပရိုဂရမ်ရေးတာတွေမှာလည်း ထူးချွန်သူ ဖြစ်ပါတယ်။
    “အဲဒါတွေကို ကျွန်တော် မျှမျှတတနဲ့ ကောင်းကောင်းမွန် လုပ်ဆောင်ပါတယ်။ ပရိတ်သတ်တွေ အများကြီးရှိပြီး၊ နည်းပြနဲ့ မိဘတွေကလည်း အားပေးတာကြောင့် ရေကူးရတာကို ကျွန်တော် ကြိုက်ပါတယ်” လို့ အပူအာဒါက ပြောကြားခဲ့ပါတယ်။
    လူငယ်တွေအနေနဲ့ မိမိတို့ရဲ့ စွမ်းရည်ကို ရှာဖွေပြီး အသုံးပြုကြဖို့ သူက တိုက်တွန်းခဲ့ပါတ်။
    “ရည်မှန်းချက်ကြီးကြီးထားပါ။ အဲဒီရေမှန်းချက်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ အာရုံစိုက်လုပ်ဆောင်ပါ”
    အပူအာဒါဟာ လက်ရှိ အိုလံပစ်ပြိုင်ပွဲမှာ အောင်ပွဲတွေရဖို့ ပစ်မှတ်ထားနေပါတယ်။
    Ref: Khaleej Times
  • အာရှအားကစားပြိုင်ပွဲအတွက် လုံခြုံရေးကို အင်ဒိုက အထူးတင်းကြပ်မည်
    အာရှအားကစားပြိုင်ပွဲအတွက် လုံခြုံရေးကို အင်ဒိုက အထူးတင်းကြပ်မည်
    သြဂုတ် ၄၊ ၂၀၁၈
    M-Media
    – ယခုလအတွင်း ကျင်းပပြုလုပ်မယ့် အာရှအားကစားပြိုင်ပွဲအတွက် တပ်ဖွဲ့ဝင် ၄ သောင်း ချထားကာ လုံခြုံရေးကို အထူးတင်းကြပ်သွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံက မနေ့မှာ ကြေငြာလိုက်ပါတယ်။
    သြဂုတ်လ ၁၈ ရက်နေ့ကနေ စက်တင်ဘာ ၂ ရက်နေ့အထိ ကြာမြင့်မယ့် အဲဒီပြိုင်ပွဲကို မြို့တော် ဂျကာတာနဲ့ ပါလိမ်ဘန်မြို့တွေမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။
    အင်ဒိုနီးရှားရဲတပ်ဖွဲ့က လုံခြုံရေးတပ်ဖွဲ့ဝင် ၄ သောင်း ချထားမယ့်အပြင် တစ်သောင်းကိုလည်း အသင့်အနေအထား ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ ပြိုင်ပွဲကျင်းပမယ့် ကွင်းတွေရဲ့ အတွင်း၊ အပြင်တွေမှာ လုံခြုံရေးကင်မရာတွေကိုလည်း ရာနဲ့ချီ တပ်ဆင်ထားပါတယ်။
    “ကျွန်တော်တို့ ကောင်းကောင်းမွန်မွန် ပြင်ဆင်ထားပြီး၊ အာရှအားကစားပြိုင်ပွဲကို လုံခြုံစေဖို့ အဆင်သင့် ဖြစ်နေပါပြီ” လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ယူဆရီ ယူနွတ်စ်က ပြောကြားခဲ့ပါတယ်။
    ရဲတပ်ဖွဲ့အကြီးအကဲ တီတို ကာရ်နာဗီယန်က အကြမ်းဖက်မှု၊ လမ်းပေါ်က ရာဇ၀တ်မှုတွေ၊ ဂျကာတာရဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေက အားကစားပြိုင်ပွဲအတွက် အဓိကအာရုံစိုက်ရမယ့် ကိစ္စတွေဖြစ်တယ်လို့ အခုတစ်ပတ်အစေပိုင်းမှာ ပြောကြားခဲ့ပါတယ်။
    အင်ဒိုနီးရှားနိုင်ငံရဲ့ ဒုတိယမြို့တော် ဆူရာဘာယာမှာ မေလအတွင်းက အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ပါတယ်။
    ကာရ်နာဗီယန်က အဲဒီတိုက်ခိုက်မှုနောက်ပိုင်း အကြမ်းဖက်သံသယရှိသူ ၂၄၂ ဦးကို ဖမ်းဆီးထားတယ်လို့ ပြောကြားခဲ့ပါတယ်။
    အာရှအာကစားပြိုင်ပွဲမတိုင်ခင် အင်ဒိုရဲတပ်ဖွဲ့ဟာ အကြမ်းဖက် သံသယရှိသူတွေ၊ ရာဇ၀တ်ကောင်တွေကို ဖော်ထုတ်ဖမ်းဆီးဖို့လည်း ပြင်ဆင်နေပါတယ်။
    Ref: CNA
  • ဆည် ၃၀ ကျော် ရေလျှံနေသော်လည်း စိုးရိမ်စရာမရှိဟု ဆည်မြောင်းတာဝန်ရှိသူ ပြော
    ဆည် ၃၀ ကျော် ရေလျှံနေသော်လည်း စိုးရိမ်စရာမရှိဟု ဆည်မြောင်းတာဝန်ရှိသူ ပြော
    သြဂုတ် ၄၊ ၂၀၁၈
    M-Media
    ရဲရွာ ရေအားလျှပ်စစ် ရေလှောင်တမံ
    – သီတင်းပတ်နဲ့ချီ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆည်ပေါင်း ၃၆ ခုလောက် ရေလျှံနေပေမယ့် ကျိုးပေါက်မယ့်အန္တရာယ်တော့ မရှိဘူးလို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးကြည်ဝေက ပြောကြားလိုက်ပါတယ်။
    “ဆည်တွေကို ရေရှည်ခံမယ့် စံချိန်စံညွှန်းတွေ၊ သတ်မှတ်ချက်တွေနဲ့အညီ အသေအချာ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ စနစ်တကျ စစ်ဆေးတာတွေကိုလည်း ပုံမှန် လုပ်ဆောင်ပါတယ်။ ဒါ့ကြောင့် ဘာမှ စိုးရိမ်စရာမလိုဘူးလို့ ပြောချင်ပါတယ်”
    မြန်မာနိုင်ငံတစ်ဝှမ်းမှာ ဘဖန်းဆိတ်၊ ရေစကြို၊ မိုးနည်းချောင်းနဲ့ ကြည်အုံးကြည်ဝတို့လို ဘက်စုံသုံးဆည်တွေ အပါဝအင် ရေလှောင်တမံပေါင်း ၂၃၅ ခုလောက် ရှိနေတယ်လို့ ညွှန်ကြားရေးမှူးက ပြောပါတယ်။
    ၂၀၁၅ ခုနှစ်အတွင်း သဖန်းဆိပ် ရေလှောင်တမံမှာ ရေဟာ ၃.၂ ပေလောက် ရေကျော်ခဲ့ပြီး၊ ရေစကြိုရေလှောင်တမံမှာတော့ ၁၃ ပေခွဲလောက် ရေကျော်ခဲ့ပါတယ်။ မိုးနည်းချောင်းနဲ့ ကြည်အုံးကြည်ဝတို့မှာ ၃၅.၈ ပေ၊ ၃၃.၃ ပေ အသီးသီး ရေကျော်ခဲ့ပါတယ်။
    ဦးကြည်ဝေကတော့ ပေ ၃၀ ဆိုတာ အမြင့်ဆုံးပမာဏဖြစ်ပြီး အဲဒီလို အမြင့်ဆုံးကို ကျော်သွားတာတောင် ဘာမှမဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။
    ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်က ပြည်သူ့လွှတ်တော်အမတ် ဦးခင်ချိုက အခုနှစ် ရေကြီးရေလျှံမှုကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးတို့က ဆိုးဆိုးဝါးဝါး ခံစားခဲ့ရပြီး လူတွေက စိုးရိမ်ထိတ်လန့်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
    “ဆည်တွေကို ကျွန်တော်တို့ စိုးရိမ်ပါတယ်။ တကယ်လို့ ပြည်သူတွေ တစ်ခုခုဖြစ်ပြီဆိုရင် လုပ်ဖို့ကိုင်ဖို့က တော်တော်မလွယ်ပါဘူး”
    ဦးကြည်ဝေက တာဝန်ရှိသူတွေနဲ့ အင်ဂျင်နီယာတွေဟာ ဆည်တွေကို အနီးကပ် စောင့်ကြည့်နေကြပြီး၊ ကြံခိုင်မှုရှိဖို့အတွက် အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
    ပြီးခဲ့တဲ့သီတင်းပတ်တွေ မိုးသည်းထန်စွာ ရွာသွန်းပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် ၇ ခုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးကာ လူပေါင်း တစ်သိန်းနီးပါးလောက် ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ရပါတယ်။
    Ref: mmtimes
  • အာဆီယံလုံခြုံရေးအတွက် အမေရိကန်က ဒေါ်လာ သန်း ၃၀၀ နီးပါး ထောက်ပံ့မည်
    အာဆီယံလုံခြုံရေးအတွက် အမေရိကန်က ဒေါ်လာ သန်း ၃၀၀ နီးပါး ထောက်ပံ့မည်
    သြဂုတ် ၄၊ ၂၀၁၈
    M-Media
    အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို (လယ်)
    – အရှေ့တောင်အာရှဒေသ လုံခြုံရေးအတွက် ကန်ဒေါ်လာ သန်း ၃၀၀ နီးပါး ထပ်မံ ထောက်ပံ့ပေးအပ်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက ဒီကနေ့မှာ ကတိပြု ပြောကြားလိုက်ပါတယ်။
    စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ပွပ်မီယိုက ဒီလို ပြောကြားလိုက်တာပါ။
    “အင်ဒို-ပစိဖိတ်ဒေသ လုံခြုံရေးရေး ပိုကောင်းစေဖို့ ကျွန်တော်တို့ရဲ့ ကတိက၀တ် တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်ဟာ ကန်ဒေါ်လာ သန်း ၃၀၀ နီးပါး ထောက်ပံ့ပေးသွားမယ်လို့ ၀မ်းမြောက်စွာကြေငြာလိုပြီး ဒါဟာ ဒေသတစ်ခုလုံးမှာ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ဖို့အတွက် ဖြစ်ပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
    ဒီအကူအညီဟာ ရေကြောင်းလုံခြုံရေး၊ ငြိမ်းချမ်းမှုထိန်းသိမ်းရေး၊ နိုင်ငံဖြတ်ကျော် ခြိမ်းခြောက်မှုတွေကို တိုက်ဖျက်ရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးတွေအတွက် ဖြစ်တယ်လို့လည်း ပွမ်ပီယိုက ဆိုပါတယ်။
    အာရှက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ နည်းပညာ၊ စွမ်းအင်နဲ့ အခြေခံအဆောက်အဦးတွေအတွက် ကန်ဒေါ်လာ ၁၁၃ သန်းလောက် ရင်းနှီးမြှုပ်နှံသွားမယ်လို့ အမေရိကန်က အခုတစ်ပတ်အစောပိုင်းမှာ ကြေငြာခဲ့ပါတယ်။
    ၅၁ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းဝေးမှာ တရုတ်နဲ့ အာဆီယံတို့ဟာ တောင်တရုတ်ပင်လယ် ပိုင်နက်အငြင်းပွားမှုပြဿနာ ဖြေရှင်းရေး ကျင့်ဝတ်စည်းကမ်းချက်တွေ သတ်မှတ်နိုင်ဖို့အတွက် မူကြမ်းတစ်ခုကို သဘောတူခဲ့ကြပါတယ်။
    Ref: CNA